Skip to main content

မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းမှ မမေ့နိုင်ဖွယ်ရာ သမိုင်းဝင်မြင်ကွင်း

ကိုလိုနီနယ်မြေချဲ့ထွင်လိုသူတို့သည် မြန်မာနိုင်ငံသို့ အေဒီ ၁၈ ရာစုအစောပိုင်းကာလကတည်းကအကြောင်း အမျိုးမျိုးရှာဖွေကာ ရောက်ရှိလာခဲ့ကြသည်။ ၁၈၂၄ ခုနှစ်တွင် ရှင်မဖြူကျွန်းအရေးကို  အကြောင်းပြု၍ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားပြီး ၁၈၂၅ ခုနှစ်တွင် တနင်္သာရီနှင့် ရခိုင်ကို ဆုံးရှုံးခဲ့သည်။ ထိုမှ ၂၇ နှစ်အကြာ  ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဆင်နွှဲ၍ မြန်မာပြည်အောက်ပိုင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ၃၃ နှစ်အကြာ ၁၈၈၅ ခုနှစ်တွင် ဘုံဘေဘားမား သစ်ကိစ္စကို အကြောင်းပြု၍ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး မြန်မာတို့ အားမတန်တော့သည့်အချိန် တွင် ဘုရင့်အမိန့်တော်အရ လက်နက်ချအရှုံးပေးလိုက်ရ သည်။

ထိုနေ့သည်ကား  မြန်မာသက္ကရာဇ်  ၁၂၄၇  ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၆) ရက်။ အင်္ဂလိပ် သက္ကရာဇ် ၁၈၈၅  ခု၊  နိုဝင်ဘာလ ၂၇ ရက် (သောကြာနေ့) မန္တလေးမြို့နှင့် မလှမ်းမကမ်း ညနေဆည်းဆာ နေဝင်ရီတရောအချိန်။

အင်းဝခံတပ်၊ သပြေတန်းခံတပ်၊ စစ်ကိုင်းခံတပ် တို့တွင် နယ်ချဲ့တို့အား ခုခံတိုက်ခိုက်ရန် တပ်စွဲထားသော မြန်မာတို့၏အင်အားမှာ စုစုပေါင်း ၈၀၀၀ ထက်မနည်းပေ။ ယင်းတို့အနက် တပ်သား ၆၀၀၀ ခန့်တွင် ဘေးဖွင့် ရိုင်ဖယ်သေနတ်များနှင့် အမြောက်ကြီးများကို ကိုင်စွဲ ထားကြသည်။ ကျန်တပ်သား ၂၀၀၀ ခန့်တို့မှာ ဓားများ၊  လှံများကို ကိုင်စွဲထားကြသည်။

အမိန့်မရ လက်နက်မချ

ဂျင်နရယ်ပရင်ဒါဂတ်က အဆိုပါခံတပ်များရှိ မြန်မာတပ်များအား အမြန်ဆုံး လက်နက်ချအပ်ရမည်ဟု မြန်မာကိုယ်စားလှယ်များထံ တောင်းဆိုလိုက်လေသည်။ မြန်မာကိုယ်စားလှယ် နှစ်ဦးက သွားရောက်၍ ခံတပ်ရှိ မြန်မာတပ်မှူးကြီးအား   လက်နက်ချအပ်ရန်   ပြောဆို ညွှန်ကြားသော်လည်း ထိုခံတပ်၏ ဦးစီးအရာရှိဖြစ်သူ ဗိုလ်မှူး ကင်းအတွင်းဝန်က -

ရှင်ဘုရင်၏ အမိန့်မှတစ်ပါး မည်သူ၏ အမိန့်ကိုမျှ မနာခံနိုင်။ ရှင်ဘုရင်ထံမှ အမိန့်မရသမျှ လက်နက်မချ ဟု တင်းမာစွာ ငြင်းဆိုနေ၏။ ကျောက်မြောင်းအတွင်းဝန်နှင့် ဝက်မစွတ်ဝန်ထောက်တို့လည်း အခြေအနေကို လွှတ်တော်သို့ ကြေးနန်းဖြင့် ချက်ချင်းအစီရင်ခံရလေသည်။ ဤအတွင်း၌ ၁၁ မိုင်မျှဝေးကွာသော မန္တလေးရှိ ဘုရင်မင်းမြတ်ထံမှ “မြန်မာတပ်များ လက်နက်ချတော့ ဟူသော ကြေးနန်းအမိန့် ရောက်ရှိလာလေသည်။

