Skip to main content

ဥပဒေစိုးမိုးမှုဖြင့် စည်းလုံးညီညွတ်သောအင်အားကို စုစည်းပြီး ဖွံ့ဖြိုးတိုးတက်မှုဖြင့် ဘုံသာယာဝပြောမှုကို မြှင့်တင်မည်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား

ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ”ကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။ ဤဥပဒေသည် အဓိကကျသောအောင်မြင်မှုကြီး သုံးရပ်ကို “ပထမဆုံးအကြိမ်” ဖော်ဆောင်နိုင်ခဲ့ပါသည်။

၎င်းတို့မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာရှီကျင့်ဖျင်၏ တိုင်းရင်းသားရေးရာလုပ်ငန်းစဉ် တိုးမြှင့်ရေးနှင့် ပြုပြင်မွမ်းမံရေးဆိုင်ရာ အရေးပါသော အတွေးအခေါ်များကို ဥပဒေအတွင်း ပထမဆုံးအကြိမ် ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်း၊ တရုတ်အမျိုးသား ဘုံအသိုက်အဝန်း အသိစိတ်ဓာတ်ကို ခိုင်မာစေခြင်းနှင့် တရုတ်အမျိုးသားဘုံကံကြမ္မာ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးခြင်း စသည့်အဓိက အယူအဆအတွေးအခေါ်ကို ဥပဒေဆိုင်ရာ သီအိုရီရှုထောင့်မှ ပထမဆုံးအကြိမ် ရှင်းလင်းတင်ပြခဲ့ခြင်း၊ ခေတ်ကာလအသစ်၏ တိုင်းရင်းသားရေးရာလုပ်ငန်းစဉ် အခင်းအကျင်းကို ဥပဒေအတွင်း၌ ပထမဆုံးအကြိမ် ပေါ်လွင်ထင်ရှားစေခဲ့ခြင်းတို့ ဖြစ်ပါသည်။

ဤဥပဒေသည် တိုင်းရင်းသားရေးရာ လုပ်ငန်းစဉ်တွင် ရရှိခဲ့သော အဓိက မူဝါဒရေးရာနှင့် လက်တွေ့ကျသော အသီးအပွင့်များကို နိုင်ငံတော်၏ ဥပဒေပြုရေးနည်းလမ်းဖြင့် နိုင်ငံတော်၏ ဆန္ဒအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲပေးလိုက်ခြင်းဖြစ်ပြီး ခေတ်ကာလအသစ်၏ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် တိုးတက်ရေးလုပ်ငန်းစဉ်များအတွက် ခိုင်မာသောဥပဒေစိုးမိုးရေး အာမခံချက်ကို ပံ့ပိုးပေးထားပါသည်။

ကျွန်မအနေဖြင့် ဤအခါသမယအခွင့်အရေးကို အသုံးပြု၍ မြန်မာနိုင်ငံရှိ နယ်ပယ်ကဏ္ဍအသီးသီးမှ မိတ်ဆွေများအား ဤဥပဒေ၏ အဓိကအယူအဆများ၊ စည်းမျဉ်းစည်းကမ်းရေးဆွဲခြင်းနှင့် လက်တွေ့ ဆောင်ရွက်မှု အကျိုးရလဒ်များကို မိတ်ဆက်ပေးလိုပြီး တရုတ်နိုင်ငံ၏ ဥပဒေနှင့်အညီ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် တိုးတက်ရေးလုပ်ငန်းစဉ်များကို တွန်းအားပေးဆောင်ရွက်မှုဆိုင်ရာ လက်တွေ့အတွေ့အကြုံများနှင့် အတွေးအခေါ်များကို မျှဝေလိုပါသည်။

