ကိုယ်သင်ကြားတတ်မြောက်ထားတဲ့ ပညာရပ်တစ်ခုတည်းမဟုတ်ဘဲ ကိုယ့်လုပ်ငန်းတာဝန်နဲ့ နှီးနွှယ်တဲ့အကြောင်းအရာတွေကို ကိုယ်တိုင်လေ့လာသင်ယူရမယ်
တွေ့ဆုံမေးမြန်း - မွန်းဦးနဒီ
ရန်ကုန်တက္ကသိုလ်၌ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာတင်ထွန်း (ယခု တောင်ငူ တက္ကသိုလ် ပါမောက္ခချုပ်) အား ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က အမှတ်တရများ အပါအဝင် ကြိုးစား အားထုတ်မှုများ အကြောင်းကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။
မေး ။ ။ မင်္ဂလာပါ ဆရာကြီးရှင့်။ ဆရာကြီးရဲ့ ကျောင်းသားဘဝ ပညာသင်ကြားရာ နေရာဒေသနဲ့ တက္ကသိုလ်တက်ရောက် ခဲ့တဲ့အကြောင်း ပြောပြပေးစေလိုပါတယ်ရှင့်။
ဖြေ ။ ။ ကျွန်တော်က ကချင်ပြည်နယ် မိုးညှင်းမြို့ ဇာတိဖြစ်ပါတယ်။ နယ်မှာရှိတဲ့ ကျောင်းသား လူငယ်တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ယနေ့ ကျောင်းသား ကျောင်းသူလူငယ်တွေကို မျှဝေပေးလိုပါတယ်။ ကျွန်တော် တက္ကသိုလ်ဝင် တန်းကို ၁၉၈၀ ပြည့်နှစ်မှာ မိုးညှင်းမြို့ အ.ထ.က (၁) ကနေ အောင်မြင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ မြစ်ကြီးနား ဒေသကောလိပ်ကို စတင်တက်ရောက်ခဲ့ပါတယ်။ ဒုတိယနှစ်မှာ မြစ်ကြီးနားဒေသကောလိပ် ကနေ မြစ်ကြီးနားကောလိပ်အဖြစ် ပြောင်းလဲခဲ့တယ်။
အဲဒီတုန်းက သိပ္ပံ ဇီဝ ဘာသာတွဲနဲ့ တက်ရောက်ခဲ့ပါတယ်။ နှစ်နှစ်တက်ပြီးတော့ တတိယနှစ်မှာ သတ္တဗေဒ ဘာသာရပ်အထူးပြုနဲ့ မန္တလေးတက္ကသိုလ်မှာ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်မှာ မဟာသိပ္ပံတန်းအထိ တက်ရောက်ခဲ့ပါတယ်။ ထူးထူးခြားခြား အမှတ်တရ အနေနဲ့ပြောရရင် မန္တလေးတက္ကသိုလ်မှာ လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ကြိုးစားအားထုတ်မှုအပိုင်းလေးကို ပြောချင်ပါတယ်။ ကျွန်တော်က မူလတန်းပညာရေးကို မိုးကောင်းမြို့နယ်၊ ဆား မှော်ရွာလေးမှာ သူငယ်တန်း ကနေ စတုတ္ထတန်းအထိ တက်ရောက်ခဲ့ပါတယ်။ ပဉ္စမတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ မိုးညှင်း အ.ထ.က (၁)မှာ ပြောင်းရွှေ့ တက်ရောက်ခဲ့တယ်။ ကျွန်တော့်ငယ်စဉ်ကတည်းက အတန်းစဉ်မှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ခုခု အမြဲ ရရှိခဲ့ပါတယ်။ အဲဒီတော့ ၇ တန်းရောက်တဲ့အခါ စာထူးချွန်တဲ့အတွက် လူရည်ချွန်ရွေးချယ်တဲ့ စာမေးပွဲဖြေခွင့်ရပါတယ်။
အဲဒီကနေ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း တောက်လျှောက် မြို့နယ်အဆင့်အထိ အရွေးခံခဲ့ရတယ်။ ကြိုးစားအားထုတ်မှု၊ ပြင်ဆင်မှု အားနည်းမပြည့်စုံလို့ထင်ပါတယ်။ ပြည်နယ် အဆင့်အထိတော့ အရွေးခံရခြင်းမရှိခဲ့ပါဘူး။ မန္တလေး တက္ကသိုလ်ရောက်တော့ နောက်ဆုံးအခွင့်အရေးတစ်ရပ်အနေနဲ့ လူရည်ချွန်ရအောင် ဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ အတန်းထဲမှာ ပထမ၊ ဒုတိယ၊ တတိယ ဝင်အောင် ကြိုးစားရပါတယ်။ တက္ကသိုလ် တစ်ခုလုံး ဘာသာရပ်ပေါင်း ၂၀ ခန့်ရဲ့ ပထမ၊ ဒုတိယ၊ တတိယ ရရှိတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ယှဉ်ပြီး ကြိုးစားဖြေဆိုရတယ်။ အဲဒီ အချိန်မှာတော့ ငယ်ငယ်က အတွေ့အကြုံရှိခဲ့တာမို့ ဖြေဆိုရာမှာ အခက်အခဲ မရှိတော့ပါဘူး။ အဲဒီနှစ်မှာ စတုတ္ထနှစ်အတွက် လူရည်ချွန်နှစ်ယောက်ရွေးတဲ့အထဲမှာ ကျွန်တော် ပါဝင်ခဲ့ပါ တယ်။
