လောကဓံနဲ့ ပျော်မွေ့ရ တက္ကသိုလ်ကျောင်းသူဘဝ
ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ၁၉၈၅ ခုနှစ်တွင် ကျွန်မ ရောက်ခဲ့သည်။ ကျွန်မ အမေနှင့် အဖေက ၁၉၆၅ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းပြီးခဲ့သည်။ ပြည်ကောလိပ် တွင် နှစ်နှစ်တက်ပြီး ဂုဏ်ထူးတန်းတက်ခွင့်ရသောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရခြင်းဖြစ်သည်။ ထိုအချိန် က ရန်ကုန်တက္ကသိုလ်နယ်မြေခွဲတွေရှိသည်။ RC 1 ဟု ခေါ် သော ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ RC 2 ဟုခေါ်သော ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ RC 3 ဟု ခေါ်သော ရန်ကုန်တက္ကသိုလ်(ကြည့်မြင်တိုင်နယ်မြေ)တို့ဖြစ်သည်။ ထိုကျောင်းများတွင် နှစ်နှစ်တက်ပြီး တတိယနှစ်ရောက်မှ ရန်ကုန်တက္ကသိုလ် (ပင်မ)သို့ ရောက်သည်။ ထိုအချိန်က စစ်တွေကောလိပ်သည်လည်း ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံဖြစ်သည်။ စစ်တွေ ကောလိပ်တွင် နှစ်နှစ်တက်ပြီး တတိယနှစ်ရောက်လျှင် ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ရောက်သည်။ အမေက ရန်ကုန်တက္ကသိုလ်သို့ လိုက်ပို့သည်။ ကက်ရှ်ဟုခေါ်သော ငွေသွင်းကောင်တာတွင် ရခိုင်ကျောင်းသား ကျောင်းသူ တို့၏ ရခိုင် သံဝဲဝဲ ကို ငွေလက်ခံသူ နားမလည်သောကြောင့် အမေက စကားပြန်လုပ်ပေးခဲ့ရသေးသည်။ အမေက ကျောက်ဖြူသူ၊ ကျောက်ဖြူကောလိပ်မှ ရန်ကုန် တက္ကသိုလ်သို့ ရောက်လာသူဖြစ်သည်။
ကျောင်းအရှိန်အဝါက ကြီးလှ
‘အမေတို့ ဒီကျောင်းကထွက်ပြီး အနှစ် ၂၀ အကြာ မှာ သမီးကို ဒီကျောင်းလိုက်ပို့ရတယ်’ဟု အမေက တဖွဖွပြောသည်။ အမေ့မျက်နှာမှာ အတိတ်ခြေရာတို့ကို ရှာဖွေရင်း နုပျိုလန်းဆန်းနေသည်ဟု ခံစားမိသည်။ မင်းမနိုင်၊ ဦးဝိစာရအိမ်ရာတွင် ခေတ္တတည်းခိုပြီး ကျောင်းတက်ခဲ့ရသည်။ အဆောင်လျှောက်ထားသော် လည်း မရခဲ့။ ထိုအချိန်က အစိုးရကျောင်းဆောင်နေချင် သော ကျောင်းသူ အရေအတွက်များလှသည်။ ပြည်ကော