Skip to main content

သမိုင်းသင်ခန်းစာမှသည် အနာဂတ်ပညာခေတ်ဆီသို့ နိုင်ငံတော်သမ္မတ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လမ်းညွှန်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ

ဇော်ထွန်းအောင်(ပညာရေး)

နိုင်ငံတစ်နိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှု၏ အခြေခံအုတ်မြစ်သည် စနစ်ကျသော ပညာရေးပင် ဖြစ်ပါသည်။ ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်၌ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ ပထမအကြိမ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ့ပညာရေးလောကအတွက် အလွန်အရေးပါသော သမိုင်းကြောင်းဆိုင်ရာ ဆန်းစစ်မှုများနှင့် အနာဂတ်အတွက် မြော်မြင်ချက်ရှိသော ရှေ့လုပ်ငန်းစဉ်များကို ထည့်သွင်းမှာကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်အမှာစကားတွင် မြန်မာ့ပညာရေးကဏ္ဍကို ခေတ်စနစ်နှင့်အညီ မြှင့်တင်နိုင်မည့် အားတက်ဖွယ်ရာ အစီအမံများနှင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၁။      တိုင်းပြည်ဖွံ့ဖြိုးရေး၏ အခြေခံမဏ္ဍိုင်- ပညာရေးနှင့် ကျန်းမာရေး

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

‘‘တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ကြောင်း... လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပညာရေးနှင့်ကျန်းမာရေးသည် အရေးကြီးကြောင်း’’။

လူသားအရင်းအမြစ်အမြင်ဖြင့် လက်ရှိအခြေအနေ သုံးသပ်ချက်

နိုင်ငံတော်သမ္မတ၏ အဆိုပါအမှာစကားသည် လူသားအရင်းအမြစ် (Human Capital) ၏ အရေးပါမှုကို ထင်ဟပ်နေပါသည်။ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂတို့၏ စံနှုန်းများအရ နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် သယံဇာတအပေါ်တွင်သာမက နိုင်ငံသားများ၏ ပညာရည်နှင့် ကျန်းမာရေး အဆင့်အတန်းအပေါ်တွင် ပိုမိုမူတည်နေပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ လူမှုစီးပွားအခြေ အနေတွင် ပညာရေးနှင့် ကျန်းမာရေးကို ထိပ်ဆုံးမှဦးစားပေးခြင်းသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အခိုင်မာဆုံးသောအခြေခံအုတ်မြစ် ဖြစ်လာပါလိမ့်မည်။

၂။       သမိုင်းကြောင်းအရ ပညာရေး အားနည်း ချက်များကို ပြန်လည်ဆန်းစစ်ခြင်း

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

“မိမိတို့နိုင်ငံ၏ပညာရေးကို ပြန်လည်ဆန်းစစ် ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲ ကြည့်နိုင်ကြောင်း၊ လွတ်လပ်ရေး မဆုံးရှုံးမီကာလက စနစ်တကျသင်ကြားသည့် ပညာရေးစနစ် အားနည်းခဲ့ကြောင်း...လွတ်လပ်ရေးရရှိပြီး အချိန်တွင်လည်း နိုင်ငံရေးအရသဘောထားကွဲလွဲမှုနှင့် တိုင်းရင်းသားရေးရာပြဿနာများကြောင့် ပြည်သူများ ပညာသင်ကြားရေးအတွက် အခက်အခဲများရှိခဲ့ကြောင်း” ။

သမိုင်းအခြေပြု ပညာရေးအခက်အခဲများနှင့် လက်ရှိအခြေအနေ သုံးသပ်ချက်

နိုင်ငံတော်သမ္မတ၏ ရှုမြင်ချက်သည် မြန်မာ့ပညာရေး၏ နက်ရှိုင်းသော အရင်းအမြစ်ကို ထောက်ပြနေပါသည်။ သမိုင်းကြောင်းအရကြုံတွေ့ခဲ့ရသော မတည်ငြိမ်မှုများက ပညာရေးစနစ်ကို ခိုင်မာစွာ အခြေမချနိုင်ခဲ့ဘဲ အခြေခံလူတန်းစားများအတွက် ပညာသင်ယူခွင့် အခွင့်အလမ်းများကို အဟန့်အတား ဖြစ်စေခဲ့ပါသည်။ ဤအချက်ကို လက်ခံခြင်းသည် ယနေ့ခေတ်တွင် မတူညီသော ဒေသများအကြား ပညာရေးကွာဟချက်ကို ဖြည့်ဆည်းရန်အတွက် ပထမဆုံးသော ခြေလှမ်းပင်ဖြစ်ပါသည်။

