Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

ဒစ်ဂျစ်တယ်စီးပွားရေး တည်ထောင်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံများ၊ ပညာရေးနှင့် သင်ကြားရေးတွင် ပြောင်းလဲလာမှုများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ယနေ့ ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်ရဲ့ အရေးပါပုံတွေ၊ ဒစ်ဂျစ်တယ်စီးပွားရေးကို အဘက်ဘက်က ကူးပြောင်းနေချိန်ဖြစ်တာကြောင့် ပညာရေးနဲ့ သင်ကြားရေးအပိုင်းတွေမှာ ဘယ်လိုကူးပြောင်းနေတယ်ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်း စရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီနေ့အစီအစဉ်မှာ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင်၊ Kinetic Myanmar Technology Co.,Ltd. ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြမိုးအောင်နဲ့ CCEducare Myanmar မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ချစ်အိမ်သူ တို့က ပါဝင်ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး မေးခွန်းအနေနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးတည်ထောင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်ရဲ့ အရေးပါပုံတွေ၊ ဒစ်ဂျစ်တယ် နည်းပညာတွေကို ပြည်သူတွေ သင်ယူနိုင်ဖို့ နည်းပညာကို အသုံးပြုပြီး ဘယ်လိုအရှိန်မြှင့်ဆောင်ရွက်လို့ ရနိုင်မလဲဆိုတာကို ဦးမြမိုးအောင်က ရှင်းပြပေးပါဦး။

ဦးမြမိုးအောင်။ ။ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီရဲ့ ဒစ်ဂျစ် တယ် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်မယ့် ဧရိယာ ခုနစ်ခု သတ်မှတ်ထားပါတယ်။ ဒီအထဲမှာ အခြေခံ အုတ်မြစ် လေးခုပါပါတယ်။ ပထမတစ်ခုက ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ပါ။ ဒုတိယ တစ်ခုက အားပေးတဲ့မူဝါဒနဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ပါ။ တတိယတစ်ခုက ဆိုက်ဘာလုံခြုံရေးကို ကောင်းမွန်အောင် တည်ဆောက်ဖို့ပါ။ စတုတ္ထတစ်ခုက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒစ်ဂျစ်တယ်နည်းပညာ တွေ ကျွမ်းကျင်တတ်မြောက်ဖို့ ဖြစ်ပါတယ်။

ဒီအခြေခံအုတ်မြစ်လေးခု ခိုင်မာပြီဆိုရင် Innovation လို့ပြောတဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းအား မြင့်တက်လာမှာ ဖြစ်ပါတယ်။ အဲဒီအခါ ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးစနစ်တွေ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးစနစ်တွေ တိုးတက်လာမှာ ဖြစ်ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်း တွေမှာ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုနိုင်မယ့် Digital Transformation လုပ်ငန်းစဉ် တိုးတက် လာသည့်အတွက် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို တည်ထောင်နိုင်မှာ ဖြစ်ပါ တယ်။

ဒီဧရိယာ ခုနစ်ခုထဲမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်တော် တို့ တိုင်းပြည်ခုန်ပျံ ကျော်လွှားပြီးတိုးတက်ဖို့၊ Leap Frog သွားဖို့၊ Quantum Leap သွားဖို့ဆိုရင် လူ့စွမ်းအား အရင်းအမြစ်က နောက်ဆုံးပေါ် နည်းပညာတွေကို ကောင်းစွာအသုံးပြုနိုင်ရုံသာမက တီထွင်ဖန်တီးနိုင်တဲ့ Innovation အဆင့်အထိကို တိုးတက်ဖို့ လိုပါတယ်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့ဆိုရင် ဒစ်ဂျစ်တယ် အတတ်ပညာတွေ၊ နောက်ဆုံးပေါ် နည်းပညာတွေကို ကျွမ်းကျင်တတ် မြောက်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ ကံကောင်းတာက နည်းပညာကို စိတ်ဝင်စားတဲ့၊ သင်ယူတတ်မြောက်ချင်တဲ့ လူငယ်တွေ အများအပြားရှိနေတာပါ။

ဒီလူငယ်တွေ အလွယ်တကူနဲ့ နည်းပညာတွေကို သင်ယူနိုင်တဲ့ Online Learning Platform တွေက နည်းပညာအလှည့်အပြောင်း တွေကြောင့် ဒီနှစ်ပိုင်းမှာ အလွန်တိုးတက်လာပါတယ်။ သင်ယူတတ်‌မြောက်ချင်တဲ့ လူငယ်တွေ အများအပြားရှိနေတဲ့အချိန်မှာ ဒီလိုမျိုး အလွယ်တကူ သင်ယူနိုင်တဲ့ Online Learning Platform တွေ ရှိလာတာက ကျွန်တော်တို့အတွက် ရေကန်အသင့်၊ ကြာအသင့်ပါ။ ကျွန်တော်တို့ဆီမှာ လူအများအပြားကို ဒစ်ဂျစ်တယ်အတတ်ပညာတွေ၊ နောက်ဆုံးပေါ်နည်းပညာ တွေကို သင်ပေးဖို့အတွက်ဆိုရင် Online Learning Platform ပေါ်တွေကနေ သွားရမှာဖြစ်ပါတယ်။