လိပ် မြန်မာစာမှ ဂုဏ်ထူးတန်းဝင်သူ သုံးယောက်ရှိရာ တစ်ယောက်သာ ရတနာဆောင်မှာ နေခွင့်ရသည်။ ကျွန်မနှင့် သူငယ်ချင်း ခင်အေးကြူမှာ တံတားဖြူ ကန်လမ်းက မေခလာဆောင်တွင်နေရသည်။ အခန်းလေး ကျဉ်းပြီး နှစ်ယောက် နေရသော်လည်း ပျော်ကြသည်။ ထိုအဆောင်တွင် အလုပ်လုပ်သူအချို့ ရှိသော်လည်း ကျောင်းသူများသည်။ အရှေ့ဘက်မျက်နှာစာ အခန်းများ၏နောက်ဘက်တွင် လမ်းကျဉ်းလေးရှိပြီး နောက်တွင် အခန်းများရှိသေးသည်။ အောက်ထပ်တွင် လည်း မြေစိုက်အခန်းများ ရှိသေးသည်။ ရေချိုး လျှင် အောက်ထပ်ရေကန်ကြီးတွင်ချိုးကြရသည်။ ရန်ကုန် တက္ကသိုလ်သို့ ရောက်ခါစက မပျော်၊ ပြည်ကောလိပ်ကိုသာ သတိရနေသည်။ နောက်တော့ သူငယ်ချင်းများ ရလာပြီး ပျော်သွားသည်။ ထိုစဉ်က တံတားဖြူကန်လမ်းတွင် အပြင်ဆောင်တွေများလှသည်။ လမ်းထိပ်တွင် ခရမ်းပြာ ဆောင်ရှိသည်။ အဆိုတော် ခင်မောင်တိုးတို့၊ ကိုရဲလွင်တို့ နေသည်။ တံတားဖြူကန်လမ်းသည် ကျောင်းသား ကျောင်းသူတို့ဖြင့် စည်ကားခဲ့သည်။ ပြည်လမ်းကိုဖြတ်၊ ကန်ပေါင်ပေါ်တက်ပြီး ကျောင်းသွားရသည်မှာလည်း ပျော်စရာကောင်းလှသည်။ ထိုအချိန်က ကန်ပေါင်နှင့် ရန်ကုန်တက္ကသိုလ် တစ်ဝိုက်တွင် ကျောင်းသားကျောင်းသူ မဟုတ်ပါက မလာရဲလောက်အောင် ကျောင်းအရှိန်အဝါက ကြီးလှသည်။
တစ်ယောက်တည်း ကျောင်းသွားလည်း ကြောက်စရာ မရှိပေ။ ပြည်လမ်းမကြီးဘေးတွင်လည်း ကုက္ကိုပင်ကြီးများ အုပ်ဆိုင်းနေသည်။ အင်းလျားရေပြင်ပေါ်တွင် တက္ကသိုလ် များ လှေလှော်ရွက်တိုက်အသင်းသား အသင်းသူများ၏ လှေလေးများကိုလည်း တွေ့ရတတ်သည်။ စီးပွားရေး တက္ကသိုလ် နောက်ဘက်တွင် လူဝင်ပေါက်လေးရှိသည်။ ထိုအပေါက်လေးမှတစ်ဆင့် ကျောင်းထဲသို့ဝင်ပြီး အဓိပတိလမ်းကိုလျှောက်ကာ တောင်ငူဆောင်သို့ကျောင်း တက်ခွင့်ရခဲ့သည့်အချိန်တို့ကို ပြန်ပြောင်းတွေးတောမိ တိုင်း လွမ်းမောရသည်။ အာရ်စီကို ဖြတ်ဝင်လျှင် ရန်ကုန် တက္ကသိုလ် အနုပညာအသင်းမှ ဂီတသံများကို ကြားရတတ် သည်။ ဂျပ်ဆင်နောက်ဘက်လျှောက်လမ်းမှတစ်ဆင့် ရွှေဘို ဆောင် ဘေးလမ်းကို