သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ (အပိုင်း-၄)
မောင်ပြေ (ဆင်ပေါင်ဝဲ)
တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှုနည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် တိရစ္ဆာန်အစာစားကျက်ပဲ မျိုးရင်းဝင်အပင်များ (Pasture Legumes) စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူဦးကြီးများ၏ လယ်ယာလုပ်ငန်းများနှင့် ပူးတွဲဆောင်ရွက်အသုံးပြုကာ ဓာတ်မြေဩဇာလည်း လျှော့ပေါ့သုံးစွဲနိုင်၊ တောင်သူကြီးများ ဝင်ငွေပိုမိုရရှိနိုင်ခြင်းအကြောင်းကို ဆက်လက်ရေးသားဆွေးနွေးလိုပါသည်။
စာရေးသူစိုက်ပျိုးရေးတက္ကသိုလ်တွင်ရှိစဉ်အချိန် အငြိမ်းစားဆရာတစ်ဦးက နိုင်ငံတစ်နိုင်ငံတွင် “မြက်ကို အသုံးချသီးနှံအဖြစ် မစိုက်ပျိုးသေးသမျှ၊ မူဝါဒချမှတ်သူတွေ၊ ဆုံးဖြတ်ချက်ချတဲ့သူတွေ သဘောမပေါက်သေးသမျှ အဲဒီနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမတိုးတက်သေးပါ” ဟု မှတ်ချက်ချ ပြောကြားခဲ့ဖူးပါသည်။
စာရေးသူတို့ နိုင်ငံ၏ စားကျက်သီးနှံစိုက်ပျိုးရေးသည် အလွန်ခေတ်နောက်ကျ ကျန်နေတုန်းပင်ဖြစ်ပါသည်။ စိုက်ပျိုးရေးပညာရှင်များကပဲ ဆောင်ရွက်တော့မည်လိုလို၊ မွေးမြူရေးပညာရှင်များကပင် ပြုလုပ်တော့မည်လိုလိုဖြင့် ကြားညှပ်သွားသည့် ပညာရပ်ဖြစ်ပါသည်။ နိုင်ငံတကာတွင်တော့ ဤပညာရပ်အသုံးပြုနေသည်မှာ နှစ်ပေါင်းရာကျော်နေပါပြီ။
စားကျက်စိုက်ပျိုးရေးမှာ တိရစ္ဆာန်များ လွှတ်ကျောင်းစိုက်ပျိုးနည်းစနစ်နှင့် စားကျက်များကို မြေပဲ၊ နှမ်း စသည်တို့ကဲ့သို့ စိုက်ပျိုးကာ တိရစ္ဆာန်များအား ရိတ်ကျွေးစနစ် အဓိကနည်းစနစ်နှစ်မျိုးရှိပါသည်။ စားကျက်ဆိုသည်မှာ စားကျက်မြက်နှင့် စားကျက်ပဲနှစ်မျိုးဖြစ်ပြီး နှစ်မျိုးစလုံးတွဲဖက်စိုက်ပျိုးရပါမည်။
မိမိတို့နိုင်ငံ၏ ရေမြေရာသီဥတုမှာ အပူပိုင်း ဒေသ/ရာသီဥတုဖြစ်သဖြင့် အပူပိုင်းဒေသအတွက် ခံနိုင်ရည်ရှိသော မြက်၊ ပဲမျိုးများကို စိုက်ပျိုးမွေးမြူရပါမည်။ စာရေးသူတို့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားဘဝ (၁၉၇၄-၁၉၇၅) ခုနှစ်များက စားကျက်သီးနှံကို လယ်ယာသီးနှံဌာနမှ ဆရာကြီး ဦးဖေနောင်သာက သင်ပေးပါသည်။ စာရေးသူသရုပ်ပြဆရာဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်၌ အပူပိုင်းသီးနှံမဟာသိပ္ပံ (Tropical Crop Science) အထူးပြုပညာဖြင့် သင်ကြားရန်စေလွှတ်ခံရချိန်၌ ထိုစဉ်က လယ်ယာသီးနှံဌာန ပါမောက္ခဖြစ်သူ ပါမောက္ခဒေါက်တာ ဆလိုင်းထွန်းသန်းက အပူပိုင်းစားကျက်သီးနှံသိပ္ပံ ဘာသာရပ်ကို သာမန်၊ ပူးတွဲဘာသာအနေဖြင့် သင်ယူခဲ့ရန် မှာကြားပါသည်။ ကွင်းစလန်းတက္ကသိုလ်၌ ထိုဘာသာရပ်နှင့်ဆိုင်သော ဘာသာရပ်သုံးခုနှင့် လက်တွေ့လုပ်ငန်းကို တွဲယူခဲ့ပါသည်။