သူရဲကြီးအောင်လံတော်

မြန်မာတပ်များလည်း  မချင့်မရဲ တက်တခေါက် ခေါက်နှင့်ပင် မိမိတို့၏ သေနတ်များကို ရိုက်ချိုးပြီး ခံတပ် များမှ ဝမ်းနည်းယူကျုံးမရ  ထွက်ခွာသွားကြလေတော့ သည်။ မြန်မာစစ်သည်တော်တို့  စွန့်ခွာသွားသော  အင်းဝ ခံတပ်တွင် ရဲရဲနီနေသော သူရဲကြီးအောင်လံတော် နှစ်ခုတို့မှာ မြင့်မားသော  အလံတိုင်ထိပ်မှ   လေထဲတွင်  တဖျပ်ဖျပ် လွင့်နေ၏။    အင်္ဂလိပ်တပ်သားများသည်      မြန်မာ့ တပ်မတော်၏ အဆိုပါအောင်လံတော်များကို အောက်သို့ ဆွဲချပြီး ထိုနေရာတွင် အင်္ဂလိပ်အမျိုးသားအလံ ယူနီယံဂျက် ကို လွှင့်ထူလိုက်လေသည်။

 မြန်မာသက္ကရာဇ်  ၁၂၄၇ ခု  တန်ဆောင်မုန်းလပြည့် ကျော်  ၈  ရက်၊  အင်္ဂလိပ်သက္ကရာဇ်  ၁၈၈၅   ခု နိုဝင်ဘာလ  ၂၉ ရက် (တနင်္ဂနွေနေ့)။  မြန်မာ့သမိုင်း တွင်  ထီးသုဉ်း နန်းသုဉ်း  ကြငှန်းသုဉ်းသည့်အဖြစ်   ဆိုးကြီးနှင့် ကြုံတွေ့ရသည့်နေ့။

တိုင်းပြည်နှင့်လူမျိုး နယ်ချဲ့ဗြိတိသျှလက်အောက်သို့  လုံးဝကျရောက်၍ ရှေးမြန်မာတို့၏ ထုံးတမ်းအစဉ်အလာ အုပ်ချုပ်ရေးစနစ်၊   လူမှုရေးစနစ်၊   စီးပွားရေးစနစ်နှင့် အခြေအနေအရပ်ရပ်တို့ အသွင်သစ်သို့ စတင်ကူးပြောင်း သည့်နေ့ ဖြစ်သည်။  မြန်မာမျိုးချစ်တပ်မတော်သားများ မိမိတို့၏   ခံတပ်နှင့်လက်နက်များကို    စွန့်လွှတ်၍ သင့်တော်ရာသို့  ထွက်ခွာသွားကြပြီးနောက်   အင်္ဂလိပ် စစ်တပ်ကြီးသည် မြန်မာဘုရင် ထီးနန်းစိုက်ရာ ရတနာပုံ နန်းတော်အထိ သေနတ်တစ်ချက်မျှ မပစ်ဖောက်ရဘဲ ချီတက်လာခဲ့ကြသည်။ ထို့နောက် ကာနယ်စလေဒင်က သီပေါဘုရင်အား နန်းချကာ ဤနေ့ နေဝင်ရီတရောအချိန် တွင် မန္တလေး ဂေါဝိန်ဆိပ်မှ   သူရိယသင်္ဘောပေါ်သို့ ခေါ်ဆောင်သွားသည့် အရှင်နှစ်ပါး ပါတော်မူပုံမြင်ကွင်းမှာ ရင်နာဖွယ်၊ ဝမ်းနည်းဖွယ်၊ ကြေကွဲဖွယ် ကောင်းလှပေသည်။

