
နေပြည်တော် မေ ၁၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီမှ ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ အားပေးစကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမဝင်း အတွင်း Prefabricated Office များ တပ်ဆင်တည်ဆောက်နေမှုနှင့် ယာယီရုံးများ ဆောက်လုပ်ထားရှိပြီး ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ ရုံးခန်းများတွင် စနစ်တကျနေရာချထားရေး၊ ရုံးသုံးစက်ပစ္စည်းများအား စနစ်တကျထားရှိရေး၊ လျှပ်စစ်မီးကြိုးများ အန္တရာယ်မဖြစ်စေရန် စနစ်တကျသွယ်တန်းထားရှိရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာ (၂) သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ပြိုကျပျက်စီးထိခိုက်ခဲ့သည့် အဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အင်ဂျင်နီယာနှင့် လုပ်သားအင်အားများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပြိုကျပျက်စီးခဲ့သည့် အဆောင်များမှ ဆယ်တင်ပစ္စည်းများ အား စနစ်တကျထိန်းသိမ်းထားရှိရေး၊ အဆောင်များပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန်မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်သော မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော ဝန်ကြီးဌာနရုံးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ပြန်လည်နေရာချထားရေး အဆိုပြုစီမံချက်နှင့် နေပြည်တော်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲထားမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်