အမျိုးသားကျောင်းများနှင့် အမျိုးသားကျောင်းသားများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသောနှစ်ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့် ထူးခြားရသနည်းဆိုသော် မြန်မာ့ ရုပ်ရှင်၏ ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ကြီး၏ ရာပြည့်၊ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြောင့် ပေါ်ပေါက်ခဲ့သော အမျိုးသားအောင်ပွဲ၏ ရာပြည့် စသည့် ရာပြည့်အထိမ်းအမှတ်များနှင့် ကြုံတွေ့၍ ဖြစ်ပါသည်။ ရာပြည့်အထိမ်းအမှတ်ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ဘဝတွင်နှစ်ခါ မရနိုင်သောကြောင့် ထူးခြားစွာ တန်ဖိုးထားရခြင်းလည်း ဖြစ်ပါသည်။
ရာပြည့်နှင့်ပတ်သက်၍ မီဒီယာများတွင် ဟောပြောကြ၊ ရေးသားကြ၊ ထုတ်လွှင့်ကြသည်ကို တွေ့ရှိရပါသည်။ အနုပညာ၊ စာပေ၊ အားကစား စသည့်လောကများနှင့် ပတ်သက်၍ ပြောဆိုကြ၊ ရေးသားကြ၊ ထုတ်လွှင့်ကြသည်ကို တွေ့ရသော်လည်း နိုင်ငံ့ လွတ်လပ်ရေးအတွက် ကျောင်းသားများ၏ ဆောင်ရွက်မှုများကို ထုတ်ဖော်မှုကျန်ရှိနေသည်ကို တွေ့ရပါသည်။ ဤကွက်လပ်ကို ဖြည့်ဆည်းချင်သောဆန္ဒနှင့် နှောင်းလူတို့အတွက် သိသင့်သောကိစ္စများ သိရှိနိုင်ပါရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
လွတ်လပ်ရေးအစ ကျောင်းသားက
ပန်းတနော်ဦးသန့်က “အမျိုးသားကျောင်းများသည် မျိုးချစ်ပုဂ္ဂိုလ်များကို မွေးထုတ်ပေးသော စက်ရုံများသဖွယ်ဖြစ်သည်” ဟု ဆိုပါသည်။ ၁၉၂၀ ပြည့်နှစ်က ပေါ်ပေါက်ခဲ့သော ပထမ ကျောင်းသားသပိတ်ကြောင့် မြန်မာတစ်နိုင်ငံလုံး အမျိုးသားကျောင်းများ ၁၅၀ ခန့် ပေါ်ထွက် ခဲ့ပါသည်။ နယ်ချဲ့၏ ကျွန်ပညာရေးကိုတော်လှန်ပြီး အမျိုးသားပညာရေးကို အမျိုးသားကျောင်း များတွင် မျိုးချစ်ဆရာများက သင်ကြားပို့ချကြသည်။ သမိုင်းကြောင်းအရ အစဉ်အလာ မြင့်မားခဲ့သော မြန်မာ့သမိုင်းကြောင်းကို မြန်မာ နိုင်ငံသား လူငယ်ကလေးများအား သိစေသည်။ ကျောင်းများတွင် အတတ်ပညာသာမက အသိပညာတိုးပွားအောင်လည်း သင်သည်၊ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုး၍ လွတ်လပ်ရေးကို ကြိုးပမ်းရယူလိုသော စိတ်ဓာတ်များ လူငယ်များ၏စိတ်တွင် ခိုင်မာ လာအောင် သင်ကြားပို့ချသည်။
ထို့ကြောင့်ပင် အမျိုးသားကျောင်းထွက် လူငယ်များမှာ မျိုးချစ်စိတ်ဓာတ်ထက်သန်ကြသည်။ တိုင်းပြည်သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ဆောင်ရွက်လိုစိတ်များ လူငယ်များ၏ရင်တွင် စွဲမြဲလာကြသည်။ ၁၉၂၀ ပြည့်နှစ်မှသည် ဆယ်စုနှစ်တစ်စု ကျော်ကျော် လောက်တွင် ၎င်း လူငယ်လေးများမှာ ရန်ကုန်တက္ကသိုလ်တွင် လာရောက်ဆုံကြသည်။ ကိုထွန်းစိန်၊ ကိုဗဟိန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုအုန်း၊ ကိုအောင်ဆန်း၊ ကိုသိန်းဖေမြင့်၊ ကိုရာရှစ်စသည့် မျိုးချစ်ကျောင်းသား တော်တော်များများ လာရောက် ဆုံစည်းကြသည်။
