Skip to main content

ရန်ကုန်တက္ကသိုလ်၏ ဖွားဖက်တော်တစ်ဦး ကြွေလွင့်ခြင်း

ရန်ကုန်တက္ကသိုလ်တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နှစ် (၁၀၀) ပြည့်ခဲ့ပြီ။ သင်္ချာ ဖခင်ကြီးဟု တင်စားခဲ့သည့် ကျွန်မတို့ချစ်သော ဆရာကြီး ပါမောက္ခဦးဘတုတ်သည်လည်း ရန်ကုန်တက္ကသိုလ်၏ ဖွားဖက်တော်ဖြစ်သည့်အားလျော်စွာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အသက် ၁၀၀ ပြည့်မည်ဖြစ်ပါ သည်။ ဆရာကြီး၏အသက် ၁၀၀ ပြည့်မွေးနေ့ကို ထူးထူးခြားခြား ကျင်းပရန် ကျွန်မတို့အားလုံးကြိုးပမ်း လျက်ရှိပါသည်။ သင်္ချာမိသားစု၏ (၂၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကိုလည်း ဆရာ့မွေးနေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့ကြပါသည်။ အာစရိယပူဇော်ပွဲနေ့တွင် ဆရာ့ အား Zoom Application ဖြင့် ကန်တော့ရန်လည်း အစီအစဉ်များကို စနစ်တကျရေးဆွဲရင်း ကျွန်မတို့အားလုံး ဝမ်းသာပီတိ ဖြစ်နေကြပါသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ညနေတွင် မျှော်လင့် မထားသော မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျွန်မတို့ အားလုံး သည်းအူပြတ်မတတ် ကြေကွဲဝမ်းနည်းပူဆွေး ခဲ့ရပါသည်။ ကျွန်မတို့ သင်္ချာမိသားစုအတွက် ရွှေတောင် ကြီးကွယ်ခဲ့ပြီဟု တင်စားလိုပါသည်။ ထိုနေ့ ညနေ ၅ နာရီ ၄၃ မိနစ်တွင် ကျွန်မတို့ ချစ်သော ကျေးဇူးရှင်သင်္ချာဖခင်ကြီး ပါမောက္ခဦးဘတုတ် ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန် သွားခဲ့ပါသည်။ ဆရာကြီးအား ချစ်သောသားသမီး၊ မြေး၊ မြစ်များနှင့် အသက် ၁၀၀ ကျော်အထိ ပျော်ပျော်ရွှင်ရွှင် နေသွားစေချင်သော ကျွန်မတို့ဆန္ဒ မပြည့်ဝသည်ကို တွေးရင်း ဆရာကြီးနှင့် ကျွန်မဆုံခဲ့ပြီး ဆရာကြီး၏ အရိပ်အာဝါသအောက်တွင် တာဝန်ထမ်း ဆောင်ရင်း ကြီးပြင်းခဲ့ပုံများကို ပြန်လည်သတိရမိပါသည်။

ဆရာကြီး၏ ကိုယ်ရေးမှတ်တမ်း

ဆရာကြီးကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်သည်။ ၁၉၄၂ ခုနှစ်တွင် သိပ္ပံဂုဏ်ထူးတန်းစာမေးပွဲကို First CLass က အောင်မြင်သည်။ ၁၉၄၃ ခုနှစ်တွင် နိုင်ငံခြားရေး အရာရှိရာထူးခန့်စာရပြီး ၁၉၄၅ ခုနှစ်တွင် ဝန်ထမ်းဘဝ ပြီးဆုံးခဲ့သည်။ ၁၉၄၆ ခုနှစ် မတ်လတွင် စာရင်းအင်း လက်ထောက်တာဝန် ထမ်းဆောင်ပြီး စာရင်းအင်းအရာရှိ ဖြစ်လာသည်။ ၁၉၄၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ထိုရာထူးမှ နုတ်ထွက်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန နည်းပြတာဝန်ထမ်း ဆောင်သည်။

၁၉၄၇ ခုနှစ်တွင် မန္တလေးယူနီဗာစီတီ ကောလိပ်သို့ လက်ထောက်ကထိက အနေဖြင့် ပြောင်းသည်။ ၁၉၄၈ ခုနှစ်တွင် ထိုရာထူးနှင့်ပင် ရန်ကုန်တက္ကသိုလ် သင်္ချာ ဌာနသို့ ပြန်ပြောင်းလာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် မဟာသိပ္ပံ သင်္ချာဘွဲ့ကို ဂုဏ်ထူးဖြင့်အောင်မြင်ပြီး ကထိကရာထူး တိုးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်မှ သင်္ချာမဟာဘွဲ့ရခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၌ ပါမောက္ခရာထူး ထမ်းဆောင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ကိုစွန့်လွှတ်ပြီး ရန်ကုန်စက်မှု တက္ကသိုလ်သင်္ချာဌာနတွင် ပါမောက္ခတာဝန်များကို လက်ခံ ခဲ့သည်။

