Skip to main content

အောင်သပြေ ညောင်ရေလောင်းလို့

တိုင်ထိပ်ဖျားတွင် အလံတော်သည် ကြွားကြွားဝင့်ဝင့်ငွားငွားစွင့်စွင့် လွင့်ပျံ၍နေသည်။ မိုးကောင်းကင်အထိ ထိုးထွက်နေဘိ သည့်အလား ကြီးမားခံ့ခိုင်သည့် ဖြူလွလွကျောက်တိုင် ကြီးသည်လည်း ဧည့်ပရိသတ်တို့ရှေ့တွင် မားမားမတ်မတ်  ရပ်၍နေသည်။  ထိန်ထိန်ညီးသည့် မီးရောင်စုံတို့သည်လည်း အစွမ်းကုန်ထွန်းလင်းတောက်ပလျက်ရှိနေပြီ။ လောကဓာတ် တစ်ခွင်လုံးကား ဘေးမသမ်း အေးချမ်းခြင်း၏  အတိတ်နိမိတ်ကိုယူ၍   အေးချမ်းဆိတ်ငြိမ်စွာဖြင့်   လှပရွှန်းတင့်အသရေမြင့်လျက် ရှိနေကြပါ၏။

ဤအချိန်အခါက မည်သည့်အချိန်အခါပေနည်းဟူ၍ အထူးမေးရန်မလို။ ကြီးသူကိုမေးလျှင်လည်း  အသိ၊ ငယ်သူကိုမေးလျှင်လည်း အသိ။ ပကတိဝမ်းမြောက်ဖွယ် အခင်းအကျင်းတို့နှင့်ပြည့်စုံ ကုံလုံလှသည့် တိုင်းပြည်၏ လွတ်လပ်ရေးကိုဆောင်ကြဉ်းပေးခဲ့သည့် အချိန်ကောင်း အခါကောင်း၊ ရက်မြတ်ကောင်းပင် ဖြစ်ပါတော့၏။

ကမ္ဘာတွင်   မြန်မာဟူ၍  အသစ်တစ်ဖန်  ပြန်လည် ထွန်းလင်းခဲ့သည့် အချုပ်အခြာအာဏာပိုင်  လွတ်လပ် သည့်နိုင်ငံအဖြစ်သို့  ရောက်ရှိခဲ့သည်မှာ ၇၃ နှစ်ပင် ပြည့်ခဲ့ပြီ။ အချုပ်အခြာအာဏာ ပြန်လည်ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည့် တိုင်းရင်းသားပြည်သူတို့၏ ခရီးလမ်း မှာ ဖြောင့်တန်း ချောမွေ့ခဲ့သည်မဟုတ်။ ခလုတ်တံသင်း အတိ၊ ဆူးငြောင့်အပြည့်ရှိကြသည့် ခရီးကန္တာသာ ဖြစ်ခဲ့ ပါသည်။ ကာယအား၊ ဉာဏအားတွေနှင့် ရင်းနှီးပေး ဆပ်ခဲ့ရရှာသူတွေရှိသလို   ကိုယ်နှင့်  အသက်ကိုပင် တိုင်းပြည်အတွက်  နှင်းအပ်ခဲ့ကြရသူတွေရှိခဲ့ကြပါ၏။ အမှန်အားဖြင့် ထောင်သောင်းများစွာသော အသက်တွေပေးပြီးမှ ခက်ခဲစွာရရှိလာသည့်  လွတ်လပ်ရေးမဟာ အောင်ပန်း ဖြစ်ပါသည်။