သို့သော် ၁၉၃၀ ပြည့်နှစ်အထိ တက္ကသိုလ်တွင် သမဂ္ဂအဖွဲ့ မရှိသေးသလို သမဂ္ဂ အဆောက် အအုံ လည်း မရှိသေးပေ။ ဆန်စက် သူဌေး ဦးညိုက တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ ဆောက်လုပ် ရန်အတွက် ငွေကျပ် ၁၇၀၀၀၀ လှူဒါန်းပါသည်။ ဤငွေဖြင့် ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ရာ ၁၉၃၀ ပြည့်နှစ်တွင် ပြီးစီးပါသည်။ သမဂ္ဂအဆောက်အအုံကြီး ဆောက်လုပ်လှူဒါန်းသဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဒီဂျေစလော့ကဦးညိုအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ပါသည်။ ဤအဆောက်အအုံ သည် မျိုးချစ်ကျောင်းသားများ စုစည်းရာဌာန၊ လွတ်လပ်ရေး ကြိုးပမ်းလိုသူများ၏ ဘူမိနက်သန်ဖြစ်လာခဲ့သည်။ ဤသို့ဖြစ်လာ မည်မှန်း ဒီဂျေစလော့သည် အစက တွေးထင်မိလျှင် ဆောက်လုပ်လှူဒါန်းခွင့်ပေးခဲ့မည် မဟုတ်ပေ။
၁၉၃၁ ခုနှစ်တွင် သံတွဲဇာတိ ကိုထွန်းစိန် က ဥက္ကဋ္ဌ၊ ကိုဘဂျမ်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူကြသော ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အလုပ်အမှုဆောင် ကိုးဦးဖြင့် ဖွဲ့စည်းသည်။ ကိုထွန်းစိန်သည် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သည်။ သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသောအခါ ဥက္ကဋ္ဌ မိန့်ခွန်းတွင် “ဤကျောင်းသားသမဂ္ဂကြီးမှနေ၍ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရအောင် ဆောင်ရွက်မည့် သားကောင်း ရတနာများ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ကြောင်း၊ အားလုံး အတူတကွ ကြိုးပမ်းကြပြီး လွတ်လပ်ရေးပန်းတိုင်ရောက် အောင် သွားရမည်ဖြစ်ကြောင်း” ရဲရဲတောက် ပြောကြားသွားခဲ့သည်။
ဆက်လက်၍ ကိုထွန်းစိန်က “ကျွန်တော်တို့ရဲ့ သမဂ္ဂအဆောက်အအုံမှာ အင်္ဂလိပ်ရဲ့ ယူနီယံဂျက်အလံကို မလွှင့်ဘဲ ကျွန်တော်တို့ရဲ့ ဒေါင်းအလံကို လွှင့်မယ်။ (ကဒေါင်းအလံဖြစ်ပါသည်) ဒေါင်းအလံဟာ မြန်မာအလံစစ်စစ်ဖြစ်တယ်။ ဒီနေ့ကစပြီး ကျွန်တော်တို့ နယ်ချဲ့ရဲ့ ယူနီယံဂျက် အလံကို အလေးမပြုတော့ဘဲ အမျိုးသားဒေါင်းအလံကိုသာ အလေးပြုကြမယ်။ အခမ်းအနားတွေ အဖွင့်မှာ ကိုယ့်အမျိုးသား သီချင်းဖြစ်တဲ့ “တို့ဗမာ”သီချင်းကိုသာ သီဆိုကြမယ်။ ဗြိတိသျှ နယ်ချဲ့ရဲ့ အမျိုးသား သီချင်းနဲ့ နယ်ချဲ့ရဲ့အလံကို ယနေ့မှစ၍ ဖယ်ထုတ်လိုက်ပါပြီ”ဟု ပြောကြားလိုက်သောအခါ ကျောင်းသားထု တစ်ရပ်လုံးက တစ်ခဲနက်ဩဘာပေးလိုက်ကြ ပါသည်။
နယ်ချဲ့၏ အာဏာစက်အောက်မှနေ၍ ဤသို့ပြောဆိုပြုမူကြသည်မှာ အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်သဖြင့် တော်ရုံမျိုးချစ်စိတ် ရှိရုံနှင့် ပြောရဲ၊ လုပ်ရဲကြမည် မဟုတ်ပေ။ ဆရာစံကို နယ်ချဲ့အစိုးရက သေဒဏ်(ကြိုးမိန့်) ပေးသောအခါ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသည် ကျောင်းသားထုတစ်ရပ်လုံးအား အစည်းအဝေးခေါ်၍ နယ်ချဲ့အစိုးရအား ရှုတ်ချကြောင်း အဆို တင်သွင်းကြပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တတ်ရပ်၍ တော်လှန်ရေးသမားကြီး ဆရာစံအား နှစ်မိနစ် ငြိမ်သက် အလေးပြုကြသည်။
၁၉၃၅ - ၃၆ ခုနှစ်တွင် ကိုနုက ဥက္ကဋ္ဌ၊ ကိုရာရှစ်က ဒုဥက္ကဋ္ဌ၊ ကိုသီဟန်ကအတွင်းရေးမှူး၊ ကိုအောင်ဆန်းက အိုးဝေမဂ္ဂဇင်း စာတည်းမှူးတို့ပါဝင်သော အမှုဆောင်ကိုးဦးဖြင့် သမဂ္ဂအမှုဆောင်အဖွဲ့သစ် ဖြစ်လာသည်။ ၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်သမဂ္ဂ အဆောက်အအုံ၌ ဟောပြောပွဲကျင်းပရာ သဘာပတိအဖြစ် ဆောင်ရွက်သောဥက္ကဋ္ဌ ကိုနုက “တက္ကသိုလ် ကျောင်းသားများသည် နိုင်ငံတော်လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ”ထည့်သွင်း ပြောကြားခဲ့သည်။
အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းကလည်း နယ်ချဲ့၏ ပညာရေးစနစ်သည် ကျွန်ပညာသာဖြစ်ကြောင်း “ကျွန်ပညာနှင့် သခင်ပညာ”ဆောင်းပါးဖြင့် ထောက်ပြသည်။ ကိုသိန်းဖေ (သိန်းဖေမြင့်) ကလည်း နယ်ချဲ့က သင်ကြားပေးနေသော ပညာသည် ပျားရည် မရှိသော ပျားအုံ၊ အဆန်မရှိသော သစ်ကြားသီး၊ အနံ့မရှိသော ပေါက်ပန်းနှင့်သာတူကြောင်း၊ “နတ်အိုးကွဲ”ကဲ့သို့ မည်သို့မျှသုံးမရ ကြောင်းစသည် “နတ်အိုးကွဲ” ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် ရေးသားပြီး ကျောင်းသားထုအတွင်း ဖြန့်ဝေခဲ့ သည်။ ကိုသိန်းတင် (ကိုညိုမြ) က အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်စာကဏ္ဍတွင် Held Hound at large “ငရဲခွေးကြီး လွတ်နေပြီ” ဟူသော ဆောင်းပါး တိုလေးဖြင့် နယ်ချဲ့အစိုးရနှင့် နယ်ချဲ့၏ ပညာရေးအာဏာပိုင်များကို ထိုးနှက်ခဲ့သည်။ ဤ ဆောင်းပါးကို အကြောင်းပြု၍ပင် ၁၉၃၆ ခုနှစ် ဒုတိယအကြိမ် ကျောင်းသား သပိတ်ကြီး ပေါ်ပေါက်ခဲ့ရခြင်းပင် ဖြစ်ပါသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ
၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းခဲ့ကြ သည်။ ဗကသ၏ ပထမဆုံး ဥက္ကဋ္ဌမှာ ကိုရာရှစ်ဖြစ်ပြီး ကိုအောင်ဆန်းက ဒုတိယဥက္ကဋ္ဌဖြစ်သည်။ ဗကသ၏ ပထမညီလာခံကို ရန်ကုန်မြို့ ဂျူဗလီဟောတွင် ကျင်းပခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင် ဗကသ၏ ဒုတိယအကြိမ် ညီလာခံကို မန္တလေးမြို့ ဗဟိုအမျိုးသား ကျောင်းဝင်းအတွင်း ၌ ကျင်းပသည်။ အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး ပန်ဒစ်ဂျဝါလာ နေရူးနှင့် သမီးတို့ တက်ရောက် အားပေးခဲ့သည်။
ပုသိမ်မြို့သုံးထပ်အမျိုးသားကျောင်းကြီးနှင့် ဗကသဥက္ကဋ္ဌသစ် ကိုအောင်ဆန်း
၁၉၃၇-၃၈ ခုနှစ်တွင် ကိုအောင်ဆန်းက ဗကသဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုမြစိန် (ပုသိမ်)က အတွင်းရေးမှူးဖြစ်သည်။ ဗကသ၏ တတိယအကြိမ်ညီလာခံကို ၁၉၃၈ ခုနှစ် ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပုသိမ်မြို့ အမျိုးသားအထက်တန်းကျောင်း သုံးထပ် တိုက်ကျောင်းကြီးတွင် ကျင်းပသည်။ ပုသိမ်အမျိုးသား အထက်တန်းကျောင်းသည် ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသား သပိတ်ကြောင့် ပေါ်ပေါက်လာသော အမျိုးသားကျောင်းများတွင် တစ်ကျောင်းအပါအဝင် ဖြစ်သည်။ ကျောင်းအုပ်ကြီးမှာ ရခိုင် အမျိုးသား ဦးရွှေကျော်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သည်။ ကျောင်းအုပ်ကြီးနည်းတူ ဆရာ ဆရာမ များသည်လည်း မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူများ ဖြစ်ကြသည်။
ကျောင်းအဆောက်အအုံကြီးကို ဝံသာနုစိတ်ဓာတ်ထက်သန်ပြည့်ဝသည့် ဆန်ကုန်သည်ကြီး ဦးရွှေဖြူ (ရခိုင်အမျိုးသား) နှင့် ဝံသာနုစိတ်ဓာတ်ရှိသူ ကုန်သည်တစ်စုတို့ စုပေါင်းလှူဒါန်း ကြခြင်းဖြစ်ပါသည်။ ကြီးမားသပ်ရပ်ခံ့ညားသည်။ ကျောင်းဖွင့်စက ရွှေမုဘုရားရင်ပြင်ရှိ တန်ဆောင်းများတွင် ဖွင့်ရသည်။ ထိုမှတစ်ဆင့် ပုဂံဘုန်းတော်ကြီးကျောင်း၊ ယင်းမှတစ်ဆင့် ခါတော်မီ ဘုန်းတော် ကြီးကျောင်းဝင်းအတွင်းရှိ သရက်တောကျောင်းတိုက်၊ ထိုမှတစ်ဆင့် ၁၉၃၁ ခုနှစ်တွင် လက်ရှိနေရာ မန်းကျောင်း ဘုန်းတော်ကြီး ကျောင်းသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီး ဦးနာရဒအရှင်မြတ်က ၇ ဒသမ ၇၇ ဧကရှိ ကျောင်းဝင်းကြီး ကို အမျိုးသားကျောင်း ဖွင့်လှစ်ရန် အပြီးအပြတ် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
