Skip to main content

ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၄၄ ) ညှဉ်းပန်းနှိပ်စက်မှု

မောင်ပျင်းရိ၏ မေးခွန်း

“ပြီးခဲ့တဲ့အပတ်က တရားစီရင်ရေး၏အင်အား ဆောင်းပါးကို ဖတ်ရပါတယ်။ တစ်ဆက်တည်း ပဲညှဉ်းပန်းနှိပ်စက်မှုအကြောင်း သိလိုပါတယ်။ အချို့ တရားခံတွေကို ညှဉ်းပန်းနှိပ်စက် ခံရတယ်လို့ သတင်းဂျာနယ်အချို့မှာ ဖော်ပြထားတာတွေ့ရပါ တယ်။ ဒါကြောင့် တရားစီ ရင်ရေးမှာ ညှဉ်းပန်း နှိပ်စက်မှု ရှိနိုင်ပါသလား။ ဆွေးနွေးပြပါ ဆရာကြီး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက ဆွေးနွေး မေးမြန်းလာပါသည်။ ထို့ကြောင့် ဤစာကို ရေးပါ သည်။

တရားစွဲဆိုမတင်ပို့မီ

တရားရုံးသို့ တရားစွဲဆိုမတင်ပို့မီ ဖြစ်စေ၊ တင်ပို့ပြီးနောက်ဖြစ်စေ စွပ်စွဲခံရသူတစ်ဦးဦးအား တရားစွဲအဖွဲ့အစည်းက ညှဉ်းပန်းနှိပ်စက်လေ့ ရှိကြောင်း ကြားသိရပါသည်။ မှန်တာလည်း ရှိမည်။ မှားတာလည်း ရှိမည်။ မှန်၊ မမှန်ကတော့ ကာယကံရှင်များသာ သိကြပါလိမ့်မည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights)

အပိုဒ်(၁) တွင် “လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိ ကြသည်။ လူတို့၌ ဆင်ခြင်တုံတရားနှင့် အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိကြ၍၊ တစ်ဦးကိုတစ်ဦး ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆက်ဆံကျင့်သုံးသင့်သည်” ဟု ဖော်ပြထားသည်။

အပိုဒ်(၅)တွင် “မည်သူ့ကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာညှိုးနွမ်းစေသော ပြုမူ ဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ” ဟု ဖော်ပြထားသည်။

အပိုဒ်(၉)တွင် “မည်သူမျှမတရား ဖမ်းဆီးခြင်း၊ မတရားချုပ်နှောင်ခြင်း၊ မတရားပြည်နှင်ခြင်း မခံ စေရ” ဟု ဖော်ပြထားသည်။

အပိုဒ်(၁၀)တွင် “လူတိုင်းသည် ၎င်း၏အခွင့် အရေးနှင့် တာဝန်ရှိမှုများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ၎င်းအပေါ် ပြစ်မှုကြောင်းအရ စွပ်စွဲချက်ကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း လွတ်လပ်၍ ဘက်လိုက်မှုမရှိသော တရားရုံး တစ်ရပ်က အများပြည်သူ ရှေ့မှောက်တွင် တရား မျှတစွာ ကြားနာစစ်ဆေးခြင်းကို တန်းတူရည်တူ အပြည့်အဝ ရပိုင်ခွင့်ရှိသည်” ဟုလည်း ဖော်ပြထား သည်။