အရင်က ဒီလိုနည်းပညာတွေ သင်ယူဖို့အတွက် နိုင်ငံခြားမှာ သွားသင်ရပါတယ်။ အနည်းဆုံး မြို့ကြီးတွေ မှာရှိတဲ့ သင်တန်းတွေကို သွားရောက်သင်ယူရပါတယ်။ အခုအချိန်နေရာတိုင်းမှာ အင်တာနက်ရှိနေပါပြီ။ လူတိုင်း လက်ထဲမှာ စမတ်ဖုန်းရှိနေပါပြီ၊ လွန်ခဲ့တဲ့ လေး/ငါးနှစ် လောက်ကစပြီး အင်တာနက်အမြန်နှုန်းတွေ တိုးတက် လာတာ ကြောင့် အင်တာနက်ပေါ်မှာ ဗီဒီယိုကလစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်တဲ့ အကျိုးဆက်အနေ နဲ့ ဗီဒီယိုတွေကိုကြည့်ပြီး သင်ယူမှုတွေ ကောင်းစွာလုပ်နိုင် ပါပြီ။ Online Learning Platform တွေပေါ်ကနေ နိုင်ငံ တကာမှာ သင်နေတဲ့ ပညာရပ်တွေကို သင်ယူနိုင်မယ့် အခွင့် အရေးကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် နှစ်အနည်း ငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ လူ့စွမ်းအားအရင်းအမြစ်က နိုင်ငံတကာအဆင့် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

Online Learning ရဲ့ အကျိုးကျေးဇူးတွေက ဘယ်နေရာကမဆို သင်လို့ရတယ်။ လူကြီး၊ လူငယ်မရွေး သင်ယူလို့ရတယ်။ တချို့သင်ခန်းစာတွေကို မိုဘိုင်းဖုန်း ရှိတာနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး သင်ယူလို့ရတယ်။ Online Learning Platform တွေမှာ သင်ယူမယ်ဆိုရင် ပုံမှန်သင်တန်းချိန်တွေနဲ့ ပုံမှန်သင်တန်းတွေလို သတ်မှတ် ထားတဲ့အချိန်မှာ သွားတက်ရမှာမျိုး မဟုတ်ပါဘူး။ ကိုယ်အားတဲ့အချိန်မှာ သင်ယူနိုင်ပါတယ်။ ကိုယ်အားတဲ့ အချိန်က ညပဲအားတယ်ဆိုရင် ညဘက်၊ နံနက်အားတယ်ဆို နံနက်ဘက် ကိုယ်အားတဲ့အချိန်မှာ သင်ယူလို့ရပါတယ်။

ဒါ့အပြင် Platform တွေဘက်ကလည်း တစ်ကမ္ဘာ လုံးမှာရှိတဲ့ သင်ယူသူတွေ၊ မြန်မာနိုင်ငံက Local Platform တွေဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ သင်ယူသူတွေကို တစ်ပြိုင်နက်တည်း သင်ပေးနိုင်တာကြောင့် သင့်တင့်တဲ့ သင်တန်းကြေးနဲ့ သင်ပေးနိုင်ပါတယ်။

လူငယ်အများအပြားကို နောက်ဆုံးပေါ် နည်းပညာ တွေ သင်ပေးခြင်းဖြင့် လူငယ်တွေနဲ့ သူတို့ ရဲ့မိသားစုတွေရဲ့ အနာဂတ်တွေကို ဖန်တီးပေးရာ ရောက်ပါမယ်။ လူငယ်တွေ ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ SME လုပ်ငန်းတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေ ထိထိရောက်ရောက်အသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်အောင် ကူညီရာရောက်ပါမယ်။ စီးပွားရေးလုပ်ငန်း တွေ၊ SME လုပ်ငန်းတွေမှာ နည်းပညာတွေ သုံးလာလို့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်လာရင် နိုင်ငံရဲ့ စီးပွားရေးကို ကောင်းစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဒစ်ဂျစ်တယ် စီးပွားရေးသို့ အဘက်ဘက်က ကူးပြောင်းနေတဲ့ အချိန်ဖြစ်တာကြောင့် ပညာရေးနဲ့သင်ကြားရေးဘက်တွေမှာ ဘယ်လိုတွေ ဦးဆောင်ပြောင်းလဲ လာတယ် ဆိုတာကို ဒေါ်ချစ်အိမ်သူက ရှင်းပြပေးပါဦး။