အဲဒီတော့ ဒီနေရာမှာ ရည်မှန်းချက်ထားပြီး နည်းလမ်းတကျကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာ ပြောချင်ပါတယ်။ ရည်မှန်းချက် ထားတိုင်း ဖြစ်သလားဆိုတော့လည်း ဖြစ်ချင်မှတော့ ဖြစ်ပါမယ်။ သို့သော် ရည်မှန်းချက်တစ်ခုနဲ့ ကြိုးစားတဲ့ အလေ့အထပြု သင့်တယ်၊ ရှိသင့်တယ်လို့လူငယ်တွေကို တိုက်တွန်းလိုပါတယ်။ ကျွန်တော့်ရဲ့ငယ်စဉ်ကရည်မှန်းချက်က ဆရာဝန်ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် ၁၀ တန်းမှာ အမှတ်နည်းသွားတယ်။ ကျွန်တော် တို့တုန်းက ၁၀ တန်း၊ တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ် (သုံးနှစ် အမှတ်ပေါင်း) များမှသာ ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ် တို့တက်ခွင့်ရတယ်။ အမှတ်ပေါင်း နည်းသွားတော့ ထုံးစံအတိုင်း လူငယ်ပီပီ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုရှိခဲ့ပါတယ်။ ရိုးရိုး မေဂျာနဲ့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ပဲ တက်ခွင့်ရတယ်။
အဲဒီမှာ ကျွန်တော်က ဘယ်လိုပြန်တွေးသလဲဆိုတော့ဟိုဘက်မှာ ဆရာဝန် ဒေါက်တာဘွဲ့ မရခဲ့ရင် ဒီဘက်မှာ နိုင်ငံခြားသွားပြီး ပါရဂူ ဒေါက်တာဘွဲ့ရအောင်ယူမယ်လို့ ရည်မှန်းချက်ပြောင်းခဲ့ပြီး ကျွန်တော်တက်ရောက်တဲ့ သတ္တဗေဒဘာသာရပ်မှာ အထူး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ရည်မှန်းထားတဲ့အတိုင်း ပြည်ပပညာတော်သင်ဆုရပြီး ပါရဂူဘွဲ့ ရယူနိုင်ခဲ့ပါတယ်။ အဲဒီတော့ ဒီနေရာမှ ရည်မှန်းချက်ထားပြီး နည်းလမ်းတကျ ကြိုးစားအားထုတ်ဖို့ လိုတယ် ဆိုတာကို အကြံပြုလိုတာဖြစ်ပါတယ်။
ဒီလိုရဖို့အတွက် ပညာရေးတစ်ခုတည်း ကြိုးစားခဲ့တာ မဟုတ်ပါဘူး။ ကျောင်းပညာရပ်အပြင် အခြားဝါသနာပါတဲ့ လူမှုရေး ဆောင်ရွက်ချက်တွေလည်း လူငယ်ဘဝမှာ အတွေ့အကြုံရအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဘာတွေ ဆောင်ရွက်ခဲ့လဲဆိုတော့ ဆယ်တန်းအောင်ချိန်မှာ မိုးညှင်းမြို့နယ် စာမတတ်သူ ပပျောက်ရေးစီမံကိန်း (အသုံးလုံး) မှာ မြို့နယ်ဒေသခံ လူငယ်အဖြစ် တစ်လကြာ လုပ်အားပေးဆောင်ရွက်ခဲ့တယ်။ မြစ်ကြီးနားကောလိပ် ပထမနှစ်တက်ရောက်ချိန် မှာလည်း စာမတတ်သူပပျောက် ရေးလုပ်အားပေးအဖြစ် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်ကို သွားခဲ့ပါတယ်။ ဒေသဆိုင်ရာ ဗဟုသုတတွေရလို့ ဝမ်းသာမိပါတယ်။
အဲဒီနောက် မန္တလေးတက္ကသိုလ်ကို ရောက်လာတဲ့အခါမှာ တက္ကသိုလ်အရန်တပ် လေ့ကျင့်ရေး တပ်မှာ ပါဝင်ခဲ့ပါတယ်။ တတိယနှစ်၊ စတုတ္ထနှစ်တွေမှာ အခြေခံနှင့် တန်းမြင့်စစ်ပညာ သင်တန်း တက်ရောက်ခဲ့ပြီး စာမေးပွဲပြီးချိန်မှာ ပြင်ဦးလွင်ဘက်မှာ စခန်းချ တစ်လသင်တန်း တက်ရောက် ခဲ့ရပါတယ်။ အဲဒါပြီးတဲ့နောက် အတွေ့အကြုံ ရအောင်ဆိုပြီး စတုတ္ထနှစ်မှာ မှော်ဘီဆေးဝါး ကုန်ကြမ်း စက်ရုံမှာ လမ်းစဉ်လူငယ် လုပ်အားပေးအနေနဲ့ တစ်လပါဝင် လုပ်အားပေးခဲ့တယ်။ အဲဒီလို ဆောင်ရွက်မှုတွေကို အခြေခံပြီး တစ်ဖက်မှာလည်း စာပေထူးချွန်တယ်။ တစ်ဖက် ကလည်း လူငယ်ရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာ ကြောင့်မို့လို့ မန္တလေးတက္ကသိုလ်ရဲ့ လူရည်ချွန်အဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်ဘဝ ရည်မှန်းချက်တွေ ထားပြီး ကြိုးစားဆောင်ရွက်မယ်ဆိုရင်ရနိုင်တယ်၊ ဖြစ်နိုင်တယ်ဆိုတာကို အသိပညာပေး မျှဝေလိုပါ တယ်။
မေး ။ ။ ဆရာကြီးရဲ့ လူငယ်ကျောင်းသားဘဝအကြောင်း သိခွင့်ရတဲ့အတွက် ကျေးဇူးတင် ပါတယ်။ နောက်ထပ် သိခွင့်ရချင်တာကတော့ ဆရာကြီးတက္ကသိုလ်တွေမှာ စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ပါမောက္ခချုပ်ရာထူး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်ရှင့်။