လွတ်လပ်ရေးကိုဂုဏ်ပြု

လွတ်လပ်ရေးအောင်ပန်း    ပွင့်လန်းရှင်သန်ရာ ဤမြေမဟာ၌    နှစ်ပတ်လည်အချိန်အခါ  ရောက်ရှိ လေတိုင်း သမိုင်းကိုပြန်ရှု၊ လွတ်လပ်ရေးကိုဂုဏ်ပြုခဲ့ကြ သည်မှာလည်း   ရတုအဆက်ဆက်ပင်   ဖြစ်ပါ၏။ လွတ်လပ်ရေးအမွေပေးခဲ့သည့်  ဘိုးဘေးဘီဘင် တို့၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို အောက်မေ့တသ  ဂါရဝ ပြုကြသည့်နည်းတူ တိုင်းပြည်တည်ဆောက်ရေးတွင် ရှေ့တန်းက ပါဝင်ခဲ့ကြသူများကိုလည်း လျော်ကန်သည့် ဘွဲ့ထူးဂုဏ်ထူးများဖြင့်  ထိုက်ထိုက်တန်တန် ချီးမြှင့် ဂုဏ်ပြုကြချိန်ဖြစ်ပါ၏။ သို့ဖြစ်၍  ဤအချိန်အခါကား နိုင်ငံတော်တစ်ဝန်းလုံးအတွက် ဝမ်းမြောက်ရွှင်လန်းဖွယ် အတိသာ ဖြစ်နေပါတော့သည်။

အကယ်စင်စစ် လွတ်လပ်ရေးဟူသည် ဘိုးဘေးတို့၏ လမ်းဆုံးအိပ်မက်မဟုတ်သေး။ သွေးအသက်နှင့် ပေးဆပ်၍ဆွတ်ချူခဲ့သည့်  လွတ်လပ်ရေးသရဖူကို  ပြည်သူအပေါင်း၏ ဦးခေါင်းထက်တွင်   ပန်ဆင်ပေးပြီးသည့် နောက်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ထွန်းကားရာမြေ မဟာအဖြစ်   ကမ္ဘာ့အလယ်  ဝင့်ထည်ခိုင်မာသည့် ဒီမိုကရေစီပြည်ထောင်စု     တည်ထောင်ပြုကြရန် ရည်မှန်းချက်လည်း   ရှိခဲ့ကြပါသည်။  သို့ဖြစ်လေရာ ပြည်ထောင်စုတစ်ဝန်း မှီတင်းနေထိုင်ကြသော တိုင်းရင်း သားပြည်သူတစ်ရပ်လုံး   ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တွဲလက်ညီညီ ချီခဲ့ကြသည့်ခရီးမှာ ဘိုးဘေးတို့  ရည်မှန်းခဲ့သည့်အတိုင်း     ပေါက်မြောက်ခဲ့လေပြီလောဟူသည့် မေးခွန်းကို   အခါကာလအားလျော်စွာ    ပြန်လည် စောကြောမှုများပြုပြီး ရှေ့သို့တစ်ဖန် အားမာန်အပြည့်နှင့် တစ်စိတ် တစ်ဝမ်းတည်း လျှောက်လှမ်းကြရမည်သာ ဖြစ်ပါသည်။  လွတ်လပ်ရေးသည်    သမိုင်းပေးအမွေ    ဖြစ်သကဲ့သို့   အမျိုးသားရေးတာဝန်များသည်လည်း  ပြည်ထောင်စုသားတိုင်းအတွက် သမိုင်းပေးတာဝန်များ ဖြစ်ကြပါ၏။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသည့်   တို့တာဝန်အရေးသုံးပါးတို့သည် သာမန်ပြည်သူတစ်ဦး တစ်ယောက်အတွက် လေးနက်စွာ အကောင်အထည်ဖော်နိုင်မည့်   ကိစ္စမှဟုတ်ပါလိမ့် မည်လားဟူ၍     သံသယဝင်ကောင်းဝင်နိုင်ပါလိမ့်မည်။ အမှန်အားဖြင့်  ပြည်ထောင်စုဆိုသည်မှာ အဘယ်နည်း။ အဘယ်သို့သောအရာများဖြင့်  စုစည်းတည်ဆောက်ထား လေသနည်းဟူသည့်အမေးကို   တွေးတောဖြေဆိုကြည့်လျှင်  ရှင်းလင်းသည့်အဖြေကို  ရရှိနိုင်မည်ဖြစ်ပါသည်။ ဤပြည်ထောင်စုကို  တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေ၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများဖြင့်  တည်ဆောက်ထားသည်သာ   ဖြစ်ပါသည်။ ဤနယ်မြေများကိုလည်း    ခရိုင်၊  မြို့နယ်၊  ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ကျေးရွာများဖြင့် တည်ဆောက်ထား သည်သာ ဖြစ်ပါသည်။ ဤသည်တို့ကိုလည်း အသီးသီးသော အိမ်ထောင်စုများဖြင့်   ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ပါသည်။  အိမ်ထောင်စုများကို   ကြည့်လျှင်လည်း အိမ်ထောင်စု ဝင်ပုဂ္ဂိုလ်များနှင့်သာ   တည်ဆောက်ထား သည်ကိုတွေ့ရမည်ဖြစ်ပါသည်။ သို့ဖြစ်လေရာ ပြည်ထောင်စုဟူသည်မှာ ပြည်ထောင်စု သားတစ်ဦးချင်း  တစ်ယောက်ချင်းစီကို  စုစည်းတည်ဆောက်ထားခြင်းဟုဆိုက  မှားနိုင် မည်မဟုတ်ပေ။     ထို့ကြောင့်  ပြည်ထောင်စုသား   တစ်ဦးတစ်ယောက်ချင်းစီသည် သည်ပြည်ထောင်စုအတွက်   အရေးပါကြသည်သာ   ဖြစ်ပါသည်။