၁၉၈၁ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူထားသော်လည်း ဆရာကြီးသည် အနား မနေဘဲ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သင်္ချာဌာနတွင် အချိန်ပိုင်းကထိကအဖြစ် ပြန်လည်တာဝန်ထမ်းဆောင် ကာ မဟာသိပ္ပံတန်းများကို ပို့ချခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ABAC School of Engineering အင်ဂျင်နီယာဌာနတွင် ဒုတိယဌာနမှူး တာဝန်ကို လက်ခံ ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အနားယူပြီး မြန်မာနိုင်ငံသို့ပြန် လာသည်။ ဝန်ထမ်းမှတ်တမ်းအရ ဆရာကြီးသည် အမိတက္ကသိုလ်တွင် အနှစ် ၂၀ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း သင်္ချာပညာ တိုးတက်ပြန့်ပွားရေးများကို ဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီး၏မိသားစု

ဆရာကြီးသည် ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဒေါ်ခင်မကြီးနှင့် လက်ထပ်ခဲ့ပြီး သားသမီး ရှစ်ယောက် ထွန်းကားခဲ့သည်။ ဆရာကြီး၏ စည်းစနစ်ကြီးမှု၊ ဆရာကြီးဇနီး၏ သားသမီးများအပေါ် ဆိုဆုံးမတတ်မှု တို့ကြောင့် သားသမီးရှစ်ယောက်လုံး မိဘများအပေါ် သိတတ်သည့် ဘွဲ့ရပညာတတ်များ ဖြစ်လာသည်ကို တွေ့ရ သည်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆရာကြီး၏ ဇနီးကွယ်လွန်သွားသော်လည်း ဆရာကြီးအား လိုလေသေး မရှိ ပြုစုစောင့်ရှောက်လျက်ရှိသော အတူနေသားသမီး များရှိသကဲ့သို့ သီးခြားနေသောသားသမီးများသည်လည်း နေ့စဉ် အလှည့်ကျ ဖခင်ကြီးအား လာရောက်ပြုစုကြပါသည်။ အိုကံကောင်းသော ဆရာကြီး၏ဘဝမှာ အားကျစရာ ဖြစ်ပါသည်။

ဆရာကြီးနှင့် ကျွန်မဆုံစည်းပြီး ဆရာကြီး၏ သွန်သင် ညွှန်ပြမှု၊ ပြုစုပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာပုံ များကိုဆက်လက်ဖော်ပြလိုပါသည်။

တက္ကသိုလ်ကျောင်းသူဘဝကျွန်မ

ကျွန်မသည် ၁၉၅၉ ခုနှစ်တွင် Physics၊ Chemistry၊ Additional Mathematics အတွဲနှင့် တက္ကသိုလ်ဝင်တန်းကို သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ သင်္ချာဘာသာကို ဆက်လက်လေ့လာစေချင်သော အစ်ကိုကြီး၏ဆန္ဒအရ တက္ကသိုလ်တက်သည့်အခါ Pure Science combination ယူခဲ့ပါသည်။ ISc(Part A) ကို ရန်ကင်းကောလိပ်[ယခု ရန်ကင်းအထက(၁)]တွင် တစ်နှစ်တက်ရပါသည်။ ထိုနှစ်တွင် နောင်ကျွန်မ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်လာ မည့် မြင့်မြင့်ခိုင် (အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင် ၏သမီး)နှင့် စတွဲဖြစ်ပါသည်။ ပထမနှစ်တွင် ဆရာဦးစိန်မင်း၊ ဆရာ ဦးမောင်မောင်တင်၊ ဆရာဦးကိုလေး၊ ဆရာဦးခင်ဇော် တို့နှင့် သင်္ချာဘာသာကို သင်ခဲ့ရပါသည်။ ထိုခေတ်အခါက ဆရာများသည် ရန်ကုန်တက္ကသိုလ်တွင် ပင်တိုင်နေရပြီး ရန်ကင်းကောလိပ်နှင့် ထီးတန်းကောလိပ်(ဝိဇ္ဇာတွဲများ) များသို့ စာသင်သည့်အချိန်များတွင်သာ ရန်ကုန် တက္ကသိုလ်မှ စီစဉ်ပေးသော ဘတ်စ်ကားများနှင့် လာကြပါ သည်။

