Skip to main content

ကျွန်တော်နဲ့ နိုင်ငံရေးဘောဂဗေဒ

ငယ်ငယ်ကတည်းက ကျွန်တော် လေ့လာဆည်းပူးချင်တဲ့ ဘာသာရပ်က နိုင်ငံရေး ဘောဂဗေဒဖြစ်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်နှစ်ခုကို ပေါင်းစပ်ပြီး ဆန်းသစ်တဲ့ ဘာသာရပ်။ နိုင်ငံရေးလို့ပြောရင် စီးပွားရေးကို စဉ်းစားဖို့ လိုအပ်သလို စီးပွားရေးကို နိုင်ငံရေးနဲ့ ခွဲခြားလို့ မရနိုင်ပါဘူး။ ကျွန်တော် ပထမနှစ်နဲ့ ဒုတိယနှစ် ဥပစာဝိဇ္ဇာတန်း တက်နေစဉ် ဘောဂဗေဒဘာသာကို သင်ကြားခွင့်ရခဲ့တယ်။ ခေတ်သစ် စီးပွားရေးပညာကို ဖော်ထုတ်တဲ့ ပညာရှင် အာဒမ်စမစ်ဟာ နိုင်ငံများ၏နိုင်ငံရေးဘောဂဗေဒ ခေါင်းစဉ်နဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့စာအုပ်ဟာ စီးပွားရေးပညာသင်ယူတဲ့ ကျောင်းသားတွေ အတွက် ကျမ်းကိုးဖြစ်ပြီး မဖတ်မနေရ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်နဲ့ ပတ်သက်ပြီး နာမည်ကျော် ဂျာမန်ပညာရှင်ကြီး ကား(လ်)မတ်(စ်)က အရင်းအနှီးဆိုတဲ့အမည်နဲ့ သမိုင်းဦးဘုံမြေစနစ် မှ စက်မှုတော်လှန်ရေး ခေတ်ပြောင်းလဲမှုတွေကို နိုင်ငံရေး ရှုထောင့်၊ စီးပွားရေးရှုထောင့်မှ လေ့လာသုတေသနလုပ်ပြီး စာအုပ်ထုတ်ဝေခဲ့ပါတယ်။ လက်ဝဲ နိုင်ငံရေးသမားတွေ အတွက် လက်စွဲစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကျွန်တော် တက္ကသိုလ်တက်နေတဲ့ အချိန်ကာလဟာ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီကာလ ဖြစ်တာကြောင့် "အညမည"နဲ့ ကြီးပြင်းလာခဲ့တယ်။ အမှန်တော့ ဒီသဘောတရားတွေဟာ လက်ဝဲဝါဒကို အခြေပြုခြင်းဖြစ်ပါတယ်။ အခြေခံတစ်ခု အနေနဲ့ အရင်းရှင်စီးပွားရေးစနစ်ကို လက်မခံဘဲ နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေးကို အစိုးရက စီမံအုပ်ချုပ်ရမယ်ဆိုတဲ့ အယူအဆနဲ့ လှုပ်ရှားတာဖြစ်တယ်။ ဒါကြောင့်လည်း ပုဂ္ဂလိကလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းပိုက်ခဲ့တယ်။ ပြည်သူပိုင်ဆိုတာ အလွန်နှစ်သက်ဖွယ်ကောင်းတဲ့ အသုံး အနှုန်းဖြစ်ပါတယ်။ တကယ်စင်စစ်မှာတော့ စီးပွားရေး အဖွဲ့အစည်းတွေကို အုပ်ချုပ်ရေးပုံစံနဲ့ စီမံဆောင်ရွက်ခြင်း ဖြစ်တယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးယန္တရားကို အစိုးရက ချုပ်ကိုင်စီမံပြီး ရတဲ့ အကျိုးအမြတ်တွေကို ပြည်သူ့ အကျိုးအတွက် မျှဝေသုံးစွဲခြင်းဖြစ်ပါတယ်။ အင်မတန်မှ သင့်မြတ်တဲ့အရာဖြစ်ပေမယ့် လက်တွေ့မှာ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ပြည်သူပိုင်လုပ်ငန်းအားလုံး အရှုံးပေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခဲ့ပါ တယ်။