ဖြေ ။ ။ ဟုတ်ကဲ့။ အဲဒါကလည်း ကျောင်းသားဘဝနဲ့ စရမှာပေါ့။ ကျွန်တော် နောက်ဆုံးနှစ် ရောက်တဲ့အခါမှာ တစ်ဖက်မှာ နိုင်ငံခြားသွားပြီး ပါရဂူဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက် ရှိနေတော့ အဲဒီလိုဖြစ်ဖို့ဆိုရင် တက္ကသိုလ်မှာ ဆရာဖြစ်မှ ဖြစ်မယ်လို့ တွေးမိ တယ်။ တစ်ဖက်မှာလည်း ကျွန်တော့်အနေနဲ့ ပညာရပ်တွေနဲ့ အလုပ်လုပ်ရတာကို ဝါသနာပါတယ်။ စိတ်အားထက်သန် တယ်။ ဒီနေ့ခေတ်မှာ မည်သည့်လုပ်ငန်းမဆို ပညာမပါရင် မဖြစ်ဘူးဆိုတာ တွေးမိတယ်။ အဲဒီလို စိတ်အားထက်သန်တဲ့ ရည်ရွယ်ချက် တွေရှိတဲ့အတွက်ကြောင့် ပါရဂူဘွဲ့ကို လိုချင်တယ်။ အဲဒါဆို တက္ကသိုလ်မှာ ဘယ်အချိန် ဆရာဖြစ် နိုင်သလဲလို့ မှန်းကြည့်လိုက်တဲ့ အခါကျတော့ တိုက်တိုက်ဆိုင်ဆိုင် တစ်တိုင်းပြည်လုံးမှာ ဒေသကောလိပ်/ကောလိပ်တွေကို တက္ကသိုလ် အဆင့် တိုးမြှင့်နေတာ တွေ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော် စဉ်းစားမိတယ်။
တက္ကသိုလ်မှာ ဆရာ ဆရာမတွေ လိုမှာပဲ။ အဲဒါဆို ဘယ်သူတွေ ဖြစ်နိုင်မလဲဆိုတော့ ဂုဏ်ထူးတန်းနဲ့ မဟာတန်းတက်တဲ့သူတွေ ဖြစ်နိုင်မယ်ဆိုတာ တွေးမိပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဘွဲ့ရသွားပြီးရင် ထူးထူးချွန်ချွန် အောင်မြင်လို့ ဂုဏ်ထူးတန်း မဟာတန်းတွေ တက်ခွင့်ရ တယ်ဆိုရင်တော့ တက္ကသိုလ်မှာ ဆရာဖြစ်ဖို့ အလားအလာရှိတယ်။ ကြိုးစားမှ ပဲဆိုတဲ့ အသိရပြီးတော့ ဂုဏ်ထူး ထွက်အောင် ကျွန်တော်ကြိုးစားတယ်။ ကြိုးစားတဲ့အတိုင်းပဲ “အထူးအောင်” အောင်မြင်လို့ ဂုဏ်ထူးတန်းတက်ခွင့်ရတယ်။ အဲ့ဒီခေတ်တုန်းက ပထမဘွဲ့ ရပြီးမှ ဂုဏ်ထူးတန်း တစ်နှစ် ဆက်တက်ခွင့် ရတာဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်မှာ ဂုဏ်ထူးတန်း တစ်နှစ်တက်တယ်။ တက်နေတဲ့အချိန် တက္ကသိုလ်မှာ ဆရာ ဆရာမတွေလိုတဲ့ အတွက်စာမေးပွဲ ဖြေခွင့်ရတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက နည်းနည်းပဲ အလုပ် ခန့်တယ်။ သတ္တဗေဒဆို ၁၆ ယောက် လောက်ပဲ ခန့်တဲ့အတွက် မဟာတန်းတက်ဆဲနဲ့ မဟာဘွဲ့ ရထားပြီးတဲ့ အစ်ကို အစ်မတွေ ဆရာ ဆရာမတွေ ဖြစ်သွား ကြတယ်။ အဲဒါက ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလခန့်တဲ့ အသုတ်ဖြစ်ပါတယ်။ အဲ့ဒီနောက် ကျွန်တော်ထင်တာက နောင် တော်တော်ကြာကြာမှ ပြန်ဖြေရမယ် ထင်ထားပေမယ့် တိုက်တိုက်ဆိုင်ဆိုင် အဲဒီ ၁၉၈၆ ခုနှစ် ဇွန်၊ ဇူလိုင်လလောက်မှာပဲ ဆရာ ဆရာမတွေ ထပ်ခန့်ဖို့ ထပ်ခေါ် တယ်။ တက္ကသိုလ်ကောလိပ်တွေ တိုးချဲ့ထားတာဖြစ်တဲ့အတွက်ကြောင့် တော်တော်များများခန့်မယ်ဆိုပြီး ထပ်ကြုံရတယ်။ အဲဒီမှာ ရေးဖြေနှုတ်ဖြေ စာမေးပွဲ အောင်ပြီး သရုပ်ပြဆရာအဖြစ် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်၌ မန္တလေးတက္ကသိုလ်မှာ ခန့်ထားခံရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် မဟာ သိပ္ပံတန်း စာတမ်းပြုစုနေတဲ့ အချိန်ဖြစ်ပါတယ်။ မဟာသိပ္ပံဘွဲ့ (သတ္တဗေဒ) ၁၉၉၀ ပြည့်နှစ်မှာ ရတယ်။ အဲဒီနှစ်မှာ ကျွန်တော် မြစ်ကြီးနားဒီဂရီ ကောလိပ်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရ ပါတယ်။ အဲဒီမှာ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မန္တလေးတက္ကသိုလ် ကို ၁၉၉၃ မှာ သရုပ်ပြ ဆရာနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် လက်ထောက်ကထိကအဖြစ် မန္တလေး တက္ကသိုလ်မှာပဲ ရာထူးတိုးမြှင့်ရရှိပါတယ်။
အဲဒီနောက် ၁၉၉၅ ခုနှစ် ဂျပန်နိုင်ငံကနေ ပညာတော်သင်ဆု ပေးတဲ့အချိန်မှာ ဝင်ဖြေခွင့်ရပြီး ရွေးချယ်ခံရပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဂျပန်နိုင်ငံ MONBUSHO ပညာတော်ဆုနဲ့ ပညာ သင်သွားရောက်ခဲ့ ပြီး ၁၉၉၆ ခုနှစ် ဧပြီလကနေ ၂၀၀၀ ပြည့်နှစ်အထိ တိုကျိုတက္ကသိုလ်မှာ ပါရဂူသင်တန်းတက်ရောက်ခဲ့ပြီး ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ ကျွန်တော် ငယ်စဉ်က ရောဂါတွေ ကို စိတ်ဝင်စား တာဖြစ်တဲ့အတွက် ဆရာဝန် မဖြစ်ခဲ့သော်လည်း ငါးရောဂါ(ကပ်ပါးပိုး)နဲ့ ပတ်သက်ပြီး လေ့လာ သုတေသနပြုခွင့်ရရှိခဲ့တယ်။