ပထမချက်မှာ ဥပဒေဖြင့်မူဝါဒကို သတ်မှတ်ပြီး တိုင်းရင်းသားတန်းတူညီမျှရေးမူဝါဒကို ကိုင်စွဲကာ တရုတ်အမျိုးသား ဘုံအသိုက်အဝန်း အသိစိတ်ဓာတ်ကို ခိုင်မာစေခြင်းဖြစ်ပါသည်။ ဥပဒေ၏ အစ၌ပင် တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိစေရေးကို တိုင်းရင်းသားရေးရာ လုပ်ငန်းစဉ်၏ အခြေခံမူအဖြစ် သတ်မှတ်ထားပြီး မည်သည့်နည်းလမ်းဖြင့်မဆို တိုင်းရင်းသားခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများကို ပြတ်ပြတ်သားသား ပိတ်ပင်ထားကာ တိုင်းရင်းသားအားလုံး နိုင်ငံတော်စီမံခန့်ခွဲမှုတွင် တန်းတူညီမျှ ပါဝင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များအားတန်းတူမျှဝေ ခံစားခွင့်တို့ကို ဥပဒေဆိုင်ရာ သီအိုရီ ရှုထောင့်မှ အာမခံပေးထားပါသည်။

ပြန်လည်ပေါင်းစည်းမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တိုင်းရင်းသားဝိသေသ အချက်အလက်များနှင့် ဒေသဆိုင်ရာအချက်အလက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးရှိ တန်းတူညီမျှသော အခွင့်အရေးများကို အာမခံပေးထားပါသည်။ လူဦးရေပမာဏ မည်မျှပင် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တရုတ်အမျိုးသား အနာဂတ်ဘုံကံကြမ္မာ အသိုက်အဝန်း၏ တန်းတူညီမျှသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

ဤဥပဒေသည် တရုတ်အမျိုးသား ဘုံအသိုက်အဝန်း အသိစိတ်ဓာတ်ခိုင်မာစေရေးကို ပင်မလမ်းကြောင်းအဖြစ် ထားရှိပြီးတိုင်းရင်းသား ယဉ်ကျေးမှု ကွဲပြားခြားနားမှုများကိုလည်း လုံလောက်စွာ ထည့်သွင်းစဉ်းစားပေးထားပါသည်။ ဥပဒေအရ တိုင်းရင်းသားအသီးသီး၏ မိခင်ဘာသာစကားနှင့် စာပေကို အသုံးပြုခွင့်၊ ဖွံ့ဖြိုးတိုးတက်စေခွင့်နှင့် မိမိတို့တိုင်းရင်းသား၏ ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာထိန်းသိမ်းခွင့် သို့မဟုတ် ပြုပြင်ပြောင်းလဲခွင့်တို့ကို အာမခံပေးထားပြီး ဥပဒေဖြင့်သဟဇာတဖြစ်မှုကို ထိန်းသိမ်းကာ စည်းမျဉ်းစည်းကမ်းများ၏ နွေးထွေးမှုဖြင့် တစ်ဦးချင်းစီ၏ ထူးခြားမှုကိုကာကွယ်စောင့်ရှောက်ပေးထားပါသည်။

ဒုတိယချက်မှာ စည်းလုံးညီညွတ်စွာ အတူတကွရှင်သန်နေထိုင်ပြီး ကူးလူးဖလှယ်ရေးလမ်းကြောင်းများကို ပွင့်လင်းစေကာ တိုင်းရင်းသားပြည်သူများ အတူတကွနေထိုင်ခြင်း၊ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ သာယာပျော်ရွှင်ခြင်းကို တွန်းအားပေးခြင်းဖြစ်ပါသည်။ တိုင်းရင်းသားအသီးသီးအပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဖလှယ်နိုင်ရေးကို ပိုမိုအားကောင်းစေခြင်းသည် ဤဥပဒေတွင် အထူးကဏ္ဍတစ်ရပ်အဖြစ် ပြဋ္ဌာန်းထားသော အဓိကတာဝန်ဖြစ်ပါသည်။

