Skip to main content

ပထမဆုံးရန်ကုန်တက္ကသိုလ်ကာတွန်းပြပွဲမှ အစပြု၍

လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်။  ၁၉၇၈၊ ၁၉၇၉ ခုနှစ်  ပတ်ဝန်းကျင်တစ်ဝိုက်ဆီက။ ရန်ကုန်ဝိဇ္ဇာနှင့်   သိပ္ပံတက္ကသိုလ်၊     အီကို       ကင်တင်းန်နားက  ပန်းချီခန်း။   အဆောက် အဦ သေးသေးကုပ်ကုပ်လေးထဲတွင်  အနား ယူနေသောဥပဒေ နောက်ဆုံး နှစ် ကျောင်းသား ကိုဌေးမြင့်    (ကာတွန်းဖိုးတိုး)   ထံ သင်္ချာကျောင်းသား   ကိုမျိုးကြွယ်(ပန်းချီ ကေမြိုး (ကွယ်လွန်)) ၏   ကောင်းမှုဖြင့်  အထူးဧည့်သည်တစ်ဦး     ရောက်ရှိလာသည်။ ရုက္ခဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုမျိုး သန့်(ကာတွန်း မောင်နန္ဒ)ပင်  ဖြစ်သည်။ ကာတွန်းဆရာကြီးဝင်းမောင် (မိမော်မေမ)(ကွယ်လွန်)၏ စာပေးစာယူသင်တန်းသား တပည့် ကာတွန်းဖိုးတိုးတစ်ယောက် ဝါသနာ တူ ကာတွန်းမောင်နန္ဒနှင့် ရန်ကုန်တက္ကသိုလ် ၏  ပထမဆုံးဖြစ်လာမည့် ကာတွန်းပြပွဲကိစ္စ စတင်ဆွေးနွေးဖြစ်ခဲ့ကြသည်။

နှစ်ယောက်တည်းအားဖြင့်  ကာတွန်း ပြပွဲဖြစ်လာဖို့ဆိုတာ  မစွမ်းသာသောကြောင့် အမာခံတစ်ယောက်   ထပ်မံရှာဖွေကြရင်း ကာတွန်းမောင်နန္ဒက   နောက်တစ်ဦးကို  ထပ်မံဆက်စပ်မိခဲ့ကြသည်။    သူကား          ဓာတုဗေဒနောက်ဆုံးနှစ်   ကျောင်းသား ကိုဟံသာထွန်း(ကာတွန်း ဟာကြူလီ)ပင် ဖြစ်သည်။ ညနေပိုင်း  ရေခဲဆိုင်  အစိုးရပန်းချီ ပန်းပုကျောင်း ပထမနှစ်   (ဆရာကြီး ဦးသုခ အတန်း)ကို တက်ရောက်နေရင်း ဆုံစည်း ဖြစ်ခဲ့ကြသည်။ သုံးဦးစလုံးကလည်း ရန်ကုန် ဝိဇ္ဇာနှင့်   သိပ္ပံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းထဲ တွင်   ကာတွန်းဖော်ပြခြင်း      ခံရသော      ကာတွန်းဝါသနာအိုး  ကျောင်းသားများပင် ဖြစ်သည်။ နှစ်လည်မဂ္ဂဇင်းများကို   လှန်ကြလှောကြရင်း ကာတွန်းပြပွဲ ဖြစ်မြောက်ရေးအတွက် ကာတွန်းရေးသူများကို စည်းရုံးရေး ဆင်းခဲ့ကြသည်။   အမျိုးသမီးကာတွန်း ဆရာမနှစ်ဦး အင်အားထပ်တိုးလာသည်။   ကာတွန်းဆရာမ  သဲသဲ  (မအေးမြင့်သူ/   ဓာတုဗေဒကျောင်းသူ)နှင့် ကာတွန်းဆရာမ မုန်းမုန်း (မခင်မျိုးဇင်/ ဓာတုဗေဒကျောင်းသူ) (ယခုစာရေးဆရာမကြီး    ခိုင်ဇင်သက်)။ ရန်ကုန်တက္ကသိုလ်  ပထမဆုံးကာတွန်းပြ ပွဲကြီးအထမြောက်လာတော့မည့် ပထမဆုံး တာထွက် ခြေလှမ်းများပင်။

