Skip to main content

ပညာရေးစနစ်ကို အထောက်အကူပြုသည့် အွန်လိုင်းပညာရေး

သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)

ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာမှုနှင့်အတူ အွန်လိုင်းပညာရေးက လူမှုအသိုင်းအဝိုင်းအတွင်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပိုမိုမြင်သာလာသည်။ ယခင်က ပညာရေးကို ကျောင်း၊ တက္ကသိုလ်များတွင်သာ သင်ယူရသော်လည်း ယခုအခါ အင်တာနက်အသုံးပြုခြင်းဖြင့် မည်သည့်နေရာတွင်မဆို အချိန်မရွေးသင်ယူနိုင်သည့်အခွင့်အလမ်းများ ရရှိလာသည်။

 

အွန်လိုင်းပညာရေး၏ အဓိကအကျိုးကျေးဇူးတစ်ခုမှာ သင်ယူခွင့်ကို ကျယ်ပြန့်စေခြင်းဖြစ်သည်။ ကျေးလက်ဒေသများတွင် နေထိုင်သူများ သို့မဟုတ် ပညာရေးအရင်းအမြစ်များ မလုံလောက်သည့်နေရာများတွင် ရှိသူများအတွက်လည်း အရည်အသွေးမြင့်ပညာရေးကို ရရှိစေသည်။ ထို့ပြင် သင်ယူသူများသည် မိမိတို့၏ အချိန်ဇယားနှင့်ကိုက်ညီအောင် လွတ်လပ်စွာသင်ယူနိုင်ခြင်းသည်လည်း အွန်လိုင်းပညာရေး၏ အားသာချက်တစ်ရပ်ဖြစ်သည်။

အွန်လိုင်းပညာရေးသည် နည်းပညာကျွမ်းကျင်မှုများကို တိုးတက်စေပြီး မိမိကိုယ်တိုင်သင်ယူနိုင်စွမ်း (self-learning) ကို မြှင့်တင်ပေးသည်။ သင်ယူသူများသည် သတင်းအချက်အလက်များကို ကိုယ်တိုင်ရှာဖွေသင်ယူခြင်းဖြင့် သုတေသနစွမ်းရည်နှင့် ပြဿနာဖြေရှင်းနိုင်စွမ်းများလည်း တိုးတက်လာစေသည်။

အခြားတစ်ဖက်၌ အွန်လိုင်းပညာရေးတွင် အခက်အခဲများလည်းရှိနေသည်။ အင်တာနက် မတည်ငြိမ်မှု၊ နည်းပညာကိရိယာများ မလုံလောက်ခြင်း၊ သင်ယူသူများ၏ စည်းကမ်းလိုက်နာမှု လိုအပ်ခြင်းတို့သည် အဓိကစိန်ခေါ်မှုများဖြစ်သည်။ ထို့အပြင် ဆရာနှင့် တိုက်ရိုက်ဆက်ဆံမှု လျော့နည်းခြင်းကြောင့် အချို့သောသင်ယူမှုအတွေ့အကြုံများ လျော့နည်းနိုင်သည်။

သို့သော် အွန်လိုင်းပညာရေးသည် ခေတ်သစ်ပညာရေးစနစ်တွင် မဖြစ်မနေပါဝင်ရမည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပညာရေးတိုးတက်မှုကို အထောက်အကူပြုပေးသည့် အရေးပါသောနည်းလမ်းတစ်ခုဖြစ်သည်။ အနာဂတ်တွင်လည်း နည်းပညာတိုးတက်မှုနှင့်အတူ အွန်လိုင်းပညာရေး၏ အခန်းကဏ္ဍသည် ပိုမိုကြီးမားလာမည်ဖြစ်ပါသည်။

ကောင်းကျိုးများ

အွန်လိုင်းပညာရေးသည် ယနေ့ခေတ်ပညာရေးစနစ်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်လာပြီး သင်ယူသူများအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။