လက်ရှိ တရုတ်နိုင်ငံတွင် လူဦးရေနှစ်ဦးနှစ်ဖက် ကူးလူးသွားလာမှုသည် ပုံမှန်အခြေအနေ ဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးတွင် တိုင်းရင်းသားလူမျိုးစု ရွှေ့ပြောင်း လူဦးရေ ၃၃ သန်း ကျော်ရှိကာ တိုင်းရင်းသားလူမျိုးများ၏ သုံးပုံတစ်ပုံကျော်သည် မြို့ကြီးများနှင့် လူနေအိမ်ခြေ မထူထပ်သော ဒေသများတွင် သွားရောက်နေထိုင်ကြသဖြင့် ကျယ်ပြန့်စွာ ပျံ့နှံ့နေထိုင်ခြင်း၊ အနည်းငယ်မျှသာ စုစည်းနေထိုင်ခြင်းနှင့် အခြားလူမျိုးများနှင့် ရောနှောနေထိုင်ခြင်းပုံစံမှာ ပိုမိုနက်ရှိုင်းလာခဲ့ပါသည်။

ဤဥပဒေသည် ပညာရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွား၊ အားကစား၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ရပ်ကွက်တည်ဆောက်ရေးစသည့် ကဏ္ဍများမှ အသေးစိတ်အစီအမံများကို သတ်မှတ်ပေးထားပြီး အပြန်အလှန်ဆက်စပ်ယှက်နွှယ်နေသော ရပ်ရွာ ပတ်ဝန်းကျင် တည်ဆောက်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလုပ်ငန်း စသည့်လမ်းကြောင်းများမှတစ်ဆင့် တိုင်းရင်းသားများ အပြန်အလှန်ကူးလူးဖလှယ်နိုင်ရေးအတွက် တိကျသော စည်းမျဉ်းများကို ပြဋ္ဌာန်းပေးထားပါသည်။

မတူညီသော တိုင်းရင်းသား လူမျိုးများအနေဖြင့် နေ့စဉ်အတူတကွ ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် အပြန်အလှန် သိရှိနားလည်မှုနှင့် အသိအမှတ်ပြုမှုများကို ပိုမိုတိုးတက်စေကာ အတားအဆီးများကိုဖယ်ရှားပြီး ဘုံသဘောတူညီချက်များကို စုစည်းစေလျက် တရုတ်အမျိုးသား ဘုံအသိုက်အဝန်း အယူအဆကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတိုင်းတွင် စိမ့်ဝင်ပေါင်းစပ်စေပါသည်။

တတိယချက်မှာ လက်တွေ့ကျကျကြိုးပမ်း၍ ပြည်သူများသာယာဝပြောစေပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကွာဟချက်များကို ကျဉ်းမြောင်းစေကာ တိုင်းရင်းသားပြည်သူအားလုံး ခေတ်မီ ဆန်းသစ်မှု အသီးအပွင့်များကို မျှဝေခံစားစေခြင်း ဖြစ်ပါသည်။ ဤဥပဒေသည် တိုင်းရင်းသားအားလုံး အတူတကွသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား တွန်းအားပေးပါသည်။ ၂၀၁၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် အမျိုးသားကိုယ်စားလှယ်များညီလာခံမှစ၍ တရုတ်နိုင်ငံ၏တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသငါးခု၏ ဂျီဒီပီ (GDP)သည် ယွမ် ၃ ဒသမ ၂၅ ထရီလီယံမှ လတ်တလောနှစ်များအတွင်း ယွမ် ၈ ဒသမ ၆၆ ထရီလီယံအထိ တိုးတက်လာခဲ့ပြီး စုစုပေါင်း ပမာဏမှာနှစ်ဆကျော် တိုးတက်လာခဲ့ကာ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များ စဉ်ဆက်မပြတ် ကျဉ်းမြောင်းလာခဲ့ပါသည်။

