နှစ်နိုင်ငံချစ်ကြည်ရေးမှသည် အနာဂတ်အကျိုးတူဖွံ့ဖြိုးရေးဆီသို့
သက်လွင် (PPIB)
(ယမန်နေ့မှအဆက်)
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နိုင်ငံရေးအားကောင်းဖို့၊ စီးပွားရေးအားကောင်းဖို့နဲ့ ကာကွယ်ရေးအားများ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒီလိုနိုင်ငံအတွက် အဓိကမောင်းနှင်အားတွေ ကောင်းနေဖို့အတွက်ဆိုရင် မိမိတို့နိုင်ငံတစ်ခုတည်းနဲ့ တည်ဆောက်နေလို့မရပါဘူး။ ဒါကြောင့် အိမ်နီးချင်း နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွေကို တည်ဆောက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ မိမိတို့နိုင်ငံမှာ ယခုအချိန်မှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရနဲ့လွှတ်တော်ဟာ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတာကိုလည်း တွေ့မြင်နေရမှာပဲ ဖြစ်ပါတယ်။
အစိုးရသစ်အနေနဲ့ တာဝန်ထမ်းဆောင်ချိန်ကနေစပြီးတော့ အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံအတွက် လိုအပ်တဲ့ အဓိကမောင်းနှင်အားတွေအားကောင်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေတာကိုလည်း ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
ယခုအခါမှာလည်း မိမိတို့မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာဆိုရင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီရဲ့ ဖိတ်ကြားမှုနဲ့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာဟာ သုံးရက်တိုင်တိုင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
အိန္ဒိယနဲ့မြန်မာနိုင်ငံဟာဆိုရင် ခေတ်အဆက်ဆက်ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ အဓွန့်ရှည်ခဲ့တဲ့ နိုင်ငံနှစ်နိုင်ငံဖြစ်ပြီးတော့ နှစ်နိုင်ငံကြား ဘာသာရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်မှုစတဲ့ ကဏ္ဍစုံမှာ ပတ်သက်ဆက်နွှယ်မှုများစွာ ရှိခဲ့ပါတယ်။ ထိုမျှသာမက ဗြိတိသျှတို့လက်အောက် ကျရောက်ခဲ့ဖူးတဲ့ ခံစားချက်သဘာဝလည်း အတူတူရှိခဲ့ပါတယ်။ တိုင်းတစ်ပါးလက်အောက်ကျရောက်ခဲ့ဖူး၍ မျိုးချစ်စိတ်ဓာတ်ပြင်းထန်မှုဟူသည့် စိတ်သဘာဝသည်လည်း တူညီစွာရှိနေနိုင်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓသာသနာသည်လည်း အိန္ဒိယနိုင်ငံမှ ဆင်းသက်လာခြင်းကြောင့် ဘာသာ၊ သာသနာအပေါ် မြတ်နိုးတန်ဖိုးထား ကိုးကွယ်ခြင်းများလည်း တူညီကြပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ မြန်မာနိုင်ငံသည် အဖိုးအနဂ္ဃထိုက်သော စိတ်နှလုံးသားအမြုတေများ အများဆုံးတူညီကြသော ထူးခြားသည့် နိုင်ငံနှစ်နိုင်ငံဟုသာ ဆိုရပါမယ်။
နှစ်နိုင်ငံတရားဝင်သံတမန်ဆက်သွယ်မှု သမိုင်းအရ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ နှစ်နိုင်ငံကြား တရားဝင်သံတမန်ဆက်သွယ်ရေးကို စတင်ထူထောင်ခဲ့ကြပါတယ်။ မြန်မာ့လွတ်လပ်ရေးခရီးအစတွင် တရားဝင်သံတမန်ဆက်သွယ်ရေးကို ထူထောင်ခဲ့သည်ဆိုသော်လည်း ၁၉၁၆ ခုနှစ်ဟူသည့် လွတ်လပ်ရေးမရရှိခင်ကတည်းကပင် နှစ်နိုင်ငံကြား ကူးလူးဆက်ဆံမှုများရှိနေခဲ့သည်ကိုလည်း သမိုင်းကြောင်းများအရ တွေ့မြင်ရပါတယ်။ အိန္ဒိယရှိ ထင်ရှားသောစာဆိုတော်ရာဘင်ဒြာနတ်တဂိုး၊ မဟတ္တမဂန္ဒီ၊ အင်ဒီရာဂန္ဒီမှစ၍ ယနေ့အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီထိတိုင် မြန်မာနိုင်ငံသို့ အလည်အပတ်ချစ်ကြည်ရေးခရီးစဉ်များ လာရောက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံ၏ အကြီးအကဲများဖြစ်ကြသော ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတကြီး ဦးသိန်းစိန်၊ သမ္မတကြီး ဦးထင်ကျော် စသောနိုင်ငံ့အကြီးအကဲများ အဆက်ဆက်သည်လည်း အိန္ဒိယနိုင်ငံသို့ အလည်အပတ်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ကြတာကို တွေ့မြင်နိုင်ပြီးတော့ ယင်းတို့သည် မြန်မာနှင့်အိန္ဒိယနိုင်ငံတို့၏ ချစ်ကြည်ရေး အဓွန့်ရှည်မှုကို ညွှန်းဆိုပြသနေသလိုပဲဖြစ်ပါတယ်။