ပထမဦးစွာ အွန်လိုင်းပညာရေးသည် အချိန်နှင့်နေရာလွတ်လပ်မှုကိုပေးစွမ်းသည်။ သင်ယူသူများသည် မည်သည့်နေရာတွင်မဆို မိမိအဆင်ပြေသည့်အချိန်တွင် သင်ယူနိုင်သည်။ ဥပမာအားဖြင့် အလုပ်လုပ်နေသောလူတစ်ဦးသည် နေ့အလုပ်ပြီးနောက် ညပိုင်းတွင် အွန်လိုင်းမှ သင်တန်းများကို တက်ရောက်နိုင်သည်။

ဒုတိယအနေဖြင့် သင်ယူခွင့်ကျယ်ပြန့်မှုဖြစ်သည်။ ကျေးလက်ဒေသတွင် နေထိုင်သူများအတွက် မြို့ပြကဲ့သို့ အရည်အသွေးမြင့်ပညာရေးကို မရနိုင်သောအခါ အွန်လိုင်းပညာရေးက အထောက်အကူဖြစ်စေသည်။ မိမိအဝေးတွင်ရှိသော တက္ကသိုလ်များ၊ နိုင်ငံခြားတက္ကသိုလ်များ၏ သင်ခန်းစာများကို အင်တာနက်မှတစ်ဆင့် သင်ယူနိုင်ခြင်းဖြစ်သည်။

တတိယအချက်မှာ ကုန်ကျစရိတ် လျော့နည်းခြင်း ဖြစ်သည်။ သာမန်ကျောင်းတက်ရခြင်းနှင့် နှိုင်းယှဉ်လျှင် သွားလာစရိတ်နှင့် နေထိုင်စရိတ်များလျှော့ချနိုင်သည်။ ဥပမာအားဖြင့် အွန်လိုင်းသင်တန်းတစ်ခုကို မိမိအိမ်တွင် တက်ရောက်နိုင်ခြင်းကြောင့် ခရီးစရိတ်ကို လျှော့ချနိုင်သည်။

စတုတ္ထအချက်ဖြစ်သည့် နည်းပညာကျွမ်းကျင်မှု တိုးတက်စေခြင်းသည်လည်း အရေးကြီးသော ကောင်းကျိုးတစ်ခုဖြစ်သည်။ သင်ယူသူများသည် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် အင်တာနက်ကို အသုံးပြုရာတွင် ပိုမိုကျွမ်းကျင်လာသည်။ ဥပမာအားဖြင့် Zoom, Google Classroom ကဲ့သို့သော အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုသင်ကြားရသဖြင့် နည်းပညာပိုင်းကျွမ်းကျင်မှုများ တိုးတက်လာသည်။

ပဉ္စမအချက်မှာ ကိုယ်တိုင်သင်ယူနိုင်စွမ်း တိုးတက်ခြင်းဖြစ်သည်။ အွန်လိုင်းပညာရေးတွင် သင်ယူသူသည် မိမိကိုယ်တိုင်စီမံခန့်ခွဲပြီး သင်ယူရသဖြင့် ကိုယ်ပိုင်တာဝန်ယူမှုနှင့် စည်းကမ်းရှိမှု တိုးတက်လာသည်။ ဥပမာအားဖြင့် သင်တန်းတစ်ခုကို အချိန်မီတက်ရောက်ပြီးစီးနိုင်ရေး ကိုယ်တိုင်စီစဉ်ရခြင်းဖြစ်သည်။

အွန်လိုင်းပညာရေးသည် အချိန်လွတ်လပ်မှု၊ ကုန်ကျစရိတ်သက်သာမှုနှင့် သင်ယူခွင့်ကျယ်ပြန့်မှု တို့ကြောင့် လူတိုင်းအတွက် သင်ယူမှုအခွင့်အလမ်းများကို တိုးချဲ့ပေးနိုင်သော အထောက်အကူပြုစနစ် တစ်ခုဖြစ်သည့်အတွက် ယနေ့ခေတ်ပညာရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

ဆိုးကျိုးများ

အွန်လိုင်းပညာရေးသည် အကျိုးကျေးဇူးများစွာရှိသော်လည်း ဆိုးကျိုးများကိုလည်း တွေ့ရှိရသည်။