ဒီနေရာမှာ ဘာထပ်ဖြည့်ပြောချင်သလဲဆိုရင် ကျွန်တော်တို့ဆီမှာက သတ္တဗေဒဆိုရင် သတ္တဝါ တွေကိုပဲ လေ့လာတယ်။ သူတို့ဆီမှာ တော့ သတ္တဗေဒဆိုတာလည်း ရှိတယ်။ အဲဒီကနေ specialization အသစ်တွေ ခွဲထွက်ပြီး ဘာသာရပ်နယ်ပယ်အသစ်တွေမှာ လေ့လာသင်ယူမှု၊ သုတေသနပြုမှုတွေ ပြုလုပ်နေတယ်ဆိုတာ တွေ့ရတယ်။ ဒါတွေ ကျွန်တော် တို့ဆီမှာလည်း တဖြည်းဖြည်းနဲ့ တိုးချဲ့လေ့လာ သင်ယူဖို့ ကြိုးစားနေကြကြောင်း ပြောလိုပါတယ်။ လူငယ်တွေ အနေနဲ့ အဲ့ဒီလို ပညာရပ်ဆိုင်ရာတွေမှာ ဖြာထွက်ပြီး သင်ယူခွင့်ရှိတယ်ဆိုတာ ထောက်ပြချင် လို့ပါ။ ကျွန်တော်ဆိုရင် ငါးရဲ့ကပ်ပါးပိုးကို လေ့လာရုံသက်သက် မကဘဲ ဘယ်လိုကြောင့် ရောဂါ ဖြစ်သွားသလဲဆိုတာနဲ့ ရောဂါဖြစ်ပွား ပျံ့နှံ့မှုအထိ လေ့လာဖတ်ရှုပြီး သုတေသန လုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသနအလုပ်ကိုလည်း အတော်လုပ်ခဲ့ရပါတယ်။
နိုင်ငံတကာဂျာနယ်မှာ သုတေသနစာတမ်း သုံးစောင် ပါဝင်ရေးသားခွင့်ရရှိခဲ့ပါတယ်။ သူတို့ရဲ့ အနေအထားက ပညာကို ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ ကိုယ်သင်ယူမှ ကိုယ်ရတယ်။ သင်ပေးခြင်း ဆိုတာထက်ကို သင်ယူခြင်းက ပိုများလာတယ်။ ကျွန်တော်တို့အနေနဲ့လည်း တော်တော် ကြိုးစားခဲ့ရတယ်။ နံနက် ၉ နာရီမှာ ကျောင်းလာပြီး ည ၉ နာရီ ပြန်ရတယ်ဆိုတာ တော်တော်စောပါတယ်။ ဒုတိယနှစ်နဲ့ နောက်ဆုံးနှစ်ဆိုရင် ည ၁၂ နာရီအထိ သုတေသန လုပ်ခဲ့ရပါတယ်။ အဲဒီတော့ ဂျပန်နိုင်ငံ တိုးတက်တယ်။ ဘယ်လိုကြောင့် တိုးတက်သလဲဆိုတာ ဒါတွေကိုကြည့်ရင် အထောက်အထားအနေနဲ့ တွေ့ရမှာပါ။ လူငယ်ဘဝ၊ ကျောင်းသား ဘဝမှာပါ တော်တော်အလုပ်လုပ်ကြတယ်။ ဒီလိုနဲ့ ကျွန်တော်ငယ်ငယ်က ထားခဲ့တဲ့ ပါရဂူ ဒေါက်တာဘွဲ့ ရရှိဖို့ဆိုတဲ့ ရည်မှန်းချက် ရရှိ ပြီးမြောက်ခဲ့တယ်။
မေး ။ ။ ဆရာကြီး ဂျပန်နိုင်ငံကနေ ပညာတော်သင် ပြန်လာပြီး ပြန်ရောက်လာချိန်မှာ ဘယ် တက္ကသိုလ်တွေမှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါသလဲ။
ဖြေ ။ ။ ၂၀၀၀ ပြည့်နှစ် ဧပြီလမှာ ပါရဂူဒေါက်တာဘွဲ့ရပြီး မြန်မာနိုင်ငံကို ပြန်လာတယ်။ မန္တလေး တက္ကသိုလ်မှာ ပြန်လည် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဂျပန်မှာ ပညာသင်နေစဉ် ၁၉၉၉ ခုနှစ်မှာ ကထိက ရာထူးတိုးခဲ့ပြီး ပြန်လာပြီးနောက် ၂၀၀၃ ခုနှစ်မှာ မန္တလေး တက္ကသိုလ်မှာပဲ တွဲဖက်ပါမောက္ခ ရာထူးတိုးတယ်။ ပြည်ပ ပြန်ပါရဂူဘွဲ့ ရရှိလာတာကြောင့် မဟာတန်း၊ မဟာ သုတေသနတန်းနဲ့ ပါရဂူတန်းတွေမှာ သင်ကြားပို့ချခြင်း၊ ကျမ်းကြီးကြပ်ခြင်းတွေ ဆောင်ရွက်ပါ တယ်။ ပါရဂူတန်းမှာ ကျောင်းသား ၁၅ ယောက်၊ မဟာသုတေသနတန်းမှာ ၁၅ ယောက်လောက် ကျမ်းကြီးကြပ်ရတယ်။ မဟာသိပ္ပံ တန်းမှာတော့ ကလေးတွေက အဖွဲ့လိုက်သုတေသန လုပ်ကြတာဖြစ်တဲ့အတွက်ကြောင့် ၅ ဖွဲ့လောက် ကျမ်းကြီး ကြပ်ခဲ့တယ်။
ဒီလို ကျမ်းကြီးကြပ်ရင်းနဲ့ တစ်ဖက်ကလည်း မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာန၊ မန္တလေးတိုင်း ငါးလုပ်ငန်းရှင်များ အသင်းတို့နဲ့ ဆက်သွယ်ပြီး ငါးမှာရှိတဲ့ ကပ်ပါးပိုးတွေကို သုတေသန လုပ်တယ်။ ရန်ကုန်မှာသွားပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာနမှာ သုတေသန စာတမ်း ဖတ်ကြားတာတွေ ဆောင်ရွက်နိုင် ခဲ့ပါတယ်။ ငါးလုပ်ငန်းရှင်တွေကလည်း သူတို့အတွက် အရေးပါတဲ့ သုတေသနအချက်အလက်တွေ သိရတာဖြစ်တဲ့အတွက် အသိအမှတ်ပြုပြီး သဘောကျကြတယ်။