ကိုလိုနီခေတ် မြန်မာ့စီးပွားရေး

လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို နိုင်ငံခြားသားတွေဖြစ်တဲ့ အင်္ဂလိပ်တွေ၊ ပြင်သစ်တွေ၊ ဂျာမနီတွေက စိုးမိုးခဲ့ပါတယ်။ တစ်ဖက်မှာ လည်း အိန္ဒိယနဲ့ တရုတ်နိုင်ငံသားတွေဟာ တွင်တွင် ကျယ်ကျယ် ပါဝင်ခဲ့တယ်။ ယခု မဟာဗန္ဓုလပန်းခြံ အနီးမှာရှိတဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေဟာ နိုင်ငံသားပိုင်တဲ့ ဘဏ်တွေဖြစ်တယ်။ ရန်ကုန်မြို့ဟာ တစ်ချိန်တုန်းက အရှေ့တောင်အာရှမှာ စီးပွားရေးအရ အထင်ရှားဆုံးမြို့တစ်မြို့ ဖြစ်ခဲ့တယ်။ ရန်ကုန်ဆိပ်ကမ်းက တစ်ဆင့် ခရီးသည် အဝင်အထွက် အရေအတွက်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ အရေအတွက် ထက် များကြောင်း သမိုင်းအထောက်ထားတွေ ရှိခဲ့တယ်။ ယခု ဧရာဝတီဘဏ်ရုံးချုပ် အဆောက်အအုံဟာ စစ်မဖြစ်မီ ကာလက အရှေ့တောင်အာရှမှာ အစောဆုံး ဖွင့်လှစ်ခဲ့တဲ့ ခေတ်မီကုန်စုံဆိုင် ရိုးကုမ္ပဏီ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာလည်း လယ်လုပ်သား တွေကို အိန္ဒိယနိုင်ငံမှတစ်ဆင့် ခေါ်ယူပြီး အလုပ်လုပ်စေ ခဲ့တယ်။ တောင်သူလယ်သမားများ လိုအပ်တဲ့ ချေးငွေ တွေကိုလည်း အိန္ဒိယလူမျိုး ချစ်တီးတွေက လက်ဝါးကြီး အုပ်ခဲ့တာဖြစ်တယ်။ အခုလို စီးပွားရေး အဆောက်အအုံ တွေဟာ နိုင်ငံခြားသားတွေလက်ထဲ ကျရောက်နေမှုကို နိုးကြားတဲ့ မြန်မာလူထုအနေနဲ့ ခံပြင်းပြီး မကျေနပ်ခဲ့တာ ကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေး တိုက်ပွဲဟာ နိုင်ငံရေးလှုပ်ရှား၊ စစ်ရေးလှုပ်ရှားတွေ ဖြစ် ပေမယ့် အခြေခံတစ်ခုကတော့ စီးပွားရေးနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေကြောင့် ဖြစ်တာကို တွေ့ရပါ တယ်။

တက္ကသိုလ်ကျောင်းသားများအပါအဝင် လွတ်လပ် ရေးကိုရအောင် တိုက်ပွဲဝင်ဖို့ စဉ်းစားရာမှာ စီးပွားရေးကို မြန်မာလူမျိုးတွေလက်ထဲ ရောက်စေချင်တဲ့ ဆန္ဒဟာ ပြင်းပြလှပါတယ်။ ကိုလိုနီစီးပွားရေးစနစ်ကို တော်လှန်ရုံ မက အရင်းရှင်စီးပွားရေးစနစ်ကို လက်မခံလိုတဲ့စိတ်ဓာတ် တွေလည်း ရှိခဲ့တယ်။ အရင်းရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်ဟာ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ် ဖြစ်ပါတယ်။