အမာခံစုစည်းမှု အင်အားဖြင့် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးသောကာတွန်းပြပွဲ   ဖြစ်မြောက်ရေးအတွက် စတင်လှုပ်ရှားခဲ့ကြ ပါတော့သည်။ အတန်းတွေပျက်ခဲ့ကြသည်။  ထမင်းတွေ ငတ်ခဲ့ကြသည်။    စိတ်ဓာတ် တွေလည်း      ကျခဲ့ကြသည်။      ကျသွားသော စိတ်ဓာတ်ကို      အချင်းချင်းအားပေးမှုဖြင့်      ပြန်ပြန်ဆွဲတင်ခဲ့ရချိန်များကလည်း အကြိမ်ကြိမ်။   တက္ကသိုလ် အာဏာ ပိုင်များနှင့်  အကြိမ်ကြိမ်   တွေ့ဆုံဆွေးနွေးခဲ့ကြရသည်။  ပြပွဲဖြစ်မြောက်ရေး၊     ခွင့်ပြုချက်ရရှိရေးအတွက်။ လက်ညှိုးထိုးပြစရာ   ရှိနေသည်က နှစ်စဉ်ကျင်းပဖြစ်နေသော        ရန်ကုန် တက္ကသိုလ်    ပန်းချီပြပွဲ။   ထိုစဉ်ချိန်ခါက        ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်   ပါမောက္ခ ချုပ်မှာ   ဆရာကြီး    ဒေါက်တာမောင်ဒီ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်      အနုပညာ အသင်း၏ ဥက္ကဋ္ဌနှင့်   အတွင်းရေးမှူးတို့မှာ  ဆရာ  ဦးခင်မောင်လတ်   (ဘူမိဗေဒ)နှင့်    ဆရာမ ဒေါ်တင် တင်စန်း     (ရုက္ခဗေဒ)တို့ပင်      ဖြစ်သည်။ ဆရာတို့၏    ကျေးဇူးပံ့ပိုးအားများကြောင့်    ရန်ကုန်တက္ကသိုလ်       ပထမဆုံးအကြိမ် ကာတွန်း ပြပွဲကြီး ပေါ်ပေါက်လာခဲ့ရသည်ဟုဆိုက မှားအံ့ မထင်။

အလျဉ်းသင့်၍   ထိုစဉ်ချိန်ခါ ကာလက  အခင်းအကျင်းလေးကိုလည်း   တင်ပြလိုပါသည်။   ရန်ကုန်တက္ကသိုလ်   ဆန္ဒပြပွဲများ၊ အရေးအခင်းများ   ငုပ်ခါတစ်ချီ    ပေါ်ကာ တစ်လှည့်ဖြစ်နေသော  ကာလမျိုးလည်း ဖြစ်သည်။  ပန်းချီ   ကျော်မင်းမောင်၏   နိုင်ငံကျော် (ကမ္ဘာကျော်)လက်ရာ  နှစ်ပတ်လည်မဂ္ဂဇင်း အဖုံးလည်း  ထွက်ရှိပြီးခါစ   ပူပူနွေးနွေးနှစ်လည်း ဖြစ်သည်။

ကျောင်းအတွင်းပန်းချီ၊    ကာတွန်းဟေ့ဆိုလျှင်  ဆတ်ဆတ်ထိမခံသော  ကာလမျိုးလည်း  ဖြစ်သည်။ ကျောင်းသား ထောက်လှမ်းရေး၊ သတင်းပေးပေါင်းစုံတို့  တက္ကသိုလ်အတွင်း လှုပ်ရှားမှုပေါင်းစုံကို   ခြေချင်းလိမ်အောင် မျက်စိဒေါက်ထောက်ကြည့်နေသော   အချိန် ကာလမျိုးလည်း ဖြစ်သည်။ အနုပညာအသင်းမှ တာဝန်ရှိဆရာ၊ ဆရာမတို့ကလည်း တစ်ခါမှ မရှိခဲ့ဖူးသေးသော  ကာတွန်းပြပွဲကို  တက္ကသိုလ် အစဉ်အလာရဖြစ်လည်း ဖြစ်လာစေချင်သည်။ ကလေးတွေ   အန္တရာယ်ရှိလာမှာစိုးသည့် အတွက်လုပ်လည်း မလုပ်စေချင်ကြ။ သို့သော် သံမဏိသန္နိဋ္ဌာန်ချထားသူများ    အနေဖြင့် ထောင်ကျကျ၊  တန်းကျကျ  မဖြစ်ဖြစ်အောင်ကို လုပ်မည်၊   ကိုယ့်တာဝန်   ကိုယ်ယူကြမည်၊ ကိုယ်ဖြစ် ကိုယ်ခံကြပါမည်ဟူသော ခံဝန်ချက်များဖြင့် ရန်ကုန်တက္ကသိုလ်၏ သမိုင်းဝင်ပထမ ဆုံး ကာတွန်းပြပွဲကို ဖောက်ထွက်လုပ်ဆောင် ပြခဲ့ကြသည်။