ဩစတြေးလျနိုင်ငံသည် အမဲသား၊ သိုးသား၊ သိုးမွေး၊ နွားနို့နှင့် နို့ထွက်ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ပြီး နိုင်ငံ့ဝင်ငွေများစွာရရှိနိုင်သည့် နိုင်ငံဖြစ်သည့်အပြင် စားကျက်သီးနှံတွင်လည်း သမပိုင်း (ဝိတိုရိယ၊ တောင်ဩစတြေးလျနှင့် နယူးဆောက်ဝေးပြည်နယ်) နှင့် အပူပိုင်း (ကွင်းစလန်း၊ မြောက်ပိုင်းနယ်မြေပြည်နယ်များ) စသည့်ရာသီဥတုပေါင်းစုံရှိသဖြင့် စားကျက်သီးနှံနှင့်ပတ်သက်၍ ကမ္ဘာကျော်နာမည်ကြီး နိုင်ငံဖြစ်ပါသည်။
စာရေးသူတက်ရောက်ခဲ့ရသော ကွင်းစလန်းတက္ကသိုလ် (The University of Queensland) မှာ မြေပဲ၊ ပဲစင်းငုံ၊ စပါး စသည်ဖြင့် စိုက်ပျိုးထားသော သီးနှံသုတေသနခြံနှင့် စားကျက်သီးနှံအထူးပြု လေ့လာစိုက်ပျိုး သုတေသနပြုထားသော သုတေသနခြံတို့သို့ မကြာခဏသွားရောက်ရပါသည်။ (ယခုတွင်တော့ တက္ကသိုလ်ဖွဲ့စည်းပုံ ပြောင်းလဲချက်အရ ထိုခြံများကို ရောင်းချပြီး ကီလိုမီတာ ၈၀ ဝေးသော ဂတ်တန်စိုက်ပျိုးရေးကောလိပ် (Gatton Agricultural College)နှင့် ပူးပေါင်းသွားသည်ဟု ကြားသိရပါသည်။
စိုက်ပျိုးမွေးမြူရေးဘာသာအောက်တွင် သီးနှံ၊ စားကျက်၊ ဥယျာဉ်ခြံသီးနှံတို့ ရောနှောသင်ယူလေ့လာရပြီး မွေးမြူကုသရေးမဟာဌာနလည်း ပူးတွဲလျက်ရှိပြီး ဘက်စုံသင်တက္ကသိုလ်တစ်ခု၏ အောက်တွင်စားကျက်သီးနှံစိုက်ပျိုးကာ စားမြုံ့ပြန်တိရစ္ဆာန်များအား ကျွေးမွေးပြုစုပြီး သင်ကြား၊ သုတေသနပြုပေးနေသည်မှာ အလွန်အားရကျေနပ်ဖွယ်ကောင်းမွန်လှပါသည်။
မိမိတို့နိုင်ငံတွင် ကျွဲ၊ နွား၊ ဆိတ် မွေးမြူလျှင် လမ်းဘေးတွင် လွှတ်ကျောင်းကြပြီး အစာအတွက် အချိန်ကုန်ခံ၊ မြေအကုန်ခံပြီး မည်သည့်အတွက်ကြောင့် စိုက်နေရမည်နည်းဆိုသည့် အတွေးအခေါ်က ခေါင်းထဲတွင် အရိုးစွဲနေသဖြင့် ဤစားကျက်သီးနှံဘာသာရပ်ကို သင်ကြားရေး၊ သုတေသန၊ တိုးချဲ့ပညာပေးရေးများတွင် အားနည်းနေပါသည်။
ကွင်းစလန်းတက္ကသိုလ်တွင် စာရေးသူမတက်ရောက်မီ ထိုစဉ်က မွေးမြူရေးလုပ်ငန်းကော်ပိုရေးရှင်းက စိုက်ပျိုးရေးဘွဲ့ရသုံးဦးကို စားကျက်သီးနှံဘာသာရပ်သင်ကြားရန်အတွက် စေလွှတ်ခဲ့သည်ဟု သိရပါသည်။ ထိုသူများ မည်သည့်နေရာတွင် ရောက်ရှိနေကြသည်ကို မသိရတော့ပါ။ (အငြိမ်းစားယူပြီး ဖြစ်နေလောက်ပါပြီ)။