ဖဆပလခေတ် မြန်မာ့စီးပွားရေး

ပညာတတ် လူငယ်တွေဟာ နဂါးနီ စာဖတ်အသင်းမှ တစ်ဆင့် အင်္ဂလန်နိုင်ငံကို တော်လှန်တဲ့ အိုင်ယာလန် လှုပ်ရှားမှုတွေကို အားကျခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ကွန်မြူနစ်ပါတီကို တည် ထောင်ခဲ့သူတွေအနက် ပါဝင်ခဲ့သူဖြစ်ပါတယ်။ လွတ်လပ် ရေး ရပြီးချိန် စစ်ပြီးကာလ ပျက်စီးယိုယွင်းခဲ့တဲ့ စီးပွား ရေးအဆောက်အအုံတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေ ဆောင်ရွက်ခဲ့တယ်။ ဝန်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရအနေနဲ့ (mixed economy) ရောမွှေတဲ့ စီးပွားရေးပုံစံကို ကျင့်သုံးခဲ့တယ်။ တစ်ဖက်က ပုဂ္ဂလိက ကဏ္ဍကို အားပေးခဲ့သလို တစ်ဖက်မှာလည်း နိုင်ငံတော် အစိုးရအနေနဲ့ စီးပွားရေးကဏ္ဍမှာ တက်ကြွစွာ ပါဝင်ခဲ့တာ တွေ့ရတယ်။

တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှုအတွက် ပြည်တော်သာ စီမံကိန်းကို ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်ဆောင် ကြိုးစားခဲ့တယ်။ အမှန်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ ကိုလိုနီလက်အောက်ခံ နိုင်ငံအများစုဟာ လွတ်လပ်ရေး တွေ ရခဲ့တယ်။ နယ်ချဲ့စနစ်ကို တော်လှန်ကြရာမှာ နိုင်ငံ ရေးဦးတည်ချက် ရှိရုံသာမက စီးပွားရေး ဦးတည်ချက် လည်း ပါရှိခဲ့တယ်။ ဗီယက်နမ်နိုင်ငံမှ ဟိုချီမင်း၊ အင်ဒို နီးရှားနိုင်ငံမှ ဆူကာနိုတို့ဟာ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့ကြပြီး ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်တွေကို လက်ခံ ခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး ပုံစံတွေကို ဖော်ထုတ်ခဲ့တာဖြစ် တယ်။ စင်ကာပူနိုင်ငံခေါင်းဆောင် လီကွမ်ယူ ဟာလည်း ဆိုရှယ်လစ်ပါတီဝင်တစ်ဦးဖြစ်တာ တွေ့ရှိရ ပါတယ်။

၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ် ၁၀ နှစ်ကာလအတွင်း မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ သိသိသာသာ တိုးမြင့်ခဲ့တယ်။ တစ်ဦးကျဝင်ငွေဟာ အင်ဒိုနီးရှားနိုင်ငံထက် လေးဆများ ခဲ့တယ်။ အမေရိကန် စီးပွားရေးပညာရှင်များရဲ့ သုံးသပ် ချက်အရ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အလား အလာအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကောက် ချက်ချခဲ့တယ်။ ၁၉၅၁ ခုနှစ် ကာလများအတွင်း မြန်မာ နိုင်ငံဟာ စစ်ဖြစ်နေတဲ့ ကိုရီးယားနိုင်ငံကို ဆန်များလှူဒါန်း နိုင်ခဲ့တာဖြစ်တယ်။ ၁၉၅၃ ခုနှစ်က ရန်ကုန်မြို့ မင်္ဂလာဒုံ လေယာဉ်ကွင်းအသစ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဒွန်မောင်းလေယာဉ်ကွင်းထက် ထည်ဝါခမ်းနား တာကို တွေ့မြင်ခဲ့ရတယ်။