ဒေါ်ချစ်အိမ်သူ။ ။ CCEducare Myanmar အနေနဲ့ သင်ကြားရေးစင်တာတွေ၊ ဆရာ ဆရာမတွေ၊ တက္ကသိုလ်တွေကို နည်းပညာကူးပြောင်းဖို့ အတွက် ကိုဗစ်ကာလမဖြစ်ပွားခင်အချိန်ထဲက ဆောင်ရွက် ပေးနေတာ ရှိပါတယ်။ အခုလို ကိုဗစ်ရောဂါဖြစ်ပွားတဲ့အချိန် မှာ ကျောင်းတွေ ပိတ်ရတာရှိတယ်။ သင်ကြားသင်ယူမှုတွေ အကုန်လုံးရပ်သွားတာရှိတယ်။

ဒီလိုမျိုး နည်းပညာကို ပြောင်းလဲလာကြတဲ့အချိန်မှာ ကျောင်းသားဘက်ကနေ မိမိအချိန်ကို ခန့်ခွဲတတ်လာမယ်။ Self-Study လုပ်ရတာ လွယ်မယ်လို့ထင်ပါတယ်။ လူငယ် တော်တော်များများက အခုဆိုရင် မိုဘိုင်းဖုန်းနဲ့အင်တာနက် ကို သုံးကြပါတယ်။ တစ်ဖက်မှာ ဆရာတွေက ဒါကို အရှိန် အဟုန်နဲ့ လေ့လာသင်ယူအသုံးပြုကြတာကို တွေ့မြင်ရပါ တယ်။

သင်ကြားရေးဘက်မှာ ဘာကြောင့်နည်းပညာဘက်ကို ပြောင်းသင့်သလဲဆိုရင် နည်းပညာဆရာတစ်ယောက်က သူအရင်တုန်းက သင်ရမယ့်စာကိုပဲ ထပ်ကာထပ်ကာ သင်နေရမယ်။ အခုလို နည်းပညာနဲ့ဆိုရင် ဒါတွေကို Video Recording လုပ်ထားပြီး ဗီဒီယိုတွေကို အွန်လိုင်းပေါ်ကနေ မျှဝေပေးနိုင်ပါတယ်။ ဒီလိုမျှဝေပေးတဲ့အချိန်မှာ သူရှိတဲ့ နေရာတစ်ခုထဲကို သာမက တစ်နိုင်ငံလုံး အတိုင်းအတာ အထိ မျှဝေပြီး သင်ကြားပေးလို့ရပါတယ်။ ကျောင်းသားနဲ့ ဆရာ နှစ်ဦးနှစ်ဖက်လုံးအတွက် အချိန်ကုန်သက်သာတယ်၊ ငွေကြေးအရလည်း သက်သာတယ်။ နည်းပညာသုံးပြီး လုပ်တဲ့ Learning Management System Platform တွေက အများကြီးပါ။

နောက်တစ်ခုက ဒစ်ဂျစ်တယ်ပညာရေးလို့ပြောရင် အဘက်ဘက်က ပါလာပြီဖြစ်ပါတယ်။ အခြေခံပညာအဆင့် ဆိုရင် ဆရာတွေ သာမက မိဘတွေက ကျောင်းသားတွေ နဲ့အတူ လိုက်ပါပြီး သင်ကြားပေးရတာတွေကို တွေ့လာ ရပါတယ်။ သင်ကြားရေးဘက်မှာ အဘက်ဘက်ကနေ ပံ့ပိုး ပြီး စီးပွားရေးတစ်ခုလုံးကို တည်ဆောက်နိုင်မှာ ဒါတွေက အလျင်အမြန်သွားနိုင်မယ့်အရာတွေလို့ ကျွန်မမြင်ပါတယ်။

အစီအစဉ်မှူး။ ။ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ စီစဉ်ထားမှုတွေနဲ့ မြန်မာနိုင်ငံမှ သင်ယူလိုသူတွေအတွက် DETC တက်ရောက် ဖို့အတွက် ဘယ်လိုအရည်အချင်းတွေရှိဖို့လိုပြီး သင်ယူလိုသူ တွေရဲ့ အခက်အခဲတွေက ဘာတွေရှိနေတယ်ဆိုတာကို ဦးမြမိုးအောင်က ဆွေးနွေးပေးပါဦး။

ဦးမြမိုးအောင်။ ။ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီရဲ့ Road Map ထဲမှာ ရည်ရွယ်ချက်တစ်ခုပါပါတယ်။ ဒါက နောက်ဆုံးပေါ် နည်းပညာတွေကို နိုင်ငံအနှံ့မှာရှိတဲ့ နည်းပညာစိတ်ဝင်စား တဲ့လူတွေကို သင်ပေးဖို့၊ နိုင်ငံတကာမှာသင်နေတဲ့ သင်ခန်းစာတွေကို အွန်လိုင်းပေါ်ကနေ လွယ်လွယ်ကူကူ ကုန်ကျစရိတ်နည်းနည်းနဲ့ သင်နိုင်ဖို့နဲ့ အလုပ်အကိုင် သေချာတဲ့၊ Job Ready ဖြစ်တဲ့ သင်ခန်းစာတွေ၊ ဘာသာရပ် တွေကို သင်ယူလိုသူတွေရဲ့ မိမိတို့နေထိုင်တဲ့ ဒေသကနေ သင်ယူနိုင်ရမယ်။ သင်ယူပြီးရင် အဲဒီဒေသမှာပဲ အလုပ်လုပ် နိုင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါ။