မြောက်ဖျားမှ တောင်ဖျားအထိ၊ ကုန်းမြင့်ဒေသမှသည် နယ်စပ်ဒေသများအထိ တိုင်းရင်းသားဒေသအသီးသီးရှိ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံများသည် တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာနှင့် လူမှုဖူလုံရေး စသည့်ပြည်သူ့ဝန်ဆောင်မှု အဆင့်အတန်းများမှာလည်း စဉ်ဆက်မပြတ် မြင့်မားလာခဲ့ပါသည်။ လူနေမှုဘဝတိုးတက်လာမှုကို ပြသနေသည့် ကိန်းဂဏန်းများ၏ နောက်ကွယ်တွင် စစ်မှန်သောချမ်းသာသုခနှင့် ပျော်ရွှင်ကြည်နူးမှုများ တည်ရှိနေပါသည်။

နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားမူဝါဒနှင့် စီမံခန့်ခွဲမှု လက်တွေ့ဆောင်ရွက်ချက်များကို လေ့လာကြည့်ရှုရာတွင် ဖြစ်ရပ်မှန်များ၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပြည်သူတို့၏ လူနေမှုဘဝ စစ်မှန်စွာတိုးတက်ကောင်းမွန်လာခြင်း ရှိမရှိဆိုသည့်အချက်များအပေါ်တွင် အဓိက ကြည့်ရှုရမည်ဖြစ်ပါသည်။ တိုင်းရင်းသား ဒေသများ၏ အခြေခံအဆောက်အအုံများဖြစ်သော အမြန်ရထားများသည် နယ်စပ်ဒေသများအထိရောက်ရှိခဲ့ပြီး လမ်းမကြီးများကိုလည်း ကျေးရွာများ အထိ ဖောက်လုပ်ခင်းကျင်းခဲ့ကာ လျှပ်စစ်ဓာတ်အား ကွန်ရက်များသည် တောတောင်များအထိ ဖြန့်ဖြူးခဲ့ ပါသည်။

တိုင်းရင်းသားဒေသများ၏ ပြည်သူ့သုခချမ်းသာများဖြစ်သော စာသင်ကျောင်းများကို အိမ်ရှေ့ဝင်းဝအထိ ဆောက်လုပ်ပေးခဲ့ပြီး ဆေးရုံများတွင် အဆင့်မြင့်စက်ပစ္စည်းများကို တပ်ဆင်ပေးခဲ့ကာ အိမ်ရာအခြေအနေများမှာလည်း သစ်လွင်တောက်ပလာခဲ့ပါသည်။ တိုင်းရင်းသားယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လက်ဆင့်ကမ်းရေးတွင်လည်း ရှေးဟောင်းသမိုင်းဝင်ကဗျာများမှာ ဆက်လက်သီဆိုနေဆဲဖြစ်ပြီး ရိုးရာပွဲတော်များသည် ပိုမိုစည်ကားလာခဲ့ကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အတတ်ပညာများသည်လည်း မျိုးဆက်အလိုက် လက်ဆင့်ကမ်းလျက်ရှိပါသည်။

ရှင်းကျန်းဒေသ၌ ၂၀၂၅ ခုနှစ်တွင် ဒေသဂျီဒီပီ (GDP)သည် ယွမ် ၂ ဒသမ ၁၄ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကထက် နှစ်ဆကျော်တိုးတက်လာခဲ့ပါသည်။ ဝါဂွမ်းထုတ်လုပ်မှုပမာဏသည် တစ်နိုင်ငံလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး စပျစ်သီးနှင့် ဆီးသီး စသည့်ဒေသထွက် အထူးသစ်သီးဝလံစိုက်ပျိုးရေးဧရိယာသည် တရုတ်ဧက (မူ) ၂၂ သန်းကျော်ရှိကာ စွမ်းအင်သစ်တပ်ဆင် ပမာဏသည် ကီလိုဝပ်သန်း ၁၀၀ ကျော်လွန်ခဲ့သဖြင့် ဒေသတွင်း စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် သန်မာသော မောင်းနှင်အားများကို ဖြည့်ဆည်းပေး ခဲ့ပါသည်။