ဤနေရာတွင်     အနီးကပ်ကြီးကြပ် ပေးခဲ့သော ဆရာနှစ်ပါးကို ကျေးဇူးအထူးတင်မိပါသည်။ ဆရာဦးခင်မောင်လတ် (ဒေါက်တာ ခင်မောင်လတ်၊  ယခုစင်ကာပူ)နှင့် ဆရာမ          ဒေါ်တင်တင်စန်း(ပန်းချီဆရာမ၊ BBC ၊ VOA ၊ အသံလွှင့်ဝန်ထမ်းဟောင်း၊  ယခု အမေရိကန် နိုင်ငံ)  ဆရာတို့ကျေးဇူးကြောင့်    ရန်ကုန် တက္ကသိုလ်ပထမဆုံးကာတွန်းပြပွဲ အောင်မြင်စွာ ဖြစ်မြောက် လာခဲ့ခြင်းကို မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။ တက္ကသိုလ်ကျောင်းသားများ၏ ကာတွန်းလက်ရာများကို လာရောက် ကြည့်ရှု အကဲဖြတ်ပေးပါရန် ပင့်ဖိတ်ကြားချက်အရ ကာတွန်းဆရာကြီးဦးဟိန်စွန်း၊ ဦးဖေသိန်း၊ ဦးကျော်ဆန်း (ကဆ)တို့ အမှူးပြု၍ ကာတွန်း မြေဇာ၊  ကာတွန်းမောင်ဝဏ္ဏ၊    ကာတွန်း ငွေကြည်၊     ကာတွန်း  မောင်မောင်အောင်၊ ကာတွန်းသစ်ထွဏ်း၊   ကာတွန်း  ခင်ဆွေတို့ ရန်ကုန်တက္ကသိုလ်၏    ပထမဆုံးအကြိမ် ကာတွန်းပြပွဲသို့  လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း ဧည့်မှတ်တမ်း အဟောင်းများအရ သိရှိခဲ့ရသည်။ နောက်နှစ်များတွင် ကာတွန်းဆရာကြီး ပန်းချီ ဦးဘကြည်ပါ   လာရောက် အားပေးခဲ့ပါသေးသည်။ ကျောင်းနှင့် ပတ်သက်သော   ကာတွန်းလက်ရာများသာ  ဖတ်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ သော်လည်း အကယ်စင်စစ် ကျောင်းနှင့် သက်ဆိုင်သောကာတွန်း များသာမကဘဲ ခေတ်စနစ်ကို ပညာသားပါပါ သရော်ထားသော     ကျောင်းသားလက်ရာ ကာတွန်းများပါ   ဖတ်ခွင့်ရခဲ့၍   အလွန်အမင်း ကျေနပ်အားရမိကြောင်း ကာတွန်းဆရာကြီး ဦးဖေသိန်း ပြောကြားခဲ့သည်ကိုလည်း မှတ်မိ သတိရနေပါသေးသည်။   ကိုယ်တိုင်လည်း တက္ကသိုလ် ကျောင်းသားကြီးတစ်ဦး ဖြစ်ခဲ့ သော ဆရာကြီးဦးဖေသိန်းအနေဖြင့် ရန်ကုန်တက္ကသိုလ်ကာတွန်းပြပွဲကြီးမှ ထွက်ပေါ်လာ လတ္တံ့သော  မျိုးဆက်သစ်ကာတွန်းဆရာများ ကို မျှော်လင့်တကြီးရှိနေတာကတော့ သံသယ ဖြစ်စရာမလိုပါချေ။  

