Skip to main content

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ခရီး တက္ကသိုလ်အိပ်မက်

ရန်ကုန်တက္ကသိုလ်ကို အိပ်မက်စတင်မက်ခဲ့တာက ပညာရေးဆင်ဒီကိတ်ဥက္ကဋ္ဌ ဆာဂျွန်ဂျာဒင်း ပါ။ ၁၈၉၂ ခုနှစ်မှာလည်း တက္ကသိုလ်အိပ်မက် မြင်မက်ခဲ့ကြပါသတဲ့။ ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ၁၈၉၆ ခုနှစ် ဇူလိုင် ၃၀ ရက် ကျောင်းဆရာများအသင်းမှာ တက္ကသိုလ်တစ်ခုရှိသင့်ကြောင်း ဟောပြောခဲ့ပါတယ်။ ၁၉၀၀-၁၉၀၁ ခုနှစ်မှာ ပညာရေးဆင်ဒီကိတ်က တက္ကသိုလ်တည်ထောင်ပေးသင့်ကြောင်း အဆိုပြုလွှာတင်ပြခဲ့တယ်။ ၁၉၁၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက် အက်ဒဝပ်ဘုရင် အထိမ်းအမှတ် တက္ကသိုလ်တစ်ခု တည်ဆောက်ရန် လိုအပ်ချက် ဖြစ်တယ်လို့ ပညာရေးဆိုင်ရာတို့က ယူဆကြတယ်။ အိန္ဒိယ အာဏာခွဲဝေပေးရေးကော်မတီကလည်း မြန်မာနိုင်ငံမှာ ကိုယ်ပိုင်တက္ကသိုလ်တစ်ခုရှိရန် လိုအပ်တယ်လို့ ထင်မြင်ချက် ပေးခဲ့တာကို အိန္ဒိယအစိုးရနဲ့ မြန်မာနိုင်ငံအစိုးရတို့က ပယ်ချခဲ့ ပါတယ်။

ပညာရေးဆင်ဒီကိတ်က ၁၉၀၁ ခုနှစ်မှာဖွဲ့တဲ့ အိန္ဒိယ တက္ကသိုလ်များကော်မရှင်ကို တင်ပြလွှာတစ်စောင် ရေးသားတင်ပြခဲ့တယ်။ ဗြိတိသျှအောက်လွှတ်တော်မှာ “ဆာဂျွန်ဂျာဒင်း” ရဲ့ အမေးကို အိန္ဒိယဆိုင်ရာအတွင်းဝန်က တက္ကသိုလ်တစ်ခု တည်ထောင်ရန် ရည်ရွယ်ကြောင်း ပြောခဲ့တယ်။

ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်ရေးအတွက် တက္ကသိုလ်ဖွဲ့စည်းရေး ဥပဒေကြမ်းကို ပညာရေး ဆင်ဒီကိတ် ဒုတိယဥက္ကဋ္ဌ “မစ္စတာကိုဗာတန်” ဦးဆောင် တဲ့ အထူးကော်မတီက စတင်ရေးဆွဲခဲ့တယ်။ ဥပဒေကြမ်း ကို ပညာရေးအုပ်ချုပ်မှုအဖွဲ့က အတည်ပြုပြီး အစိုးရကို တင်ပြခဲ့သတဲ့။ တက္ကသိုလ်တည်ထောင်ရေး အဆို “အာဏာခွဲဝေပေးရေးဘုရင့်ကော်မရှင်” (Royal Commission on Decentralization) ကြေညာချက်၊ မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာဟားဘတ်သာက ပိုက်နဲ့ ဆင်ဒီကိတ်တို့ရဲ့ ထောက်ခံချက်ကြောင့် တက္ကသိုလ် တည်ထောင်နိုင်ရေးဟာ ခိုင်မာရင့်သန်လာခဲ့တယ်။

ဒါပေမယ့် အိန္ဒိယတက္ကသိုလ်များရဲ့ ပုံစံယူရေးဆွဲ ထားတဲ့ ဥပဒေဖြစ်တာကြောင့် သတင်းစာများက ဝေဖန်ရုံသာမက ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီမှာ ပညာရေး ဆင်ဒီကိတ်က ကျင်းပတဲ့ ပညာရေးဆိုင်ရာပုဂ္ဂိုလ်များ အစည်းအဝေးကလည်း ဝေဖန်ခဲ့ပါတယ်။