အခမ်းအနားမပါ ဗလာသက်သက်ဖြင့် စစ်ဗာရီများ ခြံရံလျက် ကြက်ကလေး၊ ငှက်ကလေးသဖွယ် ဗီရိုလှည်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုနေ့မတိုင်မီ တိုင်းပြည်မှာ ကျဆုံးခဲ့ရပြီး ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။ ယင်းနေ့သည်  အင်းဝခံတပ်မှ မြန်မာ့ သူရဲကြီးအောင်လံတော်ကို ဗြိတိသျှစစ်သားများက အလံတိုင်မှ ဆွဲချခဲ့သောနေ့ ဖြစ်သည်။

 မြန်မာ့လွတ်လပ်ရေး

မြန်မာနိုင်ငံ နယ်ချဲ့ဗြိတိသျှလက်အောက်သို့ ကျရောက်သည်နှင့် တိုင်းတစ်ပါးလက်အောက်ခံအဖြစ်  မနေလိုကြသည့် မြန်မာမျိုးချစ်သူရဲကောင်းများက ရရာ လက်နက်စွဲကိုင်၍ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ  တွန်းလှန်ခဲ့ကြပြီး အားမတန်သည့်အခါမှ တွန်းလှန်မှုကို တစ်ခန်းရပ်ခဲ့သည်။ ထို့နောက် အမျိုး၊ ဘာသာ၊ ပညာဘက်မှ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ် ထက်သန်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။  ကမ္ဘာတွင်  ဒုတိယကမ္ဘာ စစ်ကြီး ဖြစ်လာသောအခါ အင်္ဂလိပ်အခက်-ဗမာ့အချက်ဟု ကြွေးကြော်ပြီး ဖက်ဆစ်တို့၏ အကူအညီဖြင့် နယ်ချဲ့ဗြိတိသျှ တို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ တစ်ဖန် ဖက်ဆစ် တို့ကို ပြန်လည်တွန်းလှန်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကာ မြန်မာ့လွတ်လပ်ရေးကို    ပြန်လည်ရရှိရန်အတွက် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ကြိုးပမ်းခဲ့ရာ နယ်ချဲ့ဗြိတိသျှတို့ လွတ်လပ်ရေးပေးရတော့မည့်နေ့သို့ ရောက်လာခဲ့သည်။

 ထိုနေ့သည်ကား  မြန်မာသက္ကရာဇ်  ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်။ အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊   ဇန်နဝါရီလ  ၄   ရက်   (တနင်္ဂနွေနေ့)။ မြန်မာနိုင်ငံအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကောင်းမြတ်သန့်စင်သည့် နံနက်အရုဏ်တက်ချိန်။

ပျော်မဆုံး မော်မဆုံး

၁၉၄၈  ခုနှစ်  ဇန်နဝါရီလ  ၃  ရက်နေ့ညက ရန်ကုန်မြို့တစ်ခွင်၌ အအေးဓာတ်များ လွှမ်းခြုံနေသည်။ ရန်ကုန်မြို့သူ မြို့သားများသည် မနက်ဖြန်နံနက်တွင် လုံးဝလွတ်လပ်သည့် နိုင်ငံတော်အဖြစ်သို့ ရောက်ရှိတော့ မည့် မင်္ဂလာရှိသည့်သတင်းကို  ကြိုတင်ကြားသိကြပြီး ဖြစ်သည်။ နှစ်ပေါင်းတစ်ရာကျော် ပျောက်ဆုံးခဲ့ရသော မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိတော့မည့်အတွေးသည် ညဉ့်နက်ချိန် ချမ်းချမ်းစီးစီးမှ နံနက်စောစော မြူနှင်းများ တဖြိုက်ဖြိုက်ကျသည့်အချိန်အထိ မြို့သူ မြို့သားများမှာ  အိပ်မပျော်နိုင်တော့ဘဲ အတွေးနယ် အမျိုးမျိုး ချဲ့နေကြ သည်။ ပြည်သူတို့၏  အမျှော်လင့်ဆုံး၊  အလိုလားဆုံး လွတ်လပ်ရေးအောင်ပန်းကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိပုံမှာ မည်သို့ပါနည်းဟု စိတ်ကူးနေကြသည်။ ထိုသို့ စိတ်အား ထက်သန်မှုများကြောင့် ရန်ကုန်မြို့နေ ပြည်သူများမှာ မည်သူမျှ  အိပ်စက်နိုင်ခြင်းမရှိပေ။ အိမ်တိုင်းအိမ်တိုင်း ညလုံးပေါက် မိုးအလင်း မီးထွန်းထားကြပြီး ညဉ့်သန်းခေါင်ကျော်၍ နံနက်စောစော ချမ်းချမ်းစီးစီးတွင် နှစ်ပေါင်းတစ်ရာကျော် ပျောက်ဆုံးခဲ့သည့် လွတ်လပ်ရေး အောင်လံတော် လွှင့်ထူမည့်နေရာအသီးသီးသို့ စုဝေး ရောက်ရှိလာကြသည်။