သုံးထပ်ကျောင်းကြီးကို ၁၉၃၃ ခုနှစ်တွင် စတင်ဆောက်လုပ်ကြရာ ၁၉၃၆ ခုနှစ်တွင် ပြီးစီးသည်။ ကျောင်းတွင် ကျောင်းသားသမဂ္ဂ ရှိသည်၊ ဆရာများသမဂ္ဂရှိသည်၊ အသက် မွေးဝမ်းကျောင်း ပညာအဖြစ် သင်ကြားရန် ရက်ကန်းခြောက် စင်ရှိသည်၊ ပင်နီဖျင်ရက် လုပ်သည်၊ ကျောင်းတွင် စကောက်အဖွဲ့ကဲ့သို့ ပင်နီတပ်ဖွဲ့ရှိသည်၊ ကျောင်းမှရက်လုပ်သော ပင်နီဖျင်ဖြင့် တစောင်းဦးထုပ်၊ ပင်နီရှပ် လက်တို၊ ပင်နီဒူးကျ ဘောင်းဘီ၊ ကင်းဘက် ဖိနပ်စီးရသည်၊ ဝါးတုတ်ကိုင်ရသည်၊ စစ်သင်တန်း ပေးသည်၊ ထို့ပြင် ဘင်ခရာ တပ်ဖွဲ့ရှိသည်၊ ကျောင်းပိုင်စန္ဒရား၊ ကျောင်းပိုင် ဘတ်စ်ကား ရှိသည်၊ တစ်နှစ်တစ်ကြိမ်ကျောင်း မဂ္ဂဇင်းထုတ်သည်၊ မြန်မာပိုင်းရော အင်္ဂလိပ်ပိုင်းပါ ပါရှိသည်၊ ကျောင်းသားသမဂ္ဂသည် အလွန်တက်ကြွကြပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) နှင့် အဆက်အသွယ်ရှိသည်။
ကျောင်းအုပ်ကြီးကိုယ်တိုင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောသဖြင့် အင်္ဂလိပ်အစိုးရက ခေါ်ယူသတိပေးပြီး တစ်ရက်ထိန်းသိမ်း ခံရသည်။
သုံးထပ်ကျောင်းကြီးတွင် ကျင်းပသော ဗကသ၏ တတိယအကြိမ်ညီလာခံ ၁၉၃၈ ခု ဧပြီလ (၂၄/၂၅)
တတိယအကြိမ် ဗကသညီလာခံကို ပုသိမ်မြို့ ဗဟိုအမျိုးသားအထက်တန်း ကျောင်းသုံးထပ် တိုက်ကျောင်းကြီးတွင် ခမ်းနား ထည်ဝါစွာ ကျင်းပသည်။ မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသား ကိုယ်စားလှယ် ၁၀၄ ဦး တက်ရောက်ကြသည်။ မြို့မိ မြို့ဖများ၊ ပုသိမ်အမျိုးသား ကျောင်း၏ ကျောင်းသားသမဂ္ဂဝင်များ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားသူ မြို့လူထု ပါဝင် တက်ရောက်ကြသည်။
နံနက် ၉ နာရီ ၁၅ မိနစ်တွင် မင်္ဂလာအချိန်ကျရောက်သဖြင့် ဧည့်ကော်မတီဥက္ကဋ္ဌ ကိုလှမောင်က ရှေ့ဆောင်ကာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ ဗကသဥက္ကဋ္ဌ ကိုအောင်ဆန်းနှင့် အမှုဆောင်များ တန်းစီ၍ စင်မြင့်ပေါ်သို့ တက်ရောက်လာကြသောအခါ ကျောင်းဆင်ဝင်အောက်မှ စည်တော်ကြီး တီးပေးသည်။ စည်တော်ယွန်း၍ တက်လာသောမြင်ကွင်းမှာ ကျက်သရေရှိလှ ပါသည်။ အစည်းအဝေးတက်ရောက်သူ အားလုံး (စုံထောက်များပါမကျန်) ပင်နီတိုက်ပုံ ဝတ်ဆင် ထားကြသည်။ ကိုဖိုးအုန်းက တိုင်ပေးပြီး အားလုံးမတ်တတ်ရပ်ကာ “တို့ဗမာ”သီချင်းကို တက်ကြွစွာ သံပြိုင်သီဆိုကြသည်။ ကျောင်းဝင်းကြီးတစ်ဝင်းလုံး တို့ဗမာ သီချင်းသံဖြင့် ဖုံးလွှမ်းသွားသည်။ ကိုအောင်ဆန်းက နာယကအဖြစ် ဆောင်ရွက်သည်။ ဆရာကြီး ကိုယ်တော်မှိုင်းက အဖွင့် အမှာစကား ပြောကြားပေးသည်။ ဥက္ကဋ္ဌ ကိုအောင်ဆန်းက ၂၅ မျက်နှာ ရှိ မိန့်ခွန်းရှည်ကြီးကို ဖတ်ကြားတင်ပြသည်။ လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် အားပေးကြသည်။ အိန္ဒိယဝန်ကြီးချုပ် နေရူး၏ သဝဏ်လွှာကို အတွင်းရေးမှူး ကိုမြစိန်က ဖတ်ကြား တင်သွင်းသည်။ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ထောက်ခံခြင်းများ ပြုလုပ်ကြသည်။