ဒါကြောင့် အိန္ဒိယနဲ့ ဗြိတိသျှကောလိပ် နှစ်မျိုးပေါင်း စနစ်နဲ့ ဒုတိယဥပဒေမူကြမ်းကို ရေးဆွဲကြပြန်ပါတယ်။ ဒီမူကြမ်းကို ကန့်ကွက်သူတစ်ယောက်တည်းရှိတာ ကြောင့် ပညာရေးဆင်ဒီကိတ်ကလက်ခံပြီး ပညာမင်းကြီး က ၁၉၁၁ ခုနှစ်ထဲမှာ မြန်မာအစိုးရကို တင်သွင်းလိုက် တယ်။

၁၉၁၂ ခုနှစ် မေ ၂၅ ရက် နေ့စွဲနဲ့ ဂျပန်နိုင်ငံ တိုကျို မြို့မှ မြန်မာသူရိယသတင်းစာသို့ ဂျပန်ပြည်ရောက် ဆရာတော်ဦးဥတ္တမက ပေးပို့တဲ့စာ (၁၉၁၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် သူရိယသတင်းစာမှာဖော်ပြခဲ့) ထဲမှာ အိန္ဒိယ ပြည် ပန်ဂျပ်နယ်မှာ တက္ကသိုလ်ကျောင်းဖွင့်ပေးသလို မြန်မာပြည်မှာလည်း ဖွင့်ပေးသင့်ကြောင်း မေတ္တာရပ်ခံ ခဲ့တယ်။

တက္ကသိုလ်ဥပဒေသားလောင်းပေါ်ပြီ

၁၉၁၃ ခုနှစ် ဧပြီ ၅ ရက် အစည်းအဝေးမှာ ဒုတိယ ဘုရင်ခံက ပညာရေးဆင်ဒီကိတ်က ရေးဆွဲခဲ့တဲ့ ဥပဒေ ကြမ်းကို ပညာရှင်များကပြုပြင်ရေးဆွဲစေပြီး အိန္ဒိယ အစိုးရထံ တင်သွင်းစေခဲ့တယ်။ ၁၉၁၄-၁၉၁၅ ခုနှစ်မှာ ဥပဒေကြမ်းနဲ့ စတက်ကျု (Statutes) မူကြမ်းကို လုံးဝ ပြင်ဆင်ရေးဆွဲစေခဲ့တယ်။

၁၉၁၆ ခုနှစ် မတ်လမှာ ပညာရေးဆင်ဒီကိတ်က ရှိပြီးဖြစ်တဲ့ ကောလိပ်နှစ်ကျောင်းစလုံးမှ ဆရာ အဆောက်အအုံပေါင်းစပ်ပြီး တက္ကသိုလ်တစ်ခု တည်ထောင်ရန် တင်ပြခဲ့တယ်။ အစိုးရနဲ့ ဘုရင်ခံက ပယ်ချခဲ့တယ်။

အဲဒီနှစ်မှာပဲ တက္ကသိုလ်မြေနေရာကို တံတားလေး လမ်းဝနားရှိ စိတ်ရောဂါကုဆေးရုံနေရာကို ရွေးခဲ့တယ်။ ကန့်ကွက်သူများလို့ ယခုနေရာကို အစိုးရကသိမ်းယူခဲ့ တယ်။ မြေပိုင်ရှင် ဦးဘကျော်ကတရားစွဲလို့ ငွေကျပ် ရှစ်သိန်း လျော်ကြေးပေးပြီး ယူလိုက်ရတယ်။

၁၉၁၇ ခုနှစ် မွန်တေဂူ၊ ချမ်းစ်ဖို့နဲ့တွေ့စဉ်ကလည်း တက္ကသိုလ်ဖွင့်ပေးရန် တောင်းခဲ့တယ်။ ၁၉၁၇ ခုနှစ် ဇန်နဝါရီ ဒေလီမြို့၊ ပညာမင်းကြီးများ ကွန်ဖရင့်မှာ ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းများကို ဆွေးနွေးခဲ့တယ်။

၁၉၁၈ ခုနှစ် ဩဂုတ်လထဲမှာ မြန်မာနိုင်ငံတက္ကသိုလ်ကော်မတီကို ဖွဲ့လိုက်တယ်။ ကော်မတီမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအပြင် အိန္ဒိယတက္ကသိုလ်များမှ ပညာရှင် ငါးဦး ကို ဖိတ်ကြားပါဝင်စေခဲ့တယ်။ အဲ့ဒီကော်မရှင်က ကာလကတ္တားတက္ကသိုလ်ကော်မရှင် အကြံပေးချက်ကို လက်ခံခဲ့တယ်။ အဲ့ဒီအကြံပေးချက်တွေက-