ဖြတ်တော့ ဥပဒေကျောင်းသားတို့၏ ဂစ်တာသံ၊ သီချင်းသံ၊ စနောက်သံတို့ကို ကြားရတတ်သည်။ ဒဂုံဆောင်ကိုဖြတ်လျှင် ဘူမိဗေဒကျောင်းသားတို့က အော်ဟစ် စ နောက်ကြပြန်သည်။ တောင်ငူဆောင်ရှေ့လမ်းမ ကြီးသည် ကျောင်းသား ကျောင်းသူများ ခြေချင်းလိမ် စည်ကားသော ခေတ်အခြေအနေတစ်ခုဖြစ်ခဲ့သည်။ ထိုလမ်းမကြီးတို့တွင် ကံ့ကော်၊ စိန်ပန်း၊ ငုပန်း၊ ပိတောက်ဝါ တို့ ချိန်သင့်ခါသင့် ပွင့်ကြသည်။ ထိုအခါ ကျွန်မတို့က လမ်းလျှောက်ရင်း ‘စိန်ပန်းနဲ့ ကံ့ကော်ပွင့်တွေ ခင်းတဲ့လမ်း မှာ လျှောက်ခဲ့ဖူးပါသည် . . .’ ဟု သီချင်း ဆိုညည်းမိတတ် သည်။
“ပင်ယံ ကံ့ကော်တွေပွင့်ပြန်ပြီလေ . . . နေနိုင်ရက် သူရေ မွှေးပါစေ” ဆိုသော သီချင်းစာသားကိုလည်း ဆိုမိ တတ်သည်။ တက္ကသိုလ်ထဲက နွေဥသြတွေ တေးဆိုသလို နေမှာပေါ့လေဟု တွေးမိသည်။ အမိတက္ကသိုလ်ကြီးက ပညာသင်ပေးရုံသာမက ပေါင်းသင်းဆက်ဆံရေးကိုလည်း သင်ပေးသည်။ အဆောင်မှာ အတူနေ သူငယ်ချင်းများစွာ ရှိသလို စာသင်ခန်းထဲမှ သူငယ်ချင်းများစွာကိုလည်း ခင်မင်ခွင့်ရခဲ့သည်။ မေဂျာတူ သူငယ်ချင်းတွေရှိသလို မေဂျာမတူ သူငယ်ချင်းတွေလည်းရခဲ့သည်။ မြန်မာနိုင်ငံအနှံ့ အပြားမှ သူငယ်ချင်းများစွာ ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ခုချိန်ထိ အဆက်အသွယ် မပြတ်ကြသော သူငယ်ချင်းတွေရှိသလို ဝေးကွာပြီး အဆက်အသွယ်ပြတ်သွားသူ အချို့လည်း ရှိပါသည်။ ဝေးကွာသွားသော်လည်း ထိုအချိန် ဘဝစာမျက် နှာများကို ပြန်လည်လှန်လှော ကြည့်မိတိုင်း သူတို့၏အရိပ် တွေက ပုံရိပ်ထင်လာမြဲပါ။ ပိုက်ဆံမရှိသော်လည်း ရှိအတူ မရှိအတူ အေးအတူပူအမျှ နေကြသည်။ တောင်ငူဆောင် ကင်န်တင်း၊ ဦးချစ်ဆိုင်တို့သည် ကျွန်မတို့ သူငယ်ချင်း တစ်စု၏ ချိန်းဆိုရာနေရာဖြစ်သည်။ ဆုံစည်းရာ ဘူမိနက် သန်လည်းဖြစ်သည်။
ရွှေတိဂုံဘုရားသို့ သွားကြ