ISc(Part A) အောင်ပြီးသောအခါ၊ ISc(Part B) ကို ရန်ကုန်တက္ကသိုလ် သင်္ချာဌာနအောက်ထပ်ရှိ S 1 နဲ့ S 2 အခန်းများတွင် တက်ရပါသည်။ ထိုနှစ်တွင် ဆရာ ဦးတင်လှိုင်၊ ဆရာဦးတင်မောင်၊ ဆရာဦးကိုကိုလေး၊ ဆရာ ဦးအောင်မြင့်တို့၏ သင်ကြားမှုကို ခံယူခဲ့ရပါသည်။ ဆရာ တစ်ဦးစီ၏ ထူးခြားမှုများကို ယခုတိုင်မြင်ယောင်နေမိပါ သည်။ နိုင်ငံခြားမှပြန်ရောက်စ ဆရာဦးတင်လှိုင်သည် ဘောင်းဘီအဖြူ အမြဲဝတ်လေ့ရှိပါသည်။ ဆရာ ဦးတင်မောင်ကတော့ Lecture အစမှအဆုံးထိ ကျောင်းသား များကို လှည့်ကြည့်လေ့မရှိဘဲ သင်လေ့ရှိပြီး အတန်းအဝင်၊ အထွက် အချိန်လည်း တိကျပါသည်။ ဆရာဦးကိုကိုလေးက တော့ ဆရာသင်ပြသည့် အကြောင်းအရာများသည် ကျွန်မ တို့အတွက် ခက်ခဲနက်နဲသော်လည်း ဆရာ့အနေဖြင့် ခက်ခဲ မှုမရှိသလို အမြဲပြုံးပြီးသင်လေ့ရှိပါသည်။ ဆရာ ဦးအောင်မြင့်ကတော့ လက်ထဲတွင် အမြဲပါလေ့ရှိသည့် သောက်လက်စ ဆေးပေါ့လိပ်လေးကို စာသင်ခန်းအပြင်ရှိ ပေါင်(ဘောင်)ပေါ်တင်ပြီးမှ စာသင်ခန်းကို ဝင်ပါသည်။ စာသင်ပြီး ပြန်ထွက်ရင်လည်း မမေ့မလျော့ သူ့ဆေးလိပ်ကိုယူပြီးမှ အခန်းကို ပြန်တတ်ပါသည်။ ISc(Part B) စာမေးပွဲအောင် သောအခါတွင် Pure Science Combination ယူသော သူများသည် Eligible ဖြစ်ပါက Rangoon Institute of Technology(RIT) တက်ခွင့် ရသကဲ့သို့ ဂုဏ်ထူးတန်းလည်း တက်လို့ရပါသည်။ ကျွန်မနှင့်မြင့်မြင့်ခိုင် နှစ်ယောက်လုံး Eligible ဖြစ်ကြသော်လည်း RIT မသွားဘဲ သင်္ချာအထွေထွေ ဂုဏ်ထူးတန်း (General Honours) တက်ခဲ့ကြပါ သည်။

ဂုဏ်ထူးတန်းစတက်သည့်အချိန်တွင် ရန်ကုန် တက္ကသိုလ် ပထဝီဝင်ဌာန၌ ကထိကတာဝန် ထမ်းဆောင်နေ သည့် ကျွန်မ၏အဖေဘက်မှ အစ်ကိုတော်သူ ကိုကိုကျော် (အငြိမ်းစား ပါမောက္ခချုပ် ဦးကျော်)က ပါမောက္ခဆရာ ကြီး ဦးဘတုတ်ထံ ကျွန်မကိုခေါ်သွားပြီး အပ်ခဲ့ပါသည်။ ထိုနေ့တွင် ကျွန်မ ဆရာကြီးဦးဘတုတ်အား စမြင်ဖူးပါ သည်။ အသားညိုညိုထောင်ထောင်မောင်းမောင်းနှင့် တပ်ထားသောမျက်မှန်ကို ကျော်ကြည့်ပြီး အသံဩဇာ အပြည့်နှင့် စကားပြောပုံကို စတင်သတိပြုမိပါသည်။ အထွေထွေဂုဏ်ထူးတန်းကို နှစ်နှစ်တက်ရပါသည်။ ထိုအတန်းများတွင် ဆရာကြီး ဦးအောင်လှ၊ ဆရာကြီး ဦးဘတုတ်၊ ဆရာ ဦးတင်လှိုင်၊ ဆရာဦးကိုကိုလေး၊ ဆရာ ဦးတင်မောင်၊ ဆရာ ဦးအောင်မြင့်တို့၏ သင်ကြားမှုကို ခံယူခဲ့ရပါသည်။ ဆရာကြီးဦးအောင်လှသည် ရန်ကုန် တက္ကသိုလ်သင်္ချာဌာန၏ ပထမဆုံးမြန်မာ ပါမောက္ခ/ဌာနမှူးဖြစ်ပြီး ထိုအချိန်က အငြိမ်းစားယူပြီး အချိန်ပိုင်း လာရောက်သင်ကြားခြင်း ဖြစ်ပါသည်။ ဆရာကြီးက Astronomy သင်ပေးပါသည်။ ဆရာကြီး ဦးဘတုတ်က Abstract Algebra သင်ပါသည်။ ဆရာကြီးသည် အင်္ဂလိပ်အက္ခရာများကို လက်ရေးဆက်မရေးဘဲ တစ်လုံးစီ ဝိုင်းဆက်နေအောင် ရေးလေ့ရှိပါသည်။ စာရှင်း ရာတွင်လည်း ပီပီသသနှင့် ကျောင်းသားများ နားလည် အောင်ရှင်းပြလေ့ရှိပါသည်။ ထိုအချိန်မှစပြီး ကျွန်မသည် ဆရာကြီး၏ သင်ပြမှုနည်းစနစ်များ၊ အရေးအသားများ ကို အတုယူခဲ့မိပါသည်။

၁၉၆၃ ခုနှစ်တွင် ကိုဦးသာ(သင်္ချာဦးသာ)၊ ကိုဇင်ဝေ သိမ်း(ဒုဗိုလ်မှူးကြီး - ငြိမ်း)၊ ကိုမြင့်ဖေ ၊ မြင့်မြင့်ခိုင် (ပါမောက္ခ/ဌာနမှူး- ငြိမ်း)၊ မခင်စိန်(ပါမောက္ခ- ငြိမ်း)နှင့် ကျွန်မ ကြည်ကြည်အောင် (ပါမောက္ခ/ ဌာနမှူး- ငြိမ်း)တို့ ခြောက်ယောက် အထွေထွေဂုဏ်ထူးတန်းအောင်မြင် ခဲ့ကြပါသည်။