အဲဒီနေရာမှာ ပြောချင်တာက တက္ကသိုလ်က တက္ကသိုလ် သီးခြားနေတာ မဟုတ်ဘဲ၊ လုပ်ငန်းရှင် ကလည်းလုပ်ငန်းရှင် သီးခြားနေ တာမဟုတ်ဘဲ တက္ကသိုလ်နဲ့ ပြင်ပလုပ်ငန်းရှင် ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက်မှု (University Industry Collaboration) တွေရှိတဲ့ အကြောင်း ပြောချင် တာပါ။
ဒီ concept ကို အများကြီးလည်း ဆက်ပြီးအကောင် အထည်ဖော်နေကြတယ်။ လူငယ် ကျောင်းသား ကျောင်းသူတွေ ဆရာ ဆရာမတွေကို ဒီအချက်ကလေး သတိပြုစေချင်လို့ပါ။ ဒါတွေကတော့ သင်ကြားရေးတာဝန်နဲ့ သုတေသနပိုင်းဆိုင်ရာ တာဝန် ထမ်းဆောင်မှုတွေကို ပြောပြတာ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့ သင်ကြားသင်ယူမှု၊ သုတေသနပြုမှု လုပ်ငန်းတွေအပြင် မန္တလေးတက္ကသိုလ် နဒီဆောင်တွင် အဆောင်မှူးအဖြစ်လည်း ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ဆရာကြီး၊ ရှေ့ဆက်လုပ်ဆောင်တဲ့ အပိုင်းတွေကို ဆက်လက် ပြောပြပေးစေလို ပါတယ်။
ဖြေ ။ ။ အဲဒီလိုနဲ့ ၂၀၀၃ ခုနှစ်မှာ မန္တလေးတက္ကသိုလ် မှာ တွဲဖက်ပါမောက္ခ ရာထူးတိုးပြီး၊ ၂၀၀၅ ခုနှစ်မှာ အဝေးသင်တက္ကသိုလ်မှာ ပါမောက္ခအဖြစ် ရာထူးတိုးပြောင်းပြီး တာဝန် ထမ်းဆောင်ရပါတယ်။ ၂၀၀၇ ခုနှစ် မတ်လမှာ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနကို ပါမောက္ခ ရာထူးနဲ့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါတယ်။ ရန်ကုန် တက္ကသိုလ် သတ္တဗေဒဌာနမှာ နှစ်ပတ်လောက် ပါမောက္ခ (ဌာနမှူး)အဖြစ် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၂၀၀၇ ခုနှစ် ဧပြီလမှာ အဆင့်မြင့်ပညာဦးစီးဌာန၊ (အောက်မြန် မာပြည်)သို့ ဒုတိယညွှန်ကြားမှူးချုပ်အဖြစ် ရာထူးတိုးမြှင့် ရရှိပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ မတ်၊ ဧပြီ၊ မေ ၃ လလောက် တက္ကသိုလ် ဝင်တန်းစာမေးပွဲ တာဝန်တွေပြီးအောင် ဆောင်ရွက်ပြီးမှ ဇွန်လဆန်းမှစ၍ အဆင့်မြင့်ပညာ ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် တာဝန်ကို ထမ်းဆောင်ပါတယ်။
ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်စဉ်မှာ အမှတ်တရဖြစ်တာကတော့ ၂၀၀၈ ခုနှစ်မေလတွင် နာဂစ်မုန်တိုင်း ကြုံတွေ့ရတာဖြစ်တဲ့အတွက် ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်းဒေသကြီး အစရှိသည့် နာဂစ်ဒဏ်ခံစားရတဲ့ ဒေသတွေရဲ့ပညာရေး ဆိုင်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မှတ်တမ်းတင်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုလုပ်ငန်းများမှာ ပါဝင် ဆောင်ရွက်ရခြင်းများသည် အမှတ်တရဖြစ်ရပ်များဖြစ်ခဲ့ပါတယ်။ အဲ့ဒီနာဂစ် မုန်တိုင်းကိစ္စတွေ ဆောင်ရွက်နေချိန်မှာပဲ ၂၀၀၈ ခုနှစ် ဇွန်လကုန်ပိုင်းလောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ရပါတယ်။
မေး ။ ။ ဆရာကြီးက အသက်ငယ်ငယ်နဲ့ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အချိန်အတောအတွင်း ဆရာကြီးဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံနဲ့ တာဝန်ယူ ရတဲ့အပိုင်း တွေကို ပြန်လည်မျှဝေပေးပါရှင့်။
ဖြေ ။ ။ အဲဒီအချိန်တုန်းက အသက် ၄၅ နှစ်အောက်ဆိုတော့ နှိုင်းယှဉ်ကြည့်ရင် ငယ်တယ် လို့ ပြောလို့ရတာပေါ့။ သို့သော် ကျွန်တော့်အနေနဲ့ ကိုယ်သင်ယူထားတဲ့ပညာနဲ့ လေ့လာထားတဲ့ အတွေ့အကြုံတွေ အပေါ်အခြေခံပြီး နိုင်ငံတော်ကပေးအပ် လာတဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကြိုးစားခဲ့ တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ကတည်းက ကျွန်တော့် အနေနဲ့ စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ ပညာရပ်စာအုပ်တွေကို လေ့လာခဲ့ပါတယ်။