၂၅-၄-၁၉၃၈ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။ အသင်းဥက္ကဋ္ဌဟောင်း ကိုရာရှစ်က အင်္ဂလိပ်ဘာသာဖြင့် ဆုံးမစကားပြောကြားကာ မြစ်ကြီးနားမြို့တွင် နယ်ချဲ့အစိုးရက ပြည်သူများကို ဖိနှိပ်ချုပ်ချယ်ကြောင်း တစ်နာရီခန့် ပြောကြားပါ သည်။ အဆိုတင်ခြင်း၊ ဆွေးနွေးခြင်းစသည်တို့ ပြုလုပ်ကြသည်။ အတည်ပြုချက်များတွင် ရန်ကုန်တက္ကသိုလ်မှ ကိုဗဟိန်း တင်သွင်းပြီး မန္တလေးဥပစာကောလိပ်မှ ကိုတိုးရင် ထောက်ခံသည်။
“ကျောင်းသားများ နိုင်ငံရေးဝင်လုပ်ခွင့်” အဆိုကိုလည်း အတည်ပြုချက်တစ်ချက်အဖြစ် ပါဝင်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလေးမပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ရာ ဆုရရှိသူများကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ချီးမြှင့်ပေးပါသည်။ အစည်းအဝေး နာယက ကိုအောင်ဆန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး “တို့ဗမာ သီချင်း” သံပြိုင်သီဆိုကာ ဒုတိယနေ့ အစည်းအဝေးကို ရုပ်သိမ်းပါသည်။
ဤသို့ အနာဂတ်၏ ခေါင်းဆောင်လောင်းများဖြစ်ကြသည့် တက္ကသိုလ်ကျောင်းသားကြီးများနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ကိုဇော်ဝိတ်၊ ကိုသန်းထွန်းတို့ ကျွန်ုပ်တို့ ပုသိမ်မြို့ အမျိုးသား ကျောင်းတွင် ညီလာခံ လာရောက်ကျင်းပခဲ့သည့်အတွက် များစွာ ဂုဏ်ယူလျက်ရှိပါသည်။ ထိုညီလာခံ ကျင်းပနေချိန်တွင် ပုသိမ်အမျိုးသားကျောင်းသားများဖြစ်ကြသော မောင်တင်ဦး (နောင်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦး) ၊ မောင်ညွန့်မောင် (နောင်တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်ရ ဦးညွန့်မောင် (ပန်းချီ))၊ မောင်ဖေသိန်း အာရှလူငယ် (နောင်တွင် နိုင်ငံရေးကာတွန်းတွင် လျှမ်းလျှမ်းတောက် ကျော်ကြားသူ ကာတွန်း ဦးဖေသိန်း)၊ မောင်အောင်ရှိန် (ဦးရှံစား၊ ဒိန်းဒေါင် ဇာတ်ကောင်အပါအဝင် ဇာတ်ကောင်ပေါင်း မြောက်မြားစွာတို့၏ ဖန်တီးရှင် ကာတွန်း ဦးအောင်ရှိန်)၊ မောင်ဝင်းမောင် (အမျိုးသား စာပေဆု တစ်သက်တာ အမျိုးသားစာပေဆု အပါအဝင် စာပေဆုများရှင် ဆရာကြီး မင်းယုဝေ) တို့သည် အလယ်တန်းကျောင်းသား ကလေးများအဖြစ် ရှိနေခဲ့ကြသည်။
နိုင်ငံရေးအစ ဇီးချိုင်က (ဝါ) လွတ်လပ်ရေးအစ ဇီးချိုင်က
ဇီးချိုင်ရွာသူ ရွာသားအဆက်ဆက် ဂုဏ်ယူပြောကြားလျက်ရှိသော စကားဖြစ်သည်။ ဇီးချိုင်တွင် ရခိုင်၊ ကရင်၊ ဗမာလူမျိုးများ စုပေါင်းနေထိုင်ကြသည်။ တစ်ရွာလုံးနီးပါးရှိ ရခိုင်လူမျိုးများသည် ရိုးသားကြသည်၊ ဘာသာတရားကိုင်းရှိုင်းသည်၊ စပါးစိုက်ခြင်း၊ တောင်ယာစိုက်ခြင်း၊ အုန်းသား ထုတ်လုပ်ခြင်းတို့ဖြင့် အသက်မွေးကြသည်။ ရိုးမတောင်ကို ကျောထောက်နောက်ခံထား၍ အရှေ့တွင် ကျယ်ပြန့်သော သဲသောင်ပြင် ရှိသည်။ ကမ်းခြေအလှက ဆွဲဆောင်မှုရှိသည်၊ မြေပဲများလည်း နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြသည်။ ကမ်းခြေတွင် ရေကူးသူတို့အတွက် အန္တရာယ်ကင်းသည်၊ လှိုင်းအိကလေးများသာရှိသည်။ အင်္ဂလိပ်ခေတ် က လေယာဉ်ကွင်းငယ် ရှိသည်၊ မျက်နှာဖြူများ လေကြောင်းမှလည်းကောင်း၊ ရေကြောင်းမှလည်းကောင်း လာရောက်ပြီး အပန်းဖြေ ရေကူးကြကြောင်း သိရသည်။ တစ်နေ့တည်း လေယာဉ်ကိုးစင်းအထိ လာရောက်ဖူးကြောင်း ပြောကြသည်။ ဇီးချိုင်တွင် ဘုန်းတော်ကြီးကျောင်း သုံးကျောင်းရှိရာ ကျောင်းဟောင်း ဆရာတော်မှာ သာသနာရေးသာမက မြန်မာ့အရေးကိုပါ ဂရုစိုက်သူ ဖြစ်သည်။ ဆရာတော်သည် ဦးဥတ္တမနှင့် ဦးဝိစာရကို ထောက်ခံသည်။ ရွာသားများကို အမျိုးသားရေး စိတ်ဓာတ် သွတ်သွင်းပေးပြီး နယ်ချဲ့ဆန့်ကျင်ရေးကို အစဉ်တစိုက် ဟောပြောသူ ဆရာတော်တစ်ပါးဖြစ်ပါသည်။