ရန်ကုန်တက္ကသိုလ်သင်္ချာဌာနမှစခဲ့သော

ဝန်ထမ်းဘဝ

အထွေထွေဂုဏ်ထူးတန်းအောင်မြင်ခဲ့ကြသော ကျွန်မတို့ ခြောက်ယောက်ကို ပါမောက္ခ ဆရာကြီး ဦးဘတုတ်က သူ့ရုံးခန်းသို့ ခေါ်တွေ့ပြီး ဌာနတွင် နည်းပြ ရာထူးလျှောက်လိုမှု ရှိ၊ မရှိ မေးပါသည်။ ထိုအချိန်က ဌာန၏ ပါမောက္ခ/ ဌာနမှူးများတွင် နည်းပြခန့်ပိုင်ခွင့် ရှိကြပါသည်။ အားလုံးက လုပ်လိုကြောင်းလျှောက်လွှာတင်ခဲ့သဖြင့် ၁၉၆၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စပြီး ကျွန်မတို့ သူငယ်ချင်းခြောက်ယောက် နည်းပြဖြစ်ခဲ့ကြပါ သည်။ ကျောင်းဖွင့်ချိန် နည်းပြတန်းများ စသည့်အခါ ပါမောက္ခက နည်းပြတန်းများဝင်ရန် အတန်းများ ခွဲပေးပါ သည်။ နည်းပြတန်းများ မဝင်မီ မိမိဝင်ရမည့်အတန်းအတွက် မေးခွန်းကို သက်ဆိုင်ရာ Lecturer ထံမှယူပြီး တွက် ကြည့်ကာ ပါမောက္ခရှေ့တွင် တွက်ပြရပါသည်။ ဆရာကြီး က လိုအပ်သည်များဖြည့်ပေးပြီး ကျေနပ်မှသက်ဆိုင်ရာ နည်းပြတန်းကို ဝင်ရပါသည်။ အမှတ်ပေးပုံကိုလည်း စနစ်တကျ သင်ပေးပါသည်။

၁၉၆၅ ခုနှစ်တွင် မဟာသိပ္ပံတန်းဖွင့်သည့်အတွက် ကျွန်မရော မြင့်မြင့်ခိုင်ပါ တက်ကြပါသည်။ ထိုခေတ်က မဟာသိပ္ပံတန်းသင်နိုင်သော ဆရာဦးရေနည်းသော ကြောင့် မဟာသိပ္ပံတန်းကို နှစ်စဉ်မဖွင့်နိုင်ဘဲ တစ်သုတ် ပြီးမှ တစ်သုတ်ဖွင့်နိုင်ခဲ့ပါသည်။ ထိုအချိန်က မဟာ သိပ္ပံတန်းမှာ ရေးဖြေ နှစ်နှစ်သင်တန်းဖြစ်ပါသည်။ ဆရာကြီး ဦးဘတုတ်၊ ဆရာကြီး ဦးတင်လှိုင်၊ ဆရာ ဦးကိုကိုလေး၊ ဆရာဦးတင်မောင် ၊ ဆရာကြီးဒေါက်တာ ချစ်ဆွေတို့၏ သင်ကြားမှုကိုခံယူခဲ့ရပါသည်။ ဆရာကြီး ဦးဘတုတ် စာသင်ကြားသော နေ့တစ်နေ့၏ အမှတ်တရ တစ်ခုကို သတိရမိပါသည်။ အတန်းတက်တိုင်း ကျွန်မနှင့် မြင့်မြင့်ခိုင်သည် ရှေ့ဆုံးတန်းတွင် အမြဲထိုင်လေ့ရှိပါ သည်။ စာသင်ကြားပို့ချသည့် ဆရာများအနက် ဆရာကြီး ဦးဘတုတ်သည် စာသင်နေစဉ် အမြဲလိုလို စာမေးလေ့ရှိပါ သည်။ ယခုခေတ် သင်ပြနည်းတစ်ခုဖြစ်သည့် Student-Centred Approach ကို ဆရာကြီးသည် ဟိုယခင် ကပင် ကျင့်သုံးခဲ့သည်။ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်သည် ဆရာ့မေးခွန်းများကို ဖြေနိုင်ပါက အမြန်ဖြေလေ့ရှိပြီး မဖြေနိုင်သည့်အခါတွင် နှစ်ယောက်သားနဖူးနှင့် စားပွဲ ထိမတတ်ငုံ့နေလေ့ ရှိပါသည်။ ကျွန်မတို့ နှစ်ယောက်၏ နောက်အကျင့်တစ်ခုမှာ နေ့စဉ်ဆံထုံးတွင်ပန်းပန်လေ့ ရှိပါသည်။ ဆရာကြီး ဦးဘတုတ် စာသင်ချိန်တစ်ချိန်တွင် ပန်းများနှင့်ဝေနေသော ကျွန်မတို့နှစ်ယောက် ဆရာ စာမေးသည်ကို မဖြေနိုင်သဖြင့် ခေါင်းမဖော်နိုင်သည့် အချိန်တွင် ဆရာက “ မင်းတို့နေ့တိုင်းတော့ ပန်းပန်နိုင် တယ်၊ စာတော့နေ့တိုင်း မကြည့်လာဖူးလား” ဟု မေးပါ သည်။ ထိုနေ့မှစပြီး ကျွန်မတို့ နှစ်ယောက် ဆရာ့အတန်း တက်မည့်အချိန်ဆိုလျှင် ပန်လာသည့်ပန်းများ ဖြုတ်ကာ အခန်းထဲတွင် ရေစိမ်ထားခဲ့ပြီး အတန်းပြီးမှ ပြန်ပန်ကြပါ သည်။ ပန်းမပန်ဘဲလည်း မနေနိုင်သလို ဆရာဆူမှာ လည်း ကြောက်ရ ဖြစ်နေသော ကျွန်မတို့နှစ်ယောက် အဖြစ်ကို တစ်ခန်းတည်း အတူနေ အစ်မကြီး ဒေါ် သိန်းတင့်၊ အစ်မကြီးဒေါ်ခိုင်ဉာဏ်၊ အစ်မကြီးဒေါ်မြင့်ဉာဏ်တို့က အခုထိကြုံရင်ပြောမဆုံး ဖြစ်ခဲ့ပါသည်။