မိမိတို့  ကာတွန်းပြပွဲ   ဖြစ်မြောက်ရေး စီစဉ်သူတို့အနေဖြင့်လည်း  အတွင်းစည်း ‘မူ တစ်ရပ်အနေဖြင့် ကျောင်းတွင်းကာတွန်း များလည်းပါစေ၊  မျက်မှောက်ခေတ်ကို ထင်ဟပ်သော ကာတွန်းများလည်း ပါဝင်နိုင်အောင်  ချမှတ်လုပ်ဆောင်ခဲ့တာ ကြောင့်လည်း    ဖြစ်ပေသည်။  ပြပွဲစစ်ဆေးရေးအဖွဲ့၏ ဆင်ဆာထိသော၊ ပယ်ဖြုတ်ပေးခဲ့ရသော နိုင်ငံရေး  သံသယဝင် ကာတွန်းများလည်း ရှိခဲ့ပါသည်။  မည်သို့ပင်ဖြစ်စေ  ကာတွန်းရေးသူတွေလည်း ပျော်ကြသည်၊  ဝိုင်းရံသူ တွေလည်း  ပျော်ကြသည်။   တက္ကသိုလ် ကျောင်းသားပွဲတော်လာတို့လည်းတဝါးဝါး  တဟားဟားဖြင့်။  အောင်မြင်သော      ကာတွန်းပြပွဲများကို  ရန်ကုန်တက္ကသိုလ်      ပရဝဏ်အတွင်းအောင်လံစိုက်ထူ      ပြသနိုင်ခဲ့ပါသည်။ အတန်းတင် စာမေးပွဲကြီးများ    မစစ်ခင် ကျောင်းမပိတ်ခင် မတ်လအတွင်း နှစ်စဉ် ကျင်းပပြုလုပ်ကြရန်    ဆုံးဖြတ်ချက်ချ ခဲ့ကြသည်။  တက္ကသိုလ် အပန်းဖြေရိပ်သာ (RC)ထဲမှာပဲ စဉ်ဆက်မပြတ် ပြသလာခဲ့ကြသည်။ ကာတွန်းပြပွဲ နှစ်စဉ်ဖြစ်မြောက် ရေးမျိုးစေ့ကိုလည်း    ညီငယ်များအနေဖြင့်          လက်ဆင့်ကမ်း   သယ်ဆောင်လာနိုင်ခဲ့ကြသည်။ ကာတွန်းပြပွဲတာဝန်ခံ တစ်ဦး   နှစ်စဉ် ခန့်အပ်ကာ     (ကျောင်းသားတွေအခေါ် သူကြီး)   အောင်မြင်သော   တက္ကသိုလ် ကာတွန်းပြပွဲများကို ပျော်တပြုံးပြုံးမော်မဆုံး ဆင်နွှဲနိုင်ခဲ့ကြသည်။    ရန်ကုန်တက္ကသိုလ် ကာတွန်းပြပွဲများကို အောက်ပါကျောင်းသား ကာတွန်း   ဝါသနာရှင်များက   နှစ်အလိုက် တာဝန်ကျေခဲ့ကြပါသည်။ 

ခုနှစ် အကြိမ်ရေ  တာဝန်ခံ 

၁၉၇၉  ပထမအကြိမ်   ကိုဌေးမြင့်(ကာတွန်းဖိုးတိုး)

၁၉၈၀  ဒုတိယအကြိမ်   ကိုဟံသာထွန်း (ကာတွန်းဟာကြူလီ)

၁၉၈၁ တတိယအကြိမ်  ကိုနိုင်ဦး (ကာတွန်းနိုင်ဦး-ကွယ်လွန်) 

၁၉၈၂  စတုတ္ထအကြိမ် ကိုအောင်ဌေးမင်း (ကာတွန်းအောင်ဌေးမင်း)

၁၉၈၃   ပဉ္စမအကြိမ်    ကိုအောင်နိုင် (ကာတွန်းရွှေဓား- ခေတ္တဩစတြေးလျ) 

၁၉၈၄  ဆဋ္ဌမအကြိမ်  ကိုကိုလွင်(ကာတွန်းတွတ်ကြီး)

၁၉၈၅  သတ္တမအကြိမ်  ကိုကျော်မြင့်အေး(ကာတွန်းကျော်မြင့်အေး- ခေတ္တအမေရိကန်)