ဒီနေရာမှာလည်း အသိပညာ မျှဝေချင်တဲ့အချက်က ကိုယ်သင်ကြားတတ်မြောက်ထားတဲ့ ပညာရပ်တစ်ခုတည်း မဟုတ်ဘဲ ဒီနေ့ခေတ်မှာ အားလုံးသိကြတဲ့အတိုင်း ကိုယ့်လုပ်ငန်း တာဝန်နဲ့ နှီးနွှယ်တဲ့အကြောင်းအရာတွေကို ကိုယ်တိုင်လေ့လာ သင်ယူရ မယ်၊ ဒီလိုပုံစံမျိုးသွားဖို့ လိုနေပြီဆိုတာကို တိုက်တွန်းချင်တာပါ။ လူကြီးဖြစ်လာ တဲ့အခါ စီမံအုပ်ချုပ်မှုပညာ၊ စီမံခန့်ခွဲမှု ပညာ အကြောင်း အရာတွေကို လေ့လာသင်ယူဖို့လိုတယ်။ ကျွန်တော့် အနေနဲ့ဆိုရင် ကိုယ့်ရဲ့ သတ္တဗေဒ ငါးပညာရပ်ဆိုင်ရာ တစ်ခုတည်း မဟုတ်တော့ဘူး။ စီမံခန့်ခွဲမှုပညာရပ်တွေကိုလည်း လေ့လာဖတ်ရှုသင်ယူမှု ပြုခဲ့ရပါတယ်။ အဲ့ဒါကြောင့် ဒုညွှန်ချုပ်တာဝန် ထမ်းဆောင်စဉ်မှာ လည်း တော်တော်လေး အထောက်အကူဖြစ်ခဲ့ပြီး ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင် စဉ်မှာ လည်း အသက်ကြီးတယ်၊ ငယ်တယ် ဆိုတာ တွေးဖို့ထက် တာဝန်ကို ဘယ်လိုကျေပွန်စွာ ထမ်းရွက်မလဲဆိုတာကို ဦးတည်စဉ်းစား ဆောင်ရွက်ခဲ့တယ်ဆိုတာကို အတွေ့ အကြုံ မျှဝေ ပြောကြားလိုပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်အနေနဲ့တာဝန် ယူစဉ်မှာ ရန်ကုန်တက္ကသိုလ်သည် ASEAN University Network (AUN) အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်တဲ့အတွက် အာဆီယံတက္ကသိုလ် တွေနဲ့ ပူးပေါင်းပြီး ဘယ်လို ဆောင်ရွက်ရမလဲဆိုတဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက် ရတယ်။ အဲဒီမှာ အဓိကထားပြီး ဆောင်ရွက်ဖြစ်တာကတော့ ယနေ့ခေတ်မပြောမပြီး၊ မပါမပြီးတဲ့ Quality Assurance (QA) ကို ဆောင်ရွက်တယ်။ ASEAN University Network က ကမ်းလှမ်း လာတဲ့ Quality Assurance Training တွေ ပေးဖို့ဆောင်ရွက်ရပါတယ်။ တစ်ဖက်ကလည်း နာဂစ်ကြောင့် တက္ကသိုလ်တွင်း ထိခိုက်ပျက်စီးမှုတွေ ပြုပြင်မွမ်းမံခြင်း လုပ်ငန်း တို့ကို ဆောင်ရွက်ခဲ့ရပါတယ်။ အဲဒီလို ဆောင်ရွက်နေတဲ့ ကာလဖြစ်တဲ့အတွက် ပထမဆုံး Quality Assurance Training ကို မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ်မှာ ဆောင်ရွက်ခဲ့ပြီး ဒုတိယ Training ကိုတော့ Chatrium Hotel မှာ ဆောင်ရွက်ခဲ့ပါတယ်။ တတိယအကြိမ် QA Training ကို ရန်ကုန်တက္ကသိုလ် မှာဆောင်ရွက် နိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ QA Training တွေ သုံးခုလောက်ပေးပြီးပြီဆိုတော့ ကျွန်တော် စဉ်းစားမိတယ်။ ဒါက ရန်ကုန်တက္ကသိုလ် တစ်ခုတည်းနဲ့ မပြီးဘူး၊ နယ်တက္ကသိုလ်တွေပါ Quality Assurance ပိုမို သိနားလည်ဖို့ လိုအပ်တယ်ဆိုပြီး အဲဒီတုန်းက သွားရေးလာရေး အဆင်ပြေနိုင်တဲ့ တက္ကသိုလ်တွေက ဆရာ ဆရာမဦးရေ ၁၀၀ နီးပါးကို ဖိတ်ပြီးတော့ ဆင့်ပွား Training ဆောင်ရွက်ပေး နိုင်ခဲ့တယ်။ အဲဒီကနေ ဆရာ ဆရာမတွေဟာ Quality Assurance in Higher Educa-tion ကို ပိုမိုသိနားလည် လာပြီးကိုယ်တိုင်ဖတ်ရှုလေ့လာမှု အကောင်အထည်ဖော်မှုတွေ ဆက်လုပ် ဆောင်ရွက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကျွန်တော်ဝမ်းသာမိ ပါတယ်။
နောက်ထပ် AUN နဲ့အထင်ကရ ပူးပေါင်းဆောင်ရွက်မှု တစ်ခုကတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ 29th Meeting of The ASEAN University Network Board of Trustees ကို အဖွဲ့ဝင်ဖြစ်တဲ့ (ရန်ကုန်တက္ကသိုလ်နဲ့ စီးပွားရေး တက္ကသိုလ်) အခြေပြုပြီး ပညာရေးဝန်ကြီးဌာနက အိမ်ရှင် အဖြစ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပနိုင်ခဲ့ ပါတယ်။ အဆိုပါ အစည်းအဝေး၌ မန္တလေးတက္ကသိုလ်ကို ASEAN University Network တွင် မြန်မာနိုင်ငံ၏ တတိယမြောက် အဖွဲ့ဝင်တက္ကသိုလ်အဖြစ် အဆိုပြု တင်သွင်းခဲ့ပြီး အဖွဲ့ဝင်တက္ကသိုလ်အဖြစ် အတည်ပြု လက်ခံရရှိခဲ့ပါတယ်။ သည်ဟာကိုလည်း မိမိပါမောက္ခချုပ်ဘဝ ဆောင်ရွက် ချက်များထဲက အမှတ်တရ တစ်ခုအဖြစ် ပြောပြလိုပါတယ်။