ဗကသဥက္ကဋ္ဌ ကိုအောင်ဆန်းနှင့် ကျောင်းသားခေါင်းဆောင်များသည် ပုသိမ်ညီလာခံပြီးသောအခါ သင်္ဘောစင်းလုံးငှား၍ အပန်းဖြေ ခရီးအဖြစ် မော်တင်စွန်းသို့ ထွက်ခဲ့ကြသည်။ ၂၆-၄-၁၉၃၈ ရက်နေ့ နံနက် ၆ နာရီတွင် ကျောင်းသား ၇၀ ခန့် ပါဝင်သော အဖွဲ့သည် ဟိုင်းကြီးသို့ ညနေတွင် ရောက်သည်။ စက်လှေဖြင့် ဆက်ထွက်လာကြပြီး ကမ်းခြေသို့ရောက်သည့်အခါ အောက်လင်း ဓာတ်မီးကြီး များ တထိန်ထိန်ဖြင့် အထုပ်ကိုယ်စီထမ်းကာ ဆက်ထွက်ကြသည်။ မော်တင်သို့ ည ၁၁ နာရီခန့်တွင် ရောက်ပါသည်။ ၂၇ ရက်နေ့နံနက်တွင် ကမ်းခြေမှာ လမ်းလျှောက်သူကလျှောက်၊ ကိုယ်လက်ကြံ့ခိုင်ရေး လုပ်သူကလုပ်၊ ကမ်းခြေတွင် ဘောလုံး ကစားသူကကစား၊ ရေကူးသူကကူး၍ ပျော်နေကြသည်၊ ကျောင်းသားတစ်ယောက် ရေနစ်သောအခါ ရေမကူးတတ်သော အညာသား ကိုအောင်ဆန်းကကယ်ရန် ပြေးဆင်းသွားပြီး သူပါ ရေနစ်တော့သည်။
ကိုဇော်ဝိတ်နှင့် ရေကူးကျွမ်းသူ နှစ်ယောက်၊ သုံးယောက် ပြေးဆင်းသွားပြီးရေနစ်သူ နှစ်ယောက်စလုံးကို ကယ်ခဲ့ကြရသည်။ ကိုအောင်ဆန်း၏ စရိုက်ကသူတစ်ပါး ဒုက္ခရောက်နေ တာကို တွေ့ရှိရပါက မိမိအသက်ကိုပင် ဂရုမစိုက်နိုင်ဘဲ ကူညီတတ် ကြောင်း ပေါ်လွင်နေပါသည်။ ကိုအောင်ဆန်းသာ ထိုစဉ်က ရေနစ်ဆုံးရှုံး သွားပါက မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းသည် တစ်မျိုး တစ်ဖုံပြောင်းလဲသွားနိုင်ပါသည်။ ညဘက်ရောက်သည့်အခါ အုပ်စုလိုက်ခွဲပြီး နိုင်ငံရေးဆွေးနွေးပွဲလုပ်ကြသည်။ အနာဂတ် မြန်မာ နိုင်ငံအတွက် အစီအစဉ်ရေးဆွဲကြသည်။ မော်တင်စွန်းသို့ ထွက်ခွာလာကြသည်မှာ အပန်းဖြေခရီးဟု အမည်တပ်ထားသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်မှာ အဓိကရည်ရွယ်ချက်ဖြင့် လာခဲ့ကြခြင်းဖြစ်ပါသည်။
သောင်ပြင်လမ်းလျှောက်သော အဖွဲ့မှာ မြွေတောင်(ငွေတောင်)သို့ ရောက်သွားကြသည်။ မြွေတောင်မှာ မော်တင်စွန်းမှ ခုနစ်မိုင် ခန့်ဝေးသည်။ နေကလည်းမြင့်၊ ပင်လည်းပင်ပန်း၊ ဆာလည်းဆာသဖြင့် ရွာဆီသို့ တက်လာကြသည်။ ရွာအမည်က ဇီးချိုင်၊ ဇီးချိုင် ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိသောအခါ ဆရာတော်ဘုရားကြီးကို ဦးချကြသည်။ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ကြောင်း၊ ပုသိမ်ညီလာခံအပြီးမှာ အပန်းဖြေထွက်လာကြခြင်းဖြစ်ကြောင်း လျှောက်ထားသောအခါဆရာတော်က ဝမ်းသာသည်။ ဆရာတော်ကခေတ်ကို မျက်ခြည်ပြတ်သူ မဟုတ်၊ လွတ်လပ်ရေးကို မြော်တွေးသူဖြစ်သည်။ အစားအသောက်များ ကျွေးမွေး သည်။ ကျောင်းသားများက ထမင်းမစားမီ တို့ဗမာသီချင်းဆိုပြီးမှ စားကြသည်။ ဆရာတော် နှင့် ရွာသားများမှာ တပြုံးပြုံးဖြင့် သဘောကျနေကြသည်။ ၎င်းတို့တွင် ကျောင်းသား ခေါင်းဆောင်များ ပါဝင်ကြောင်း ပြောကြားသည့်အခါ ဆရာတော်ကလာရောက် တရားဟောပေးပါရန် ဖိတ်ကြားပါသည်။ ရွာဆော်တစ်ဦးက ရွာဓလေ့အရ ဗျို့ဟစ်သည်။
“သဗ္ဗူရိသနွယ်ဝင်သူတော်စဉ် အပေါင်းတို့ခင်ဗျာ၊ မွန်းတည့် ၁၂ နာရီအချိန်တွင် ကျောင်းဟောင်း ဘုန်းတော်ကြီးကျောင်း၌ ကာယဗလတရားနှင့် သခင်ကျောင်းသားများက နိုင်ငံရေး တရားဟောကြားမည်ဖြစ်ပါသဖြင့် အတူတကွ တရားတော်နာယူရန် အတွက် ကြွရောက်ကြပါရန် အကျိုးမျှော်၍ နှိုးဆော်ဖိတ်ကြားအပ်ပါတယ်ဗျို့”တဲ့။