စသည်-စသည်-စသည်ဖြင့်။

ရန်ကုန်တက္ကသိုလ်ကာတွန်းပြပွဲ အစဉ်အဆက်ကို အနုပညာမောင်နှမများဖြစ်သော ရန်ကုန်တက္ကသိုလ်အနုပညာအသင်း၊ ပန်းချီခန်းမှ    ပန်းချီသင်တန်းသားတက္ကသိုလ် ကျောင်းသားများ၊ကျောင်းသားဟောင်း ပန်းချီဆရာများကလည်း   ၀န်းရံ ခဲ့ကြပါသည်။  ပြပွဲရက်များအတွင်း   ကာတွန်းပို့စကတ်များရေး၍၊  ကယ်ရီကေးချား   ရုပ်ပြောင်ပုံတူများဆွဲ၍   ရန်ပုံငွေရှာဖွေ ခဲ့ကြသည်။  ရရှိလာသော  ရန်ပုံငွေဖြင့်  လုပ်သားကိုင်သားများ၏  ပြပွဲရက်ကာလ ‘စားရေးကို    လုံလောက်စွာ     ဖြေရှင်းပေးနိုင်ခဲ့သည်။    အားလုံးပျော်တပြုံးပြုံး၊ မျက်နှာတွင်အပြုံးကိုယ်စီဖြင့်၊  ကာတွန်းတွေက ရယ်မောရတာတွေပါသလို  ဝါသနာပါရာ    လုပ်ဆောင်ခွင့်ရသော    တက္ကသိုလ်    ကျောင်းသား ဘ၀တွေကလည်း ကျေနပ်စရာ အတိ။ ပြပွဲရက်များ အတွင်း  ညစဉ်ညတိုင်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း  မာလာဆောင်ရှေ့၊  အင်းယားဆောင်ရှေ့    ကာတွန်းပန်းချီ သမားများ၏ ဂီတာ ဟစ်ကြွေးသံများကလည်း လွင့်ပျံစီးမျော။ တစ်ခါတလေညလုံးပေါက်။ ပြပွဲနောက်ဆုံးနေ့ ပိတ်ရက်ကိုလည်း    ရန်ကုန် တက္ကသိုလ် အနုပညာပြပွဲ (နောင်တော်ပန်းချီ ပြပွဲ)ထုံးစံအတိုင်း အပျော်ညစာစားပွဲ   (ပကာ သနမပ) ဖြင့်     ပျော်ပျော်ပါးပါး    ဝိုင်းဖွဲ့ စားသောက် ပိတ်သိမ်းခဲ့ကြသည်။  ဝါသနာတူသူတွေမို့  တစ်အူထုံ့ဆင်း  ညီရင်းအစ်ကို မောင်နှမများသဖွယ် တစ်ဦးကိုတစ်ဦး ဖေးဖေး မမဖြင့်  ဝါသနာပါအလုပ်တွေကို  မမောနိုင် မပမ်းနိုင် အားတက်သရော လုပ်ခဲ့ကြသည်ပင်။

ရန်ကုန်တက္ကသိုလ် ကာတွန်းပြပွဲသည် အစဉ်အလာရှိခဲ့သော   ကာတွန်းပြပွဲလည်း           ဖြစ်သည်။  တက္ကသိုလ်ကျောင်းသားတို့၏ ဆန်းသစ်သောကာတွန်းအမြင်၊  အတွေးတို့ကို လေ့လာခွင့်ရခဲ့သည်။  အနှီကာတွန်းပြပွဲများမှ ယနေ့ ထင်ရှားကျော်ကြားနေသော ကာတွန်းဆရာများ မွေးထုတ်ပေးနိုင်ခဲ့သည်။ ကလောင် အမည်အားဖြင့်ဖော်ပြရသော် ကာတွန်းမန်းဘဲ (ယခုကာတွန်း  အော်ပီကျယ်)၊  ကာတွန်း ဇော်မောင်၊   ကာတွန်းဂျိုကာ၊  ကာတွန်း မောင်နန္ဒ၊ ကာတွန်း ဌေးဝင်းဇော်(ကွယ်လွန်)၊   ကာတွန်းနိုင်ဦး (ကွယ်လွန်)၊ ကာတွန်းထင်လင်း (ယခုကာတွန်း ထင်လင်းကျော်)၊  ကာတွန်း အောင်ဌေးမင်း၊ ကာတွန်းဘဌေးကြည်  (ကွယ် လွန်)၊ ကာတွန်းဟာကြူလီတို့ပင်။ ရန်ကုန်တက္ကသိုလ်ကာတွန်းပြပွဲကြီး ကျေးဇူးကြောင့် ကာတွန်းအော်ပီကျယ်ဆိုပြီး ဖြစ်လာရသည်၊ ကာတွန်းဇော်မောင်၊ ကာတွန်းထင်လင်းကျော်၊ ကာတွန်းမောင်နန္ဒ၊ ကာတွန်းဂျိုကာ၊ ကာတွန်း  အောင်ဌေးမင်း၊ ကာတွန်းဟာကြူလီတို့ရယ်လို့ ဖြစ်လာကြရသည်။