ညှဉ်းပန်းနှိပ်စက်မှုဆိုသည်မှာ

“The United Nations Convention against Torture, 1984” တွင် “ ညှဉ်းပန်းနှိပ်စက်မှု ဆိုသည် မှာ လူတစ်ဦးထံမှဖြစ်စေ၊ သက်ဆိုင်သူ တစ်ဦး ထံမှဖြစ်စေ သတင်း သို့မဟုတ် ဖြောင့်ချက်ရယူ ရန် ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ လူတစ် ဦး သို့မဟုတ် သက်ဆိုင်သူတစ်ဦးက ကျူးလွန်ခဲ့ သော သို့မဟုတ် ကျူးလွန်သည်ဟု သံသယရှိသော ပြုလုပ်မှုအတွက် ထိုသူကို ပြစ်ဒဏ်ပေးသည့်အနေ ဖြင့် သော်လည်းကောင်း၊ ထိုသူ သို့မဟုတ် သက် ဆိုင်သူတစ်ဦးကို ခြိမ်းခြောက်ခြင်း သို့မဟုတ် အနိုင်အထက် ပြုခြင်းဖြင့်သော်လည်းကောင်း၊ ခွဲခြားဆက်ဆံခြင်း တစ်မျိုးမျိုးအပေါ် အခြေခံသော အကြောင်းတစ်စုံတစ်ရာ အတွက်သော်လည်း ကောင်း၊ လူတစ်ဦးတစ်ယောက်ကို စိတ်ပိုင်းဆိုင် ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်းနာကျင် ခြင်း သို့မဟုတ် ခံစားရခြင်းဖြစ်စေသည့် ပြုလုပ်မှု တစ်ခုခုဖြစ်ပြီး ယင်းသို့ နာကျင်ခြင်း သို့မဟုတ် ခံစားရခြင်းသည် ပြည်သူ့ဝန်ထမ်းတစ်ဦး သို့မဟုတ် လုပ်ပိုင်ခွင့်ရှိသူနေရာတွင် တာဝန်ယူ ထားသူ အခြားပုဂ္ဂိုလ်တစ်ဦးကြောင့်ဖြစ်စေ၊ ထိုသူ ၏ တိုက်တွန်းမှုကြောင့်ဖြစ်စေ၊ သဘောတူညီမှု သို့မဟုတ် ခွင့်ပြုချက်နှင့်ဖြစ်စေ နာကျင်ခံစား ရခြင်းဖြစ်သည်” ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။

ဤသို့ဆိုလျှင် လူ့အခွင့်အရေး၏ သဘော သဘာဝနှင့် ညှဉ်းပန်းနှိပ်စက်မှုအကြောင်း အကျဉ်း မျှ သိရှိနိုင်ပါပြီ။ ဥပဒေအခွင့်အရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ထုတ်ဝေသော “မျှတ သော တရားစီရင်ရေးဆိုင်ရာစံနှုန်းများ” စာစောင် ကို ရည်ညွှန်းကိုးကားလျက် ဆက်လက် ဆွေးနွေး ကြဦးစို့။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)

ပုဒ်မ ၄၄ တွင် “ လူ့သိက္ခာညှိုးနွမ်းသေးသိမ် စေသည့်ပြစ်ဒဏ် ပြဋ္ဌာန်းခွင့်မရှိစေရ” ဟု ပြဋ္ဌာန်း ထားပါသည်။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေ

ပုဒ်မ ၃ တွင် တရားစီရင်ရာ၌ အောက်ပါ တို့ကို အခြေခံရမည်-

(ဆ) ပြစ်မှုကျုးလွန်သူကို အရေးယူအပြစ်ပေး ရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရေးဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ

ပုဒ်မ ၁၇ တွင် ဤဥပဒေကို လိုက်နာရသူ တစ်ဦးသည်-

(က) ဥပဒေအရ၊ ဖမ်းဆီးခွင့်မရှိသူအား အကြောင်းမဲ့ ဖမ်းဆီးထားလျှင်၊ ချုပ် နှောင်ထားလျှင် သို့မဟုတ် ထိုသူ၏ အမှုကို စုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာအာဏာပိုင်ထံ တင်ပြရန် ပျက်ကွက်လျှင်၊

( ဂ ) အကျဉ်းသား၊ အချုပ်သားတစ်ဦးက အခြားသူတစ်ဦးအား ရိုက်ပုတ်ရန် သို့မဟုတ် အခြားနည်းအားဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ခိုင်းစေလျှင်၊ ထိုသို့ ပြုလုပ်နေသည်ကို သိလျက်နှင့် ဟန့်တားရန် သို့မဟုတ် အရေးယူရန် ပျက်ကွက်လျှင်၊

(ဆ) အကျဉ်းသား၊ အချုပ်သား သို့မဟုတ် ဖမ်းဆီးထားသူတစ်ဦးအား ရိုက်ပုတ် လျှင် သို့မဟုတ် အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင်၊ ရဲတရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ ၃ နှစ် အထိ ထောင်ဒဏ်ဖြစ်စေ၊ ဤဥပဒေ တွင် ဖော်ပြထားသည့် လျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည် ဟု ဖော်ပြထားသည်။