၂၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပါလာသည့် စုံထောက်များ မရိပ်မိအောင် အချင်းချင်းလက်တို့၍ ထွက်လာခဲ့ကြသည်။ ကိုအောင်ဆန်း၊ ကိုသန်းထွန်း၊ ကိုဇော်ဝိတ်၊ ကိုထွန်း၊ ကိုဗဟိန်း၊ ကိုလှရွှေတို့ ဖြစ်ကြသည်။ ကျောင်းသို့ စောစောရောက်သော အခါ ဆရာတော်နှင့် ဒါယကာ ဒါယိကာမများက ကျေးလက်အစားအစာများ၊ အုန်းသီးနုနုလေးများကိုခြစ်ပြီး အုန်းရေနှင့် သောက်ရသော အုန်းကြာဆံများဖြင့် ကျွေးမွေးဧည့်ခံသည်။ စားသောက်ပြီးကြသောအခါ ကျောင်းဝင်းထဲရှိ အုန်းပင်များအောက် မြေပေါ်တွင်ပင် ဟောပြောပွဲပြုလုပ်သည်။ စားပွဲဝိုင်း တစ်ခုချထားပြီး ရေချိုင့်တင်ထားသည်။ ဆရာတော်နှင့် ရဟန်းသုံးပါးက ထိုင်ခုံများဖြင့် ထိုင်ကြသည်။
တရားပွဲမစမီ ကိုဇော်ဝိတ်ကြီးက ခါးတောင်မြောင်အောင်ကျိုက်၍ ကိုယ်ဟန်အမျိုးမျိုးဖြင့် ကာယဗလပြသည်။ ကြွက်သား စိုင်ကြီးများကို အမျိုးမျိုးလှုပ်ပြသည်။ ကလေး လူကြီး အားလုံးတဝါးဝါး တဟားဟားဖြင့် သဘောကျနေကြသည်။ တချို့က လာရောက် ကိုင်ကြည့်ကြသည်။ ကာယဗလပြပြီးသောအခါ တရားပွဲစသည်။ ကိုသန်းထွန်း၊ ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့က နိုင်ငံရေး တရားဟောသည်။ ကိုအောင်ဆန်းသည် နယ်ချဲ့စနစ်၏ ဆိုးဝါးပုံ၊ မြန်မာနိုင်ငံသားများအပေါ်တွင် ဗိုလ်ကျစိုးမိုးပြီး အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းကြကြောင်း၊ အလုပ်သမား၊ လယ်သမားများအပေါ်တွင် မတရားသော ဥပဒေအမျိုးမျိုးဖြင့် နှိပ်ကွပ်ကြောင်း၊ သူတို့ ကိုယ်သူ တို့ သခင်လိုသဘောထားပြီး မြန်မာနိုင်ငံသားတွေကို ကျွန်အဖြစ် သဘောထားကြကြောင်း၊ အမှန်မှာ ကျုပ်တို့တွေဟာ သခင်လူမျိုးတွေဖြစ်ကြောင်း ပီပီပြင်ပြင် ဟောပြောသည်။ နိုင်ငံလွတ်လပ်ရေးရမှဖြစ်မယ်၊ လွတ်လပ်ရေးကို နယ်ချဲ့ဆီကနေ လက်နက်နဲ့တိုက်ယူမှရမယ်၊ လက်ဖြန့် တောင်းနေလို့တော့ရမှာ မဟုတ်ဘူး၊ အလုပ်သမား၊ လယ်သမား၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ချင်း၊ မြန်မာစတဲ့ ကျုပ်တို့အားလုံးလက်တွဲပြီး လွတ်လပ်ရေးကို တိုက်ယူရမယ်၊ လက်နက်ကိုင် တိုက်ပွဲဝင်မှ သူပုန် ထမှရမယ်၊ ဒါကြောင့် သူပုန်ထရမယ်လို့ ပြောနေရင်း ပိုမိုအရှိန်တက်လာကာ “သူပုန် ... သူပုန် ... ထထ” လို့ တိုင်ပေးလိုက်ရာ ကျောင်းသားခေါင်းဆောင်များကလည်း လက်သီးလက်မောင်းတန်းကာ အော်ကြသည်။ ရွာသားများကို ဆရာတော်ကဟဲ့ အော်ကြလေလို့ ဆိုလိုက်သည့်အခါမှ ဝိုင်းအော်ကြသည်။ ကိုအောင်ဆန်းသည် လက်နက်ကိုင် တိုက်ပွဲဝင်ရန် ထိုအချိန်ကတည်းက ဆုံးဖြတ်ထားခဲ့ပုံရပါသည်။ ကိုဗဟိန်းက ရေနံမြေ အလုပ်သမားများအကြောင်း၊ သခင်သန်းထွန်းက ဆရာစံသူပုန်ထရခြင်းနှင့် လယ်သမားများ၏ ဒုက္ခကို ဟောပြောသည်။
ဟောပြောပွဲပြီးသောအခါ ဆရာတော်ကြီးနှင့် ရွာသားများက ကျောင်းပေါ်တွင် ဧည့်ခံကျွေးမွေးသည်။ ရန်ကြီးအောင်ဟု ရေးထား သော စားပွဲကြီးပေါ်တွင် ဟင်းခွက်များပြည့်နေသည်။ ကိုအောင်ဆန်းက စားပွဲမှ စာကို တွေ့လိုက်ရသောအခါ အားပါးတရ ပြုံးလိုက် ပြီး “ဒါကျုပ်တို့တိုက်ပွဲအတွက် မင်္ဂလာရှိတဲ့ အောင်နိမိတ်ပဲဗျ”ဟု ပြောလိုက်သည်။ ထမင်းမစားမီ တို့ဗမာသီချင်း ကို သံပြိုင်သီဆိုပြီးမှ စားသောက်ကြသည်။ ဤအဖြစ်အပျက်မှ နောက်လေးနှစ်ကြာသောအခါ ကိုအောင်ဆန်းသည် မြန်မာ့ မျိုးချစ် တပ်မတော်၏ စစ်သေနာပတိ ဖြစ်လာလိမ့်မည်ဟု ထိုစဉ်က တွေးထင်မိကြမည် မဟုတ်ပေ။