ဆရာကြီး ဦးဖေနောင်သာ ပင်စင်ယူပြီးနောက် ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပါသည်။ စာရေးသူသည် ၁၉၈၉ ခုနှစ်တွင် မဟာသိပ္ပံပြီး၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပြန်ရောက်သည့်အခါ စားကျက်စိုက်ပျိုးရေးကို ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ သင်ကြားပေးခဲ့ပါသည်။ စားကျက်အထူးပြုဘာသာဖြင့် မဟာသိပ္ပံကျောင်းသား ကျောင်းသူလေးဦး ဘွဲ့ရခဲ့သော်လည်း အခြားစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေပါသည်။ ယခုလက်ရှိတွင်တော့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လယ်ယာသီးနှံဌာန၌ ဒေါက်တာ ဌေးဌေးဦး၊ ဒေါက်တာ အေးအေးခိုင်တို့က စားကျက်သီးနှံသင်ကြားရေးနှင့် သုတေသနများကို လက်ဆင့်ကမ်းသင်ကြားပေးလျက်ရှိနေပါသည်။
စားကျက်သိပ္ပံနှင့် ပတ်သက်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့တွင်လည်း ပညာရှင်အချို့ရှိသည်ဟု ကြားသိရပါသည်။ မြန်မာနိုင်ငံ ကျွဲ၊ နွားတိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူထုတ်လုပ်မှုမြင့်မားရေးစီမံကိန်းနှင့် ဈေးကွက်အခြေခံသည့် စားမြုံ့ပြန်သတ္တဝါငယ်များ ထုတ်လုပ်မှုစနစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အခန်းကဏ္ဍတစ်ခုမှ သြစတြေးလျသုတေသနအဖွဲ့ (ACIAR) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုစီမံကိန်းမှာ အစာရေစာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်သော နည်းလမ်းဖြစ်သည့် တိရစ္ဆာန်အစာအရင်းအမြစ်များ ရှာဖွေဖော်ထုတ်ခြင်းသည် ရည်ရွယ်ချက်တစ်ခုအနေဖြင့် ပါဝင်ခဲ့ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ လယ်ယာသီးနှံစိုက်ပျိုးရေးပညာဌာနအနေဖြင့် ဆောင်ရွက်နေသည့် စားကျက်သုတေသနများမှာ ညောင်ဦးနှင့် ရေဆင်းဒေသတို့၌ ဒေသနှင့် ကိုက်ညီသည့် စားကျက်ပဲမျိုးများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ဖြစ်ထွန်းမှုကို လေ့လာခြင်း သုတေသနတစ်ခု၊ ရိတ်ဖြတ်ချိန်အလိုက် ပဲမျိုးများ၏ အစာပမာဏထုတ်လုပ်မှုနှင့် အာဟာရတန်ဖိုးပါဝင်မှုကို လေ့လာခြင်းသုတေသနကို လုပ်ဆောင်နေပါသည်။ စားကျက်မြက်မျိုးများဖြစ်သည့် မာကာမြက် (Maker)၊ မွန်ဘာ စာမြက် (Mombasa)၊ မူလာတိုမြက် (Mulato II) ရိတ်ဖြတ်ချိန် ကာလအလိုက် အစာပမာဏထုတ်လုပ် နိုင်မှုနှင့် အာဟာရပါဝင်မှုစစ်ဆေးခြင်းကို ဆောင်ရွက်နေပါသည်။