ထမင်းကြော်၊ အသုပ်တစ်ပွဲကို တစ်ယောက်တစ်ပွဲ ဝယ်မစားဘဲ ဝမ်းတူးရိုက်ကြသည်။ တစ်ပွဲကိုနှစ်ယောက် စပ်တူစားခြင်းကို ဝမ်းတူးရိုက်သည်ဟုဆိုကြသည်။ အဆောင်က သူငယ်ချင်းတွေနဲ့လည်း ထိုနည်းလည်း ကောင်းပင်။ အိမ်က ပို့သမျှ ဟင်းတွေကို ဝေစား မျှစား ကြသည်။ တစ်ယောက်ပါးစပ်က တစ်ယောက်နှိုက်စားကြ သည်။ သူငယ်ချင်း ညီအစ်မ မောင်နှမတွေဟုပင် ဆိုရပေ မည်။ မနက်အစောကြီးထပြီး ရွှေတိဂုံဘုရားသို့ သွားကြ သည်။ မှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေစဉ် ကိုယ်ပိုင် ကားတစ်စီး ထိုးဆိုက်လာသည်။ ကိုယ်တွေထက် အရွယ်မတိမ်းမယိမ်း လူငယ် နှစ်ယောက်၊ ဆွေမျိုးကို လေဆိပ်ပို့ပြီး ပြန်လာတာဟု ဆိုသည်။ ကိုယ်တွေကို လမ်းကြုံတင်ပြီး ဘုရားလိုက်ပို့ပေးသည်။ လမ်းမှာ နာမည်တွေမေးတော့ ‘သပြေ၊ မဟေသီ၊ ချယ်ရီ၊ စန္ဒာ၊ စံပယ်ဖြူ’ စသည်ဖြင့် လွှဲပြောမိသည်။ တကယ်တော့ ထိုအချိန်က ထွက်နေသော လစဉ်ထုတ် မဂ္ဂဇင်းများ၏ အမည်ဖြစ်သည်။ သူတို့ နှစ်ယောက်က စာမဖတ်၍မသိဟု ထင်သည်။ အဆောင်နာမည်ကိုတော့ ‘မေခလာဆောင်’ဟု အမှန်ပြောမိသည်။ များမကြာမီရက်များတွင် သူတို့ နှစ်ယောက်အဆောင်သို့ရောက်လာသည်။ ‘မဟေသီ၊ ချယ်ရီ၊ စန္ဒာ’ စသော မဂ္ဂဇင်း နာမည်တွေနှင့်မေးတော့ ဘယ်သူမှ မသိတော့၊ အချို့က စာအုပ်ငှားဆိုင်နဲ့ မှားလာ လေသလား စနောက်ကြသည်။ ကျွန်မတို့ သူငယ်ချင်းတွေ ကြိတ်ရယ်ကြသည်။ နောက်တော့လည်း ဆင်းတွေ့လိုက်ပါ သည်။ အမှတ်တရတစ်ခုက အဆောင်မှာ ရေမလာ၍ အင်းလျားကန်စပ်မှာ အင်္ကျီ၊ ထဘီတွေနှင့် ဆင်းစိမ်ရေချိုး ခြင်းဖြစ်သည်။ ပျော်လိုက်လေခြင်း။
ပြီးတော့ အုပ်စုလိုက် ကန်လမ်းထဲ အပြေးပြန်ကြ သည်။ ရေတွင်းမှာ ရေပြန်ချိုးတော့ ရေထမ်းရောင်းသည့် သူက ရေတွေငင်ကာ လောင်းပေးသည်။ တပျော်တပါး ချိုးကြသည်။ နောက်တစ်နှစ်မှာတော့ အင်းလျားလမ်းထဲက သဇင်ဆောင်သို့ ပြောင်းကြသည်။
မေ့မရသော နေ့စွဲများလည်းဖြစ်