ဇီးချိုင်ရွာသားများက ဤသည်ကို ဂုဏ်ယူ လျက်ရှိသည်။ ကိုအောင်ဆန်းသည် ၁၉၃၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ရွာမှာ တရား လာဟောပြီး ထိုနှစ်အောက်တိုဘာလတွင် နိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းရန် နိုင်ငံရေးနယ်သို့ ခြေစုံ ပစ်ဝင်သွားသည်။ တို့ဗမာ အစည်း အရုံး၏ အထွေထွေအတွင်း ရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၄၀ ပြည့်နှစ်တွင် အသက် ၂၅ နှစ်တွင် စစ်ပညာ သင်ယူရန် ဂျပန်သို့ ထွက်ခွာပြီး ၁၉၄၁ ခုနှစ်တွင် မြန်မာ့တပ်မတော် စစ်ဦးစီးချုပ်ဖြစ်လာသည်။ ထို့ကြောင့် ဇီးချိုင်ရွာသားများက “နိုင်ငံရေးအစ ဇီးချိုင်က” “လွတ်လပ်ရေးအစ ဇီးချိုင်က”ဟု သားစဉ်မြေးဆက် ဂုဏ်ယူလျက် ရှိကြရာ ယနေ့တိုင် ဖြစ်ပါသည်။
၁၉၂၀ ပထမကျောင်းသားသပိတ်မှ မွေးဖွားပေးလိုက်သော မျိုးချစ်ကျောင်းသားများ၏ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့မှု ကြောင့် နိုင်ငံတော်ကြီး သူ့ကျွန်ဘဝမှ လွတ်မြောက် ခဲ့ရပါသည်။ အမျိုးသားကျောင်းများသည် မျိုးချစ်ပုဂ္ဂိုလ်များ ကို မွေးထုတ်ပေးသော စက်ရုံများ သဖွယ်ဖြစ်သည်ဟူသောစကားမှာ ရာနှုန်းပြည့်မှန်ကန်လှပါသည်။ ဤဆောင်းပါးတွင် အမည်ပါဝင်သော ကျောင်းသား ခေါင်းဆောင်များမှာ မြန်မာတစ်နိုင်ငံ လုံးရှိခဲ့သော ကျောင်းသားထု တစ်ရပ်လုံးကို ကိုယ်စားပြုပါသည်။ ယခုခေတ် လူငယ်များ အနေဖြင့် မိမိနိုင်ငံနှင့် လူမျိုးတို့၏ သမိုင်း ကိုသိရှိအောင်လေ့လာဖို့ လိုအပ်ပါ သည်။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “သမိုင်းသင်တာ မအ,အောင်သင်တာ” ဟု ပြောဖူးပါသည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ် တော်လှန်ရေးကာလတွင် ဗိုလ်ချုပ်အောင်ဆန်းက စာရေးဆရာ ကိုကိုမောင်ဖြစ်မည့် လူငယ်အား “ငါမင်းကို အမြဲတမ်း အသုံးဝင်မယ့်စကားပြောလိုက်မယ်။ အဲဒါ တခြားမဟုတ်ဘူး။ သမိုင်းစာအုပ်မှန်ရင် ဘာစာအုပ်ဖြစ်ဖြစ်ဖတ်၊ သမိုင်းမသိရင် လည်း ဘာမှမသိနိုင်ဘူး။ ဒါကြောင့် မင်းသမိုင်းစာအုပ်တွေ ဖတ်ပါကွာ”ဟု မိန့်ကြားခဲ့ပါသည်။ လူငယ်မျိုးဆက်သစ် များအနေဖြင့် သမိုင်းကို လေ့လာခြင်းဖြင့် အမျိုးသားကျောင်းများနှင့် ကျောင်းသားထုတစ်ရပ်လုံး၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကို သိရှိနိုင်ကြပါစေဟု ဆန္ဒပြုရင်း ရာပြည့်အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြု အပ်ပါသည်။ ။
စာကိုး-
၁။ ဦးဘသန်း၏ မြန်မာရာဇဝင်
၂။ ၂၀၁၄ (ပုသိမ်အမျိုးသားကျောင်း) အထက (၂) မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ထုတ်ဝေသော နေရှင်နယ်မဂ္ဂဇင်းပါ သူရဦးတင်ဦး၏ ဥယျောဇဉ်ကောက်နုတ်ချက်နှင့် သင်းမြတ်(ပုသိမ်)၏ အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားသမိုင်းကြောင်းထဲက ပုသိမ် အမျိုးသား ကျောင်းဆောင်းပါး။
၃။ မိဗုံနှင့် နီဂရေ့ဆ်လင်းတို့၏ မော်တင်စွန်း အညွှန်းစာအုပ် (နေလုံးနီစာကြည့်တိုက်ရန်ပုံ ငွေအဖြစ်ထုတ်ဝေသည်)
ပန်းချီ သန်းမြင့်ညိမ်း(ပုသိမ်)