အထူးသဖြင့် ကျောင်းတွေပိတ်ထားတဲ့ ကိုဗစ်ကာလ မှာ လူငယ်တွေက နောက်ဆုံးပေါ် နည်းပညာတွေကို သင်ယူ နိုင်ဖို့၊ နိုင်ငံတကာကုမ္ပဏီကြီးတွေက အသိအမှတ်ပြု လက်မှတ်တွေရရှိဖို့ ကျွန်တော်တို့ လုပ်ပေးပါ့မယ်။ ဒစ်ဂျစ်တယ်စီးပွားရေး ကော်မတီရဲ့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေထဲမှာ နောက်ဆုံးပေါ် နည်းပညာ ဘာသာရပ်တွေ သင်ယူနိုင်ဖို့အတွက် ပထမတစ်ခုက မြန်မာဘာသာနဲ့ သင်ယူနိုင်တဲ့ အစီအစဉ်တစ်ခု လုပ်ထား ပါတယ်။ ဒါက နည်းပညာကို အသုံးပြုပြီး ကိုယ်ပိုင် စီးပွားရေးထူထောင်ချင်တဲ့၊ ထူထောင်နိုင်မယ့် စွန့်ဦး တီထွင်မှုသင်တန်းပါ။ ဖန်တီးရာအင်စတီကျုနဲ့ ပူးပေါင်း ပြီး အွန်လိုင်းကနေ သင်ကြားပေးပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရေ အခက်အခဲ၊ အမှိုက်ပြဿနာ၊ သယ်ယူပို့ဆောင်ရေး ပြဿနာ၊ သဘာဝပတ်ဝန်း ကျင်ပြဿနာ၊ ဈေးကွက် ရှာဖွေရေးပြဿနာ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ကြုံနေရတဲ့အခက်အခဲတွေကို နည်းပညာသုံးပြီး ဘယ်လို ဖြေရှင်းမလဲ၊ နည်းပညာအိုင်ဒီယာတွေကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုထူထောင်မလဲဆိုတာကို ကျွန်တော်တို့ သင်ပေးပါတယ်။

ဒုတိယတစ်ခုက နိုင်ငံတကာမှာသင်နေတဲ့ သင်ခန်းစာတွေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို သင်ယူဖို့အတွက် ကမ္ဘာ့ထိပ်တန်း အွန်လိုင်းပညာရေး Platform တစ်ခုဖြစ်တဲ့ Coursera နဲ့ ပူးပေါင်းပြီး နည်းပညာ၊ စီးပွားရေးပညာ၊ အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးပညာရပ်၊ အနုပညာ၊ ဘာသာစကားအစရှိတဲ့ ပညာရပ်တွေထဲက သင်တန်းပေါင်း ၃၀၀၀ ကျော်ကို အွန်လိုင်းကနေ အခမဲ့သင်ယူနိုင်ဖို့ ကျွန်တော်တို့ စီစဉ် ထားပါတယ်။

အဲဒီအထဲမှာ စမ်းသပ်ကာလအနေနဲ့ ပထမ အသုတ်မှာ Google ရဲ့ IT Support ၊ Social Media Marketing ၊ Data Science ၊ Software Development အစရှိတဲ့ ဘာသာရပ်လေးခုကို အဓိကထားပြီး သင်ယူနိုင် ဖို့ အားပေးတဲ့အစီအစဉ်တွေ ကျွန်တော်တို့ လုပ်ထားပါ တယ်။

နောက်လာမယ့်အသုတ်တွေမှာ Machine Learning ၊ Artificial Intelligence ၊ Cloud Computing ၊ IOT စတဲ့နောက်ဆုံးပေါ် နည်းပညာတွေကို တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာ နည်းပညာ စိတ်ဝင်စားသူ လူငယ် ၅၀၀၀ ကျော်ကို နောက်ဆုံးပေါ် နည်းပညာတွေ အွန်လိုင်းပေါ်က အခမဲ့သင်ပေးဖို့ ကျွန်တော်တို့စီစဉ်နေပါတယ်။