ဇန်နဝါရီလ  ၄  ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တိတိအချိန်တွင်  ရန်ကုန်မြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော  မြန်မာ့ရေတပ်မတော်  မေယုသင်္ဘောနှင့်  ဗြိတိသျှရေတပ်မတော် အိပ်ချ်-အမ်-အက်စ် ဘာမင်ဂန် သင်္ဘောဆီမှ အမြောက်ပစ်ဖောက်သံများကို ရန်ကုန်တစ်မြို့လုံး ကြားလိုက်ရသည်။ အမြောက်ပစ်ဖောက်သံသည် မိုးလုံးလျှံမက တစ်မြို့လုံးမြည်ဟိန်းသွားသည်။ တဒိန်းဒိန်း အမြောက်ပစ်ဖောက်သံများသည်  မြို့သူ မြို့သားများ၏   နှလုံးသားများကို တဒုန်းဒုန်းထုကာ တဗြုန်းဗြုန်းထစေခဲ့သည်။ “သြော်-ဒီအချိန်ဟာ ငါတို့ဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးကြီး  အမှန်တကယ် ပြန်ရပါပြီကော ဟု ကြည်နူးလှိုက်လှဲ အူထဲအသည်းထဲမှ  ဝမ်းပန်းတသာဖြင့် ပျော်မဆုံးမော်မဆုံးဖြစ်ခဲ့ကြသည်။

အလံတင်အခမ်းအနား

ထိုသို့ အမြောက်ပစ်ဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် လွတ်လပ်ရေးကြေညာသည့် အခမ်းအနားကို ရန်ကုန်မြို့ အတွင်းဝန်များရုံးအတွင်းရှိ တိုင်းပြည်ပြု လွှတ်တော် အဆောက်အအုံရှေ့နှင့် မြန်မာပြည်ကို အုပ်ချုပ်ခဲ့သော ရန်ကုန်မြို့ အလုံလမ်းရှိ ဗြိတိသျှဘုရင်ခံ၏ အိမ်တော်(အစိုးရအိမ်တော်)တို့တွင် ကျင်းပရာ လွှတ်တော်နှင့် အိမ်တော်ရှေ့ရှိ အလံတိုင်အသီးသီးတွင် ယူနီယံဂျက်အလံကို အောက်သို့ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို  လွှင့်တင်သည့်အခမ်းအနားအား  ဦးစွာအစီအစဉ်အတိုင်း ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့၏။

လွတ်လပ်ရေးကြေညာသည့် အခမ်းအနားသို့  သမ္မတကြီး စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ် သခင်နုနှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြ၊ ဟိုက်ကုတ် လွှတ်တော် တရားဝန်ကြီးချုပ်၊ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဟာမင်းကြီးများ၊ နိုင်ငံခြားအထူး သံတမန်များ၊ တိုင်းမင်းကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ အတွင်းဝန်များ၊ ဒေသန္တရအဖွဲ့ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုန်သည်ကြီး အသင်းလေးသင်းမှ ကိုယ်စားလှယ်များ၊ ရန်ကုန်ရာဇဝတ် တရားသူကြီးများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ထိုသမိုင်းဝင်အခမ်းအနားကြီးကို  မှတ်တမ်းတင်ဓာတ်ပုံနှင့် ရုပ်ရှင်ရိုက်ကူးရန် ပြည်တွင်း ပြည်ပ    ရိုက်ကူးရေးအဖွဲ့များက   အသင့်စောင့်ဆိုင်း နေကြသည်။