၁။ ကောလိပ်ကျောင်းခွဲမထားတဲ့ ကျောင်းအိပ် ကျောင်းစား တက္ကသိုလ်ဖြစ်ရမယ်။

၂။ ပညာရေးကိစ္စများကို ပညာရေးအဖွဲ့များ ကသာ ကိုင်တွယ်ဖြေရှင်းရမယ်။

၃။ ပညာရေးနဲ့အုပ်ချုပ်ရေး ဆက်သွယ်ပူးပေါင်းမှု ရှိရမယ်။

၄။ တက္ကသိုလ်ကိစ္စများကို အစိုးရအောက်မှာ သီးခြားအဖွဲ့အဖြစ် ဆောင်ရွက်ရန်တို့ ဖြစ်တယ်။

ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို ပညာမင်းကြီး မက်ဟန်းတားက ၁၉၂၀ ပြည့်နှစ် ဇူလိုင် ဘုရင်ခံကောင်စီ အစည်းအဝေးမှာ တင်သွင်းခဲ့တယ်။ အဲဒီမူကြမ်းကို ပညာမင်းကြီး ကြီးကြပ်မှုနဲ့ မဒရပ်တက္ကသိုလ်မော်ကွန်းထိန်း “မစ္စတာ ဒရူးဘာရီ” က ရေးဆွဲခဲ့တယ်။

၁၉၂၀ ပြည့်နှစ် ဩဂုတ် ၂ ရက် ဥပဒေပြုအစည်းအဝေးမှာ ဘုရင်ခံစိတ်ကြိုက်ခန့်ကော်မတီကို ခန့်ပြီး ဥပဒေကြမ်း ကို စဉ်းစားစေခဲ့တယ်။ အမတ် ဦးချစ်ဖေ၊ ဦးလှဖေနဲ့ ဦးမြင့်တို့ ကန့်ကွက်ခဲ့ပေမယ့် အတည်ပြုခဲ့တယ်။

၁၉၂၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်မှာ မြန်မာပြည် ဘုရင်ခံ၊ အောက်တိုဘာ ၂၄ ရက်မှာ ဘုရင်ခံချုပ်တို့ သဘောတူခဲ့တယ်။ နိုဝင်ဘာ ၂၀ ရက်မှာ ဘားမားဂေဇက် တိုက်က ပုံနှိပ်ထုတ်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ဥပဒေ ပုဒ်မကြီး ၂ အရ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဥပဒေကို အာဏာတည်စေခဲ့တယ်။

၁၉၁၉ ခုနှစ်ကတည်းက ဦးပု ဝတ်လုံတော်ရ(ရွှေကျင်)၊ ဘကြီးဘဘေ(သူရိယ)။ ဦးထွန်းရှိန် ဗုဒ္ဓဘာသာကျောင်းအုပ်ကြီး(မန္တလေး)။ ဝတ်လုံတော်ရ ဦးသိန်းမောင်၊ ဝတ်လုံ တော်ရ ဦးဘထော်တို့က တက္ကသိုလ်ဥပဒေကို သုံးသပ် စစ်ဆေးပြီး အာဏာပိုင်များကို တင်ပြခဲ့တယ်။ သူတို့ရဲ့ အချုပ်သဘောထားက ဒီလိုပါ ... ။

တက္ကသိုလ်ပညာဟာ “ဘွဲ့” ရရန်သာ ရည်ရွယ်ရင်းစွဲ မဟုတ်။ ကျောင်းမှရရှိတဲ့ ပညာ (သဘောတရား) နဲ့ လက်တွေ့ပေါင်းစပ်ပြီး အရည်အချင်းပြည့်ဝ တတ်ကျွမ်း နားလည်ရန်ဖြစ်တယ်။ “ဂွတန်း”ထားခြင်းဟာ ပညာရေး ကိုအချိန်ဆွဲတာ။ အရည်အချင်း ပြည့်စုံသူများပေါ်ထွက် လာရန် အခြေခံပညာရေး ပြုပြင်သင့်တယ်။ သက်မွေး ဝမ်းကျောင်း ပညာရပ်၊ သိပ္ပံပညာ၊ စက်မှုအတတ်တွေကိုသာ သင်ကြားပေးသင့်တယ်။

အချုပ်ဆိုသော် တက္ကသိုလ်ပညာရေးဟာ နှစ်တိုတိုနဲ့ လက်တွေ့အသုံးချနိုင်တဲ့ ပညာရေးမျိုးကိုသာ မြန်မာပြည် သူတွေ လိုလားကြောင်း အကျယ်တဝင့် ရေးသား တင်ပြခဲ့ တယ်။

ဦးချစ်လှိုင်က ၁၉၁၉ ခုနှစ် ဇန်နဝါရီ ၂၈ ရက်စွဲနဲ့ အဆို တင်ခဲ့တယ်။ ဝန်လုံဦးချစ်လှိုင် တင်ပြချက်တွေဟာ ဦးပု၊ ဦးဘဘေတို့ အဆိုပြုလွှာနဲ့ အခြေခံအားဖြင့် တူညီနေတယ်။ သူတို့ အဓိကကန့်ကွက်တာကို စိစစ်ကြည့်လိုက်တဲ့အခါ.....