ဒီသင်တန်းတွေကို တက်ရောက်ဖို့ လိုအပ်ချက် အရေးကြီးဆုံးက နည်းပညာမှာ စိတ်ဝင်စားတဲ့သူဖြစ်ဖို့ လိုပါတယ်။ နိုင်ငံတကာမှာ သင်နေတဲ့သင်ခန်းစာတွေက အင်္ဂလိပ်လို သင်ရတာဖြစ်တဲ့အတွက် အင်္ဂလိပ်စာ အသင့် အတင့်နားလည်ထားဖို့လိုပါတယ်။ ဘွဲ့မရသေးတဲ့သူတွေ လည်း သင်လို့ရပါတယ်။ Software Development သင်တန်းမှာဆိုရင် ၁၀ တန်း ကျောင်းသားတွေ တက်ရောက်နေကြပါတယ်။ အတွေ့အကြုံမရှိလည်း နည်းပညာကို စိတ်ဝင်စားရင် သင်ယူလို့ရနိုင်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်။

တချို့ဘာသာရပ်တွေက ဖုန်းလေးတစ်လုံးနဲ့ အင်တာနက်ရှိတာနဲ့ သင်ယူလို့ရပါတယ်။ ကိုယ်အားတဲ့ အချိန်၊ ညဘက်အား တယ်ဆိုရင် ည၊ နံနက်ပိုင်းအားတယ် ဆိုရင် နံနက်၊ တစ်နေ့ကို နှစ်နာရီ၊ သုံးနာရီလောက် သင်နိုင်မယ်ဆိုရင် တချို့ဘာသာရပ် တွေက သုံးလ လောက်အတွင်းမှာ ပြီးဆုံးသွားမှာပါ။ တချို့ဘာသာရပ် တွေက ခြောက်လလောက်အတွင်းမှာ သင်ယူပြီးစီးသွား မှာပါ။ ပြီးစီးတာနဲ့ အလုပ်ရနိုင်မယ့် Job Ready ဖြစ်တဲ့ နည်းပညာဘာသာရပ်တွေဖြစ်ပါတယ်။

သင်ယူတဲ့သူဘက်က တွေ့ကြုံနေတဲ့ အခက်အခဲ ကိုလည်း နည်းနည်းရှင်းပြချင်ပါတယ်။ အများစုကြုံရတဲ့ အခက်အခဲကတော့ ဘာသာစကားပါပဲ။ နိုင်ငံတကာမှာ သင်တဲ့သင်ခန်းစာတွေကို သင်တဲ့အခါ အင်္ဂလိပ်လို သင်ရတာများပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ တွေ မြန်မာဘာသာစကား၊ တိုင်းရင်းသားဘာသာစကား နဲ့ အွန်လိုင်းပေါ်က သင်ယူနိုင်မယ့် သင်ခန်းစာတွေဖန်တီး ဖို့၊ အားပေးဖို့ လိုပါတယ်။

နောက်ထပ် အခက်အခဲတစ်ခုက အချို့လူငယ်တွေ က မိုဘိုင်းဖုန်းနဲ့ပဲ သင်ယူနေတယ်၊ မိုဘိုင်းဖုန်းနဲ့ပဲ စမ်းသပ်ဆောင်ရွက်တာ တွေ လုပ်ဆောင်နေပါတယ်။ ကွန်ပျူတာနဲ့ လက်ပ်တော့သာ သူတို့မှာရှိရင် ပိုပြီး လေ့ကျင့်နိုင်မှာပါ။ နည်းပညာကို ပိုပြီးအသုံးချစမ်းသပ်နိုင် မှာပါ။

နောက်ပြီး သင်ယူတဲ့အခါမှာ မိုဘိုင်းအင်တာနက် ကို သုံးမယ်ဆိုရင် ကုန်ကျစရိတ်များနေပါသေးတယ်။ အချို့လူငယ်တွေက မိုဘိုင်းအင်တာနက်ကိုသုံးပြီး သင်ယူ နေရတာပါ။

ဒီလူငယ်တွေအတွက် Online ကနေ Video Clip ကြည့်ပြီး သင်မယ်ဆိုရင်၊ တစ်နာရီကို မိုဘိုင်းအင်တာနက် 1 GB လောက် ကုန်မှာဖြစ်တဲ့အတွက် အနည်းဆုံး တစ်နာရီ ကို ကျပ် ၁၀၀၀ နီးပါးလောက် ကုန်ကျစရိတ်ရှိနေပါတယ်။ ဘာသာစကား အခက်အခဲရှိတာ၊ နည်းပညာအတွေ့အကြုံ အားနည်းတဲ့သူတွေကို အဆင်ပြေအောင်ကူညီဖို့ ဖန်တီးရာ အင်စတီကျုနဲ့ပူးပေါင်းပြီး Study Group Programme ဆိုပြီး လုပ်ထားပေးပါတယ်။