အဲဒီနောက် ၂၀၁၂ ခုနှစ်လောက်မှာ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း ဖြစ်ပေါ်လာပြီး ကျွန်တော်လည်း ပါမောက္ခချုပ်ဖြစ်တဲ့အတွက် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ တက္ကသိုလ်အဆင့်မြှင့်တင်ရေး လုပ်ငန်းများအဖြစ် အဆောက်အအုံများ၊ လမ်းများ ပြုပြင် မွမ်းမံခြင်းကို အဓိကဆောင်ရွက်ခဲ့ပါတယ်။ ဆရာ ဆရာမ များ၏ သင်ကြားသင်ယူမှု သုတေသနပြုမှု အရည်အသွေး များမြှင့်မားရေးအတွက် ပြည်ပတက္ကသိုလ်များနဲ့ MoU ရေးထိုးခြင်းနှင့်အတူ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်ပတက္ကသိုလ်က ပညာရှင်တွေ ရန်ကုန်တက္ကသိုလ်ကို လာရောက်လေ့လာ သုတေသနပြုမှုတွေ ရှိသလို ရန်ကုန်တက္ကသိုလ်က ဆရာ ဆရာမတွေလည်း ပြည်ပတက္ကသိုလ်တွေဆီ သွားရောက်ပြီး သင်တန်း တက်ခြင်းများ၊ သုတေသနပြုခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေအဖြစ် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဩစတြေးလျနဲ့ ဂျာမနီ စတဲ့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ MoU ရေးထိုးတာတွေရှိတယ်။ ကျွန်တော် တာဝန်ယူစဉ် ကာလတွင် MoU ၁၂ ခုခန့်အထိ ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်နိုင် ခဲ့ပါတယ်။ တစ်ဖက်ကလည်း မှတ်မှတ်ရရဖြစ်တာကတော့ ရန်ကုန်တက္ကသိုလ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလထဲမှာ အမေရိကန် နိုင်ငံသမ္မတ Mr.Barack Obama ၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလထဲမှာ မွန်ဂိုးလီးယား နိုင်ငံသမ္မတ Mr.Tsakhiagiin Elbegdorj နဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဂျာမနီနိုင်ငံ သမ္မတ Mr. Joachim Gauck တို့ လာရောက်လည်ပတ်ခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း ကျွန်တော် အပါအဝင် သက်ဆိုင်ရာ ဘာသာရပ် အသီးသီးက ပါမောက္ခတွေ၊ ဆရာ ဆရာမတွေ၊ ရုံးဘက်မှ အရာထမ်း၊ အမှုထမ်းတွေ တော်တော်လေး ညီညီညာညာနဲ့ ပါဝင် ဆောင်ရွက်ခဲ့ကြတယ်။ တချို့နေ့တွေမှာ တာဝန်ပြီးမြောက်အောင် နေဝင်မိုးချုပ်အထိ အလုပ်လုပ်ခဲ့တဲ့ ကာလမျိုး လည်း ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့တာကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆုအတွက် သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ထူး ဆောင်လက်မှတ် ချီးမြှင့်တာကို လက်ခံရရှိခဲ့ပါတယ်။ ဒါတွေကတော့ ပါမောက္ခချုပ်အဖြစ် ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်စဉ်ကာလရဲ့ အမှတ်တရများပဲ ဖြစ်ပါတယ်။
မေး ။ ။ ဆရာကြီး ငယ်စဉ်ကစပြီး ကြိုးစားအားထုတ်ခဲ့တဲ့အပိုင်း၊ တက္ကသိုလ်ဆရာ ဖြစ်လာတဲ့အပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းနဲ့ ပါမောက္ခချုပ်အဖြစ် တာဝန်ယူတဲ့အပိုင်းတွေကို စိတ်ရှည် လက်ရှည်နဲ့ ပြောကြားမျှဝေ ပေးတာကို ဝမ်းသာကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ကျွန်တော့်အနေနဲ့ ရန်ကုန်တက္ကသိုလ်မှာ ၂၀၀၈ ခုနှစ် ဇွန်လကနေ ၂၀၁၄ ခုနှစ် မေလအထိ ခြောက်နှစ်နီးပါး ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခု လက်ရှိမှာလည်း တောင်ငူတက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် ခုနစ် နှစ်နီးပါး တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ အခုလိုမျိုး ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် အထိမ်းအမှတ် အတွက် ရန်ကုန် တက္ကသိုလ်မှာ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည် သတိရစရာ၊ လွမ်းစရာ၊ ဂုဏ်ပြုစရာ၊ ဂုဏ်ယူစရာ များအဖြစ် ပြောကြားခွင့်ရတဲ့အတွက် တကယ့်ကို နှစ်ထောင်းအားရဖြစ်မိတယ်။ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ။