တော်လှန်ရေးကောင်စီခေတ်

၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးချိန်မှာ နိုင်ငံစီးပွားရေးနဲ့ ပတ်သက်ပြီး လက်ဝဲအစွန်းရောက် အတွေးအခေါ်နဲ့ စီးပွားရေးကိုဖွင့်ပြီး လှုပ်ရှားလိုတဲ့ အယူအဆ လွန်ဆွဲခဲ့ပြီး လက်ဝဲအစွန်းကအသာစီးရခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း နိုင်ငံရဲ့စီးပွား ရေးအဆောက်အအုံများကို တင်းကျပ်စွာ ကိုင်တွယ်ခဲ့ တယ်။ ပုဂ္ဂလိက စီးပွားရေးစနစ် ပပျောက်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

နောက်ဆက်တွဲပြဿနာကတော့ မှောင်ခိုစီးပွားရေး စနစ် ပေါ်ပေါက်လာမှုပဲဖြစ်တယ်။ ပြည်သူရဲ့လိုအပ်ချက် တွေကို နိုင်ငံပိုင်လုပ်ငန်းတွေက ဆောင်ရွက်မပေးနိုင်တာမို့ ကွက်လပ်ကို မှောင်ခိုဈေးကွက်နဲ့ ဖြည့်ဆည်းခဲ့တာဖြစ် တယ်။ ဈေးနှုန်းတွေကိုလည်း စီးပွားရေးအခြေခံဖြစ်တဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအားတို့ရဲ့ အားမျှခြေအပေါ် အခြေ ခံခြင်းမရှိဘဲ နိုင်ငံတော်မှာ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တာ ကြောင့် မှောင်ခိုစနစ်ဟာ ကြီးထွားလာခဲ့တာဖြစ်တယ်။ ၂၅ နှစ်ကျော် ကာလအတွင်း နိုင်ငံစီးပွားရေး အခြေအနေ တွေဟာ တဖြည်းဖြည်း ယိုယွင်းလာပြီး ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်။

၁၉၈၈ လူထုအုံကြွမှုဟာ နိုင်ငံရေးအပေါ် အခြေခံခဲ့ တာ မှန်သော်လည်း စီးပွားရေးပြဿနာတွေ၊ စိန်ခေါ်မှုတွေ ကြောင့် အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးဘောဂကို မျက်ဝါးထင်ထင် ဖော်ညွှန်းခြင်း ဖြစ်ပါတယ်။ နိုင်ငံအာဏာကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ပြီး တက်လာတဲ့ (နဝတ)အစိုးရအနေနဲ့ တံခါးဖွင့် စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ခဲ့ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ကို အားပေးခဲ့ပြီး ဆိုရှယ်လစ် စီးပွားရေးစနစ် အဆောက်အအုံတွေကို ရုပ်သိမ်းခဲ့တာ တွေ့ရပါတယ်။

နဝတအစိုးရခေတ်

နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် တစ်ဖက်မှာ စိန်ခေါ် မှုတွေ ကြုံတွေ့ရခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ နားလည် မှုယူပြီး စီးပွားရေးအခွင့်အလမ်းတွေ ပေးခဲ့တယ်။ တစ်ဖက် မှာလည်း ပြည်တွင်းလုပ်ငန်းရှင်များကို မွေးထုတ်ခဲ့တယ်။ အဆက်အသွယ် စီးပွားရေးစနစ်ကို ဖော်ထုတ်ခဲ့တယ်။ ဈေးနှုန်းထိန်းချုပ်တဲ့စနစ်ကို ဖျက်သိမ်းခဲ့ပြီး ဝယ်လိုအား နဲ့ ရောင်းလိုအား ယန္တရားကို အားကိုးခဲ့တယ်။ နိုင်ငံရဲ့ သဘာဝ သယံဇာတတွေကို ဖော်ထုတ်ခွင့်ပြုခဲ့တယ်။ အခုလို ပြောင်းလဲလာတဲ့ အခြေအနေကို အခွင့်အရေးယူပြီး စီးပွား ရေးတွေ တည်ဆောက်လာခဲ့တယ်။ မြန်မာပြည်မှာ ကရိုနီ စီးပွားရေးစနစ် ပေါ်ပေါက်လာခဲ့တယ်။

