Skip to main content

ကိုလိုနီခေတ် မီးခြစ်စက်ရုံများ

မြန်မာတို့သည်  ရှေးသမိုင်းဦးခေတ်ကပင်  အုတ်ဖုတ်တတ်ခဲ့ကြသည်။  မြန်မာနိုင်ငံ အရပ်ရပ်ရှိ စေတီပုထိုးများ၊ မြို့ရိုးတံတိုင်း များက မြန်မာ့လက်လုပ်အုတ်၏  စွမ်းပကားကို   အထင်အရှားပြဆိုလျက်ရှိနေကြသည်။  ကိုလိုနီခေတ် သက်တမ်းတစ်လျှောက် တွင်လည်း မြန်မာ့လက်လုပ်အုတ်များကပင် နေရာရခဲ့သည်။ ၁၉၂၆ ခုနှစ်ခန့်တွင်မူ အစိုးရကတည်ထောင်သော အုတ်စက်နှစ်စက် ပေါ်လာခဲ့သည်။ အစိုးရက ထိုကဲ့သို့ အုတ်စက် တည်ထောင်ရခြင်းမှာ အစိုးရ၏ အဆောက်အအုံများကို ဆောက်လုပ်ရာတွင် အရပ်သားများထံမှ အုတ်ဝယ်ယူရခြင်းမှာ မဖြစ်သင့်ဟု ထင်မြင်ယူဆသောကြောင့် ဖြစ်သည်ဟုဆိုသည်။ ထိုကြောင့်ပင် အစိုးရ၏ Public Works ဌာနသည် ကံဘဲ့တွင် အုတ်စက်တစ်ခုနှင့် မင်္ဂလာဒုံတွင် အုတ်စက်တစ်ခုကို တည်ထောင်ခဲ့သည်။
ထိုအုတ်စက်နှစ်စက်မှ  ထုတ်လုပ်သောအုတ်များဖြင့်  ရန်ကုန်မြို့တွင် အစိုးရအဆောက်အအုံများကို ဆောက်လုပ်ခဲ့ရာ ဆေးကောလိပ်၊ ရန်ကုန် ယူနီဗာစတီ အဆောက်အအုံများနှင့် မင်္ဂလာဒုံ ကန်တိုမင်အဆောက်အအုံများ လည်း အပါအဝင်ဖြစ်ခဲ့ သည်။ သို့ရာတွင် ထိုအုတ်စက်တို့၏သက်တမ်းက မရှည်ကြာခဲ့ပေ။ ထုတ်လုပ်မှုစရိတ်စက ကြီးမြင့်ခြင်း၊ လုပ်ငန်းစီမံအုပ်ချုပ်မှု နှင့် ထုတ်လုပ်ရေးအတွေ့အကြုံမရှိခြင်း၊ လုပ်ငန်းခွင်လစ်ဟင်းခြင်းတို့ကြောင့် နောက်ပိုင်းတွင် လုပ်ငန်းများရပ်ဆိုင်းသွားခဲ့သည်။
ကိုလိုနီခေတ်တွင် ၁၉၂၀ ပြည့်နှစ် နောက်ပိုင်း၌ သုံးကုန်ပစ္စည်း ထုတ် လုပ်သောစက်များလည်း ပေါ်ထွန်းလာခဲ့သည်။ အမျိုးအမည်က မများလှသလို စက်ရုံအရေအတွက်ကလည်း နည်းပါးလှသည်။ မီးခြစ်စက်၊ ဆပ်ပြာစက်၊ ပန်းကန်စက်၊ ဒန်အိုးစက်၊ ကြိုးစက်၊ ကော်စက်စသည်တို့ ဖြစ်ကြသည်။