ရာဇသတ်ကြီး

ပုဒ်မ ၃၃၀ တွင် “အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သောသူထံ မှဖြစ်စေ၊ ပြစ်မှု သို့တည်းမဟုတ် အကျင့်ပျက်ပြားမှု ပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့တည်းမဟုတ် ထိုသို့သော သတင်းပေးချက်ကို ခြောက်လှန့်၍ တောင်းရန်သော်လည်းကောင်း၊ အပြုခံရသူအား သို့တည်းမဟုတ် အပြုခံရသူနှင့် အကျိုးသက်ဆိုင် သူအား ပစ္စည်းကိုဖြစ်စေ၊ အဖိုးတန်စာတမ်း အမှတ်အသားကိုဖြစ်စေ၊ ပြန်ပေးအောင် သို့တည်း မဟုတ် ပြန်ပေးစေအောင် သို့တည်းမဟုတ် တောင်းဆိုချက်ကို ဖြစ်စေ၊ လိုလားချက်ကိုဖြစ်စေ ပေးအောင် သို့တည်းမဟုတ် ပစ္စည်းကိုဖြစ်စေ အဖိုးတန်စာတမ်း အမှတ်အသားကိုဖြစ်စေ၊ ပြန်ရ စေနိုင်သော သတင်းကိုပေးအောင် အတင်းအဓမ္မ ပြုစေရန်သော်လည်းကောင်း မည်သူမဆို မိမိအလို အလျောက်နာကျင်စေမှုကိုပြုလျှင်” ဟုဖော်ပြပြီး။

ပုဒ်မ ၃၃၁ တွင် “ အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သောသူထံမှ ဖြစ်စေ ပြစ်မှု သို့တည်းမဟုတ် ကိုယ်ကျင့်ပျက်ပြားမှု ပေါ်စေနိုင်သော ဖြောင့်ချက်ကို သို့တည်းမဟုတ် ထိုသို့သောသတင်းပေးချက်ကို ခြောက်လှန့်၍ တောင်းရန်သော်လည်းကောင်း၊ အပြုခံရသူအား သို့တည်းမဟုတ် အပြုခံရသူနှင့် အကျိုးသက်ဆိုင် သူအားပစ္စည်းကိုဖြစ်စေ၊ အဖိုးတန်စာတမ်းအမှတ် အသားကိုဖြစ်စေ ပြန်ပေးအောင် သို့တည်းမဟုတ် ပြန်ပေးစေအောင် သို့တည်းမဟုတ် တောင်းဆို ချက်ကိုဖြစ်စေ၊ လိုလားချက်ကိုဖြစ်စေ ပေးအပ် အောင် သို့တည်းမဟုတ် ပစ္စည်းကိုဖြစ်စေ၊ အဖိုး တန် စာတမ်း၊ အမှတ်အသားကိုဖြစ်စေ ပြန်ရစေနိုင် သော သတင်းကိုပေးအောင် အတင်းအဓမ္မပြုစေရန် သော်လည်းကောင်း မည်သူမဆို မိမိ အလို အလျောက် အပြင်းအထန်နာကျင်စေမှုကို ပြုလျှင် ဟု ဖော်ပြထားပါသည်။

ကလေးသူငယ်ဥပဒေ

ပုဒ်မ ၃၇(ဂ) တွင် “ ရဲအရာရှိ သို့မဟုတ် အရေးယူပိုင်ခွင့်ရှိသူသည် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို ဖမ်းဆီးလျှင် နှိပ်စက်ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းမပြုရ” ဟု လည်း ဖော်ပြထားပါသည်။

စေတနာ

ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေများအကြောင်း လက်လှမ်းမီသမျှ ရည်ညွှန်း ကိုးကားပြီး တွေးခေါ်စဉ်းစားမိသော ကျွန်တော် ၏စေတနာ ဥပဒေအတွေးမျှသာပါ . . . ။ ။

ဦးဟန်ညွန့် (ဥပဒေ)