ကရိုနီဆိုတဲ့ဝေါဟာရ ခေတ်စားလာတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရေးဘောဂဗေဒ အမြင်အရ ကရိုနီ စီးပွားရေးစနစ်ကို အသက်သွင်းကြတယ်။ ကရိုနီရဲ့ မူရင်း အဓိပ္ပာယ်က မိတ်ဆွေသူငယ်ချင်း။ စီးပွားရေးအခွင့်အလမ်း တွေကို မိမိရင်းနှီးတဲ့သူ၊ မိမိကို ချဉ်းကပ်တဲ့သူတွေကို မျက်နှာလိုက်ပြီး အသာစီးရအောင် ဆောင်ရွက်မှုဖြစ်တယ်။ ကိုယ်နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေကို လက်သိပ် ထိုးပြီး အခွင့်အရေးတွေပေးတာ ဖြစ်တယ်။ ပွင့်လင်း မြင်သာမှု အားနည်းခဲ့တယ်။ ယှဉ်ပြိုင်မှုမရှိသလို ပွင့်လင်း မြင်သာမှု မရှိတဲ့အတွက် "မြေညီကွင်း" မဖြစ်ခဲ့တာကို လည်း မြင်တွေ့ရတယ်။ စီးပွားရေးသီအိုရီတစ်ခုဖြစ်တဲ့ (rent-seeking)ကို လက်တွေ့ကျင့်သုံးခဲ့တယ်။ ဒီအဖြစ် အပျက်ကို မိမိကိုယ်တွေ့နဲ့ယှဉ်ပြီး တင်ပြနိုင်တယ်။ ၂၀၀၈ ခုနှစ် မြန်မာပြန်ရောက်တဲ့အချိန် အိမ်စီးဖို့ မော်တော်ယာဉ် ဝယ်ဖို့ စဉ်းစားတဲ့အခါ ညီဖြစ်သူက ကားအသစ်ဝယ်ဖို့ တိုက်တွန်းအကြံပေးတယ်။ အစိုးရထုတ်တဲ့ဆူဇူကီး အာရ် ပလပ် အနီရောင်။ အရောင်းပြခန်းမှာ သိန်း ၆၅၀ နဲ့ ဝယ်ခဲ့ရ တယ်။ ဒီကားကို ပါမစ်ရှိရင် သိန်း ၁၅၀ ပဲ ကျတာ။ ပါမစ် တွေကို ရောင်းချခွင့်ရှိသူတွေအတွက် အမြတ်အစွန်းက အများကြီး။ ဒါကြောင့်လည်း တစ်ချိန်က မော်တော်ယာဉ် ဈေးတွေဟာ အဆမတန် များခဲ့တာ။ တစ်ဖက်မှာလည်း သစ်တောတွေ၊ သဘာဝသယံဇာတ ပစ္စည်းတွေ အတား အဆီးမရှိ စီးပွားရေးလုပ်ကွက် ပေးခဲ့တယ်။ မြေကြီးတွေကို လည်း အကွက်တွေရိုက်ပြီး ရောင်းချခဲ့တယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှု တွေ လုပ်ခဲ့တယ်။ စီးပွားရေးနယ်ပယ်တွင်မက အုပ်ချုပ် ရေးနယ်ပယ်မှာလည်း ပြောင်းလဲအောင် ကြိုးစားခဲ့တယ်။ ဆက်သွယ်ရေးကဏ္ဍမှာ အခြေခံကျတဲ့ ခွင့်ပြုချက်တွေ ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် စီးပွားရေးမူဝါဒတွေဟာ တည်ငြိမ်မှုမရှိဘဲ မကြာခဏ စိတ်ကူးပေါ်တိုင်း ပြောင်းလဲ ခဲ့တယ်။ မော်တော်ယာဉ်တင်သွင်းခွင့်ကို ခွင့်ပြုခဲ့တယ်။ ရုတ်တရက်ကြည့်ရင် ကြိုဆိုရမယ့်အရာ ဖြစ်ပေမယ့် မြန်မာပြည်ကိုရောက်လာတဲ့ နိုဘယ်ဆုရပါမောက္ခ စတီ ဂလစ် ပြောခဲ့တာကို မှတ်မိတယ်။ မော်တော်ယာဉ်တင် သွင်းမှုနဲ့ ပတ်သက်ပြီး ခင်ဗျားတို့မှာ အခြေခံရွေးချယ်မှု ရှိတယ်။ အများစီးနိုင်တဲ့ ခေတ်မီဘတ်စ်ကားတစ်စီး တင် သွင်းမလား၊ ဇိမ်ခံကားဖြစ်တဲ့ မာစီးဒီးကား သွင်းမလား။ သူ့ရဲ့မေးခွန်းဟာ နိုင်ငံရေးဘောဂဗေဒမေးခွန်းဖြစ်တယ်။ အများပြည်သူတွေ သွားလာရေးအတွက် ဘတ်စ်ကား တွေကို ဦးစားပေးခြင်းမရှိဘဲ တစ်ပတ်နွမ်းကားတွေကို စည်းကမ်းမဲ့ တင်သွင်းခဲ့တာကြောင့် ရန်ကုန်မြို့နဲ့ အခြား မြို့ကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်ခဲ့ရတယ်။ အခုအချိန်မှာ ဒီကားတွေရဲ့သက်တမ်းဟာ ၁၀ နှစ်ရှိနေပြီး တစ်စတစ်စ ယိုယွင်းလာခဲ့ပြီ။ အမှန်တော့ ဂျပန်ပြည်က ကားအဟောင်း တွေရဲ့ အမှိုက်ပုံကြီးကို ငွေပေးပြီး ကိုယ့်နိုင်ငံကို ရွှေ့လိုက် သလို ဖြစ်နေတာ။

လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲအနိုင်ရပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်ခဲ့တာ တွေ့ရတယ်။ စီးပွားရေးကဏ္ဍမှာ ပုဂ္ဂလိကကဏ္ဍ တိုးတက် ဖွံ့ဖြိုးမှုကို ဦးစားပေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုခဲ့တယ်။ အောင်မြင်မှုတွေရရှိပေမယ့် ဆက်လုပ်စရာ တွေ အများကြီးရှိသေးတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ် ခဲ့တဲ့ အခက်အခဲတွေကြောင့် နိုင်ငံခြား ဖိအားပေးမှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ခေတ်အဆက်ဆက်က ကိုင်တွယ်ဖြေ ရှင်းဖို့ ခက်ခဲတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရဲ့ ဝန်ထုပ် ဝန်ပိုးကို ဆက်ပြီး ထမ်းရွက်နေရတယ်။ ကြိုးနီစနစ်ကို လျော့ပါးအောင်လုပ်ဖို့ ကြိုးစားပေမယ့် အရိုးစွဲတဲ့ အလေ့ အကျင့်တွေက အမြစ်တွယ်နေတယ်။ ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ ဗဟိုနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အကြား ညှိနှိုင်းဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ ကြုံခဲ့ရ တယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအပေါ် ပြည်သူတွေရဲ့ ယုံကြည် အားကိုး မှုကို ထင်ရှားစွာပြသခြင်း ဖြစ်တယ်။ မျှော်လင့်ချက် ကြီးကြီးနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်။ နိုင်ငံရေးအရ အခုလို အပြည့်အဝထောက်ခံမှုတွေ ရရှိထားတဲ့အတွက် ဒုတိယ သက်တမ်းမှာ ပိုပြီးတာဝန်ကြီးလာတယ်။ ထင်သာမြင်သာ တဲ့ရလဒ်တွေ ဖော်ထုတ်နိုင်အောင် ကြိုးစားရမှာ ဖြစ်တယ်။

