ကျေးရွာဘက်စုံကဏ္ဍဖွံ့ဖြိုးဖို့ အားလုံးပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ကြပါစို့
ဘက်စုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘက်စုံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် မလိုအပ်ပေ ဘူးလားဆိုတဲ့ မေးခွန်းဟာ ကျွန်မတို့ လူသားအားလုံးရဲ့ ခေါင်းထဲမှာ အမြဲတွေးတော စဉ်းစားနေတဲ့ ခေါင်းစဉ်ဆိုလည်း မမှား နိုင်ပါဘူး။ ကျွန်မတို့နေထိုင်ရာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများထဲမှာ ပါဝင်တဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ဖို့ အခြားသော တိုင်းပြည်များထက် ပို၍ လိုအပ်ပါတယ်။ ထိုသို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကဏ္ဍစုံလို့ ပြောတဲ့အခါ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်တဲ့ အဆင့်ဆင့်ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ အဆင့်ဆင့်ဆိုရာမှာ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကျေးရွာအဆင့်၊ ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်ဟူ၍ အဆင့်ဆင့် ရှိပါတယ်။ ထိုအဆင့်များထဲမှ ယခုအခါ နိုင်ငံတော်မှ မူဝါဒချမှတ် အကောင်အထည်ဖော်နေသည့် Bottom Up Planning စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ကျေးရွာအဆင့်ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင် နေပါတယ်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)
၂၀၁၄ ခုနှစ်က အတည်ပြုချမှတ်ခဲ့တဲ့ ကျေးလက် ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်(RDSF)နှင့်အညီ ရေးဆွဲ ခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ ဘက်စုံ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်(၂၀၁၄- ၂၀၁၈) (Comprehensive Capacity Development Plan-2014-2018)ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ကို ၂၀၁၅ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
နိုင်ငံတော်၏ ရန်ပုံငွေလျာထားမှုဆိုင်ရာ မူဝါဒမှာ Top-down Budgeting and Bottom-up Planning စနစ်ကို လက်တွေ့ကျင့်သုံးဆောင်ရွက်လျက်ရှိရာ ပြည်သူ လူထု ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ Bottom-up Plan-ning Process ကို အလွှာအသီးသီး၌ လည်ပတ်ဆောင်ရွက် နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ၊ အဖွဲ့အစည်း ဆိုင်ရာ စနစ်များ ထူထောင်ဆောင်ရွက်သွားရန် လိုအပ် လျက်ရှိပါတယ်။ ယင်းလိုအပ်ချက်ဖြစ်တဲ့ Bottom-up Planning and Budgeting Process ကို အထောက် အကူပြုနိုင်ရန် ရည်ရွယ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါတယ်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဟာ Bottom Up Planning စနစ်မှာ သိသာထင်ရှားသော စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း ရေးဆွဲ အကောင် အထည်ဖော်ရာမှာ ပါဝင်ပတ်သက်ကြသူ အားလုံးဟာ ကျေးရွာအဆင့်တွင် နေထိုင်တဲ့ အလွှာစုံမှ ကျေးရွာသူ ကျေးရွာသားများဖြစ်ပြီး မိမိကျေးရွာရဲ့ လိုအပ်ချက်တွေ ကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး ကိုယ်တိုင်ကိုယ်ကျ အကောင် အထည်ဖော်ဆောင်ရွက်ရတဲ့အတွက် ဖြစ်ပါ တယ်။
ကျေးရွာသူ ကျေးရွာသားတို့ရဲ့ အသံ
ကျေးရွာတစ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သော ကဏ္ဍစုံ လိုအပ်ချက်တွေကို ကျေးရွာမှာ နေထိုင် လျက်ရှိတဲ့ ကျေးရွာသူ ကျေးရွာသားတွေက အသိရှိဆုံး ဖြစ်ပါတယ်။ သည့်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေကို ရေးဆွဲရာမှာ ထိုကျေးရွာမှာ နေထိုင်တဲ့ ကျေးရွာသူ ကျေးရွာသားတို့ရဲ့ အသံဟာ အဓိကအကျ ဆုံးလည်း ဖြစ်ပါတယ်။
ကျေးရွာရဲ့လိုအပ်ချက်တွေကို ဖွံ့ဖြိုးရေးအစီအစဉ် တစ်ခုအနေနဲ့ ထွက်ရှိလာအောင် တစ်ရွာလုံးကို ဆော်သြရတဲ့ ကျေးရွာစေတနာ့ဝန်ထမ်းတွေရဲ့ အခန်း ကဏ္ဍသည်လည်း အရေးကြီးပါတယ်။ ထို စေတနာ့ ဝန်ထမ်းတွေ၊ ကျေးရွာသူ ကျေးရွာသားတွေနဲ့ ဝိုင်းဝန်း ဆွေးနွေးမှုတွေပြုလုပ်နိုင်အောင် ပံ့ပိုးပေးရတဲ့ မြို့နယ် အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးလှ ပါတယ်။