တိုင်ထိပ်ဖျားတလူလူတက်

မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က အသင့်ဖွင့်ထားသည့် မီးမောင်းကြီးများမှ  ထွန်းလင်း တောက်ပနေသည့်   မီးရောင်အောက်တွင် အလံတင် အခမ်းအနားကြီးမှာ အထူးစိတ်ဝင်စား  စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။ လွှတ်တော်ရှေ့နေရာတွင် ဆိုင်ရာဆိုင်ရာ နိုင်ငံတော်အလံကို ရုပ်သိမ်းခြင်း၊  လွှင့်ထူခြင်းပြုလုပ်ရန်  အဆင်သင့် စောင့်ဆိုင်းနေကြသည့်  မြန်မာ့ရေတပ်မတော် သားများနှင့် ဗြိတိသျှရေတပ်မတော်သားများသည် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်  အမြောက်ပစ်သံများ ပေါ်ထွက်လာသည်နှင့် နှစ်ပေါင်းတစ်ရာကျော် မြန်မာ့မြေတွင် တလူလူ လွှင့်ထူခဲ့သည့် အလံတိုင်ထိပ်ဖျားမှ ယူနီယံဂျက် အလံကိုတဖြည်းဖြည်းလျှောချ မြေသို့ကျစေပြီး တစ်ချိန်တည်းမှာပင် နှစ်ပေါင်းများစွာ မြန်မာ့မြေပေါ်တွင် ပျောက်ကွယ်ခဲ့ရသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံသည် တိုင်ထိပ်ဖျားသို့ တလူလူထိုးတက်၍   တလွင့်လွင့်ဖြင့် အောင်လံလွှင့်ထူနိုင်ခဲ့သည်။

လွှတ်တော်တွင်  နိုင်ငံတော်အလံတင်  အခမ်းအနား ပြီးဆုံးပြီးနောက်  နံနက်  ၆  နာရီ  မိနစ် ၅၀ အချိန်တွင် အလုံလမ်းရှိ ဘုရင်ခံအိမ်တော်(အစိုးရအိမ်တော်)၌ လွတ်လပ်ရေးကြေညာသည့်   အလံချ၊   အလံတင်အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ယူနီယံဂျက်အလံကို   ရုပ်သိမ်းမည့် ဗြိတိသျှဘုရင်ခံ ဆာဟူးဗတ်ရန့်(စ်)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကိုလွှင့်ထူမည့် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်တို့သည် ဆိုင်ရာအလံတိုင်အနီးတွင် နေရာယူကြပြီးနောက် ယူနီယံ ဂျက်အလံကို တဖြည်းဖြည်း မြေသို့ချပြီး နိုင်ငံတော်အလံသည်  ငွားငွားစွင့်စွင့် အလံတိုင်ထိပ်အမြင့်သို့ ရောက်လာခဲ့သည်။