အလုပ်ရှာပေးတဲ့အစီအစဉ်

အဲဒီမှာ စေတနာ့ဝန်ထမ်းဆရာတွေက ဘာသာရပ်ပိုင်း ဆိုင်ရာ၊ ဘာသာစကားပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေကို စနေ၊ တနင်္ဂနွေတွေမှာ ပြန်ရှင်းပြပေးပါမယ်။ ဒီလို အစီအစဉ်တွေနဲ့ သင်ယူသူတွေ အဆင်ပြေအောင်၊ သင်တန်းကိုအောင်မြင်စွာပြီးစီး တဲ့အထိ သင်ယူနိုင်အောင် ဆွဲခေါ်သွားဖို့ စီစဉ်ထားပါတယ်။ သင်ယူသူတွေ သင်တန်း အောင်မြင်ပြီးစီးအောင် သင်ယူဖို့ကို အားပေးတဲ့အနေနဲ့ သင်ခန်းစာအားလုံး အောင်မြင်ပြီးစီးသွားရင် သင်တန်းဆင်း အသိအမှတ်ပြုလက်မှတ်ရသွားရင် ကျွန်တော်တို့ အလုပ် ရှာပေးတဲ့ အစီအစဉ်ကို စီစဉ်ထားပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လူငယ်တွေတော်တော်များများ က တတ်ချင်စိတ်၊ သင်ယူချင်စိတ် ရှိကြပါတယ်။ အခုဆိုရင် ဒီသင်တန်းတွေကို တက်ဖို့အတွက် နည်းပညာစိတ်ဝင်စား သူ အယောက် ၆၀၀၀ ကျော် စာရင်းသွင်းကြပါတယ်။ ၄၀ ရာခိုင်နှုန်းလောက်က ရန်ကုန်နဲ့ မန္တလေးကဖြစ်ပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ် အစရှိတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဖြစ်ပါတယ်။ Course တစ်ခုလုံးပြီးစီးဖို့ လအနည်းငယ် လိုနေသေးတာကြောင့် Professional Certificate တစ်ခုလုံးမပြီးသေးပေမယ့် Module အလိုက်ပြီးစီးမှုအရ ဆိုရင် ကျွန်တော်တို့နိုင်ငံက သင်ယူသူရာခိုင်နှုန်းအလိုက် သင်ယူပြီးစီးမှုတွေက အခြားနိုင်ငံက ရာခိုင်နှုန်းတွေထက် တော်တော်များနေတာကို တွေ့ရပါတယ်။ ဒါတွေက ဝမ်းသာစရာတွေပါ။

ဒီလိုနည်းပညာသင်တန်းတွေကို သင်ယူချင်တယ် ဆိုရင် ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင် ရေး ဖေ့စ်ဘွတ်စာမျက်နှာမှာ လာပြီး စာရင်းသွင်းရပါတယ်။ ဒီလို စာရင်းသွင်းပြီးရင် ကျွန်တော် တို့က Invitation Email ဖိတ်ခေါ်တဲ့ အီးမေးလ်ပို့ပါတယ်။ အဲဒီအီးမေးလ်ကနေတစ်ဆင့် ဝင်ရပါတယ်။ ပြီးရင် Application Download လုပ်ပြီး မိုဘိုင်းဖုန်းနဲ့ သင်ယူ နိုင်မှာဖြစ်ပါတယ်။ ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်ဆိုင်ရာ သင်တန်းကို အပ်နှံဖို့လိုအပ်ပါတယ်။ အခုအချိန်မှာတော့ ပထမအသုတ်သင်တန်း စာရင်းသွင်းခြင်းကာလကို ခဏ ရပ်နားထားပါတယ်။ ဒုတိယအသုတ်ကိုလည်း အမြန်ဆုံး စနိုင်အောင် စီစဉ်နေပါတယ်။

အစီအစဉ်မှူး။ ။ အခုလို ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလမှာ သင်ကြားရေးဘက်မှ နည်းပညာ ဘက်ကူးပြောင်းလာတဲ့အတွက် အကျိုးရှိပုံနဲ့ လက်ရှိ အသုံးပြုလို့ရမယ့် အက်ပလီကေးရှင်းတွေ အကြောင်းကို လည်း ဆွေးနွေးပေးပါဦး။

ဒေါ်ချစ်အိမ်သူ။ ။ ကျွန်မတို့ CCEducare Myanmarဘက်က လုပ်နေတဲ့အက်ပလီကေးရှင်းတွေ၊ လုပ်နေတာတွေကို မျှဝေပေးရမယ်ဆိုရင် တစ်ပိုင်တစ်နိုင်သင်တန်းကျောင်းဖွင့်ထားတဲ့ ဆရာမတွေဆိုရင် ကိုဗစ်ရောဂါဖြစ်ပွားတဲ့အချိန်မှာ အခက်အခဲဖြစ်သွားပါ တယ်။ ကျောင်းတွေ လုံးဝပိတ်လိုက်ရတယ်။ အခုဆိုရင် ရှစ်လလောက်ရှိပြီဖြစ်ပါတယ်။ ဒီလိုသင်တန်း တွေဖွင့်ရာက အွန်လိုင်းဘက်ကို သွားတဲ့အချိန်မှာ အခက်အခဲတွေရှိပါ တယ်။ အွန်လိုင်းဗီဒီယိုဖန်တီးတာတွေ၊ ပုံမှန် စာသင်ခန်း သင်ရိုးကို အွန်လိုင်းသင်ရိုးတွေ ဖန်တီးတဲ့အချိန်မှာ မရင်းနှီးသေးတာရော၊ နည်းပညာအရရော၊ အီးမေးလ် အသုံးပြုတာတွေရောစတဲ့ ကိစ္စလေးတွေကအစ ကျွန်မတို့ အကူအညီတွေပေးရပါတယ်။