ဒေသတစ်ခုလုံးရှိ အဆင့်အသီးသီး ကျောင်း ပေါင်း ၈၀၀၀ ကျော်တွင် ကျောင်းသား ကျောင်းသူ ဦးရေ ခြောက်သန်းကျော်ရှိပြီး ပညာရေးအဆင့်အတန်း စဉ်ဆက်မပြတ်မြင့်မားလာခဲ့ကာ အောက်ခြေအဆင့် ကျန်းမာရေးဝန်ဆောင်မှုကွန်ရက်မှာလည်း အပြည့်အဝ မြင့်တက်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် Uyghur Muqam အနုပညာနှင့် Manas သမိုင်းဝင် ကဗျာတို့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းတွင် ထည့်သွင်းနိုင်ခဲ့ပြီး တိုင်းရင်းသား အသီးသီး၏ ဘာသာစကားနှင့် စာပေသုံးစွဲခွင့် အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ အာမခံပေးထားကာ ရိုးရာဂီတ၊ အကနှင့် လက်မှုအတတ်ပညာများကို စနစ်တကျထိန်းသိမ်းစောင့် ရှောက်ပေးထားပါသည်။

ရှီးဇန့်ဒေသ၌ ၂၀၂၅ ခုနှစ်တွင် ဒေသဂျီဒီပီ (GDP)သည် ယွမ်ဘီလီယံ ၃၀၀ ကျော်လွန်ခဲ့ပြီး ၂၀၁၂ ခုနှစ်ကထက် သုံးဆနီးပါး တိုးတက်လာခဲ့ပါသည်။ ချင်းဟိုင်-ရှီးဇန့် ရထားလမ်း၊ လာဆာ-ရှီဂါဇဲ ရထားလမ်း၊ စီချွမ်-ရှီးဇန့်ရထားလမ်း(ယာအန်းမှ လင်းကျီမြို့လမ်းပိုင်း) စသည့် အဓိက အခြေခံအဆောက်အအုံစီမံကိန်းများကို စဉ်ဆက်မပြတ် တွန်းအားပေးခဲ့သဖြင့်လမ်းမကြီး မိုင်တိုင်သည် ကီလိုမီတာ တစ်သိန်းနှစ်သောင်း ကျော်လွန်ခဲ့ပါသည်။

ကိုးနှစ်တာအတွင်း မဖြစ်မနေပညာသင်ကြားရေးရာခိုင်နှုန်းသည် ၉၈ ရာခိုင်နှုန်းကျော်နှင့် အထက်တန်းအဆင့် ကျောင်းဝင်ရောက်မှုနှုန်းသည် ၉၁ ရာခိုင်နှုန်းကျော်တွင် အမြဲရှိနေပြီး ကျန်းမာရေး ဝန်ဆောင်မှုစနစ်သည် “ဆရာဝန်နှင့် ဆေးဝါးရှားပါးမှု” အခြေအနေမှ မြို့ရွာအနှံ့ လွှမ်းမိုးပံ့ပိုးနိုင်ခဲ့သဖြင့် လူတစ်ဦး၏ ပျမ်းမျှသက်တမ်းသည် ၁၉၅၁ ခုနှစ်တွင် ၃၅ ဒသမ ၅ နှစ်မှ ၇၂ ဒသမ ၂ နှစ်အထိ မြင့်မားလာခဲ့ကာ ဝေးလံခေါင်သီသောဒေသရှိ ပြည်သူများ၏ ဆေးကုသရခက်ခဲမှုနှင့် သွားလာရခက်ခဲမှုပြဿနာများကို တိုးတက်ကောင်းမွန်အောင် သမိုင်းဝင်စွာ ဖြေရှင်းနိုင်ခဲ့ပါသည်။