၁၉၂၀ ပြည့်နှစ်မတိုင်မီက သစ်သားမီးခြစ်များကို  နိုင်ငံခြားမှတင်သွင်း ခဲ့သည်။  ထိုစဉ်က သစ်သားမီးခြစ်များကို ဂျပန်နိုင်ငံမှ အများဆုံးတင်သွင်း ခဲ့ရသည်။  ထိုလုပ်ငန်းကို ဆွီဒင်နိုင်ငံသားအချို့က ဆွီဒင်မီးခြစ်ကုမ္ပဏီ အမည် ဖြင့် ကြည့်မြင်တိုင်၌ လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် စီးပွားရေး အမြင် ရှိသူများက သစ်သားမီးခြစ်စက်များ တည်ဆောက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံတွင် ၁၉၂၁ နှင့် ၁၉၂၂ ခုနှစ်များတွင် မီးခြစ်စက်ရုံနှစ်ရုံရှိလာပြီး၊ ၁၉၂၄ ခုနှစ်တွင် စက်ရုံနှစ်ရုံကို ထပ်မံတည်ဆောက်သဖြင့် လေးရုံအထိ ဖြစ်လာခဲ့သည်။ ၁၉၂၅ ခုနှစ်မှ ၁၉၂၈ ခုနှစ်အထိကာလအတွင်း ငါးရုံရှိပြီး ၁၉၂၉ မှ ၁၉၃၀ ပြည့်နှစ် အတွင်း နှစ်ရုံ၊ ၁၉၃၁ ခုနှစ်တွင် မီးခြစ်စက်ရုံ ခြောက်ရုံ ဖြစ်လာသည်။ နောက် ပိုင်း ၁၉၃၂ ခုနှစ်တွင် စက်ရုံ နှစ်ရုံက လုပ်ငန်းရပ်နားလိုက်သဖြင့် လေးရုံသာ လည်ပတ်တော့သည်။ ထိုသို့ အတိုးအလျော့ရှိခဲ့သဖြင့် ၁၉၃၆ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အထိ ကာလ အတွင်း မီးခြစ်စက်ရုံပေါင်း ငါး ရုံ လည်ပတ်လျက်ရှိခဲ့သည်။ ထင်ရှားသော မီးခြစ်စက်ရုံများမှာ အဒမ်ဂျီဟာဂျီဒါဝတ်စက်ရုံ၊ မြန်မာပြည် မီးခြစ် ကုမ္ပဏီ လီမိတက်၊ Eastern Match Factory၊ ကြည့်မြင်တိုင် မီးခြစ် ကုမ္ပဏီ၊ မူဆလင် မီးခြစ်စက်ရုံနှင့် ရန်ကုန်မီးခြစ်လုပ်ငန်းတို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် သစ်သားမီးခြစ်စက်ကို တရုတ်အမျိုးသား မစ္စတာလင် ချင်ချောင်းက စတင်တည်ထောင်ခဲ့သည်ဟု ဆိုနိုင်သည်။ ကြည့်မြင်တိုင်ရှိ ဆွီဒင်မီးခြစ်ကုမ္ပဏီက သစ်သားမီးခြစ်များကို နိုင်ငံခြားမှ တင်သွင်းရောင်းချ နေချိန်တွင် လင်ချင်ချောင်းသည် ရန်ကုန်တစ်ဖက်ကမ်းရှိ ကနောင်ရွာ၌ မီးခြစ်စက်တစ်ခုကို ၁၉၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။ သို့ရာတွင် အခက်အခဲများနှင့်ရင်ဆိုင်ရသဖြင့် နှစ်နှစ်ခန့်အကြာတွင် စက်ရုံကို ချစ်တီးထံ ပေါင်နှံခဲ့ရသည်။