တက္ကသိုလ်တစ်ခုတည်းစနစ် (Unitary System)၊ ကျောင်း အိပ် ကျောင်းစား တက္ကသိုလ်၊ ရန်ကုန်တစ်မြို့တည်းအတွက် ဦးတည်တဲ့တက္ကသိုလ် စတဲ့စနစ်တွေကို ကန့်ကွက်တယ်။ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ကောလိပ်တွေနဲ့ ပေါင်းစပ်ပါဝင် ဖွဲ့စည်းတဲ့ (Collegiate System) တက္ကသိုလ်စနစ်ကို တောင်းဆိုတယ်။

တက္ကသိုလ်ပညာရေးစနစ်နဲ့ အခြေခံပညာရေးစနစ် ပေါင်းစပ်ဖွဲ့စည်းပုံစနစ် မူမမှန်ပုံစံမကျလို့ အခြေခံပညာ ရေးစနစ်ကို ဦးစွာပြုပြင်ဖို့ တိုက်တွန်းတယ်။ တက္ကသိုလ် အကြို “ဂွတန်း” မထားဖို့ တောင်းဆိုတယ်။

ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းကို ကန့်ကွက်ကြခြင်း

၁၉၂၀ ပြည့်နှစ် ဇူလိုင် ၃၀ ရက် (စနေနေ့) မှာ ဝိုင်အမ် ဘီအေ အထွေထွေကောင်စီက ဦးဆောင်ပြီး ပြည်သူပြည် သား အစည်းအဝေးကြီးကို ရန်ကုန်မြို့၊ ဂျူဗလီဟောရုံကြီး မှာ ကျင်းပပြုလုပ်ပါတယ်။ အစည်းအဝေးသဘာပတိ အဖြစ် ဦးချစ်လှိုင်အစား ဦးဘေ (K.S.M., A.T.M.) က သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။

အစည်းအဝေးကြီးကို အမျိုးသမီး အမျိုးသား စုစုပေါင်း ၅၀၀ ခန့် တက်ရောက်တယ်။ အစည်းအဝေး ဖွင့်လှစ်ကြောင်း ကြေညာပြီးတာနဲ့ သဘာပတိဦးဘေက သဘာပတိမိန့်ခွန်းပြောပါတယ်။ ဦးဘေပြောရာမှာ ဒီအစည်းအဝေးကြီးကို ခေါ်ယူကျင်းပရတာဟာ မြန်မာ ပြည်သူတွေအတွက် အသက်တမျှအရေးကြီးတဲ့ ရန်ကုန် တက္ကသိုလ်ဥပဒေကြမ်းကို ကန့်ကွက်ရန် ပြောကြား တယ်။

သဘာပတိမိန့်ခွန်းပြောပြီးတဲ့အခါ ပုသိမ်မြို့ ကိုယ်စားလှယ် ရဟန်းတော် ဦးဝေပုလ္လက... ယူနီဗာစီတီ ဥပဒေကြမ်းကို အတည်ပြုရန် စီမံတဲ့အတွက် ကန့်ကွက် ကြောင်း၊ မြန်မာပြည်အုပ်ချုပ်ရေးသစ်နဲ့ လွှတ်တော် အသစ်ဖွဲ့စည်းတဲ့အထိ ဆိုင်းငံ့ထားသင့်ကြောင်း ပြောကြားရာ ရန်ကုန်ဦးထွန်းဦးက ထောက်ခံပါတယ်။

ဇီးကုန်းမြို့ကိုယ်စားလှယ် ဝတ်လုံဦးဘစီက တစ်နေရာတည်းမှာရှိတဲ့ ယူနီဗာစီတီမျိုး မြန်မာပြည် နှင့် မသင့်တော်။ ကောလိပ်များပါတဲ့ ယူနီဗာစီတီမျိုးသာ သင့်ကြောင်း အဆိုကို ကိုတင်က ထောက်ခံပါတယ်။

ဦးတုတ်ကြီး(B.A)က တက္ကသိုလ်ကောင်စီမှာ ကောင်စီဝင် ၅၆ ဦးပါဝင်ရာ မြန်မာတိုင်းရင်းသား ငါးဦး၊ ဆီးနိတ်မှာ ၂၄ ဦး ထားရာ မြန်မာတိုင်းရင်းသား နှစ်ဦး သာ ပါဝင်နေတာကို ရှင်းပြပါတယ်။