ခေမရဋ္ဌ် စားသောက်ဆိုင်ဘေးလမ်းက ဝင်သွားရ သည်။ သဇင်ဆောင်မှာလည်း ပျော်သည်။ ဒုတိယနှစ် ဂုဏ်ထူးတန်းစာမေးပွဲဖြေနေရင်း ငွေစက္ကူတွေ သိမ်း သည့်ဖြစ်ရပ်ဖြစ်သည်။ ရေဒီယိုဖွင့်ပြီး စာလုပ်နေသော ကြောင့် သတင်းကိုကြားကြားချင်း အံ့သြရသည်။ ပြီးတော့ စိတ်ညစ်သွားသည်။ အားလုံးအတွက် စိတ်ပူပြီး စာဆက်လုပ်၍ မရတော့၊ အသစ်လေးတွေမို့ စုထားသော နှစ်ဆယ့်ငါးကျပ်တန်၊ ဆယ့်ငါးကျပ်တန်တွေ သုံးမရတော့ ပြီ၊ မနေ့ညကမှ အိမ်ကပို့လိုက်သော ခုနစ်ဆယ့်ငါးကျပ်တန် နှစ်ရွက်မှာ တစ်ရွက်မိသည်။ တစ်ရွက်က အစ်ကိုဝမ်းကွဲ လာချေးသွားသည်။ သူ့ခမျာလည်း သုံးရသေးဟန် မတူ။ ငါးမူးစေ့လေးများထည့်စုထားသော စုဘူးလေးကို ထုခွဲခဲ့ရသည်။ အတူနေ သူငယ်ချင်း မခင်ဇော်နှင့် ကျွန်မ က ငွေကိုမျှသုံးသည်။ သူ့ အစ်ကိုကြီး ငွေလာမပို့သေး လျှင် ကျွန်မအိမ်ကပို့သည့်ငွေနှင့် အတူသုံးသည်။ အတူချက်စားသည်၊ ကျွန်မ၏မိဘများမှာ ကျောင်းဆရာ များဖြစ်သည်။ အမေက ကျွန်မ၏ကျောင်းစရိတ်အတွက် ပုဇွန်တောင် ကြက်တန်းက လုပ်ငန်းရှင်တစ်ဦးထံ ချေးထား သောငွေမှ အတိုးကို လစဉ်သွားထုတ်သုံးစေသည်။ လဆန်းရက်လည်းဖြစ် စာမေးပွဲအတွက် စာကျက် နေရသောရက်တွေ ဖြစ်သောကြောင့် အတိုးငွေကို သွားမထုတ်မိသေးပေ။ ပြောရလျှင် အတိုးငွေ ဆုံးရှုံး သွားပါသည်။ ထိုလုပ်ငန်းရှင်ကလည်း ငွေစက္ကူတွေ အသိမ်းခံရသည့်အထဲပါသွားပြီဟု အကြောင်းပြသည်။ အရင်းတောင် ပြန်မရတော့ပါ။ မိဘများ၏ ချွေးနှဲစာမို့ နှမြောဝမ်းနည်းမိသည်။ ထိုစဉ်က ကျောင်းဆောင်နေ ကျောင်းသားများကို ကား၊ သင်္ဘော၊ ရထားတို့ဖြင့် ပြန်ပို့ သည်။ ထိုက်သင့်သောလမ်းစရိတ် အနည်းငယ်လည်း ထုတ်ပေးသည်ဟု သိရသည်။ ကျွန်မတို့အပြင်ဆောင် နေသူများကတော့ ပိုက်ဆံမရပါ။ ကျောင်းသားကတ်ပြပြီး ရထားအလကားစီးပြန်ခဲ့ရသည်။ ရုတ်တရက် ကျောင်း ပိတ်လိုက်၍ အားလုံးအံ့သြဝမ်းနည်းကြသည်။ အဓိပတိလမ်းပေါ်တွင် ဟီးနိုးကားများ ရပ်ထားသည်။ ထိုကားများပေါ်တွင် အိမ်ပြန်မည့်ကျောင်းသား ကျောင်း သူတို့ရှိသည်။ မပြန်ရသေးသည့် ကျောင်းသား ကျောင်းသူ တို့ကလည်း ကျောင်းထဲ လှည့်ပတ်ကြည့်ပြီး လက်ပြ နှုတ်ဆက်ကြသည်။ စိတ်မကောင်းတော့ မျက်နှာတွေ မကောင်းကြ။ ဘယ်တော့ ကျောင်းပြန်ဖွင့်မလဲ၊ စာမေးပွဲက တန်းလန်း၊ လောကဓံတရား၏ရိုက်ချက်ပြင်း၊ သည်ဖြစ်ရပ်တွေက တက္ကသိုလ်ကျောင်းသူဘဝ၏ အမှတ်တရများဖြစ်သလို မမေ့နိုင်သော၊ မေ့မရသော နေ့စွဲများလည်း ဖြစ်သည်။