ကြည့်မြင်တိုင်ရှိ သစ်သားမီးခြစ်ရောင်းချသော ဆွီဒင်မီးခြစ်ကုမ္ပဏီသည် ၁၉၂၅ ခုနှစ်က ကနောင်မီးခြစ်စက်နှင့် အစုရှယ်ယာများကိုဝယ်ယူပြီး ဆက် လက်လုပ်ကိုင်ခဲ့သည်။ လုပ်သားအမျိုးသား ၂၀၀ နှင့် အမျိုးသမီး ၁၀၀ တို့ဖြင့် ထိုစက်မှ တစ်ရက်လျှင် မီးခြစ်ကာတွန်း ၂၀၀ ထုတ်လုပ်နိုင်ခဲ့သည်။ ထို့နောက် ဆွီဒင်မီးခြစ်ကုမ္ပဏီသည် ၁၉၂၆ ခုနှစ်တွင် မန္တလေးမြို့ရှိ မစ္စတာဂျေဒဗလျူ ဒါဝတ်၏ မီးခြစ်စက်ကို ထပ်မံဝယ်ယူကာ ကျားမီးခြစ်ကုမ္ပဏီ အမည်ဖြင့် လည်ပတ်ထုတ်လုပ်ခဲ့ရာတွင် အောင်မြင်မှုမရှိသဖြင့် နှစ်နှစ်ခန့်အကြာတွင် စက်ရုံကိုပိတ်လိုက်ရသည်။
ကျားမီးခြစ်ကုမ္ပဏီပိုင်ရှင် ဆွီဒင်လူမျိုးများသည် ၁၉၂၉ ခုနှစ်တွင် အစု ရှယ်ယာများကို အသစ်ထပ်မံ ခေါ်ယူ၍ ယခင်ပိတ်ထားခဲ့ရသော မီးခြစ်စက်ရုံကို ပြန်လည်ဖွင့်လှစ်  လည်ပတ်ခဲ့သည်။ ဧရာဝတီမီးခြစ်ကုမ္ပဏီ အမည်ဖြင့် လုပ်သားအမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၇၅  ဦးတို့ဖြင့်  သစ်သားမီးခြစ် များကို ထုတ်လုပ်ခဲ့ရာ တစ်ရက်လျှင် မီးခြစ်ကာတွန်း ၁၀၀ ထွက်ရှိခဲ့သည်။ တစ်ဖန် ၁၉၃၇  ခုနှစ်တွင်  ကနောင်မီးခြစ်စက်ရုံနှင့်  မန္တလေးရှိ  မီးခြစ်စက်ရုံ တို့ကို ပူးပေါင်း၍  မြန်မာပြည်မီးခြစ်ကုမ္ပဏီလီမိတက် အမည်သို့   ပြောင်းလဲခဲ့ သည်။
ထိုကဲ့သို့ ကုမ္ပဏီအမည်သစ် ပြောင်းလိုက်ပြီးနောက် မတည်ရင်းနှီးငွေ ကျပ်သိန်း ၃၀ မြှုပ်နှံကာ စက်ရုံတွင် စက်ကိရိယာများ တိုးချဲ့တပ်ဆင်ခြင်းနှင့် လုပ်သားများက ပိုမို ကျွမ်းကျင်လာခြင်းတို့ကြောင့် ကုန်ထုတ်စွမ်းအားက တိုးတက်လာခဲ့သည်။ ၁၉၄၀-၄၁ ခုနှစ်တွင် စက်အသီးသီး၏ တစ်ရက်တာ ထုတ်လုပ်မှုသည် ကာတွန်း ၃၀၀ မှ ၃၅၀ အထိ ရှိခဲ့သည်။ ၁၉၃၉ နှင့် ၁၉၄၀ ပြည့်နှစ်များအတွင်းက ထိုစက်ရုံမှ သစ်သားမီးခြစ်များကို အင်ဒိုနီးရှားနိုင်ငံသို့ တစ်နှစ်လျှင် ကာတွန်း ၁၀၀၀၀ တင်ပို့ရောင်းချခဲ့ရသည်။ ကျားတံဆိပ်၊ လှေ တံဆိပ်၊   နတ်သမီးတံဆိပ်စသည့်    တံဆိပ်များကိုသုံး၍  ထုတ်လုပ်ခဲ့ရာ  "ဥတုသုံးပါးခံသည်"ဟူသော စာတန်းပါသည့် နတ်သမီးတံဆိပ်မီးခြစ်မှာ လူကြိုက်များ၍ ထင်ရှားခဲ့သည်။