ယူနီဗာစီတီအုပ်ချုပ်မှုဆိုင်ရာအဖွဲ့များတွင် မြန်မာ လူမျိုးများကို လုံလောက်စွာ ပါဝင်နိုင်ခွင့်ရရှိစေရန် အဆိုကို နယူးဘားမားသတင်းစာ အယ်ဒီတာ ကိုဘလှိုင် က ထောက်ခံပါတယ်။

အဆိုအမှတ်(၄)ကို သာယာဝတီဦးပုက တင်သွင်းရာ မစ္စတာမက်ဟန်းတား စီမံတဲ့ ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းကို “ဟန်းတားဥပဒေကြမ်း” လို့ ခေါ်သင့် ကြောင်း၊ ဒီဥပဒေကြမ်းကြောင့် မြန်မာအမျိုးသားများ တိုးတက်ကြီးပွားရေးမှာ များစွာ အဟန့်အတားဖြစ် ကြောင်း ရှင်းပြပြီး အဆိုတင်ပါတယ်။

ယူနီဗာစီတီသိပ္ပံဝင်ခွင့်ရရန် တစ်နှစ်ထပ်မံ သင်ကြားရဦးမယ့် စီမံချက်ကို အလျှင်းမနှစ်သက်၊ ဆယ်တန်းအောင်သူ ဘယ်သူမဆို ဝင်ခွင့်ပြုသင့်ကြောင်း မောင်သင်းမောင်က ထောက်ခံပါတယ်။

ရှေ့နေကြီး ဦးစိန်လှအောင်က အဆိုအမှတ် (၅) ကို တင်ပြရာမှာ ဘီအေ၊ ဘီအက်စီကို ဂုဏ်ထူးနဲ့ဖြစ်စေ၊ ရိုးရိုးအောင်သူဖြစ်စေ၊ အမ်အေအမ်အက်စီ စာမေးပွဲကို ဝင်ခွင့်ပြုသင့်ကြောင်း ကိုသိန်းအောင် (B.A) က ထောက်ခံပါတယ်။

လက်ပံတန်းမြို့ ဦးလူကြီးက အဆိုအမှတ် (၆ ) ကို တင်သွင်းသည်မှာ-

ပညာရေးဝန်ကြီး ဟန်းတားသည် ပညာရေးကို တိုးတက်အောင်မလုပ်၊ ယုတ်လျော့အောင် ဖိစီးနှိပ်ကွပ် သည်ဖြစ်၍ မက်ဟန်းတား အား မြန်မာပြည်တွင် အမှုမထမ်းစေသင့်။ ညောင်လေးပင် ဦးဘိုးတေ ထောက်ခံ။

ရွှေတိဂုံဘုရားလမ်းနဲ့ ဦးဝိစာရလမ်းထောင့် (တပ်မတော်ပြခန်းနေရာ)ရှိ ဂျူဗလီဟောရုံကြီးမှာ အသင်းချုပ်ကြီးက ဦးစီးကျင်းပတဲ့ “ရန်ကုန်တက္ကသိုလ် ဥပဒေ ကန့်ကွက်ပွဲကြီး” ရဲ့ ဆုံးဖြတ်ကန့်ကွက်ချက်တွေကို အသင်းချုပ်ကြီး၊ ဒုတိယဘုရင်ခံ၊ ပညာရေးဝန်ကြီး အိန္ဒိယဗဟိုအစိုးရတို့ကို ပေးပို့ခဲ့တယ်။

ဝိုင်အမ်ဘီအေအထွေထွေကောင်စီက ဦးစီးကျင်းပ တဲ့ ပြည်သူလူထု အစည်းအဝေးကြီးက ဆုံးဖြတ်ပြဋ္ဌာန်း လိုက်တဲ့ ဆုံးဖြတ်ချက်များနဲ့ ဦးပု၊ ဦးဘဘေတို့ အဆိုပြု လွှာ၊ ဦးချစ်လှိုင်ရဲ့ အဆိုပြုလွှာတွေဟာ အခြေခံအားဖြင့် တစ်ထပ်တည်းနီးပါး တူညီနေတာ တွေ့ရမှာဖြစ်တယ်။

ဦးပု၊ ဦးဘဘေတို့နဲ့ ဦးချစ်လှိုင်ရဲ့ အဆိုပြုလွှာတွေ ဟာ လျော့ရဲရဲနိုင်တယ်လို့ ပြောနိုင်ပေမယ့် ဝိုင်အမ်ဘီအေ ရဲ့ ဆုံးဖြတ်ချက်တွေက သူ့ခေတ်နဲ့သူ့အခါ အတော်မာ တယ်လို့ ပြောနိုင်တယ်။ ဝိုင်အမ်ဘီအေ ဆုံးဖြတ်ချက် ထဲမှာ ထူးခြားတာက-

ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းကို “ဟန်းတားဥပဒေ ကြမ်း” လို့ ကင်ပွန်းတပ်လိုက်တာရယ်။ မစ္စတာ မက်ဟန်းတားကို မြန်မာပြည်တွင် ဆက်လက်အမှုမထမ်း စေသင့်ကြောင်းတို့ဖြစ်တယ်။ မြန်မာတွေက ရန်ကုန် တက္ကသိုလ်ဥပဒေကြမ်းကို “ဟန်းတားဥပဒေကြမ်း” လို့ခေါ်ဆိုကြခြင်းဟာ-

၁။ မစ္စတာမက်ဟန်းတား ဦးဆောင်ရေးဆွဲခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းဟာ မြန်မာ့ တက္ကသိုလ်ပညာရေးကို ကမောက်ကမ ဖြစ်စေတဲ့အပြင် ပြည်သူတို့ လိုအင်နဲ့လည်း ဆန့်ကျင်နေခြင်း၊

၂။ မက်ဟန်းတား ပညာမင်းကြီးဖြစ်တဲ့အချိန်မှ စပြီး အခြေခံပညာရေးစနစ် ကမောက်ကမ ဖြစ်ခြင်း၊

၃။ ဆရာများလောကမှာ တစ်ဖက်စောင်းနင်း ဖြစ်ပြီး မမျှမတ မြန်မာဆရာများကို နှိမ့်ချ ခြင်း၊ ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းကို မြန်မာတွေက ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေပါစေ၊ ဘယ်လိုပဲခေါ်ခေါ် ခေါ်ချင်သလို ခေါ်ပါစေ ဘယ်လိုနည်းများနဲ့ ကန့်ကွက် ကန့်ကွက်၊ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက် ဒေါက်၊ ပညာမင်းကြီး မက်ဟန်းတားနဲ့ အပေါင်းအပါတစ်စုကတော့ ရန်ကုန် တက္ကသိုလ် ဥပဒေကြမ်း ဖွံ့ဖြိုးရှင်သန်အောင် ပေါင်းသင်ရေလောင်း လုပ်နေကြပါတယ်။

ပြည်သူတွေကလည်း ဇွဲနပဲကြီးကြီးနဲ့ ကန့်ကွက် ကြပါတယ်။ သတင်းစာသမားတွေ၊ သတင်းစာတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအားလုံး မကျေ မနပ် ဝိုင်းဝန်းကန့်ကွက်နေကြပါတယ်။

ဗမာပြည်အုပ်ချုပ်ရေး တိုးပေးရေးကလည်း သောင်မတင် ရေမကျဖြစ်နေ၊ မွန်တေဂူချမ်းစဖို့ အစီရင် ခံစာထွက်လာပြီး အိန္ဒိယကိုအုပ်ချုပ်ရေး တိုးပေးတော့ လည်း မပါ၊ ဗမာပြည်အုပ်ချုပ်ရေးသစ်အတွက် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ရေးဆွဲတဲ့ စီမံကိန်းကိုလည်း ဗမာတွေ မကျေမနပ်ဖြစ်နေကြတယ်။

၁၉၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ ဗမာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ကရက်ဒေါက်စီမံကိန်းကို ဗမာပြည်သူတွေ မကျေနပ်တဲ့ထဲက ထုတ်ပြန်ကြေညာ လိုက်ပြန်ပါတယ်။

ကရက်ဒေါက်စီမံကိန်း ထုတ်ပြန်ကြေညာတာကို မြန်မာပြည်ခေါင်းဆောင်များ၊ တိုင်းသူ ပြည်သားများ မကျေနပ်ကြလို့ ဝိုင်အမ်ဘီအေ ဦးဆောင်မှုဖြင့် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီမှာ လူထုစည်းဝေးပွဲကြီးကျင်းပကာ ကရက် ဒေါက်စီမံကိန်းကို ကန့်ကွက်ခဲ့ကြပါတယ်။

၁၉၁၉ ခုနှစ် မေ ၁၈ ရက် (၁၂၈၁ ကဆုန်လပြည့်ကျော် ၅ ရက်)မှာ ဗဟိုအသင်းချုပ်ကြီးရဲ့အစီအစဉ်နဲ့ မြန်မာ နိုင်ငံပြုပြင်ရေးအသင်း (Burma Reform League) ရယ်၊ ဝိုင်အမ်ဘီအေနဲ့ အလားတူအသင်းများ ပူးပေါင်းပြီး ရန်ကုန်မြို့ ဂျူဗလီဟောရုံကြီးမှာ လူထုအစည်းအဝေးကြီး ကျင်းပတယ်။ အစည်းအဝေးကြီးမှာ-