နည်းပြလုပ်သက်သုံးနှစ်ပြည့်မှ ဆယ်တန်းစာစစ် လုပ်ငန်းများကို လုပ်ခွင့်ပြုပါသည်။ စာစစ်လုပ်ငန်းမစမီ စာစစ်လုပ်ငန်းအတွေ့အကြုံ မရှိသေးသော ကျွန်မတို့ နည်းပြအသစ်များကို ဆရာကြီးက စာစစ်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို သေချာစွာ လမ်းညွှန်မှု များ ပေးပါသည်။ ဝါရင့် ကထိကများရေးဆွဲထားသော အမှတ်ပေးစည်းမျဉ်းကိုလည်း သေချာစွာရှင်းပြပါသည်။ အဖြေလွှာပေါ်တွင် အမှတ်ရေးရမည့်အရွယ်အစား၊ တစ်ပုဒ်ချင်းစီအတွက် အမှတ်ရေးရမည့်နေရာ စသည်တို့ ကို အသေးစိတ်သင်ပြပါသည်။ အမှတ်ပေါင်းသည့်အခါ တွင်လည်း အတွင်း၊ အပြင် တစ်ခါစီ ပေါင်းပြီး နှစ်ခု ကိုက်မှ စာအုပ်မျက်နှာဖုံးစာမျက်နှာပေါ်တွင် အမှတ် ဖြည့်ရမည်ဟုလည်း မှာကြားပါသည်။ စာစစ်လုပ်ငန်း အတွေ့အကြုံများကို ဆရာကြီးဦးတင်မောင်၊ ဆရာကြီး ဦးကိုကိုလေးနှင့် ဆရာဦးအောင်စိန်တို့ လက်အောက် တွင် အတူတွဲလုပ်ရင်း သင်ယူခဲ့ရပါသည်။ စာစစ်လုပ်ငန်း များပြီးစီးသောအခါ စာအုပ်များသိမ်းပုံကိုလည်း စနစ် တကျသိမ်းဆည်းရန် ကြိုးချည်နည်းကအစ ဆရာ ဦးမောင်မောင်တင်ကသင်ပေးပါသည်။ အဖြေလွှာ အုပ် ၅၀ လျှင် တစ်စည်းကျစ်နေအောင် စည်းရပါသည်။

၁၉၆၆ ခုနှစ်တွင် ဆရာကြီးဦးဘတုတ် မန္တလေး တက္ကသိုလ်ကို ပါမောက္ခချုပ်အဖြစ်ဖြင့် ပြောင်းသွားပြီး ဆရာကြီးဒေါက်တာချစ်ဆွေ ပါမောက္ခ/ဌာနမှူးအနေဖြင့် ရောက်လာပါသည်။ ဆရာ့လက်ထက် ၁၉၇၁ ခုနှစ်တွင် ကျွန်မ ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်သို့ မဟာသိပ္ပံဘွဲ့ အတွက် ပညာတော်သင်သွားခဲ့ရပါသည်။ ၁၉၇၄ ခုနှစ်တွင် အမိနိုင်ငံသို့ပြန်လည်ရောက်ရှိပြီး ရန်ကုန် တက္ကသိုလ် သင်္ချာဌာနတွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်သင်္ချာဌာနသို့

နောက်တစ်ခေါက်ပြန်ရောက်ခြင်း

နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အားလျော်စွာ ကျရာတာဝန် ကို ကျေပွန်စွာ ထမ်းဆောင်ရသည့်အတွက် ၁၉၇၄ ခုနှစ်မှစပြီး မော်လမြိုင်ဒီဂရီကောလိပ်(ယခုမော်လမြိုင် တက္ကသိုလ်)၊ ပညာရေးတက္ကသိုလ် (ယခုပညာရေး တက္ကသိုလ်၊ ရန်ကုန်)၊ စီးပွားရေးတက္ကသိုလ်(စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်)၊ မကွေးဒီဂရီကောလိပ်(ယခုမကွေး တက္ကသိုလ်)တို့သို့ အဆင့်ဆင့်သောရာထူးများဖြင့် ပြောင်းရွှေ့ အမှုထမ်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အဝေးသင်တက္ကသိုလ် (ယခုအဝေးသင်တက္ကသိုလ်၊ ရန်ကုန်)သို့ တွဲဖက် ပါမောက္ခ ရာထူးဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