သစ်သားမီးခြစ်လုပ်ငန်းသည် ကိုလိုနီခေတ်အတွင်းက သကြားလုပ်ငန်း ကဲ့သို့ပင် အစိုးရက အကာအကွယ်ပေးထားသော Protected Industry ဖြစ်ခဲ့ပြီး လုပ်ငန်းတိုးတက်ခဲ့သည်။ ၁၉၂၀ ပြည့်လွန်နှစ်များသို့ ရောက်ရှိလာ သောအခါ မီးခြစ်စက်ရုံများ တိုးပွားလာခဲ့ရာ၊ ထိုစက်ရုံများမှာ နိုင်ငံခြားသားပိုင် စက်ရုံများဖြစ်ကြပြီး အဒမ်ဂျီဟာဂျီ ဒါဝတ်၏ မီးခြစ်စက်ရုံက လူသိများ ထင်ရှားခဲ့သည်။
အဒမ်ဂျီဟာဂျီဒါဝတ်သည် မြန်မာနိုင်ငံတွင်နေထိုင်ကာ စီးပွားရှာနေသော အိန္ဒိယနိုင်ငံသား  အရင်းရှင်  တစ်ဦးဖြစ်သည်။  ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၁ ရက်တွင် သစ်သားမီးခြစ်စက်ရုံကို တည်ထောင်ခဲ့ရာ ၁၉၂၃ ခုနှစ်တွင် ပြီးစီး ၍ ထိုနှစ်ဒီဇင်ဘာ ၂၃ ရက်က ထုတ်လုပ်မှုစတင်ခဲ့သည်။
အဒမ်ဂျီဟာဂျီဒါဝတ်အင် ကုမ္ပဏီလီမိတက်ကို အိန္ဒိယနိုင်ငံသား အစု ရှယ်ယာရှင် ၁၂ ဦးတို့က မတည် ရင်းနှီးငွေကျပ် ၄၆.၄၄ သိန်းဖြင့် စတင် တည် ထောင်ခဲ့ပြီး မီးခြစ်စက်ရုံမှာ ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်း ပုသိမ် ညွန့်ရပ်ကွက်တွင် တည်ရှိခဲ့သည်။ ၁၉၂၉ ခုနှစ် ဇွန်လ ၂၃ ရက်က စက်ရုံ၌ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့သဖြင့် ငွေကျပ် ၁၂ သိန်းဖိုးခန့် အကုန် အကျခံကာ ပြင်ဆင်ခြင်းနှင့် အသစ်ဝယ်ယူ တပ်ဆင်ခြင်းများပြုလုပ်ခဲ့ပြီး ၁၉၂၉ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်စတင် ထုတ်လုပ်နိုင်ခဲ့သည်။ ထို စက်ရုံမှ Adamjee's Tiger တံဆိပ်၊ Sailors Safety Matches တံဆိပ်၊ နွား ခေါင်းတံဆိပ်နှင့် တယောတံဆိပ်မီးခြစ်များကို ထုတ်လုပ်ခဲ့သည်။
မီးခြစ်သည် တောရောမြို့ပါ အိမ်တိုင်းသုံး နေ့စဉ်သုံးပစ္စည်းတစ်ခုဖြစ်သည်။ ကိုလိုနီခေတ်အတွင်းက ဓာတ်မီးခြစ်စသည်တို့မှာ ခေတ်မစားသေးပေ။ ယစ် မျိုးအက်ဥပဒေအရ ပြည်တွင်း၌ လုပ်ကိုင်ခွင့်မရနိုင်သည့်အပြင် နိုင်ငံခြားမှ တင်သွင်းခြင်းကလည်း  နည်းပါးလှသည်။  ဓာတ်မီးခြစ်မှာ နိုင်ငံခြားသား သူဌေးသူကြွယ်များ၊ အစိုးရ ထိပ်တန်းအရာရှိကြီးများ၏ ပကာသန အသုံး အဆောင်မျှသာလျှင် ဖြစ်သောကြောင့် သစ်သားမီးခြစ်များက ပြည်တွင်း သုံးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့်အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချ ခြင်းဖြင့် အကောက်ခွန် ဝင်ငွေကောင်းစေသော လုပ်ငန်းဖြစ်သလို အစိုးရက အကာအကွယ်ပေးထားသော စက်မှုလုပ်ငန်းလည်း ဖြစ်သည်။
အရေးပါသော သုံးကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် ဆပ်ပြာကို ကိုလိုနီခေတ် က နိုင်ငံခြားတိုင်းပြည်များမှ တင်သွင်းခဲ့ရသည်။  ဆပ်ပြာချက်လုပ်သည့် စက်ရုံတစ်ရုံကို ၁၉၀၁ ခုနှစ်ခန့်က စူရတီမူဆလင်လူမျိုး မစ္စတာအီး၊ စီ၊ မဒါး နှင့် မစ္စတာအက်စ်မဒါး ညီအစ်ကိုနှစ်ဦးတို့ပေါင်းစပ်ကာ အီးစီမဒါး ဘရားသား ကုမ္ပဏီ အမည်ဖြင့် တည်ထောင်ခဲ့သည်။ မတည်ရင်းနှီးငွေမှာ ကျပ် ၃၀ ဒသမ ၃၆ သိန်းဖြစ်ပြီး ရန်ကုန်မြို့ အင်းစိန်လမ်းမပေါ်ရှိ ဆပ်ပြာစက်ရုံအမှတ် (၂) တည်ရှိသောနေရာတွင် တည်ထောင်ခဲ့သည်။ ထီးစက်နှင့်ဆပ်ပြာစက် နှစ်မျိုး စလုံးကို ၁၉၀၁ ခုနှစ်က တစ်ပြိုင်တည်း တည်ထောင်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် တည်ထောင်ပြီးစီး လည်ပတ်ခဲ့သည်။ ထိုစဉ်က ထုတ်လုပ်သောဆပ်ပြာမှာ ရွှေဒင်္ဂါးတံဆိပ် အဝတ်လျှော်ဆပ်ပြာတောင့်၊ ဘဲတံဆိပ်နှင့်ဆင်ချေးတုံး အဝတ် လျှော်ဆပ်ပြာခဲများ ဖြစ်ကြသည်။ စတင်တည်ထောင်စက ထုတ်လုပ်မှုနည်း စဉ်မှာ လက်မှုတစ်ဝက်၊ စက်မှုတစ်ပိုင်းလုပ်ရသည့် နည်းစဉ်မျိုးဖြစ်ပြီး လက်မှု အပိုင်းက ပိုများခဲ့သည်။ ကိုလိုနီခေတ်မြန်မာနိုင်ငံတွင် ဆပ်ပြာထုတ်လုပ် ရေးအပိုင်း၌ အီးစီမဒါး၏စက်သည် ပထမဦးဆုံး တည်ထောင်သောစက်နှင့် အောင်မြင်ထင်ရှားမှု အရှိဆုံးစက်ဖြစ်သည်။ ၁၉၃၂ ခုနှစ်အထိ ထိုကုမ္ပဏီ တစ်ခုတည်းက အများဆုံးထုတ်လုပ်ခဲ့သည်။