ယခု ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အကြောင်းကို ဆက်ရပါဦးမယ်။ ကျွန်တော်တို့ရဲ့ သမ္မတကြီးဟာဆိုရင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House)၌ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မိမိတို့ နိုင်ငံတော်သမ္မတကြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိချိန်မှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
အဲ့နောက်မှာတော့ မိမိတို့နိုင်ငံတော်သမ္မတကြီးနဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့ဟာ အချိန်အတော်ယူကာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးချိန်မှာ နှစ်နိုင်ငံအကြီးအကဲနှစ်ဦးဟာဆိုရင် တည်ကြည်လေးနက်စွာနဲ့ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံ ပြည်သူများရဲ့ အကျိုးကိုရှေးရှုပြီးတော့ ဆွေးနွေးခဲ့ကြတာကို မိမိကိုယ်တိုင် မျက်စိနဲ့မြင်နားဖြင့် ကြားသိခွင့်ရလို့လည်း လွန်စွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တွေ့ဆုံ ဆွေးနွေးချက်များအရ အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံနှင့် လက်ရှိမြန်မာနိုင်ငံတော်အစိုးရအဖွဲ့အပေါ် ရင်းနှီးချစ်ကြည်လေးနက် ခိုင်မာစွာထားရှိသည့် သဘောထားဆန္ဒနဲ့ နှစ်နိုင်ငံကြား ဆက်လက်ထားရှိရမည့် အနာဂတ်၏ သဘောထားဆန္ဒကိုပါ ထင်ရှားစွာတွေ့မြင်ရပါတယ်။ နှစ်နိုင်ငံကြား ကဏ္ဍတစ်ခုတည်းမဟုတ်၊ သမိုင်းစဉ်နှင့်ချီသည့် ဘာသာရေး၊ ယဉ်ကျေးမှု၊ မြေပထဝီ၊ နိုင်ငံရေးပထဝီနှင့် လူမှုပထဝီ စသည့်အကြောင်း နောက်ခံမှုများစွာနှင့် ပတ်သက်ဆက်နွှယ်နေတာကိုလည်း သိမြင်ရပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာနဲ့ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံမှာ မကြာမီကာလက ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့မှုအပေါ်မှာ များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ အိန္ဒိယနိုင်ငံကို ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာရောက်ခဲ့မှုအပေါ်လည်း များစွာဂုဏ်ယူပါကြောင်း၊ ယခုခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ကောင်းမွန်တိုးတက်လာပြီး ထိုမှတစ်ဆင့် နှစ်နိုင်ငံအတွက် ကောင်းကျိုးရလဒ်တွေရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ခရီးဦးကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတကြီးက ပြန်လည်ဆွေးနွေး ပြောကြားရာမှာ ယခုလို အဆွေတော်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အဆွေတော်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးပြည်ပချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်ရသည့်အတွက် လွန်စွာအလေးထားပါကြောင်းနှင့် မိမိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးပျူငှာစွာ ကြိုဆိုသည့်အတွက်လည်း ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့်အတူ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲကောင်းမွန်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အဆွေတော်ကို ကျေးဇူးတင်အသိအမှတ် ပြုအပ်သည်ကို ပြောကြားလိုပါကြောင်း၊ မိမိသမ္မတ တာဝန်စတင်ထမ်းဆောင်မှု ကျမ်းသစ္စာကျိန်ဆိုပွဲကို အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့မှုနှင့် အခမ်းအနားတက်ရောက်ရန် ကိုယ်စားလှယ် စေလွှတ်ပေးခဲ့မှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များစွာရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ချိန်တွင် အဆွေတော်တို့နိုင်ငံမှ ကူညီမှုများ ဆောင်ရွက်ပေးခဲ့မှုအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ “အိန္ဒိယနိုင်ငံသည် ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ခုဖြစ်လာမည်” ဟု အဆွေတော်ပြောကြားခဲ့သကဲ့သို့ မိမိတို့အနေဖြင့် တိုးတက်လာလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြန်လည်ပြီး ဆွေးနွေးပြောကြားခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့၏ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းစေရေးနှင့် နားလည်မှုစာချွန်လွှာများ အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။ ထို့ပြင် နှစ်နိုင်ငံစီးပွားရေးချိတ်ဆက်မှုနှင့် စည်ပင်ထွန်းကားစေရေးအတွက် ကုလားတန်စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အပြီးသတ်နိုင်ရေး၊ ရူပီး-ကျပ် ငွေပေးချေမှုစနစ် တိုးချဲ့အသုံးပြုရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုပိုမိုမြှင့်တင်ရေးတို့ကို သဘောတူညီခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ဆက်လက်ထောက်ခံကြောင်း အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများကိုလည်း အားပေးထောက်ခံကြောင်း ပြောကြားပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်မှ စတင်၍ မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆုများကို ၃၆ ခုမှ ၁၀၀ အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ရှိရင်းစွဲနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးအရ ချိတ်ဆက်မှုတို့ကို ပိုမိုခိုင်မာစေခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေသည့် ဘုံသဘောတူညီချက် ကတိကဝတ်များကို အတည်ပြုအားကောင်းစေခဲ့ပါတယ်။
တွေ့ဆုံပွဲ ပြီးဆုံးပြီးတဲ့အချိန်မှာတော့ နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုနေ့လယ်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး ပြန်လည်ထွက်ခွာချိန်မှာ နိုင်ငံတော်သမ္မတကြီး စီးနင်းတဲ့ မော်တော်ယာဉ်အနီးအထိ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က လိုက်ပါပို့ဆောင်မှုကို ထောက်ရှုခြင်း အားဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ သံတမန်ဆက်ဆံရေးခိုင်မာမှု၊ အလေးအနက်ထားမှုတို့ကို ပေါ်လွင်စေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော်သမ္မတကြီးဟာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ဒရက်ပတီမာမူနဲ့ သမ္မတအိမ်တော်မှာတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုတွေ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းတွေ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေးဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များ အပြန်အလှန်ထိန်းသိမ်းရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ နှစ်နိုင်ငံအကြားမိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုနဲ့ အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးအတွက် အတွေ့အကြုံများ မျှဝေနိုင်သည့် အခြေအနေတွေ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ရင်းရင်းနှီးနှီးနဲ့ အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပါတယ်။
မိမိတို့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အခုလိုအိန္ဒိယနိုင်ငံကို တရားဝင်ခရီးအဖြစ်ရောက်ရှိပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ သမ္မတတို့နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ခြင်းဟာ အောင်မြင်သည့် သမိုင်းဝင်ခရီးစဉ်တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။
မိဘတို့အပြင်သွားလျှင် သားသမီးလေးများ အတွက်ဆိုပြီး မြင်မြင်သမျှကို ရည်စူးလေ့ရှိပါတယ်။ အိမ်မှာကျန်ရစ်ခဲ့တဲ့ သားသမီးများကလည်း မိဘများပြန်လာလျှင် မိမိတို့အတွက်ပါလာမည့် အစားအသောက်လေးများကစ၍ လက်ဆောင်ပစ္စည်း ထိတိုင်မျှော်လင့်တတ်ကြစမြဲဖြစ်ပါတယ်။ ဒါဟာ မိဘနှင့်သားသမီးကြားမှ ရည်စူးခြင်းနှင့် မျှော်လင့်ခြင်းသဘာဝတို့သာဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများကြားမှာလည်း အဲဒီလိုရည်စူးခြင်း၊ မျှော်လင့်ခြင်းများ တစ်ပွေ့တစ်ပိုက်ရှိနေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်ပါတယ်။
နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် တပ်မတော်သားဘဝကတည်းကပင် အရိုးကြေကြေ၊ အရေခန်းခန်း ဆောင်ရွက်တတ်တဲ့ မိမိတို့ သမ္မတကြီးအနေနဲ့ ယခုခရီးစဉ်မှာလည်း ပြည်သူလူထုတို့အတွက် ကောင်းမြတ်တဲ့ အကျိုးရလဒ်များစွာကို ဖော်ဆောင်ပေးနိုင်ခဲ့မှာဖြစ်ပြီးတော့ အိမ်ပြန်လက်ဆောင်မွန်ကောင်းကို ဆောင်ကြဉ်းပေးခဲ့မည်မှာ မလွဲဧကန်ဖြစ်ကြောင်းကို အကြွင်းမဲ့ယုံကြည်ပါကြောင်း အိန္ဒိယမြေမှ စာလွှာပါးလိုက်ရပါတော့တယ်။ ။
(ဆက်လက်ဖော်ပြပါမည်)