ပထမအချက်မှာ အင်တာနက်နှင့် နည်းပညာပေါ် မူတည်နေခြင်းသည် အဓိကပြဿနာတစ်ခု ဖြစ်သည်။ အင်တာနက်မတည်ငြိမ်ပါက သင်ခန်းစာများကို အပြည့်အဝသင်ယူနိုင်မှု ရှိမည်မဟုတ်ပါ။ ဥပမာအားဖြင့် အွန်လိုင်းသင်တန်းတက်နေစဉ် အင်တာနက်ပြတ်တောက်သွားလျှင် သင်ခန်းစာများ လွတ်သွားနိုင်သောကြောင့် နားလည်မှုကို ထိခိုက်စေနိုင်သည်။

ဒုတိယအချက်မှာ ဆရာနှင့် တိုက်ရိုက်ဆက်ဆံမှု လျော့နည်းခြင်းဖြစ်သည်။ တချို့သင်ခန်းစာများအတွက် ဆရာနှင့် တိုက်ရိုက်မေးမြန်းသင်ယူနိုင်မှ နားလည်နိုင်မည့် သာသာရပ်များ (သင်္ချာ၊ စာရင်းအင်းပညာစသည်) ဖြစ်သည့်အတွက် နားလည်မှုလျော့နည်းနိုင်သည်။ ဥပမာအားဖြင့် သင်ခန်းစာ တစ်ခုမရှင်းလင်းပါက/နားမလည်ပါက လက်တွေ့တွက်ချက်မှုများမရသဖြင့် အခက်အခဲရှိနိုင်သည်။

တတိယအချက်မှာ သင်ယူသူကိုယ်တိုင် စည်းကမ်းလိုက်နာရန် လိုအပ်ခြင်းဖြစ်သည်။ အွန်လိုင်းသင်ယူမှုတွင် မိမိကိုယ်တိုင် အချိန်စီမံခန့်ခွဲရသဖြင့် စည်းကမ်းလိုက်နာမှုမရှိပါက သင်ယူမှုမအောင်မြင်နိုင်ပါ။ ဥပမာအားဖြင့် သင်တန်းကို အချိန်မီမတက်ရောက်ခြင်း၊ သင်ခန်းစာများကို ပြီးဆုံးအောင်မဆောင်ရွက်ခြင်း၊ လိုင်းဝင်ပြီး ဟန်ပြတက်ရောက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

စတုတ္ထအချက်မှာ အာရုံစိုက်မှု လျော့နည်းခြင်းသည်လည်း ပြဿနာတစ်ခုဖြစ်သည်။ အိမ်တွင် သင်ယူနေစဉ် ဖုန်း၊ လူမှုမီဒီယာများနှင့် အခြားအရာများကြောင့် အာရုံစိုက်မှုလျော့နည်းနိုင်သည်။ သင်တန်းတက်ရောက်နေစဉ် စိတ်ဝင်စားမှုမရှိခြင်း၊ အခြားကိစ္စရပ်များ ဆောင်ရွက်နေခြင်း၊ ဥပမာအားဖြင့် သင်ခန်းစာပို့ချနေစဉ် ဖေ့စ်ဘွတ် သို့မဟုတ် ဂိမ်းကစားခြင်းကြောင့် သင်ယူမှုထိခိုက်နိုင်သည်။

ပဉ္စမအချက်မှာ လူမှုဆက်ဆံရေး ကျဆင်းခြင်းဖြစ်သည်။ လူကိုယ်တိုင်တက်ရောက်သည့် ကျောင်းများကဲ့သို့ မိတ်ဆွေများနှင့် ဆက်ဆံရခြင်း၊ အဖွဲ့လိုက်ဆောင်ရွက်ရခြင်းများမရှိသဖြင့် ပေါင်းသင်းဆက်ဆံရေး အားနည်းစေသည်။ အဖွဲ့လိုက်ဆောင်ရွက်ရခြင်းများ မရှိခြင်းကြောင့် ပူးပေါင်းလုပ်ဆောင်မှုစွမ်းရည်ကျဆင်းနိုင်သည်။