အခုဆိုရင် အဖွဲ့အစည်းပေါင်း ၁၀၀ နီးပါးလောက်ရှိပြီ ဖြစ်ပါတယ်။ တက္ကသိုလ်တွေ၊ ပြင်ပ ပုဂ္ဂလိကအဖွဲ့အစည်း တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို မိရိုးဖလာကနေ ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲဆောင်ရွက်ရတာတွေ ကို ကျွန်မတို့ကူညီပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ တချို့က လည်းမေးကြတယ်။ ကိုဗစ်ကာလပြီးသွားရင်ရော အွန်လိုင်းကိုပဲ ၁၀၀ ရာခိုင်နှုန်းသွားကြတော့မလားဆိုပြီး မေးကြပါတယ်။

ကျွန်မအမြင်ပြောရရင် အွန်လိုင်းကနေ သင်ကြားတာက အပြင်မှာသင်ကြားလို့ရမယ့် သင်ကြားရေးရဲ့ အနှစ် သာရကို ဖျောက်ပစ်လိုက်တာ မဟုတ်ပါဘူး။ ဒါကို သင်ထောက်ကူပစ္စည်းလို့ပဲ ကျွန်မတို့ မြင်ရပါမယ်။ အက်ပလီကေးရှင်းတွေ၊ ဆော့ဖ်ဝဲလ်တွေ အမျိုးမျိုး ထွက်လာတယ်။ နိုင်ငံခြားတွေမှာဆိုရင် သင်ကြားရေးကို အမျိုးမျိုးပြောင်းလာကြတော့ ကျွန်မတို့နိုင်ငံမှာလည်း ဒါတွေ အနှေးနဲ့အမြန်ဖြစ်လာမယ်။

ဒီလိုဖြစ်လာတဲ့အချိန်မှာ သင်ကြားတဲ့ဘက်မှာလည်း ဒါတွေကို လက်ခံပြီး အစားထိုးတာမျိုးမဟုတ်ဘဲ သင်ထောက်ကူအနေနဲ့ မြင်စေချင်ပါတယ်။ ဒါကတော့ တော်တော်များများ အမေးများနေတဲ့ အပြင်မှာသင်တန်း မဖွင့်ရတော့ဘူးလားဆိုတဲ့ မေးခွန်းကို ဖြေပေးတာဖြစ်ပါ တယ်။

အွန်လိုင်းကို ပြောင်းလိုက်ပါတယ်

အဖွဲ့အစည်းတစ်ခုဆိုရင် ကယားပြည်နယ်မှာ မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်း သုံးလကြာ ဖွင့်ပါတယ်။ ဒါပေမယ့် အခက်အခဲက သုံးလလုံး လာပြီးမတက် နိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ကိုဗစ်ဖြစ်နေတဲ့အချိန် ဆိုတော့ ပိုဆိုးပါတယ်။ အဲဒီလိုအချိန်ပေးပြီး မတက်နိုင် တဲ့သူတွေအတွက် ကျွန်မတို့က အွန်လိုင်းကိုပြောင်းလိုက်ပါ တယ်။ စက်တွေကို သေချာ ရိုက်ပြတယ်။ ဒါတွေကို ဘယ်လိုပြင်ရတယ်ဆိုပြီး အဲဒီလို အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးပါတယ်။ သူတို့အတွက် အက်ပလီ ကေးရှင်းလည်း ဆွဲပေးခဲ့တယ်။ ဒါကတော့ ကျွန်မတို့လုပ်ခဲ့ တဲ့ အတွေ့အကြုံကို မျှဝေပေးတာပါ။

အခုဆိုရင် နိုင်ငံတကာမှာ အခမဲ့သုံးလို့ရတဲ့ အက်ပလီ ကေးရှင်းတွေ အများကြီးရှိပါတယ်။ နည်းပညာကို ပြောင်းမယ်ဆိုရင် ငွေကြေးအကုန်အကျတွေ များတော့ မယ်လို့ တော်တော်များများ ထင်ကြပါတယ်။ တကယ်တမ်း တော့ အလွယ်တကူနဲ့ နည်းပညာကိုပြောင်းလို့ရတာတွေ အများကြီးရှိတယ်။ မိရိုးဖလာမျက်နှာချင်းဆိုင်သင်ရတဲ့ စာသင်ခန်းတွေကို ကျွန်မတို့က အွန်လိုင်းပေါ်တင်ကြပြီ။ Google Classroom ဆိုတာကို ကျွန်မကတော့ အကြံပြု ချင်တယ်။ အခုလက်ရှိမှာ အများဆုံး သုံးနေကြပြီဖြစ်ပါ တယ်။