သူငယ်ချင်းညီအစ်မ မောင်နှမတွေရဲ့ ချစ်ခင် ရင်းနှီးမှုမှတ်တမ်းကိုလည်း ရေးထိုးပြီး ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတို့သည် သိသိမသိသိ၊ ခင်ခင် မခင်ခင် လက်သည်းဆိတ်တော့ လက်ထိပ်နာသည် ဟူသောသဘောရှိကြောင်း ထိုဖြစ်ရပ်တွေက သက်သေ ရှိသည်။ ကျွန်မက ရန်ကုန်- ပြည် ရထားစီးပြီး နတ်တလင်း သို့ ပြန်သည်။ ကျွန်မနေသော အိုးသည်ကုန်းမှာ အမြန်ရထား မရပ်သောကြောင့် အဘိုးအဘွားရှိရာ နတ်တလင်းသို့ ပြန်ရ ခြင်းဖြစ်သည်။ ရထားက သာယာဝတီဘူတာမှ စရပ်သည်။ ကျောင်းသားကျောင်းသူအချို့ ဆင်းသွားသည်။ ရထားတွဲ တိုင်းမှ ကျောင်းသားကျောင်းသူများ ခေါင်းထွက်ကာ လက်ပြနှုတ်ဆက်ကြသည်။ ဆင်းသွားသူတို့ကလည်း မှုန်ပျပျသာမြင်ရသည်အထိ လက်ပြနှုတ်ဆက်ကြသည်။
ထိုအချိန်ကာလများတွင် ခိုင်ထူး၏ ‘အစောဆုံးပြန်ခဲ့’ တေးစီးရီးနှင့် ထူးအိမ်သင် ၏ ‘နာရီပေါ်က မျက်ရည်စက်များ’ တေးစီးရီးတို့ ခေတ်စားလျက်ရှိသည်ကို မှတ်မိနေပါသည်။ ထိုစဉ်က ဝေသာလီဆောင် မရှိသေးပါ။ တောင်ငူဆောင်ရှေ့ တောင်ပိန္နဲပင်ကြီးအောက် ဖြတ်လျှောက်၊ ငှက်ပျော တောလမ်းကလေးကိုဖြတ်ပြီး ဦးချစ်ဆိုင်သို့ သွားရသည်။ ဗာဒံပင်ရိပ်အောက်ရှိ ခုံလေးများမှာ ထိုင်ကြသည်။ သီချင်း သံကြားကနေ အလုအယက် စကားတွေပြောကြသည်။ ငြင်းခုံကြသည်။ အဆိုတော် မိုးမင်းလည်း ဦးချစ် ဖောက်သည် ကြီးဖြစ်သည်။ သူ့ကိုလည်း ဦးချစ်ဆိုင်မှာ အမြဲတွေ့ရတတ် သည်။ အတန်းတက်၊ ကျူတိုရီယယ်ဖြေပြီးလျှင် ဦးချစ်မှာ ကျွန်မတို့ထိုင်ကြသည်။ တစ်ခါတစ်ရံ ဦးယမ်းဘီလူးဆိုင်မှာ အအေးသွားသောက်ကြသည်။ အင်းလျားကန်ဘက်သွားပြီး ဝက်သားတုတ်ထိုးစား၊ မန်းကျည်းဖျော်ရည် သောက်ကြ သည်။ ကျောင်းတော်ကြီးထဲက အပင်တွေကိုလည်း အမှတ် တရရှိနေသေးသည်။ ဂျပ်ဆင်နောက်ဘက်က ရင်ခတ် ပန်းပင်ကြီး မရှိတော့ပြီ၊ အာရ်စီနောက်က စိန်ပန်းဝါပင်ကြီး လည်း ဓာတ်ပုံထဲမှာသာ ရှိတော့သည်။ တောင်ပိန္နဲ၊ သစ်တိုပင်တွေလည်း နာဂစ်မှာ လဲကျသေဆုံးခဲ့ကြသည်။ ကံ့ကော်၊ ပိတောက်၊ စိန်ပန်းပင်တွေလည်း လဲပြိုကျဆုံး ခဲ့ကြသည်။