၃။      သမိုင်းကြောင်းဆိုင်ရာ သင်ခန်းစာနှင့် ‘‘အ’’သုံးလုံး လှုပ်ရှားမှု

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

‘‘ပညာမတတ်သူ ပပျောက်ရေးအတွက် ‘အ’ သုံးလုံးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုအချိန်တွင် ကျောင်းနေ ရာခိုင်နှုန်းမှာလည်း နည်းပါးခဲ့ကြောင်း၊ ကျောင်းပညာသင်ကြားရေးနှင့်ပတ်သက်၍ အဆိုပါအချိန်ကတည်းက လူများစုပညာရေးမှာ အားနည်းချက်များ ရှိခဲ့ကြောင်း...’’။

စာတတ်မြောက်ရေးလှုပ်ရှားမှုနှင့် ပညာရေးဝင်ရောက်ခွင့် မညီမျှမှုများအပေါ် လက်ရှိအခြေအနေ သုံးသပ်ချက်

သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုလျှင် မြန်မာနိုင်ငံသည် စာတတ်မြောက်မှုနှုန်း မြှင့်တင်ရန်အတွက် ‘‘အ’’ သုံးလုံး (အရေး၊ အဖတ်၊ အတွက်) လှုပ်ရှားမှုဖြင့် ကမ္ဘာ့အဆင့်မီထူးချွန်ဆုများ ရရှိခဲ့သည့် ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများရှိခဲ့ပါသည်။ သို့သော် နိုင်ငံတော်သမ္မတ ထောက်ပြသကဲ့သို့ပင် အဆိုပါကာလများ၌ ကျောင်းနေခွင့်ရရှိမှုမှာ မြို့ပြနှင့် ကျေးလက်အကြား၊ လူတန်းစားအလွှာအကြား မညီမျှမှုများရှိခဲ့ပါသည်။ ဤသမိုင်းဝင်အားနည်းချက်သည် ယနေ့ခေတ်တွင် KG+9 ‘‘မသင်မနေရ’’ စနစ်ကို အကောင်အထည်ဖော်ကာ ကျောင်းနေသူ ဦးရေ တိုးတက်လာစေရန် ကြိုးပမ်းရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်ပါသည်။

၄။ အရည်အသွေးမြင့် ပညာရှင်များနှင့် ပြည်တွင်း တက္ကသိုလ်များ၏ ပါရဂူများ

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

“လူနည်းစုပညာရေးမှာ ကောင်းမွန်ခဲ့ပြီး နိုင်ငံတကာအဆင့်မီသည့် ပညာရှင်များလည်း ထွက်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်သည့် ပါရဂူဘွဲ့ရရှိသူများအထိများစွာရှိကြောင်း၊ အချို့ပါရဂူဘွဲ့များသည် ပြည်ပနိုင်ငံများမှ ရရှိခြင်း မဟုတ်ဘဲ ပြည်တွင်း၌ပင်အောင်မြင်သည့် ပါရဂူများဖြစ်ကြကြောင်း...”။

အဆင့်မြင့်ပညာရှင်အရင်းအမြစ်များ၏ အသုံးချမှုနှင့် လက်ရှိအခြေအနေ သုံးသပ်ချက်

မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ခက်ခဲသောအခြေအနေများကြားမှပင် နိုင်ငံတကာအဆင့်မီ သည့် ပညာရှင်များကို မွေးထုတ်ပေးနိုင်ခဲ့သည်မှာ ငြင်းမရသော အချက်ဖြစ်ပါသည်။ အထူးသဖြင့် ပြည်ပသို့သွားရောက်စရာမလိုဘဲ ပြည်တွင်းတက္ကသိုလ်များ၌ပင် အရည်အချင်းပြည့်ဝသော ပါရဂူဘွဲ့ (PhD)များ ရယူနိုင်ခြင်းသည် ကျွန်ုပ်တို့၏ အဆင့်မြင့်ပညာကဏ္ဍတွင် ခိုင်မာသောအခြေခံအုတ်မြစ်များရှိနေကြောင်း သက်သေပြနေပါသည်။ ဤပညာရှင်များ၏ အတတ်ပညာနှင့် အတွေ့အကြုံများကို နိုင်ငံတော်တည်ဆောက်ရေးတွင် မည်သို့ထိရောက်စွာ အသုံးချမည်နည်းဟူသည်မှာ ယနေ့ခေတ်၏ အဓိကစိန်ခေါ်မှု ဖြစ်ပါသည်။