ကရက်ဒေါက်စီမံကိန်း ရှင်းလင်းခြင်း

လန်ဒန်လွှတ်ရန် ကိုယ်စားလှယ်ရွေးခြင်း၊ ကိုယ်စား လှယ်များဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်တို့ ဆွေးနွေး ပြီး ဝတ်လုံတော်ရ ဦးပု(ရွှေကျင်)၊ ဘကြီးဘဘေ (သူရိယ သတင်းစာ)၊ ဦးထွန်းရှိန် (မန္တလေးဗုဒ္ဓဘာသာ ကျောင်းအုပ်)တို့ကို ရွေးချယ်လိုက်ကြပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ ၁၉၁၉ ခုနှစ် ဇူလိုင် ၇ ရက် (၁၂၈၁ ခုနှစ် ဝါဆိုလဆန်း ၁၁ ရက်) မှာ ရန်ကုန်မြို့ ကာလကတ္တား သင်္ဘောဆိပ်(ပန်းဆိုးတန်း)မှ ထွက်ခွာသွား ရာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ကို ၁၉၁၉ ခုနှစ် ဩဂုတ် ၈ ရက် (၁၂၈၁ ခုနှစ် ဝါခေါင်လဆန်း ၁၃ ရက်) မှာ အင်္ဂလန် နိုင်ငံ တယ်လ်ဗြူရီသင်္ဘောဆိပ်ကို ဆိုက်ရောက်ပါတယ်။

မြန်မာများနဲ့ မစ္စတာ ဘားနတ်ဟောက်တန်တို့ စီစဉ်ပေးလို့ လန်ဒန်မြို့ မေရီလ်ဘုန်းရပ်ကွက် ဘီးမောင့် လမ်း အမှတ် ၁၄ မှာ တည်းခိုသတဲ့။ ၁၉၁၉ ခုနှစ် ဩဂုတ် ၁၉ မှာ လော့ဒ်ဆဲလ်ဘုန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဗြိတိသျှ ပါလီမန် တွဲဖက်ကော်မတီရှေ့မှာ မြန်မာကိုယ်စား လှယ်အဖွဲ့ စစ်ဆေးခံရပါတယ်။

ကိုယ်စားလှယ်တော်ကြီးတွေဟာ အဓိကလုပ်ငန်း ဖြစ်တဲ့ အုပ်ချုပ်ရေးတိုးတက်ရရှိရေးအတွက် တင်ပြ တောင်းဆိုတဲ့အပြင် ရန်ကုန်တက္ကသိုလ် ဥပဒေ (ဟန်းတား ဥပဒေ)ကို ကန့်ကွက်တဲ့အကြောင်း၊ လက်ရှိ ရန်ကုန် တက္ကသိုလ် ဥပဒေကြမ်းဟာ ယူနီထရီစနစ် (Unitary) ဖြစ် လို့ မနှစ်သက်ကြောင်း။

ပြည်သူအများ လိုလားတောင့်တတဲ့ စနစ်ဟာ လက်အောက်ခံကောလိပ်များနဲ့ ပေါင်းစပ်ပါဝင်တဲ့စနစ် (Collegiate System) သို့မဟုတ် ဖက်ဒရယ်စနစ် (Federal System) သာ ဖြစ်ပါကြောင်း တင်ပြတောင်းဆိုခဲ့ကြ ပါတယ်။ ဒါပေမယ့် လန်ဒန်အစိုးရက နှုတ်တုံ့ပြန်ခြင်း မပြုခဲ့ပါ။

မြန်မာတိုင်းရင်းသားများက ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းကို နည်းမျိုးစုံနဲ့ ကန့်ကွက်ကြပေမယ့် ဗြိတိသျှကိုလိုနီအစိုးရက ဇွတ်ငြင်းပယ်ခဲ့တယ်။ အဲဒီလို ငြင်းပယ်တဲ့ထဲမှာ ဘုရင်ခံကိုယ်တိုင်ပါဝင်ပါတယ်။ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ၁၉၂၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်မှာကျင်းပတဲ့ ဒါဘာပွဲမိန့်ခွန်းမှာ-