 ရှီးဇန့်ဇာတ်သဘင်နှင့် The Epic of King Gesar ကဗျာ စသည့်ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျထိန်းသိမ်းပေးနိုင်ခဲ့ပြီး ဒြပ်မဲ့ယဉ်ကျေးမှု ကိုယ်စားပြုစီမံကိန်းပေါင်း ၄၀၀ ကျော်ရှိခဲ့ကာ ရိုးရာယဉ်ကျေးမှုများသည် လက်ဆင့်ကမ်းရေးလမ်းကြောင်းတွင် အားမာန်သစ်နှင့် သက်ဝင်လှုပ်ရှား မှုများ ပြန်လည်နိုးထခဲ့ပါသည်။

ယူနန်ပြည်နယ်တွင် အမြဲတမ်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစု ၂၅ မျိုး ပေါင်းစည်းနေထိုင် ကြပါသည်။ ၂၀၂၅ ခုနှစ်တွင် ယူနန်ပြည်နယ်၏ ဒေသဂျီဒီပီ (GDP)သည် ယွမ် ၃ ဒသမ ၂၇ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး လူတစ်ဦးချင်းစီ၏ GDP သည် အမေ ရိကန် ဒေါ်လာ ၁ သောင်းအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ နယ်စပ်သာယာဝပြောသောကျေးရွာ ၃၇၄ ရွာ ၏ ပြည်သူတစ်ဦးချင်း သုံးစွဲနိုင်သောဝင်ငွေသည် ယွမ် ၂ ဒသမ ၂ သောင်းအထိ ရောက်ရှိခဲ့ပြီး ပြည်နယ်၏ ပျမ်းမျှအဆင့်ထက် ယွမ် ၅ ထောင်ကျော် ပိုမိုမြင့်မားခဲ့ပါသည်။

တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှစ်ခုအနက် ခြောက်ခုတွင် အမြန်ရထားလမ်းများ ဖွင့်လှစ်ပြေးဆွဲထားခဲ့ပြီး တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ၇၈ ခုလုံးတွင် အဆင့်မြင့်လမ်းမကြီးများ ဖောက်လုပ်ခင်းကျင်းထားကာ ကျေးလက်လျှပ်စစ်ဓာတ်အား ကွန်ရက်ကို အပြည့်အဝပံ့ပိုးနိုင် ခဲ့ပါသည်။

Menglian ခရိုင်တွင် ‘ဝ’ လူမျိုး၏ ရိုးရာယဉ်ကျေး မှုဖြစ်သော “ပင်နောင်ဆိုင်းဟိုင်” သည် ခေတ်ကာလ အသစ်၏ အဓိပ္ပာယ်အနှစ်သာရများဟု တင်စားခံရပြီး အိမ်နီးချင်းအပြန်အလှန်ကူညီရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မြှင့်တင်ပေးသည့် အရေးပါသောအကြောင်းရင်း သော့ချက်တစ်ခု ဖြစ်လာခဲ့ပါသည်။ ရွှေလီနှင့် ဝမ်တိန် စသည့် တရုတ်- မြန်မာနယ်စပ်ဒေသများတွင် နယ်စပ်နေပြည်သူများ အပြန်အလှန်ကုန်သွယ်မှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် လူငယ်များ ကူးလူးဆက်ဆံမှုတို့ စဉ်ဆက်မပြတ်နက်ရှိုင်းလာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများ၏ မျိုးဆက်အလိုက်ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်သည် နယ်စပ်မျဉ်းပေါ်တွင် သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်ပေါ်လွင်လျက်ရှိပါသည်။