အဝေးသင်တက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေစဉ် တစ်ညနေတွင် ပါမောက္ခချုပ် ဒေါက်တာ မင်းသန်းသောင်းက လုပ်ငန်းလိုအပ်ချက်အရ ကျွန်မရန်ကုန်တက္ကသိုလ် သင်္ချာဌာနသို့ ပြောင်းရမည့် အမိန့်စာခေါ်ပေးပါသည်။ ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၏ ဤရာထူးနေရာများ သည် ကျွန်မတို့ ချစ်ကြောက်ရိုသေခဲ့ရသော ဆရာကြီး များသာ တာဝန်ယူခဲ့သောနေရာဖြစ်သဖြင့် ကျွန်မ တာဝန် ယူရမည်ကို ကြောက်မိသည့်အတွက် နယ်မှရန်ကုန်သို့ အပြောင်းအရွှေ့လျှောက်လျှင် သော်လည်းကောင်း၊ ရာထူးတိုးလျှောက်လျှင်သော်လည်းကောင်း တာဝန်ကျေပွန် စွာ ထမ်းဆောင်နိုင်စွမ်းရှိလိမ့်မည်ဟု ယုံကြည်မှုမရှိသဖြင့် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပေးရန် အမြဲထည့် မလျှောက်ခဲ့သောကျွန်မ တာဝန်ပေးချက်အရ ရန်ကုန် တက္ကသိုလ် သင်္ချာဌာနသို့ ၁၉၉၇ ခုနှစ်တွင် တစ်ကျော့ပြန် ရောက်ခဲ့ရပါသည်။

ထိုအချိန်က ပါမောက္ခ/ ဌာနမှူးမှာ ဒေါက်တာ ခင်မောင်ဝင်းဖြစ်ပါသည်။ ထိုအချိန်က အမှတ်တရတစ်ခုမှာ ကျွန်မရောက်ပြီးနောက် ဆရာဒေါက်တာ မြင့်ဆွေ၏ ဦးဆောင်မှုဖြင့် အငြိမ်းစား ဆရာကြီးများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ကန်တော့ခံ ဆရာကြီး အရေအတွက်နည်းသဖြင့် သင်္ချာဌာန အခန်း အမှတ် S 105 တွင်ပြုလုပ်ခဲ့သည်။ ဆရာဝင်း အငြိမ်းစား ယူပြီး ဒေါက်တာမြဦး ပါမောက္ခ/ ဌာနမှူး ဖြစ်ပါသည်။ ပြီးလျှင် မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခ/ ဌာနမှူး ဆရာ ဦးကြင်ကို ပြောင်းလာပါသည်။ ဦးကြင်ကို အငြိမ်းစားယူ သည့် ၂၀၀၀ ပြည့်နှစ်တွင်တော့ ကျွန်မ တွဲဖက်ပါမောက္ခမှ ရာထူးတိုးပြီး ပါမောက္ခ/ဌာနမှူး ဖြစ်လာပါသည်။ ကျွန်မ၏ ရှေ့တွင် အမျိုးသားပါမောက္ခများသာ အုပ်ချုပ်ခဲ့သည့်ဌာန ဖြစ်သဖြင့် ကျွန်မအနေဖြင့် သင်ကြားရေးနှင့် အုပ်ချုပ် ရေးတာဝန်များကို နိုင်နင်းစွာ ထမ်းဆောင်နိုင်ပါ့မလားဟု တွေးပူပြီး ကြောက်နေခဲ့ပါသည်။ ထိုအချိန်တွင် ဦးစွာ သတိရမိသည်က ဆရာကြီးဦးဘတုတ်ဖြစ်ပါသည်။ ထိုင်း နိုင်ငံ ဘန်ကောက်မြို့ အေဘက်တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသော ဆရာကြီးဦးဘတုတ်ထံသို့ သွားရောက်ပြီး ကျွန်မ လျှောက်ထား ခြင်းမရှိဘဲ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနသို့ ရာထူးတိုးနှင့် ရောက်ခဲ့ကြောင်းပြောပြပြီး ဆရာကြီးအား ကန်တော့ခဲ့ပါသည်။ ဆရာကြီးကပြုံးပြီး “ ဝန်ထမ်းဆိုတာ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမယ်၊ ထမ်းဆောင်နိုင်ခြင်းမရှိရင်တော့ ထွက်ရမှာပဲ” ဟု ပြောပါသည်။ “အခုခေတ် လူငယ်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အရင်ခေတ်ကလို စည်းကမ်းပိုင်းမှာ သိပ်တင်း ကျပ်လို့မရဘူး၊ သိပ်လည်းလျှော့ လို့မရဘူး၊ ဒါကိုတော့မင်း adjust လုပ်တတ်ရမယ်” ဟု ဆုံးမစကား ပြောခဲ့ပါသည်။

ဆရာ့စကားကို မြေဝယ်မကျနားစိုက်ထောင်ပြီး ပါမောက္ခ/ ဌာနမှူးတာဝန်ကို အစွမ်းကုန် ကြိုးစား ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဌာနတွင်းဆောင်ရွက်မှုလုပ်ငန်းများ