အသက်နှင့်လဲကာကွယ်

ဆိုလိုရင်းမှာ နိုင်ငံတော်ကိုယ်စားပြု အလံတော်တစ်ခုသည် အထက်သို့တလူလူတက်၍ အောင်လံတဝင့်ဝင့် ငွားငွားစွင့်စွင့်လွှင့်ထူနိုင်ခြင်းနှင့် အောက်သို့လျှောကျ မြေခသက်ဆင်း ရုပ်သိမ်းခြင်းနှစ်မျိုး၏ ခံစားချက်နှင့် အနှစ်သာရကို လှစ်ဟလိုခြင်း ဖြစ်ပါသည်။   နိုင်ငံတော် အလံဟူသည်ကား နိုင်ငံနှင့်လူမျိုးအတွက် အမြတ်တနိုး တန်ဖိုးထားရာ၊  အလေးအမြတ်ပြုရာ၊  အထွတ်အထိပ် ဖြစ်သည့် လက္ခဏာသင်္ကေတ ဖြစ်ပါသည်။ စစ်မြေပြင်တွင် မည်သို့ပင် အခြေအနေရှိသည်ဖြစ်စေ နောက်ဆုံးအချိန်အထိ လှေခွက်ချည်းကျန် အလံမလှဲစတမ်းဟူ၍ နိုင်ငံအလံကို   တန်ဖိုးထားကာ အသက်နှင့်လဲ၍  ကာကွယ် စောင့်ရှောက်ကြပါသည်။

သာမန်အချိန်   နိုင်ငံတော်အလံတင်၊ အလံချ  ပြုလုပ်ခြင်းကိုပင်  အလေးအမြတ်ထား၍  ပတ်ဝန်းကျင်မှ တစ်ယောက်မကျန် သတိမူတန်ဖိုးထားကြရပြီး နှစ်ပေါင်းတစ်ရာကျော် ဆုံးရှုံးခဲ့သော နိုင်ငံတော်အလံကို ပြန်လည်လွှင့်တင်နိုင်ခြင်းနှင့် နှစ်ပေါင်းတစ်ရာကျော်  ပိုင်စိုးခဲ့သော အလံတော်ကို  လျှောကျမြေခ ဖျက်သိမ်း ရခြင်းသည် မည်မျှတန်ဖိုးကြီးမားသည်ကို  မှန်းဆ ကြည့်နိုင်ပါသည်။   ယင်းတို့ကို  ကိုယ်တိုင်ဆောင်ကြဉ်း ကြပါသော ပုဂ္ဂိုလ်တို့၏ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း ခံစားမှုများမှာ ပြောပြ၍ပင် ရနိုင်မည်မထင်ပေ။ အလံတိုင်ထိပ်မှ  မြေသို့ကျခ၍လာသော   အလံပိုင်ရှင် ဗြိတိသျှတို့၏ အတွင်းစိတ်သန္တာန် ခံစားချက်များနှင့် အလံတိုင်ထိပ်သို့ တလူလူတက်လွှင့်ထူခဲ့ကြသော လွတ်လပ်ရေးအလံပိုင်ရှင် မြန်မာတို့၏  ရင်တွင်း ခံစားချက်များ  မည်မျှရှိမည်ကိုလည်း တွေးဆကြည့်နိုင် ပေသည်။ ယင်းအလံတင်၊   အလံချခံစားချက်များနှင့် အတူ လွန်ခဲ့သည့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နေဝင်ဆည်းဆာအချိန်တွင် မြန်မာဘုရင့်တပ်မတော်၏ ခံတပ်အတွင်းမှ တလူလူလွှင့်ထူခဲ့သော မြန်မာသူရဲကြီး အောင်လံတော် ဗြိတိသျှတို့က မြေသို့ဆွဲချခဲ့သည့်  ကြေကွဲဝမ်းနည်းရသော အဖြစ်အပျက်နှင့် နှိုင်းယှဉ် ကြည့်နိုင်ပါသည်။

 နောက်ဆုံးနှုတ်ဆက်ခြင်း

လွတ်လပ်ရေးကြေညာသည့် အထိမ်းအမှတ် အလံတင်၊ အလံချအခမ်းအနားပြီးဆုံးသောအခါ ဗြိတိသျှ ဘုရင်ခံ ဆာဟူးဗတ်ရန့်(စ်)သည် မြန်မာတို့၏ အထွတ် အထိပ်အကြီးအကဲ  နိုင်ငံတော်သမ္မတကြီးနှင့်တကွ ဧည့်ပရိသတ်များအား နောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့် တစ်ယောက်ချင်း လက်ဆွဲနှုတ်ဆက်ပြီးနောက် ကိုယ်ရံတော်တပ်သားများနှင့် လိုက်ပါပို့ဆောင်ကြသော အစိုးရအဖွဲ့ဝင်များနှင့်အတူ ရန်ကုန်ဆိပ်ကမ်းသို့ ထွက်ခွာသွားလေသည်။ ထို့နောက် ဘာမင်ဂန်သင်္ဘောမှ အမြောက် အချက် ၂၀ ပစ်ဖောက်၍ အလေးပြုကြိုဆိုပြီး နံနက် ၈ နာရီ မိနစ် ၂၀ တွင် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာသွားလေ သည်။