အဲဒီမှာဆိုရင် ဆရာ/ဆရာမတစ်ယောက်က သူ့မှာ အီးမေးလ်အကောင့်ရှိတာနဲ့ အွန်လိုင်းပေါ်မှာ သင်တန်းကျောင်းဖွင့်လို့ရပြီ ဖြစ်ပါတယ်။ သူ့ရဲ့စာတွေကို PDF ဖိုင် တွေပြောင်းပြီး တင်ထားမယ်။ ပြီးရင် စာသင်တဲ့ဗီဒီယိုကို မိုဘိုင်းဖုန်းနဲ့ဖြစ်ဖြစ်၊ ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် တင်လို့ ရပါတယ်။ ပြီးရင် သူ့ရဲ့ကျောင်းသားကို အဲဒီကနေ ပို့ပေး လိုက်လို့ရပါတယ်။ ဒီသင်တန်းကို တက်ပါဆိုပြီး Share ပေးလိုက်လို့ရပါတယ်။

ကျောင်းသားတွေက တက်ပြီးပြီ၊ ဖြေပြီးပြီဆိုရင် ဒီဟာကို အမှတ်ခြစ်တဲ့အနေနဲ့ ကြည့်လို့ရပါတယ်။ ပြောရ မယ်ဆိုရင် နေ့စဉ်သင်ကြားရေးမှာ လိုအပ်တဲ့ လိုအပ် ချက်တွေအကုန်လုံးကို ဒီအက်ပလီကေးရှင်းမှာ လုပ်ဆောင်လို့ရပါတယ်။ ဒါကို အခမဲ့သုံးလို့ ရပါတယ်။ သုံးဖို့အတွက် အင်တာနက်တော့ လိုပါမယ်။ ဆရာ/ဆရာမ တော်တော်များများကို ဒါလေးတွေကို သင်ကြားပေး ဖြစ်ပါတယ်။

ကိုဗစ်ရောဂါပြီးသွားတဲ့အချိန်မှာတောင် ကျွန်မ အကြံပြုချင်တာက အွန်လိုင်းက မဖြုတ်ချလိုက်ပါနဲ့။ နည်းပညာက ပြောင်းကို ပြောင်းရမယ့်အချိန် ဖြစ်နေပါပြီ။ လိုအပ်မှသာ လူချင်းတွေ့မယ်။ ဆွေးနွေးမှုတွေလုပ်ကြမယ်။ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး Critical Thinking ဘက်ကို သွားနိုင်အောင် လုပ်ဆောင်ကြမယ်။ ပုံမှန် သမားရိုးကျ သင်နေတာတွေကို အွန်လိုင်းကိုပြောင်းလိုက် မယ်။ ဆွေးနွေးကြတာ၊ Presentation လုပ်ကြတာ၊ ကျောင်းသားရဲ့ တွေးခေါ်မှုစွမ်းရည်တွေ တက်လာအောင် သင်ကြားမှုအပိုင်းမှာ အဲဒီလိုအရာတွေကို မြှင့်တင်ပေးသင့် ပါတယ်။ မြှင့်တင်ပေးဖို့ကိုလည်း ကျွန်မတို့ ကူညီချင်ပါ တယ်။

ဆွေးနွေးနိုင်

ဒီအစီအစဉ်ကို ကြည့်နေတဲ့ ဆရာ/ဆရာမတွေ၊ သင်ကြားပေးနေတဲ့ အဖွဲ့အစည်းတွေရှိခဲ့ရင် ကျွန်မတို့ CCEducare Myanmar ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း လာရောက်မေးမြန်းပြီး အခမဲ့ဆွေးနွေးနိုင်ပါတယ်။ အခုဆိုရင် ကျွန်မတို့ CCEducare Myanmar လုပ်လာ တာလည်း လေးနှစ်လောက်ရှိလာပါပြီ။ ပညာရေးဝန်ကြီး ဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ အခြားအဖွဲ့ အစည်းတွေလည်း များစွာရှိပါတယ်။ နယ်တွေအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နည်းပညာကို ပြောင်းလဲတဲ့ ပရောဂျက်တွေ အများကြီးလုပ်ပေးနေတဲ့ အတွေ့အကြုံ ရှိပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ဆွေးနွေး ပေးချင်ပါတယ်။ မေးမြန်းချင်တာ၊ ဆွေးနွေးချင်တာတွေ ရှိခဲ့ရင် ကျွန်မတို့ကို ဆက်သွယ်ပေးပါလို့ ပြောချင်ပါတယ်။

ထက်လျှံ