စားကျက်မြက်နှင့် စားကျက်ပဲသီးနှံတို့၏ စားကျက်အထွက်နှင့် အာဟာရအရည်အသွေးတို့အပေါ်တွင် သီးနှံစိုက်ပျိုးမှုပုံစံများနှင့် စားကျက်ရိတ်ကျွေးသည့် ကာလအပိုင်းအခြားတို့၏ သက်ရောက်မှုများအား လေ့လာခြင်းသုတေသနကို ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွက် သင့်တော်သော စားကျက်မြက်မျိုးများ မှာ - နာပီယာ Elephant or Napier Grass (Penni-setum purpeum)၊ မွန်ဘာဆာ Mombasa or Guinea Grass (Panicum maximum)၊ မူလာတို-၂ Mulato II or Brachiaria Grass (Brachiaria ruziziensis x B.brizantha x B.decumbens) ဖြစ်ပါသည်။
စားကျက်ပဲမျိုးများ- စတိုင်လို Stylo (Stylosan-thes guianensis)၊ ကယ်လပို Calopo (Calopogo-nium mucunoides)၊ ဒက်စမင်းသတ် Desmanthus (Desmanthus leptolobus)၊ ဆိုင်ရာတြို Siratro (Macroptilium atropurpureum)၊ ဆင်ထရို Centro (Centrosema acutifolium)၊ အောင်မဲညိုပဲ Butterfly Pea (Clitoria ternatea) တို့ဖြစ်ပါသည်။
စာရေးသူ၏ အတွေးတစ်စ
စာရေးသူ ထိုင်းနိုင်ငံ အူဘွန်ရာချသနီတက္ကသိုလ် (Ubon Rachathani University)မှ စားကျက်သီးနှံညီလာခံကို ၂၀၀၇ ခုနှစ်တွင် ဖိတ်ကြား၍ တက်ရောက်ခဲ့ရာ ထိုစဉ်ကတည်းက ထိုင်းနိုင်ငံနှင့်အတူ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ လာအို စသည်ဖြင့် အရှေ့တောင်အာရှနိုင်ငံများ၌ စားကျက်ကို မျိုးစေ့ထုတ်စိုက်ပျိုးနိုင်သည်အထိ အလွန်အဆင့်မြင့်နေပါပြီ။ ထိုဒေသရှိ ထိုင်းလယ်သမားများမှာ စပါးခင်းများတွင် ရေသွင်းပြီး အပူပိုင်းဒေသဖြစ် စားကျက်မြက်မူလာတို (Mulato)ကို အတန်းလိုက်စိုက်ကာ နေ့တိုင်းရိတ်ပြီး နွားမွေးမြူသူများကိုရောင်းရာ နေ့တိုင်းဝင်ငွေရနေသည်ကို တွေ့ရှိခဲ့ရပါသည်။ သူတို့က စပါးစိုက်လျှင် ၃-၄လခန့်မှ ဝင်ငွေရပြီး စားကျက်မြက်စိုက်ခြင်းဖြင့် နေ့တိုင်းဝင်ငွေရနေသည်ဟူ၍ ပြောပါသည်၊ (စပါးစိုက်လယ်တိုင်း တွင်တော့ စားကျက်မြက်စိုက်ပျိုး၍မရပါ)။
ယခင် ဆောင်းပါးများထဲမှ စားကျက်ပဲမျိုးအပင်ကြီးများ (Pasture Tree Legumes) ဖြစ်သော မြေနိမ့်ချယ်ရီနှင့် ဘောစကိုင်း (အကြီးမြန်ပဲမျိုးနွယ်သစ်ပင် ကြီးများ) တို့ကို မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သောဒေသများတွင် စိုက်ပျိုးပါက တစ်ချက်ခုတ်၊ သုံးချက်ပြတ်ဖြစ်ပါမည်။
(၁) အရိပ်လည်းရ၊
(၂) ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစာလည်းရ၊
(၃) မြေဆီလွှာနိုက်ထရိုဂျင်ကိုလည်း ဖြည့်ပေး/ ဖြစ်နိုင်မလား တွေးနေမိပါသည်၊
ယခုနှစ် နွေရာသီ ချောက်၊ မကွေး၊ မင်းဘူး စသည့်မြို့နယ်များတွင် အပူချိန်ပြင်းထန်နေချိန် ရေနံချောင်းမြို့၌အပင်များ စိုက်ပျိုးမှုကြောင့် အပူချိန်သက်သာနေသည်ကို သတိထားမိပါသည်။ သစ်ပင်များစိုက်ပျိုးခြင်းက ကုသိုလ်လည်းရ၊ စိတ်ချမ်းသာမှုလည်းရ မဟုတ်ပါလား။ ။