ကိုယ်စီကိုယ်စီအရေးပါကြ

ကိုယ်စီကိုယ်စီ   အရေးပါကြသည့်    ပြည်ထောင်စုသားများအနေဖြင့်     လွတ်လပ်ရေး အခါသမယမှသည် ပြည်ထောင်စု၏ ကောင်းကျိုးမင်္ဂလာဖြည့်ဆည်းရာ ခရီးတစ်လျှောက်တွင် မည်သို့မည်ပုံ ပါဝင်ဆင်နွှဲမည် ဆိုသည်ကို အဖန်ဖန် သုံးသပ်ရင်း   ခရီးဆက်သင့်ပါသည်။  ခရီးအစ ကတည်းက လျှောက်လှမ်းသူတို့ကိုသာလျှင် ခရီးသည်ဟု ခေါ်သည်မဟုတ်၊ လမ်းခုလတ်က  ကြားဖြတ်လိုက်ပါသူ တို့ကိုလည်း   ခရီးသည်ဟူ၍သာ    ခေါ်ဆိုကြပါသည်။ မည်သည့်အချိန်တွင်  ကြားဖြတ်လိုက်ပါ သင့်သနည်း ဟူမူ ဤအချိန်သည်   အကောင်းဆုံးအချိန်ပင်ဖြစ်သည်ဟု ဆိုရပါမည်။ ပြည်ထောင်စုသားတိုင်းသည် ပြည်ထောင်စု တည်ဆောက် ရေး ခရီးသည်များ ဖြစ်နိုင်ကြသည်ချည်းသာ ဖြစ်ပါသည်။

ပြည်ထောင်စုကြီးတိုးတက်ရေးအတွက်တစ်ဦးတစ်ယောက်အားဖြင့်  မည်သို့ကြိုးစားနိုင်ပါမည်နည်းဟု မေးလာလျှင်မူ အထက်တွင် ဆိုခဲ့သည့်အတိုင်း ပြည်ထောင်စု ဟူသည်မှာလည်း ပြည်ထောင်စုသားတစ်ဦးတစ်ယောက်ချင်းကို စုစည်းဖြစ်တည် လာခြင်းဖြစ်သဖြင့်  တစ်ဦးချင်း တစ်ယောက်ချင်းစီ၏   ကြိုးစားအားထုတ်မှုသည် အဟောသိကံဖြစ်ဖွယ်အကြောင်း  မရှိနိုင်ပါချေ။   မည်သို့သော အကြောင်းမျှ မရှိနိုင်ပါချေ။

ငြိမ်းချမ်းသာယာသည့်ပြည်ထောင်စု၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်သည့်ပြည်ထောင်စု တည်ဆောက်ရေး ခရီးတွင် မိမိတို့သည်   မည်သည့်နေရာက    ကြိုးစားရမည်နည်း၊ မည်သို့မည်ပုံ ကြိုးစားရမည်နည်း။ အမှန်အားဖြင့် ကြိုးစားနိုင်သည့်နေရာက ဏ္ဍများစွာပင် ရှိနေပါသည်။ ကြိုးစားနိုင်သည့် နည်းလမ်းများမှာလည်း များစွာပင်ရှိနေကြပါသည်။