စီမံကိန်းဆောင်ရွက်ရန် ရွေးချယ်ပုံ
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းတွေဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာတွေ ရွေးချယ်တဲ့အခါ အိမ်ထောင်စုများသော ကျေးရွာများ၊ ကျေးရွာထည့်ဝင် ငွေဖြင့် ပေါင်းစပ်ဆောင်ရွက်လိုတဲ့ ရွာတွေနဲ့ ကျေးရွာသူ ကျေးရွာသားတွေရဲ့ စိတ်ပါဝင်စားမှုမြင့်မားတဲ့ ကျေးရွာ တွေ၊ ကျေးရွာရဲ့ စည်းလုံးမှုနဲ့ စိတ်အားထက်သန်မှုရှိတဲ့ ကျေးရွာတွေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေလုံခြုံ ရေးကောင်းမွန်သော ကျေးရွာတွေ၊ ဘယ်စီမံကိန်းမှ မရရှိသေးတဲ့ ကျေးရွာတွေကို ဦးစားပေး စဉ်းစားပြီးတော့ ရွေးချယ်ရပါတယ်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို ရရှိတဲ့ ကျေးရွာအနေနဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ပထမဦးစွာ ကျေးရွာမှာပဲ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းကို မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနက ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ပေးပြီး အဆိုပါ မိတ်ဆက် ရှင်းလင်းတဲ့ အစည်းအဝေးမှာ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ရေးဆွဲ ဆောင်ရွက်တဲ့အခါ ကျေးရွာမှ ကူညီပေးနိုင်မယ့် စိတ်အားထက်သန်တဲ့ ကျေးရွာစေတနာ့ ဝန်ထမ်း နှစ်ဦးကို ရွေးချယ်ရပါတယ်။
ရွေးချယ်ထားတဲ့ စေတနာ့ဝန်ထမ်းတွေကို ကျေးရွာ ဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲရာမှာ အဓိက ကျတဲ့ လူမှု စီးပွားဆိုင်ရာ ကျေးရွာရဲ့ အခြေခံအချက်အလက်များ ကောက်ယူနိုင်ရန်အတွက် လိုအပ်သော သင်တန်းတွေ ပေးခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်း တွေအတွက် ရန်ပုံငွေပြင်ဆင်နိုင်ဖို့ သင်တန်းပေးခြင်း တို့ကို ဆောင်ရွက်ရပါတယ်။
စီမံကိန်းဆောင်ရွက်ပုံအဆင့်ဆင့်
သင်တန်းတက်ပြီးတဲ့ စေတနာ့ဝန်ထမ်း နှစ်ဦးနဲ့ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကျေးရွာမှာ ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ ကျေးရွာအတွင်းရှိ ကျေးရွာသူ ကျေးရွာသား တွေနဲ့ ကျေးရွာရဲ့ ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ကဏ္ဍ အလိုက် ဦးစားပေးလုပ်ငန်းများအား ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ရပါတယ်။
ကျေးရွာဖွံ့ဖြိုးရေးလို့ ဆိုတဲ့အတိုင်း ကျေးရွာတွေရဲ့ လိုအပ်ချက်တွေဟာ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုစီးပွားကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုး/ မွေးမြူရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ အစရှိ တဲ့ အမျိုးမျိုးအဖုံဖုံ စုံလင်လျက် ဦးစားပေးအစီအစဉ် အလိုက် ထွက်ရှိလာပါတယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက် အရ ကျေးရွာရဲ့ ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိတဲ့ ကဏ္ဍအသီးသီးမှလိုအပ်ချက်တွေကို ဖော်ထုတ်ပေးရုံသာ မက ထိုကဏ္ဍတွေထဲမှ လုပ်ငန်းအချို့ကို စံနမူနာအနေနဲ့ ကျေးရွာသူ ကျေးရွာသားတွေ လုပ်တတ်ကိုင်တတ်ရှိလာ စေဖို့ လေ့ကျင့်သင်ကြားပေးတဲ့အနေဖြင့် နိုင်ငံတော် ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ နဲ့ ကျေးရွာနေပြည်သူတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပါတယ်။
ကျေးရွာများမှ ဦးစားပေးတောင်းဆိုကြတဲ့ လုပ်ငန်း တွေအနက် စံနမူနာအနေနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ လုပ်ငန်း တွေမှလွဲပြီး အခြားသော ကျန်ရှိနေတဲ့ ကျေးရွာရဲ့ လိုအပ် ချက်တွေကို မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး Township planning and budgeting ရေးဆွဲရာမှာ ထည့်သွင်းဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ် ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသွားနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
နှစ်အလိုက် ဆောင်ရွက်နိုင်ခဲ့မှု