၅။ အရည်အသွေးမြင့်ပညာရေးသို့ ကူးပြောင်းမှု

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

‘‘ပြည်ပနိုင်ငံများ၌ ပညာတော်သင်သွားရောက်ပြီး D.Sc ဘွဲ့ ရရှိသူများလည်းရှိကြောင်း၊ ထို့ကြောင့် လူအများစုပညာရေးများ တိုးတက်လာစေရေး ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပြီး မြှင့်တင်ပေးရန်လိုကြောင်း။’’

အရည်အသွေးမြင့်ပညာရေးသို့ ကူးပြောင်းမှုနှင့် လက်ရှိအခြေအနေ သုံးသပ်ချက်

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်သည် အလွန်ရှင်းလင်းပြီး မဟာဗျူဟာကျလှပါသည်။ ၎င်းမှာ ‘‘လူနည်းစု၏ အဆင့်မြင့်ပညာရေး’’ မှသည် ‘‘လူအများစု၏ အရည်အသွေးမြင့်ပညာရေး’’ ဆီသို့ ကူးပြောင်းရန်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် သိပ္ပံပါရဂူ (D.Sc) အနည်းငယ်ရှိရုံဖြင့် မလုံလောက်ဘဲ လူထုတစ်ရပ်လုံး၏ ပညာရည်မြင့်မားလာမှသာလျှင် တိုင်းပြည်စီးပွားရေးနှင့် လူမှုဘဝများအရှိန်အဟုန်ဖြင့် တိုးတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ခေတ် ပညာရေးပြုပြင်ပြောင်းလဲမှုများက ကျောင်းသားတိုင်းအား ၂၁ ရာစု ကျွမ်းကျင်မှုများ (5Cs)နှင့် ပြည့်စုံစေရန် ရည်ရွယ်ကာ လူသားအရင်းအမြစ်ကို ဘက်စုံကုစားပေးနေခြင်း ဖြစ်ပါသည်။

၆။      သန်းခေါင်စာရင်းအချက်အလက်နှင့် KG+9 ‘‘မသင်မနေရ’’ စနစ်

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

‘‘၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မိမိတို့နိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များရှိသည်ကို တွေ့ရှိနိုင်ကြောင်း... ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် KG+9 အထိ မသင်မနေရ ပညာရေးစနစ်အဖြစ် ပြောင်းလဲခဲ့ကြောင်း...’’။

သန်းခေါင်စာရင်း အချက်အလက်အခြေပြု KG + 9 မသင်မနေရပညာရေးစနစ်နှင့်  လက်ရှိအခြေအနေသုံးသပ်ချက်

ယခင်က အခြေခံပညာမူလတန်း (Grade 5) အထိသာ မသင်မနေရစနစ်ရှိခဲ့သော်လည်း လက်တွေ့တွင် ကျောင်းထွက်နှုန်း မြင့်မားခဲ့သည်ကို ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များက သတိပေးနေပါသည်။ နိုင်ငံတော်သမ္မတ လမ်းညွှန်ခဲ့သည့် KG+9 (အလယ်တန်းအဆင့်)အထိ မသင်မနေရစနစ်သို့ တိုးမြှင့်ခြင်းသည် ကလေးငယ်တိုင်းအား အခြေခံစာတတ်မြောက်မှုထက် ကျော်လွန်သော အတွေးအခေါ်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံများရရှိစေရန် အာမခံချက်ပေးခြင်း ဖြစ်ပါသည်။ ဤပြုပြင်ပြောင်းလဲမှုသည် နိုင်ငံတော်၏ အခြေခံလူတန်းစားများ ပညာရည်မြင့်မားလာစေရေးအတွက် ခိုင်မာသော အုတ်မြစ်တစ်ခု ဖြစ်လာပါလိမ့်မည်။

၇။      ပညာရေးဘဏ္ဍာငွေကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံခြင်း

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

‘‘ပညာရေးကဏ္ဍတိုးတက်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း... လာမည့်ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...’’။

နိုင်ငံတော်ဘဏ္ဍာငွေ တိုးမြှင့်ခွဲဝေမှုနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးသုံးသပ်ချက်

ဤသည်မှာ မြန်မာ့ပညာရေးသမိုင်းတွင် အလွန်ထူးခြားသည့် ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်တစ်ခု ဖြစ်ပါသည်။ နိုင်ငံတော်ဘဏ္ဍာငွေ၏ ၂၀ ရာခိုင်နှုန်း ကို ပညာရေးတွင် ရင်းနှီးမြှုပ်နှံရန် လမ်းညွှန်ခြင်းသည် ကမ္ဘာ့အဆင့်မီပညာရေးစံနှုန်းများ (Global Standards) ကို လက်တွေ့ဖော်ဆောင်ရန် ကြိုးပမ်းခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ ဘဏ္ဍာငွေတိုးမြှင့် ခွဲဝေပေးခြင်းဖြင့်-