ကျွန်တော့်ရဲ့မျှော်လင့်ချက်က Smart Governance ဉာဏ်ရည်ထက်မြက်တဲ့စီမံအုပ်ချုပ်မှုကို ကျင့်သုံးပြီး နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ တွေ့ရတယ်။ ပြည်သူရဲ့ထောက်ခံချက် အပြည့်အဝ ရထားတဲ့အတွက် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လုပ်နိုင်တဲ့ အခွင့်အရေးကောင်း တွေ ရှိပါတယ်။ ပုဂ္ဂလိက စီးပွားရေးကို လွှတ်ပေးပြီး မကြာမီမှာ အစိုးရအနေနဲ့ လက်မှတ်ထိုးခဲ့တဲ့(RCEP) အခွင့်အလမ်းတွေကို ရနိုင်အောင် ဖော်ထုတ်ရမှာဖြစ်တယ်။ သွက်လက်မြန်ဆန်ပြီး ရလဒ်ကိုအခြေခံတဲ့ စီမံခန့်ခွဲမှုကို ကျင့်သုံးရမှာဖြစ်တယ်။ တော်တဲ့သူ၊ တတ်တဲ့သူ၊ ထူးချွန် တဲ့သူတွေကို ရှေ့တန်းတင်ပြီး ယုံယုံကြည်ကြည်နဲ့ တာဝန် ပေးသွားနိုင်ဖို့ လိုအပ်ပါတယ်။

ကိုဗစ်-၁၉ ရဲ့ အန္တရာယ်ကြီးကိုတော့ လျှော့တွက်လို့ မဖြစ်ပါဘူး။ ကပ်ရောဂါကြီးကြောင့် စီးပွားရေးအခြေအနေ တွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်။ လုပ်ငန်း ပမာဏ အကြီး၊ အလတ်၊ အသေး အားလုံး ခံစားနေရတယ်။ ဒီစီးပွားရေးလုပ်ငန်းတွေကို နာလန်ထအောင် ဆောင်ရွက် ရုံမက ယခင်ကထက် အောင်မြင်နိုင်ရန် ပံ့ပိုးဖို့ လိုအပ်မှာ ဖြစ်တယ်။ အထူးသဖြင့် ဒစ်ဂျစ်တယ် နည်းပညာကို အား ကိုးတဲ့ စီးပွားရေး အဆောက်အအုံကို ဖော်ထုတ်ရမှာ ဖြစ်တယ်။

နိုင်ငံရေးဘောဂရှုထောင့်နဲ့ သုံးသပ်တဲ့အခါ မြန်မာ နိုင်ငံဟာ အလွန် စိတ်ဝင်စားစရာကောင်းလှတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တယ်။ ကိုလိုနီ စီးပွားရေးစနစ်၊ အရင်းရှင် စီးပွားရေး စနစ်၊ ဆိုရှယ်လစ် စီးပွားရေးစနစ်၊ တံခါးဖွင့် စီးပွားရေးစနစ် အမည်နာမမျိုးစုံနဲ့ နိုင်ငံ့စီးပွားရေးကို စီမံ ခဲ့ကြတယ်။ ဒီဆောင်ရွက်မှုတွေရဲ့ရလဒ်ဟာ တန်ဖိုးမဖြတ် နိုင်တဲ့ သင်ခန်းစာတွေ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးဟာ သမိုင်းကို ဂရုစိုက်ဖို့ လိုတယ်။ အတိတ်က ကြုံတွေ့လာခဲ့တာတွေကို သင်ခန်းစာယူတတ်နိုင်ဖို့ လို အပ်မှာဖြစ်တယ်။ သမိုင်းမသိတဲ့သူတွေမဖြစ်ဖို့ အရေးကြီး လှပါတယ်။ ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်