အချို့သောအသံများက တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေးကို ဆန့်ကျင်ဘက်အဖြစ် ရှုမြင်ကြပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယဉ်ကျေးမှု အသွင်အပြင်များကို အားနည်းသွားစေမည်ဟု ယူဆကြပါသည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုမရှိပါ။ စီးပွားရေးအခြေအနေများ တိုးတက်လာခြင်းနှင့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာခြင်းတို့ကြောင့် ကွယ်ပျောက်လု နီးပါးဖြစ်နေသော တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်အမြောက်အမြားမှာ ပြန်လည်ရှင်သန် အသက်ဝင်လာကာ ရိုးရာအတတ်ပညာများအတွက် ပိုမိုကျယ်ပြန့်သော လက်ဆင့်ကမ်းရေးအခွင့်အလမ်းများကိုရရှိစေပြီး တိုင်းရင်းသားပြည်သူများအနေဖြင့် ခေတ်မီဆန်းသစ်မှုအတွင်းသို့ ပေါင်းစည်း ဝင်ရောက်စဉ် မိမိတို့တိုင်းရင်းသား၏ ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုများကို ပိုမိုယုံကြည်မှုရှိစွာဖြင့် ပြသနိုင်ခဲ့ကြပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းအား လက်တွေ့ကွင်းဆင်းလေ့လာခြင်းနှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်ခြင်းတို့မှတစ်ဆင့် ဘက်လိုက်မှုမရှိသော ဘက်စုံအမြင်ဖြင့် တရုတ်နိုင်ငံတိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအပြောင်းအလဲများကို လေ့လာစုံစမ်းရန် အမြဲမပြတ် ကြိုဆိုလျက်ရှိပါသည်။

နိုင်ငံအသီးသီး၏ သမိုင်းယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများသည် ကိုယ်ပိုင်အသွင် အပြင်များရှိကြပြီး အပြန်အလှန်လေးစားခြင်း၊ တန်းတူညီမျှ ကူးလူးဖလှယ်ခြင်းနှင့် အတွေ့အကြုံများ မျှဝေခြင်းတို့သည် ကမ္ဘာ့မတူညီသော ယဉ်ကျေးမှုများအကြား နားလည်မှု ပိုမိုရရှိစေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းစေရန် အထောက်အကူပြုပါသည်။ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ၏ အဓိကသဘောတရားအတိုင်း ကမ္ဘာ့ယဉ်ကျေးမှု ကွဲပြားခြားနားမှုကို လေးစားခြင်း၊ လူသားအားလုံး၏ ဘုံတန်ဖိုးများကို မြှင့်တင်ခြင်း၊ နိုင်ငံတကာ ပြည်သူ့ယဉ်ကျေးမှု ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်းတို့ကို အတူတကွအဆိုပြုကာ ကမ္ဘာ့နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုဖလှယ်ရေး၊ ယဉ်ကျေးမှုပေါင်းစည်းရေးနှင့် ပြည်သူချင်း စိတ်ချင်းဆက်နွှယ်ရေးဆိုင်ရာ အခင်းအကျင်းသစ်ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တိုင်းရင်းသားလူမျိုးစုအများအပြား ပါဝင်သော နိုင်ငံများဖြစ်ကြပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူမှုအဖွဲ့အစည်း တည်ငြိမ်ရေးနှင့် နယ်စပ်ဒေသ အေးချမ်းသာယာရေးတို့ကို တန်ဖိုးထားကြပါသည်။ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအသီးသီး၏ အပြန်အလှန်ဖေးမကူညီကြသည့် နက်ရှိုင်းသော ချစ်ကြည်ရေးသည် နှစ်နိုင်ငံဆက်ဆံရေး၏ ကြာရှည်စွာ ခိုင်မာသစ်လွင်ပြီး သက်ဝင်လှုပ်ရှားသော သက်သေအထောက်အထားကောင်း တစ်ရပ်ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ တိုင်းရင်းသားရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများကို မျှဝေရန်၊ တရုတ်-မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို စဉ်ဆက်မပြတ် အောင်မြင်မှုရလဒ်ကောင်းများ ရရှိစေရန်၊ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ပိုမိုကြီးမားသော အားအင်များကို ပံ့ပိုးကူညီပေးသွားရန် ဆန္ဒရှိပါသည်။ ။