ကျွန်မကုသိုလ်ကံကောင်းသည်ဟု ဆိုရပေမည်။ ကျွန်မနှင့်တွဲဖက်လုပ်ရမည့် ဒုတိယ ပါမောက္ခ နေရာသို့ ပုသိမ်တက္ကသိုလ်မှ ဆရာဦးသောင်းရှိန် ပြောင်းလာပါသည်။ ဟိုယခင်ကတည်းက မောင်နှမလို ခင်မင်ခဲ့သူမို့ လုပ်ငန်းခွင်တွင် အားကိုးရပြီး အခက်အခဲမရှိ အဆင်ပြေပါ သည်။ ထို့အပြင် တွဲဖက်ပါမောက္ခ ခြောက်ဦးလည်းရှိပါသည်။ ဒေါက်တာစန်းမြင့်၊ ဒေါက်တာဇော်ဝင်း၊ ဒေါက်တာ ပြည်အေး၊ ဒေါက်တာမျိုးသိမ်းကြီး (ယခုပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး)၊ ဒေါက်တာ ခင်အေးအေးနှင့် ဒေါက်တာမဝင်းကြည်တို့ ဖြစ်ပါသည်။ အားလုံး တက်ညီ လက်ညီနှင့် ကျရာတာဝန်များကို မခိုမကပ်ကျေပွန်စွာ ထမ်းဆောင်ကြ သည့်အတွက် ကျွန်မ၏ ပါမောက္ခ/ဌာနမှူး သက်တမ်းတစ်လျှောက် အခက်အခဲမရှိ အဆင်ပြေခဲ့ ပါသည်။ ထိုစဉ်အခါက စာမေးပွဲ မေးခွန်းများ ရိုက်နှိပ်သည့်အခါတွင် မေးခွန်းထုတ်သူကိုယ်တိုင် ကွန်ပျူတာဖြင့် ရိုက်ရသည့် အတွက် ကွန်ပျူတာ မကျွမ်းသောကျွန်မအား တွဲဖက် ပါမောက္ခ ဒေါက်တာမျိုးသိမ်းကြီးက Word၊ Excel၊ Power Point၊ Page Maker အားလုံးသင်ပေးခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်း သင်္ချာဘာသာ မေးခွန်း၏ Section A တွင် မေးသော မှား၊ မှန် ရောထွေးအမှန်ရွေး (Multiple Choice) မေးခွန်းများအတွက် ရည်ရွယ်ပြီး ဓမ္မဓိဋ္ဌာန် မေးခွန်းဘဏ်စာအုပ်ကိုလည်း ဌာနမှ ဆရာ ဆရာမများ ၏ ကြိုးပမ်းမှုဖြင့် ထုတ်နိုင်ခဲ့ပါသည်။

ဆရာကြီး ဒေါက်တာခင်မောင်ဝင်း၏ ကြီးကြပ်မှုဖြင့် သင်္ချာဌာနအတွက် ပထမဆုံးပါရဂူတစ်ဦး (ဒေါက်တာ အေးကို)ကို ၁၉၉၉ ခုနှစ်တွင် မွေးထုတ်နိုင်ခဲ့သည်။ ဆက်လက်ပြီး ပါရဂူဘွဲ့ရ ဆရာများ၏ ကြိုးပမ်းမှုဖြင့် ပါရဂူဘွဲ့ရများကို ယနေ့ထက်တိုင်မွေးထုတ်လျက်ရှိပါ သည်။ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အနေဖြင့် Computer Diploma သင်တန်းများကိုလည်း ဌာနမှဆရာ ဆရာမများ စုပေါင်းပြီး ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါသည်။ စစ်တက္ကသိုလ်မှ သင်္ချာအဓိကဖြင့် ဘွဲ့ရပြီး အရည်အချင်း ပြည့်မီသော (qualified) အရာရှိများအတွက်လည်း မဟာ သိပ္ပံတန်းများကို စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ဆရာ ဒေါက်တာမြင့်ဆွေ အစပျိုးခဲ့သော အာစရိယပူဇော်ပွဲ များလည်း စဉ်ဆက်မပြတ် ကျင်းပနိုင်ခဲ့ရာ ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀) ပြည့်နှစ်တွင် (၂၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ကျွန်မတို့ချစ်သော ဆရာကြီး ဦးဘတုတ်၏ အသက် (၁၀၀)ပြည့် မွေးနေ့ဖြစ်သော ၂၆-၁၂-၂၀၂၀ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် တပည့်များက အားကြိုးမာန်တက် စီစဉ်လျက်ရှိပါသည်။

ကျွန်မ၏ ဌာနမှူးသက်တမ်းတစ်လျှောက် ဖော်ပြပါ လုပ်ငန်းများလုပ်ဆောင်နိုင်ခြင်းမှာ ကျွန်မတစ်ဦး တစ်ယောက်တည်း၏ စွမ်းဆောင်မှုမဟုတ်ဘဲ ခေတ် အဆက်ဆက်မှ ဆရာကြီးများ၏ လမ်းညွှန်မှု ကျွန်မနှင့်အတူလက်တွဲလုပ်ကိုင်ခဲ့ကြသော ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်သာ ဖြစ်ပါသည်။