အွန်လိုင်းပညာရေးတွင် အင်တာနက်ပြဿနာများ၊ လူမှုဆက်ဆံရေးအားနည်းမှုနှင့် ကိုယ်တိုင် စည်းကမ်းလိုအပ်မှုများကဲ့သို့သော ဆိုးကျိုးများရှိသည့်အတွက် အွန်လိုင်းပညာရေးကို ထိရောက်စွာအသုံးချရန် သင်ယူသူများက စည်းကမ်းရှိစွာ လေ့လာရန်နှင့် နည်းပညာအခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

အွန်လိုင်းပညာရေး ဆောင်ရွက်သင့် / မသင့်

ပထမဦးစွာ ဆောင်ရွက်သင့်သော အကြောင်းရင်းများကို ကြည့်မည်ဆိုလျှင် အွန်လိုင်းပညာရေး သည် သင်ယူခွင့်ကို ကျယ်ပြန့်စေခြင်းအတွက် အလွန်အသုံးဝင်သည်။ နေရာဒေသမရွေး သင်ယူနိုင်ခြင်းကြောင့် ကျေးလက်ဒေသတွင် နေထိုင်သူများ၊ အလုပ်လုပ်နေသူများအတွက် ပညာရေးအခွင့်အလမ်းများ တိုးတက်လာစေသည်။ ထို့ပြင် အချိန်လွတ်လပ်မှုနှင့် ကုန်ကျစရိတ်သက်သာမှုများကြောင့် လူများစွာအတွက် လက်လှမ်းမီသောပညာရေး နည်းလမ်းတစ်ခုဖြစ်သည်။ နည်းပညာကိုအသုံးပြု၍ သင်ယူခြင်းကြောင့်လည်း ဒီဂျစ်တယ်ကျွမ်းကျင်မှုများ တိုးတက်လာစေပြီး ခေတ်မီလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုသည်။

သို့သော် တစ်ဖက်တွင် မဆောင်ရွက်သင့်ဟု သတ်မှတ်နိုင်သောအချက်များလည်းရှိသည်။ အွန်လိုင်းပညာရေးသည် အင်တာနက်နှင့်နည်းပညာပစ္စည်းများအပေါ် အလွန်မူတည်နေခြင်းကြောင့် အင်တာနက်မကောင်းသော ဒေသများတွင် အခက်အခဲများ ဖြစ်ပေါ်စေသည်။ ထို့ပြင် ဆရာနှင့်တိုက်ရိုက်ဆက်ဆံမှုလျော့နည်းခြင်းကြောင့် နားလည်မှုမပြည့် စုံနိုင်ခြင်းနှင့် လူမှုဆက်ဆံရေးကျွမ်းကျင်မှုအားနည်းခြင်းကဲ့သို့သော ပြဿနာများ ဖြစ်နိုင်သည်။ ထို့အပြင် သင်ယူသူ၏ ကိုယ်တိုင်စည်းကမ်း လိုက်နာမှုမရှိပါက သင်ယူမှုအောင်မြင်ရန် ခက်ခဲနိုင်သည်။

အွန်လိုင်းပညာရေးသည် အခွင့်အလမ်းနှင့်အတူ ပြဿနာများလည်းရှိသောကြောင့် အွန်လိုင်းပညာရေးသီးသန့်နည်းလမ်းကိုသာ အသုံးမပြုဘဲ အွန်လိုင်းပညာရေးနှင့် ဆရာ-ကျောင်းသား မျက်နှာချင်းဆိုင် သင်ယူရသည့် ပညာရေးတို့ကို ပေါင်းစပ်အသုံးပြုသော Blended Learning (ပေါင်းစပ်သင်ယူမှု) ဆောင်ရွက်ပါက ပိုမိုထိရောက်မှုရှိမည် ဖြစ်ပါသည်။

အွန်လိုင်းပညာရေးသည် ဆောင်ရွက်သင့်သော နည်းလမ်းတစ်ခုဖြစ်သော်လည်း ထိရောက်မှုအမြင့် ဆုံးရရှိရန်အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး သင့်လျော်စွာအသုံးချရမည်ဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းပညာရေးကို ပညာရေးစနစ်အတွင်း အထောက်အကူပြုနည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။ ။