မိမိသည် အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်ဆိုပါစို့။ မိမိ၏   အင်ဂျင်နီယာပညာရပ်ဆိုင်ရာ   လုပ်ငန်းများကို    တစ်နေ့ ထက်တစ် နေ့      ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းသည်ပင်လျှင်   ပြည်ထောင်စုကြီးတိုးတက် ရာတိုးတက် ကြောင်း ဆောင်ရွက် နေခြင်းဟု ဆိုနိုင်ပါသည်။ မိမိသည် လယ်သမားတစ်ဦးဖြစ်သည်  ဆိုပါစို့။ မိမိ၏          လယ်ယာ လုပ်ငန်းများကို  တစ်နေ့ထက်တစ်နေ့   ပိုမို တိုးတက်ကောင်းမွန်အောင်   ဆောင်ရွက်ခြင်းသည်ပင်လျှင် ပြည်ထောင်စုကြီး     တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်နေခြင်းဟု ခေါ်ဆိုနိုင်ပါသည်။ မိမိသည် နိုင်ငံ့ ဝန်ထမ်းတစ်ဦး  ဖြစ်သည်ဆိုပါစို့။  ပြည်သူ့ဝန်ဆောင်မှု  လုပ်ငန်းများကို   တစ်နေ့ထက်တစ်နေ့     ပိုမိုတိုးတက် ကောင်းမွန်အောင်      ဆောင်ရွက်ခြင်း သည်ပင်လျှင် ပြည်ထောင်စုကြီး     တိုးတက်ရာ     တိုးတက်ကြောင်း ဆောင်ရွက်နေခြင်းဟု  ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

စွမ်းရာဘက်က ထမ်းတင်နေကြ

တစ်ဦးတစ်ယောက်က   ကောင်းရာကောင်းကျိုး ဆောင်ရွက်မှုသည် ယင်း၏အိမ်ထောင်စုကို  ကောင်းရာကောင်းကျိုး ဖြစ်ထွန်းလာစေမည်ဖြစ်ပါ၏။ တစ်ဦးချင်း တိုးတက်အောင်မြင်လာလျှင်    တစ်အိမ်ထောင်စုချင်း၏ ကောင်းရာကောင်းကျိုးမှသည် ယင်းတို့နှင့် သက်ဆိုင်သည့် ရပ်ရွာ၊ မြို့နယ်၊ ခရိုင်များကို ကောင်းရာကောင်းကျိုး ပွားတိုး လာစေမည်သာဖြစ်ပါ၏။ ယင်းမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့်အတူ  ပြည်ထောင်စုကြီးလည်း  တစ်နေ့ တခြားတိုးတက်လာမည်သာ ဖြစ်ပါ၏။ မိမိတို့ စွမ်းဆောင် နိုင်ရာကဏ္ဍအတွက် စွမ်းရာဘက်က ထမ်းတင်နေကြခြင်း သည်ပင်လျှင်  ဤပြည်ထောင်စုကြီး၏  ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းတည်ဆောက်နေခြင်း မည်ပါ၏။