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို ဆောင်ရွက်နိုင်ခဲ့မှု အတိုင်းအတာအနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုက မြို့နယ်ပေါင်း ၂၅၈ မြို့နယ်မှ ကျေးရွာပေါင်း ၁၃၇၉၆ ရွာမှာ စီမံချက်လုပ်ငန်းပေါင်း ၁၁၇၆၃၅ ခုကို ရေးဆွဲနိုင်ခဲ့ပြီး စံနမူနာအနေဖြင့် ကျေးရွာတစ်ရွာကို နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ရင်းနှီးမြှုပ်နှံ မှုဖြင့် ကျေးရွာပေါင်း ၈၁၇၄ ရွာမှာ လုပ်ငန်းပေါင်း ၈၉၄၇ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
လုပ်ငန်းအမျိုးအစားတွေအနေနဲ့ လမ်း/တံတား လုပ်ငန်း ၆၁၆၂ ခု၊ ကျေးရွာရေရရှိရေးလုပ်ငန်း ၈၉၂ ခု၊ ကျေးရွာမီးလင်းရေးလုပ်ငန်း ၄၈၉ ခု၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းနဲ့ တည်ဆောက် ခြင်းလုပ်ငန်း ၅၅၅ ခု၊ ကျန်းမာရေးဆိုင်ရာ အဆောက် အအုံ ပြုပြင်ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်း ၇၂ ခု၊ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း ၄၉၁ ခု၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်း ၃၇ ခုနဲ့ အခြားသော ကျေးရွာရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း ၂၄၉ ခုတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကျေးရွာများမှာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ အဆင်ပြေချောမွေ့စေရန်နဲ့ စံနမူနာ အနေနဲ့ ပြုလုပ်သောလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ အတွက် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ရေးဆွဲတဲ့ ကျေးရွာ တိုင်းမှာ ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်း ကော်မတီကို ကျေးရွာနေပြည်သူ အမျိုးသား အမျိုး သမီးများ ပါဝင်ဖွဲ့စည်းထားရှိရာ ကော်မတီဝင် စုစုပေါင်း ၁၂၄၁၆၄ ဦး ရှိပါတယ်။
စီမံကိန်းရဲ့ အကျိုးကျေးဇူးတွေ
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် မိမိကျေးရွာရဲ့ လက်ရှိ အခြေအနေကို သုံးသပ်လာနိုင်ခြင်း၊ မိမိကျေးရွာမှာ ဦးစားပေးလုပ်ဆောင်သင့်တဲ့ ကဏ္ဍကို သုံးသပ်လာနိုင် ခြင်း၊ ကျေးရွာတွင်းရှိ ပိုင်ဆိုင်သော သဘာဝရင်းမြစ်တွေ ကို တန်ဖိုးထားတတ်လာခြင်းနဲ့ နည်းစနစ်မှန်စွာ သုံးစွဲ လာနိုင်ခြင်း၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားရမှာကို သိရှိလာခြင်း၊ ပူးပေါင်းဆောင်ရွက်တတ် တဲ့ အလေ့အကျင့်များ ရရှိလာခြင်း၊ စာရင်းဇယားတွေ ပြုစုထိန်းသိမ်းလာနိုင်ခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အားကောင်းလာခြင်းနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စံနမူနာ လုပ်ဆောင်ရတဲ့အတွက် နည်းပညာပိုင်းဆိုင်ရာ တိုးတက်လာခြင်းတို့ကို တွေ့ရှိရပါတယ်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆက်လက် တိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ကျေးရွာတိုင်းမှာ ကျေးရွာသူ ကျေးရွာသားတွေကိုယ်တိုင် ဖော်ထုတ်ရေးဆွဲ ထားတဲ့၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် ပကတိ လိုအပ်တဲ့ ကဏ္ဍအလိုက် ကျေးရွာဖွံ့ဖြိုးရေးအစီအမံများ ဖော်ထုတ် ပြီးသား ရှိလာမှာဖြစ်တဲ့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့်သူများအနေနဲ့ အလွယ်တကူ ရယူ သုံးစွဲပြီး အထောက်အပံ့ပေးခြင်းတွေကို ဆောင်ရွက်နိုင် မှာဖြစ်ပါတယ်။
ကျေးရွာသူ ကျေးရွာသားများအနေနဲ့လည်း ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရဲ့ လုပ်ငန်းစဉ်ရေးဆွဲ ခြင်းနဲ့ အကောင်အထည်ဖော်ခြင်း အစီအစဉ်မှာ ပါဝင် ဆောင်ရွက်ရတဲ့အတွက် မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်း၊ ဖွံ့ဖြိုးရေးဗျူဟာများနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းများ စီစဉ်ရေးဆွဲခြင်း ဆိုင်ရာ စွမ်းဆောင်ရည်တွေ တိုးတက်လာနိုင်တဲ့အတွက် ကျေးရွာအားလုံးမှာ ကဏ္ဍစုံဖွံ့ဖြိုးလာစေဖို့ လိုအပ် ချက်တွေကို ကျေးရွာအဆင့်မှာ ဖော်ထုတ်ဆွေးနွေးလာ နိုင်ရုံသာမက ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင် အဆင့်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အထိပါ ချိတ် ဆက် ဆောင်ရွက်လာနိုင်ပြီး ပြည်ထောင်စုအဆင့် ကဏ္ဍ အလိုက် ဖွံ့ဖြိုးတိုးတက်ရေး(Sectorial Plan) အထိပါ အထောက်အကူပြုလာနိုင်မှာလည်း မလွဲဧကန်ပင် ဖြစ်ပါ တော့တယ်။ ။
သက်ရတနာထွန်း(ကျေးလက်ဦးစီး)