ဒေါက်တာတင်ထွန်း၏ ကိုယ်ရေးအကျဉ်း
----------------------
- ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အဖ ဦးသောင်း၊ အမိ ဒေါ်တင်အိတို့မှ ၂၁-၁၂-၁၉၆၃ ရက်နေ့တွင် မွေးဖွားသည်။ မိဘနှစ်ပါး စလုံး နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။
- မူလတန်းပညာကို ၁၉၇၀ မှ ၁၉၇၄ ခုနှစ်အထိ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အလယ်တန်းကျောင်းတွင် သင်ယူခဲ့သည်။ အလယ်တန်းနှင့် အထက်တန်းပညာကို ၁၉၇၅ မှ ၁၉၈၀ အထိ မိုးညှင်းမြို့ အထက(၁)တွင် သင်ယူခဲ့သည်။
- အဆင့်မြင့်ပညာ ပထမနှစ်နှင့် ဒုတိယနှစ်ကို ၁၉၈၁နှင့် ၁၉၈၂ ခုနှစ်တွင် မြစ်ကြီးနားဒေသ ကောလိပ်/ မြစ်ကြီးနားကောလိပ်တွင် သိပ္ပံ ဇီဝဘာသာတွဲဖြင့် သင်ယူခဲ့သည်။ တတိယ နှစ်နှင့် စတုတ္ထနှစ်ကို ၁၉၈၃ နှင့် ၁၉၈၄ ခုနှစ် တို့တွင် မန္တလေးတက္ကသိုလ်၌ ဆက်လက်တက်ရောက်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် B.Sc (Zoology) ဘွဲ့ကို ရရှိသည်။ ၁၉၈၄ ခုနှစ်တွင် မန္တလေးတက္ကသိုလ် စတုတ္ထနှစ် လူရည်ချွန်အဖြစ် ရွေးချယ်ခံရသည်။
- ဂုဏ်ထူးတန်းနှင့် မဟာသိပ္ပံတန်းများကိုမန္တလေးတက္ကသိုလ်၌ ဆက်လက်တက်ရောက်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် B.Sc (Honous) (Ichthyology) ဘွဲ့နှင့် ၁၉၉၀ ပြည့်နှစ်တွင် M.Sc (Ichthyology) ဘွဲ့တို့ကို ရရှိခဲ့သည်။
- ပါရဂူဘွဲ့သင်တန်းကို ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အထိ ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး Ph.D (Fish Parasitology) ဘွဲ့ကို ၂၀၀၀ ပြည့်နှစ် မတ်လတွင် ရရှိသည်။
- တက္ကသိုလ်ဆရာအဖြစ် ၁-၁၁-၁၉၈၆ ရက်နေ့တွင် သရုပ်ပြအဖြစ် မန္တလေးတက္ကသိုလ်တွင် စတင်တာဝန်ထမ်းဆောင်ပြီး၊ ရာထူးအဆင့်ဆင့်တိုးမြှင့်ပြီး ပါမောက္ခတာဝန်ကို မန္တလေး အဝေးသင်တက္ကသိုလ် (၂၀၀၅-၂၀၀၇) နှင့် ရန်ကုန်တက္ကသိုလ် (၂၀၀၇ ခုနှစ် မတ်လ) တို့တွင် ထမ်းဆောင်ခဲ့ပါသည်။
- ၂၀၀၇ ခုနှစ် ဧပြီလမှ ၂၀၀၈ ခုနှစ် ဇွန်လအထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
- ၂၀၀၈ ခုနှစ် ဇွန်လအကုန်မှ ၂၀၁၄ ခုနှစ် မေလအထိ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မေလ မှ ယခုလက်ရှိကာလအထိ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
- တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်တာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်၌ ကျင်းပသော 19th ASEAN University Games (AUG) တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ အားကစားအဖွဲ့များ ၏ ခေါင်းဆောင် (Head of Delegates) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတက္ကသိုလ်များ ပီတန်းအားကစားဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရပြီး တောင်ငူတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ အများစုနှင့် ဒဂုံတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့မှ SEA Games အတွေ့အကြုံရှိသော ကျောင်းသား၊ ကျောင်းသူ ၃ ဦးတို့နှင့် ပူးပေါင်းဖွဲ့စည်း၍ စတင်ပြုစုလေ့ကျင့်ပြီး AUG တွင် ပီတန်းအားကစားပြိုင်ပွဲ ဝင်နိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။