ဒုတိယမြောက်ဆပ်ပြာစက်မှာ မန္တလေးမြို့အရှေ့မြောက် လမ်း  ၈၀ တွင် ၁၉၂၁ ခုနှစ်ကတည်ထောင်ခဲ့သော ရတနာပုံဆပ်ပြာစက်ရုံ ဖြစ်သည်။ ထို့ နောက် ၁၉၃၀ ပြည့်နှစ်ခန့်တွင် ဆပ်ပြာလုပ်ငန်းလုပ်ကိုင်သူ နောက်ထပ်တစ်ဦး ပေါ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်ခန့်မှစတင်၍ အထက်မြန်မာနိုင်ငံ မြင်းခြံမြို့၌ ဆရာကြီးဦးပစ်ဟုက ကိုယ်တိုင်အုပ်ချုပ်ကာ ရွှေထီးဆပ်ပြာစက်ကို တည် ထောင်ခဲ့သည်။ ၁၉၃၆ မှ ၁၉၃၉ ခုနှစ်အတွင်း ဆရာကြီးဦးပစ်ဟု၏ အမျိုး အနွယ်များက ဆပ်ပြာလုပ်ငန်းကို ရန်ကုန်၌ ဆက်လက်လုပ်ကိုင်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့ အမှတ် ၂၁၊ ပတ်လမ်း၊ ကုက္ကိုင်းတွင် ၁၉၃၀ ပြည့်နှစ်က တရုတ်လူမျိုးပိုင် ဘိန်ဝှာဆပ်ပြာစက်ရုံဟူ၍ ပေါ်ထွက်ခဲ့သေးသည်။ ဆပ်ပြာ စက်များ၏ ပမာဏက မကြီးမားသည့်အပြင် ကိုလိုနီတစ်ခေတ်လုံးတွင် စုစု ပေါင်း သုံးစက်ထက် မပိုခဲ့ပေ။
ကိုလိုနီခေတ်မြန်မာနိုင်ငံ၏ စီပွားရေးလုပ်ငန်းတိုင်းလိုလို၌ ပါဝင်ပတ် သက်လျက်ရှိသော စတီးဘရားသား ကုမ္ပဏီကလည်း မြင်းခြံတွင် ဝါစေ့ဆီ ကြိတ်စက်များ တည်ထောင်ရာမှ ဘေးထွက်ပစ္စည်းများဖြင့် ဆပ်ပြာချက်လုပ် ခဲ့သည်။ အဝတ်လျှော် ဆပ်ပြာခဲအညိုများအပြင် ဆန်းလိုက် (Sun Light)၊ Life Buoy ဆပ်ပြာများနှင့် အလားတူ သော ဆပ်ပြာအကောင်းစားများကိုလည်း ထုတ်လုပ်ခဲ့ရာ စတီးဘရားသားဆပ်ပြာစက်မှ တစ်နှစ်လျှင် ဆပ်ပြာ အမျိုးမျိုး တန် ၁၀၀၀ ခန့် ထွက်ရှိခဲ့သည်။
အီးစီမဒါး ဘရားသားလီမိတက်သည် ၁၉၀၁ ခုနှစ်တွင် ဆပ်ပြာစက်ကို တည်ထောင်စဉ်က  ထိုမတည်ရင်းနှီးငွေဖြင့်ပင်  ထီးစက်တစ်ခုကိုပါ ပူးတွဲ တည်ထောင်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် စက်စတင်လည်ပတ်ပြီး ဘဲတံဆိပ် အနက်ရောင်ဖဲထီးများကို ထုတ်လုပ်ခဲ့သည်။ ထီးစက်လုပ်ငန်းသည်လည်း ဆပ်ပြာစက်ရုံကဲ့သို့ပင် လက်မှုတစ်ဝက်၊ စက်မှုတစ်ပိုင်းလုပ်ငန်း ဖြစ်သည်။ ၁၉၃၄-၃၅ ခုနှစ်တွင် ဇာမဏီတံဆိပ်ပါ တရုတ်စက်ဟောင်းတစ်ခုကို တံဆိပ် အမှတ်အသားနှင့်တကွ လေလံဆွဲဝယ်ယူပြီး တံဆိပ်အမျိုးမျိုးဖြင့် မိန်းမ ဆောင်းနှင့် ယောကျ်ားဆောင်း ဖဲထီးများကို ထုတ်လုပ်ခဲ့သည်။ ဘဲတံဆိပ်၊ ဘဲဥတံဆိပ်၊ ဇာမဏီတံဆိပ်၊ ရွှေဒင်္ဂါးတံဆိပ်စသည်ဖြင့် ဖဲထီးအမျိုးမျိုး ထွက်ရှိ ခဲ့သည်။ ကိုလိုနီခေတ်တွင်  အီးစီမဒါးသည်  ဆပ်ပြာနှင့်ဖဲထီးလုပ်ငန်းတွင် အထင်ရှားဆုံးနှင့် အအောင်မြင်ဆုံးသော ကုမ္ပဏီ ဖြစ်ခဲ့သည်။