ရှေးကဘိုးဘေးတို့သည် အမြော်အမြင်ကြီးစွာဖြင့် လွတ်လပ်ရေးအောင်ပန်းကို နှစ်သစ်နှစ်ဦး အခါထူးတွင် အရယူခဲ့ကြလေသည်။   ယင်းမှာ   အဟောင်းအဟောင်း တို့မှသည် အသစ်အသစ်တို့ဆီသို့ လျှောက်လှမ်းရာတွင် လူသစ်စိတ်သစ် အားအင်သစ်များဖြင့် ကြိုးပမ်းကြစေလို ၍ နှစ်ဟောင်းကုန်မြောက်နှစ်သစ်ရောက်ချိန်ကို ရွေးချယ်ခဲ့ကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ပြက္ခဒိန်စာမျက်နှာများသည် တစ်ရွက်ပြီးတစ်ရွက် ပြောင်းလဲသွားကြပါ၏။ တစ်လချင်း ဖော်ပြသည့်ပြက္ခဒိန် များဆိုလျှင်    ပြက္ခဒိန်စာရွက်များ  တစ်လပြီးတစ်လ ပြောင်းလဲ သွားကြပါ၏။  ရွက်ဆုတ်ပြက္ခဒိန်များဆိုလျှင်    နေ့စဉ်ပင် ပြောင်းလဲနေကြပါ၏။ သို့ရာတွင် လွန်ခဲ့လေပြီး သော  ပြက္ခဒိန်စာမျက်နှာများသည်      အပြီးတိုင်ချုပ်ငြိမ်း ပျောက်ကွယ်သွားကြခြင်းတော့ မဟုတ်ပါ။  ပြက္ခဒိန်ကို အလီလီလဲလှယ်၍ရနိုင်သော်လည်း ယင်းနေ့ရက်အချိန် အခါ ကာလများ၌ မိမိတို့၏ ပြုမူဆောင်ရွက်ချက်များ ပါဝင်နေသည့် သမိုင်းစာမျက်နှာများကိုမူ အသစ်အသစ် တို့ဖြင့် အစားထိုး၍မရနိုင်ဘဲ  စွဲမြဲတည်တံ့စွာကျန်နေခဲ့မည်သာဖြစ်ပါ၏။    တစ်နည်းအားဖြင့်    ပြန်ပြောင်း တွေးတောကြည့်ပါက ယနေ့ဆောင်ရွက်ချက်များသည် မနက်ဖြန်တွင် သမိုင်းမှတ်တမ်းအဖြစ် ကျန်နေခဲ့မည်သာ ဖြစ်ပါ၏။   သို့ဖြစ်လေရာ   ပစ္စုပ္ပန်အချိန်ကာလတွင်    ကောင်းရာကောင်းကျိုးဆောင်ရွက်နေမှသာလျှင် မိမိတို့ သမိုင်းသည် ထာဝရလှပနေမည် ဖြစ်ပါ၏။

ယခုအချိန်အခါကား   နှစ်ပေါင်းခုနစ်ဆယ်ကျော် သက်တမ်းရှိ  လွတ်လပ်ရေး၏ အရိပ်အာဝါသအောက်တွင် တိုင်းရင်းသား ညီနောင်တစ်စု     တည်ထောင်ပြုသည့် ပြည်ထောင်စုတွင်    လောကပါလတရားများပိုမိုထွန်းကားစေရေး၊   ထာဝရငြိမ်းချမ်း စေရေး၊ ဘက်ပေါင်းစုံကဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ဦးထမ်းပဲ့ထမ်း  ဝိုင်းဝန်း ကြိုးပမ်းနေကြချိန်   ဖြစ်ပါ၏။        ယင်းအခြေအနေ  အချိန်အခါတွင်    မိမိတို့ကိုယ်တိုင်၏  ပါဝင်ဆင်နွှဲမှုသည် လည်း   အလွန့်အလွန်   အရေးကြီးလှပါ၏။ သို့ဖြစ်၍ ပြည်ထောင်စု၏လှပသည့် သမိုင်းမှတ်တမ်းကို အားလုံးအတူ လက်တွဲ၍ ရေးထိုးကြရမည်ဖြစ်ပါ၏။ သည်တာဝန်သည် ကိုယ့်တာဝန်အစစ်ပင် ဖြစ်ပါ၏။