နိုင်ငံတော်မှ ချီးမြှင့်မှု

၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် ကျွန်မအတွက် လုံးဝ မျှော်လင့်မထားသည့် အကြောင်းအရာတစ်ခုနှင့် ကြုံခဲ့ပါ သည်။ ထိုအချိန်မတိုင်မီ ကျွန်မနှင့်အတူ ထိုစဉ်က မြန်မာစာပါမောက္ခ ဦးခင်အေးတို့ကို အဆင့်မြင့်ပညာ ဦးစီးဌာနမှ ကိုယ်ရေးမှတ်တမ်းများကို အကြိမ်ကြိမ်ခေါ်ပြီး ဖြည့်ခိုင်းပါသည်။ မည်သည့်အကြောင်းကြောင့် ဖြည့်ခိုင်း သည်ကိုမသိရသော်လည်း ကက်ဘိနက်တင်ရန်ဟု ပြောပါ သည်။ နောင်တွင်မှ ကျွန်မတို့နှစ်ယောက်ကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ပေးရန်အတွက်ဟု သိရပါသည်။ ဘွဲ့ချီးမြှင့်ခံ ရပြီးနောက် ဌာနမှပြုလုပ်ပေးသောဂုဏ်ပြုပွဲသို့ ကျေးဇူးရှင် ဆရာကြီး ပါမောက္ခ ဦးဘတုတ် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုစကားပြောကြားပေးပါသည်။

ဝန်ထမ်းဘဝမှ အငြိမ်းစားယူခြင်း

၂၀၀၂ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူရမည်ဖြစ်သော်လည်း နိုင်ငံတော်၏ လိုအပ်ချက်အရ ပါမောက္ခ/ ဌာနမှူးအနေဖြင့် ဆက်လက်တာဝန်ပေးအပ်သဖြင့် ၂၀၀၆ ခုနှစ်တွင်မှ အငြိမ်းစားယူခဲ့ပါသည်။ အငြိမ်းစားယူခဲ့သော် လည်း မိမိ၏ဝါသနာအလျှောက်အိမ်မှပင် တက္ကသိုလ် ဝင်တန်းကျောင်းသားများအတွက် သင်္ချာဆောင်းပါးများကို ငြိမ်းပညာရေးဂျာနယ်တွင် ခြောက်နှစ်ခန့် ရေးသားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လုပ်ဆောင်လျက်ရှိပါ သည်။ သင်ရိုးသစ်နှင့် ရေးသားပြုစုလျက်ရှိသော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသုံးစာအုပ်များကို စိစစ်ပေးသည့် ဘာသာရပ်အလိုက် လုပ်ငန်းကော်မတီ (Subject wise Working Committee) ကော်မတီဝင် အဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်သင်္ချာ ဘာသာရပ် ပါရဂူဦးစီးကော်မတီဝင်အဖြစ်လည်းကောင်း၊ မြန်မာ နိုင်ငံတက္ကသိုလ်များ သင်္ချာဘာသာ သင်ကြားရေးအဖွဲ့ အဖွဲ့ ဝင် အဖြစ်လည်းကောင်း သင်္ချာပညာပြန့်ပွားရေးကို ကိုယ်စွမ်းရှိသမျှ ဆောင်ရွက်နေပါသည်။

ကျွန်မသည် ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၌ နည်းပြအဖြစ်နှင့် ဝန်ထမ်းဘဝကို စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သင်္ချာဌာနမှာပင် ပါမောက္ခ/ ဌာနမှူးအနေဖြင့် အငြိမ်းစားယူခဲ့ပါသည်။ ဝန်ထမ်းအမှုထမ်းသက် ၄၃ နှစ်ကာလအတွင်း ပေးအပ်သော တာဝန်များကို အပြစ်အနာအဆာမရှိ ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းသည် ကျွန်မအား အတတ်ပညာ သာမက လုပ်ငန်းခွင်တွင် တာဝန်ယူတတ်မှု၊ စည်းစနစ် တကျ လုပ်ဆောင်တတ်မှု စသည်တို့ကို သင်ကြား ပြသ ပေးသော စည်းကမ်းကြီးသည့် ဆရာကြီး ပါမောက္ခ ဦးဘတုတ်နှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံး၏ ကျေးဇူးပင်ဖြစ်ပါသည်။ ဤကျေးဇူးတရား များကို ဦးထိပ်ပန်ဆင်၍ ဆရာသမား အားလုံးအား ဤဆောင်းပါးဖြင့် ပူဇော်ကန် တော့လိုက်ပါသည်။

ရန်ကုန်တက္ကသိုလ်ကြီးသည် နှစ် (၁၀၀) မှသည် ကမ္ဘာတည်သရွေ့ ပညာတတ်သားကောင်း သမီးကောင်း များ မွေးထုတ်နိုင်စေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါသည်။ အထူးသဖြင့် မျှော်လင့်မထားဘဲ ၂-၁၂-၂၀၂၀ ရက်နေ့တွင် ဘဝတစ်ပါးသို့ပြောင်းသွားသော၊ ကျွန်မတို့ ချစ်သော ကျွန်မတို့၏ ကျေးဇူးရှင်ဆရာကြီး ပါမောက္ခဦးဘတုတ်သည်လည်း ဒါန၊ သီလ၊ ဘာဝနာ အစွမ်းများကြောင့် ကောင်းမွန်မြင့်မြတ်သော ဘုံဘဝသို့ ရောက်ပါစေကြောင်း တပည့်များအားလုံးကိုယ်စား ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ။

ကြည်ကြည်အောင်

ကျမ်းကိုး - တက္ကသိုလ်မောင်သင်္ချာ၏ သင်္ချာပါမောက္ခ ဦးဘတုတ်ဖြတ်ကျော်ခဲ့သော ဘဝခရီး စာအုပ်