ကိုလိုနီခေတ်တွင် ကြွေထည်နှင့်ဖန်ထည် ပန်းကန်ခွက်ယောက်များမှာ မြို့ကြီးမြို့ငယ်များ၌ အိမ်တိုင်းစေ့ အသုံးပြုကြသော နေ့စဉ်သုံးပစ္စည်း ဖြစ်လာ ခဲ့သည်။ ကွဲလွယ်ပျက်စီးလွယ်သော ပစ္စည်းဖြစ်သောကြောင့် မကြာခဏ အစားထိုးကြရသည်။ ထို့ကြောင့်ပင် ကြွေထည်၊ ဖန်ထည် ပန်းကန်ခွက် ယောက်များကို အရင်းရှင်ကုန်သည်ကြီးများနှင့် ကုမ္ပဏီများက ပြည်ပမှ အများအပြားတင်သွင်းကာ ရောင်းချခဲ့ကြသည်။ ထိုစဉ်က တူးဖော်ရေး အရင်းရှင်များ အနေဖြင့် လွယ်ကူစွာဖြင့် အကျိုးအမြတ်ရရှိနိုင်ပြီး ပြည်ပသို့ အများအပြား တင်ပို့ရောင်းချနိုင်သော ဓာတ်သတ္တု များကိုသာ  တူးဖော်ခဲ့ကြ သည်။ စက်မှုကုန်ကြမ်း ဓာတ်သတ္တုများကိုမူ ရှာဖွေထုတ်လုပ်ခြင်းက အတော် ပင်နည်းပါးခဲ့သည်။ ပန်းကန်စက် တည်ထောင်ရန်ကိုလည်း စိတ်ဝင်စားမှု မပြခဲ့ကြပေ။ အရင်းအနှီးများပြီး လုပ်ငန်းခက်ခဲမည်ဟု မြင်သောကြောင့် အကျိုးအမြတ်ရလွယ်သော တင်သွင်းရောင်းချမှုကိုသာ အပြိုင်အဆိုင် လုပ် ကိုင်ခဲ့ကြသည်။ ထိုကြောင့်ပင် နိုင်ငံခြားသားအရင်းရှင်ပိုင် ပန်းကန်စက်ဟူ၍ လုံးဝမရှိခဲ့ပေ။
သို့ရာတွင် မြန်မာအမျိုးသားတစ်ဦးက စွန့်စွန့်စားစား တည်ထောင် လုပ် ကိုင်သော ပန်းကန်စက်တစ်ခုကမူ ပေါ်ထွန်းခဲ့သည်။ ထိုကဲ့သို့ စွန့်စားပြီး တည်ထောင်သော စက်မှုလုပ်ငန်းမှာ နိုင်ငံခြားသားများကပင် တည်ထောင်မှု မရှိကြသော စက်မှုလုပ်ငန်းတစ်ခု ဖြစ်နေခြင်းက ပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းနေခဲ့သည်။ ထိုစက်ရုံမှာ မြန်မာလူမျိုး ဦးသော် တည်ထောင်သော ပန်းကန်စက်ရုံဖြစ်ပြီး ဦးသော်၏ပန်းကန်စက်ရုံမှာ ကိုလိုနီခေတ်တွင် Burma Pottery Works အမည်ဖြင့် ထင်ရှားခဲ့သည့် တစ်ခုတည်းသော ပန်းကန်စက်ရုံ ဖြစ်သည်။      ။

သိပ္ပံစာရေးဆရာကိုကိုအောင်