ဝိုင်းဝန်းထိန်းသိမ်း

အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံတော်အဖြစ် ရောက်ရှိခဲ့သည့် လွတ်လပ်ရေး၊  အခါသမယတွင် အကျွန်ုပ်တို့သည်ဘိုးဘေးတို့ထားရှိခဲ့သည့် လွတ်လပ်ရေး အမွေကို   ရှေးကထက်ပိုမို မြတ်နိုးစွာဖြင့် အချုပ်အခြာ ပိုင်စိုးမှုကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏  စုပေါင်း အင်အားဖြင့်    ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါ မည်ဟူ၍လည်း လေးနက် တည်ကြည်စွာ   သစ္စာပြုကြမည်  ဖြစ်ပါ၏။   ကြည်လင်သန့်ရှင်းသည့် မြေမင်းမဟာတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်  ညီမျှခြင်းတည်း ဟူသော  လောကပါလတရားများ  ပိုမိုထွန်းကားရေးအတွက်  တစ်ဦးတစ်ယောက်ချင်းစီက အထူးဝါယမစိုက် ၍ ကြိုးပမ်းကြမည်ဟု  အဓိဋ္ဌာန်ပြုကြမည် ဖြစ်ပါ၏။  ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးသည်ပြည်ထောင်စု သားအားလုံး၏ ကိုယ်စီတာဝန်ဖြစ်သည်ကို ပိုမိုနက်ရှိုင်းစွာ    သဘောပေါက်ကြပြီး ပြည်ထောင်စုစိတ်ဓာတ် အပြည့်ဖြင့်    ရှေ့ခရီးကို လျှောက်လှမ်း ကြရန် လေးနက် တည်ကြည်စွာ  အဆုံးအဖြတ်ပြုကြမည်   ဖြစ်ပါ၏။ တည်တံ့ရုံမျှမက တိုးတက်ရန်အတွက်လည်း စိတ်ပိုင်းဖြတ်၍ ရှေ့ခရီးကို ချီတက်ကြမည်သာ ဖြစ်ပါ၏။

နိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် အချိန်မှစ၍ ဖြစ်ပေါ်လာခဲ့သော အာဃာတအလွဲတို့သည် ဤမြေမှထာဝရ ချုပ်ငြိမ်းပျောက်ကွယ်ကြပါစေသတည်း။ တစ်မြေတည်းနေ၊  တစ်ရေတည်းသောက် ညီနောင်အချင်းချင်း စိတ်ဝမ်းကွဲပြားမှုတို့သည် ထပ်မံပေါ်ပေါက်ခြင်း မရှိပါစေသတည်း။ သွေးချင်းတို့၏တွဲလက်သည်  ဆတက်ထမ်းပိုးတိုး၍ သာမြဲခိုင်ပါစေသတည်း။  တိုင်းရင်းသားပြည်သူရှင်လူ အပေါင်းဘေးမသမ်းဘဲ အေးချမ်းနိုင်ကြပါစေသတည်း။ နှလုံးစိတ်ဝမ်း  ရွှင်လန်းချမ်းမြေ့  ကြပါစေသတည်း။ နေရောင်လာလျှင် နှင်းသည် ကွယ်ပျောက်ရစမြဲဖြစ်သကဲ့သို့ တိုင်းရင်းသားပြည်သူတို့အတွက် ဘေးဥပဒ်အန္တရာယ်ရန် အသွယ်သွယ်ဟူသမျှသည် ကင်းပျောက်ကြပါစေ သတည်း။ တိုင်းရင်းသားအားလုံး ကာယစိတ္တ သုခရိပ်ငြိမ် စည်းစိမ်ဖွံ့ဖြိုး၍ ဘုန်းကျက်သရေ တိုးကြပါစေသတည်း။ ရှေးကချမှတ်ခဲ့သည့်  လွတ်လပ်ရေးသန္နိဋ္ဌာန်တို့သည် ပစ္စုပ္ပန်မှတစ်ဆင့်  အနာဂတ်မျိုးဆက် သစ်အားလုံး၏ရင်၌ ထာဝရကိန်းအောင်း တည်တံ့ကြပါစေသတည်း။

ပြည်ထောင်စုအတွက်  ထူးမြတ်သန့်စင်လှသည့် အချိန်ကောင်း၊ အခါကောင်း၊ ရက်မြတ်ကောင်း၊ နက္ခတ် ကောင်းဖြစ်သည့်    ဤအခါသမယ၌    အထက်တွင် ဆိုခဲ့သည့် ဆုမွန်များကို ရှင်တော်မြတ်ဘုရားထံတော်ပါးတွင် အောင်သပြေ​ညောင်ရေလောင်းလို့  ဆုမွန်တောင်းရင်း အနောဓိဿမေတ္တာရေစင်    သွန်းဖျန်းလိုက် ရပါကြောင်း။       ။

သိုက်စိုးထွန်း(နတ်ရွာ)