“ယခုအခါ ဖက်ဒရယ်တက္ကသိုလ် တည်ထောင်ပေးဖို့ တောင်းဆိုနေကြသူများသည် နှစ်ပေါင်း ငါးဆယ်အတွင်း ရရှိလာသည့် အတွေ့အကြုံနှင့် တကယ့်အရည်အချင်း ပြည့်ဝသူများပါဝင်သော ကာလကတ္တားတက္ကသိုလ် ကော်မရှင်၏ အကြံပေးချက်များကို ပယ်ပစ်ရန် ကျွန်ုပ်အား တိုက်တွန်းနေကြခြင်းပင်ဖြစ်သည်”လို့ ထည့်သွင်း ပြောကြားသွားပါတယ်။ တစ်ဖန် ၁၉၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်နေ့မှာ ကျင်းပတဲ့ ဥပဒေပြုကောင်စီတွင် မြန်မာ ပြည် ဘုရင်ခံက-

ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ ပညာရေးကို နှေးကွေးကြန့်ကြာအောင် ပြုလုပ်ထားခြင်းဟူသော မြန်မာ တိုင်းရင်းသားတို့ ယူဆထားချက်ကို မြန်မာပြည် ဘုရင်ခံက ချေပပြောဆိုရာတွင်-

“၁၉၁၈-၁၉၁၉ ခုနှစ်အတွက် ဟိုက်စကူးကျောင်းများ တွင် သင်ကြားကြသော တပည့်ပေါင်းမှာ မဒရပ်ပြည်နယ် တွင် ၃၅၀၀၀၊ ဘင်္ဂလားပြည်နယ်တွင် ၁၁၂၀၀၀၊ ဘုံဘိုင် ပြည်နယ်တွင် ၂၉၀၀၀ ဖြစ်သော်လည်း မြန်မာပြည်တွင် ၂၆၀၀ မျှသာဖြစ်သည်။ မဒရပ်ပြည်နယ် စသောပြည်နယ် များတွင်ရှိ တပည့်ဦးရေနှင့် နှိုင်းယှဉ်ကြည့်သော် မြန်မာ ပြည်တွင် တပည့်ဦးရေ များစွာနည်းသည်” လို့ ထည့်သွင်း ပြောဆိုခဲ့တယ်။ ဆိုလိုတာက ရန်ကုန်မြို့မှအပ အခြားမြို့ ကြီးများတွင် ကောလိပ်ကျောင်းများတည်ထောင်နိုင်ရန် အချိန်များစွာလိုသေးတယ်လို့ အဓိပ္ပာယ်ရပါတယ်။

မြန်မာကိုယ်စားလှယ်တွေကကန့်ကွက်သလို မြန်မာ မင်းတိုင်ပင်အမတ်တချို့ကလည်း ကန့်ကွက်ခဲ့ကြတယ်။ ဒါပေမယ့် ၁၉၂၀ ပြည့်နှစ် ဇူလိုင် ၁၂ ရက်မှာ ကျင်းပတဲ့ ဥပဒေပြုကောင်စီအစည်းအဝေးမှာ မက်ဟန်းတားက ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းကို တင်သွင်းပါတယ်။ မက်ဟန်းတားက ပြောရာမှာ-

“တက္ကသိုလ်မှာ ဗဟိုသင်ကြားမှုနဲ့ ကျောင်းအိပ် ကျောင်းစားနေထိုင်မှု (Centralized Teaching and Residential Institution) ကို မူအားဖြင့် ထားမယ်လို့ ဆိုပါတယ်။ ဆိုလိုတာက တက္ကသိုလ်ကို ရန်ကုန် တစ်မြို့တည်းမှာထားပြီး အခြားမြို့များမှာဖွင့်တဲ့ ကောလိပ် များနဲ့ ဆက်ဆံခွင့်မရှိလို့ဆိုရာ ရောက်ပါတယ်။ အမတ် ဦးမေအောင် တစ်ဦးတည်းက ထောက်ခံပါတယ်။ ။

ဒါပေမယ့် နယ်ချဲ့အစိုးရဟာ ရန်ကုန်တက္ကသိုလ် ဥပဒေ ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြဋ္ဌာန်း အတည်ပြုပြီး ရန်ကုန်တက္ကသိုလ်ကို ဂျပ်ဆင်ကောလိပ် နဲ့ ရန်ကုန်ကောလိပ်ပေါင်းပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ ဖွင့်လှစ်ရန် ပြင်ဆင်ပါတယ်။ ဒီဇင်ဘာ ၆ ရက်မှာ အခမ်း အနားနဲ့ ဖွင့်လှစ်မှာဖြစ်တယ်။

ဒါပေမယ့် ကောလိပ် နှစ်ကျောင်းပေါင်းက ဒီဇင်ဘာ ၅ ရက် ညနေမှာ သပိတ်မှောက် လိုက်ကြပါတော့ တယ်။ ။

လှကွန့်