၁၉၈၈ ခုနှစ် အကြိုကာလများကတည်းက ရန်ကုန်တက္ကသိုလ်ကာတွန်းပြပွဲများ အရှိန် နှေးကွေးလာခဲ့ရသည်။  ၁၉၈၈  ခုနှစ်လွန် ကာလများကစ၍ ကျောင်းတံခါးလည်းပိတ်၊ ကာတွန်းပြပွဲများလည်း တိတ်ဆိတ်သွားခဲ့ ရလေပြီ။ တက္ကသီလာဆိုသည်မှာ   ပညာ ဆည်းပူးရာနေရာဌာန  တစ်ခုဖြစ်သော်ငြား ပညာသင်ရင်း   မိမိဝါသနာပါရာများကိုပါ လွတ်လပ်စွာ    လုပ်ဆောင်ခွင့်   ရခဲ့ကြသည်။  ပညာစုံသောတစ်နေ့    ပြင်ပလောကတွင်     သက်မွေးဝမ်းကျောင်းပြု     အောင်မြင်နေကြသည်မှာ         လက်တွေ့ပင်ဖြစ်သည်။       တက္ကသိုလ်     ကျောင်းသားဘဝတင်းပြည့် ကျပ်ပြည့်ခံစားရရှိခဲ့သော   ကာလများလည်း  ဖြစ်ခဲ့ ပါသည်။     ကိုယ်တိုင်ယုယစိုက်ပျိုး ပြုစုခဲ့သော     အစဉ်အလာကောင်းခဲ့သည့်  ရန်ကုန်တက္ကသိုလ်       ကာတွန်းပြပွဲများ  ဆက်လက် ရှင်သန်ပေါ်ထွက်လာဖို့ကိုလည်း  ရည်သန်ဆန္ဒပြုမိပါသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလနှင့်လည်း  ကြုံကြိုက်နေသည့် အားလျော်စွာ    ရန်ကုန်တက္ကသိုလ်သက်တမ်း ၆၀   ခန့်    အရောက်တွင်  ပေါ်ထွန်းခဲ့သော   နှစ်ပေါင်း   ၄၀   ကျော်   ကြာမြင့်ခဲ့ပြီးဖြစ် သည့်     ရန်ကုန်တက္ကသိုလ်    ကာတွန်းပြပွဲများ၏     သမိုင်းတစ်စကို      နှောင်းလူတို့ အတွက်  ဆွဲထုတ်တင်ပြလိုက်ရခြင်း ဖြစ်ပါ သည်။    ။

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

-----------------------------

အမည်အရင်း - ဦးဟံသာထွန်း

ကလောင်အမည်    -   ဟံသာထွန်း၊    ကာတွန်းယူနီဗာစတီ ဟာကြူလီ

မွေးသက္ကရာဇ်   -    ၁၇-၁၀-၁၉၅၈ မိဘများ  -  ဦးထွန်းတင်(ကွယ်လွန်)+ ဒေါ်ခင်ဥဥ(ကွယ်လွန်)

ဇာတိ - ရန်ကုန်မြို့

ပညာအရည်အချင်း  - B.Sc(Chem); M.Sc (QII);HGP;R.L;D.F.T;M.P.A. အလုပ်အကိုင်  -  လက်ထောက်ညွှန်မှူး (ငြိမ်း)၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊   တာဝန်ခံ အယ်ဒီတာဟောင်း၊ ရိတ်သိမ်း ချိန်လွန်         နည်းပညာစာစောင်၊    အယ်ဒီတာချုပ်ဟောင်း၊     စီးပွား/ ကူးသန်းဂျာနယ်   (ယခု  Commerce Journal)

ဟံသာထွန်း