လောကဓံကို ကြံ့ကြံ့ခံ
ကျွန်မအဖေနှင့်အမေက ၁၉၆၂ (7th July)ကို ကြုံခဲ့ သည်။ ကျွန်မက ရှစ်လေးလုံး အရေးတော်ပုံမတိုင်ခင် ငွေစက္ကူအရေး၊ ဖုန်းမော်အရေး၊ (10 December) အရေး တို့ကိုကြုံတွေ့ပြီး ကျောင်းလေးနှစ်အောက်ခဲ့ရသည်။ ငွေစက္ကူသိမ်းသည့်ကိစ္စကြောင့် အတိုးရော အရင်းပါ ငွေကြေးဆုံးရှုံးခဲ့ရသည်။ ဤသည်မှာ ခေတ်အခြေအနေနှင့် နိုင်ငံရေးအခင်းအကျင်းဖြစ်သော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးရှိ ကျောင်းသား ကျောင်းသူတို့နှင့် ဆက်စပ်နေသည်မှာ ငြင်းမရနိုင်ပါ။ ထို့ကြောင့် ကျွန်မတို့ ခေတ်က ကျောင်းသားကျောင်းသူတို့၏ ကျောင်းသားဘဝ မှာ လောကဓံကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ခြင်း တွေ ပါဝင်နေ ပါကြောင်း ပြောလိုခြင်းဖြစ်ပါသည်။
ကျောင်းတော်ကြီး၏ အဆောက်အအုံများ၊ သစ်ပင် များမှာလည်း လောကဓံ၏ အရိုက်အပုတ်၊ အထုအထောင်း ကို ခံခဲ့ရသည်မှာ သမိုင်းသက်သေရှိသည်။
မည်သို့ပင်ဆိုစေကာမူ တက္ကသိုလ်ကြီးက လဲပြိုမသွား ဘဲ ပြန်၍ ထမတ်နိုင်ခဲ့သည်။ နှစ် ၁၀၀ ပြည့်ပြီ၊ ကျောင်း လေးနှစ်အောက်ခံရပြီး ကျောင်းသက်ရှည်ခဲ့ရသော ကျွန်မ လည်း ပါမောက္ခအဖြစ် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေပေပြီ။
ကျောင်းထဲမှာ လဲကျ၊ ပြိုကျ သေဆုံးသွားကြသော သစ်ပင်တွေနေရာမှာ အသစ် အသစ်သော အပင်တို့ ဝေဆာ လာပေပြီ။ မသေဘဲ ကျန်ခဲ့သော သစ်ပုပ်ပင်ကြီးသည် ကျွန်မတို့၏ ဘဝအားမာန်ကို တက်ကြွစေသည်။ ပင်ပျိုပင်အိုတို့ဖြင့် ဝေဆာနေသော ကျောင်းတော်ကြီးသည် ရာပြည့်နှစ်မှသည် နောင် နှစ်ပေါင်း များစွာ ရှင်သန်နေဦးမည် မှာသေချာလှသည်။ ထို့ကြောင့် လောကဓံသည် ကျွန်မတို့၏ ခြေထောက်အောက်သို့ ရောက်သွားသောအခါ လှေကားထစ် များဖြစ်သွားကြသည့် သဘောကို စောကြောမိရသည်။
ရာသက်ပန် (တောင်ငူဆောင်)