မြန်မာနိုင်ငံကို နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့သော ဗြိတိသျှနယ်ချဲ့၏ ဘုရင်ခံနှင့်အဖွဲ့အား စနစ်တကျ အစီအစဉ်ပြုလုပ်ထားသော အခမ်းအနားဖြင့် မြန်မာပြည်မှ အပြီးအပိုင်ထွက်ခွာသွားသော မြင်ကွင်းနှင့် လွန်ခဲ့သည့် ၁၂၄၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ၁၈၈၅ ခု နိုဝင်ဘာလ ၂၇ ရက် သောကြာနေ့ ညနေ နေဝင်ရီတရောအချိန် အင်းဝခံတပ်ပေါ်မှ မြန်မာသူရဲကြီး အောင်လံတော်မြေခသည့်နေ့နှင့် မြန်မာ့သမိုင်းတွင် နှစ်ပေါင်းထောင်ချီ ထည်ထည်ဝါဝါ  ဝင့်ဝင့်ကြွားကြွား တည်ထောင်ခဲ့သည့် မြန်မာမင်းဆက် ထီးသုဉ်းနန်းသုဉ်း ကြငှန်းသုဉ်းသည့်   အဖြစ်ဆိုးကြီးနှင့်    ကြုံတွေ့ရသည့် နေ့တို့ကို နှိုင်းယှဉ်ခံစားကြည့်နိုင်ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးရသည့် ရှည်လျားသောသမိုင်းကြောင်းကို သေချာစွာစေ့ငုလေ့လာကြည့်လျှင် သင်ခန်းစာများစွာ ရရှိနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ပေါ်လာသည့် ကောင်းမွေ၊ ဆိုးမွေ ကံကြမ္မာတို့သည်  တိုတောင်းသည့်အချိန်ကာလ အတွင်း ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ နှစ်ကာလ ကြာရှည်အချိန်ယူကာ ရည်ရွယ်ချက်မြောက်စွာ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပြီးသောအခါ၌ အခါအခွင့်သင့်သော အချိန်ကာလတွင် မျှော်မှန်းထားသလို ဖြစ်လာနိုင်သည်ကို ကမ္ဘာ့သမိုင်းကြောင်း၊ မြန်မာ့သမိုင်းကြောင်းတွင် တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းကဲ့သို့ သမိုင်းမှတ်တိုင်များကို မှတ်သား၍ အနာဂတ်အတွက် သင်ခန်းစာယူကြရမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုလျှင် ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် နိုင်ငံကာကွယ်ရေး၊  နိုင်ငံလွတ်လပ်ရေးနှင့်စပ်လျဉ်းသည့် သမိုင်းဝင် အလံတင်/အလံချ မြင်ကွင်း  နှစ်ခု၏    အသွင်အပြင်ကို ရှုမြင်ခံစားပြီး ကြေကွဲဖွယ်ရာသင်ခန်းစာနှင့်အတူ ထိန်းသိမ်းစောင့်ရှောက် ဝမ်းမြောက်ရမည့် မြန်မာ့ လွတ်လပ်ရေးကို သတိမူနိုင်ကြလိမ့်မည် ဖြစ်ပါသည်။        ။

ကိုးကား - နတ်မောက်ဘုန်းကျော် ရေးသားသည့် အင်္ဂလိပ်-မြန်မာ စစ်သမိုင်း

 - သင်္ခါရေးသားသည့် မြန်မာ့လွတ်လပ်ရေး သမိုင်းကို ပြောင်းလဲစေသည့်စာနှစ်ပုဒ်

ကောင်းဈာန်သိမ်း