-         အစိုးရကျောင်းများ၏ သင်ကြားမှုအရည် အသွေးကို မြှင့်တင်နိုင်ခြင်း၊

-         ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာနှင့် လူမှုဘဝကို မြှင့်တင်ပေးနိုင်ခြင်း၊

-         ကျောင်းသားများအတွက် ခေတ်မီနည်းပညာနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။

၈။      ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ချိတ်ဆက်မှု

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

“ပညာရေးအားနည်းချက်များကြောင့် အသိပညာများအားနည်းပြီး ကျန်းမာရေးသည်လည်း အားနည်းသည်ကိုတွေ့ရကြောင်း၊ အလားတူ အတတ်ပညာများ အားနည်းခြင်းကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိမှု အားနည်းပြီး ဝင်ငွေနည်းပါးကာ အာဟာရပြည့်ဝစွာ စားသုံးနိုင်မှု မရှိသည်ကို တွေ့ရကြောင်း”။

ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆက်စပ်မှု သုံးသပ်ချက်

ဤသည်မှာ ‘‘ပညာရေးသည်ဝမ်းစာ’’ ဟူသည့် အချက်ကို မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ ပညာရည်မြင့်မားခြင်းသည် ကျန်းမာရေးအသိကို တိုးစေသကဲ့သို့ အသက်မွေးဝမ်းကျောင်း အတတ်ပညာပြည့်ဝခြင်းသည် တစ်ဦးချင်းဝင်ငွေကို မြင့်မားစေပါသည်။ နိုင်ငံတော်သမ္မတ၏ ဤဆန်းစစ်ချက်အရ ပညာရေးပြုပြင်ပြောင်းလဲမှုသည် နိုင်ငံသားများ၏ မျှော်မှန်းသက်တမ်းနှင့် လူမှုဘဝအရည်အသွေးကို မြှင့်တင်ပေးမည့် အဓိကသော့ချက် ဖြစ်နေပါသည်။

၉။      ကိုယ်လက်ကြံ့ခိုင်မှုနှင့် အာဟာရပြည့်ဝရေး

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

“လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေး ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက်လှုပ်ရှား မှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း” ။

လူငယ်ဖွံ့ဖြိုးရေးအတွက် ကိုယ်လက်ကြံ့ခိုင်မှုနှင့် အာဟာရပြည့်ဝရေးဆက်စပ်မှုသုံးသပ်ချက်

ကျန်းမာသန်စွမ်းသည့် လူငယ်များမှသာလျှင် ထူးချွန်သည့်ပညာရှင်များ ဖြစ်လာနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ထောက်ပြသကဲ့သို့ပင် ကျောင်းများ၌ အားကစားလှုပ်ရှားမှုများကို စနစ်တကျ ပြန်လည်ဖော်ဆောင်ခြင်းသည် ကျောင်းသားများ၏ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကို မြှင့်တင်ပေးရုံသာမက နိုင်ငံတော်အတွက် မျှော်မှန်းသက်တမ်း မြင့်မားလာစေရန် အုတ်မြစ်ချပေးခြင်းလည်းဖြစ်ပါသည်။ ၎င်းနှင့်အတူ ကျောင်းမုန့်ဈေးတန်းများမှစ၍ အာဟာရပြည့်ဝရေးကို ဂရုပြုခြင်းသည် လူငယ်များ၏ ဉာဏ်ရည်နှင့်ဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါသည်။

၁၀။    တန်းစဉ်ကူးပြောင်းမှုနှင့် နိုင်ငံတော်၏ အဖိုးတန်ဆုံးသော ရင်းနှီးမြှုပ်နှံမှု

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကောက်နုတ်ချက်-

“လူငယ်လူရွယ်များ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်လာစေရေးနှင့် ခံယူချက်များ ကောင်းမွန်လာစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများ မြင့်တက်လာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း... ပညာရေးရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံအတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း” ။

တန်းစဉ်ကူးပြောင်းမှုနှင့် ပညာရေးရင်းနှီးမြှုပ်နှံမှု၏ အရေးပါမှု သုံးသပ်ချက်

ပညာရေးကဏ္ဍတွင် ကျောင်းသားများ တစ်တန်းမှတစ်တန်းသို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခြင်းသည် နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖြုန်းတီးမှုကိုလျှော့ချပေးခြင်း ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ၏ ဆွေးနွေးချက်အရ ပညာရေး အတွက် သုံးစွဲသော ဘဏ္ဍာငွေသည် နိုင်ငံတော်၏ အနာဂတ်အတွက် အမြတ်အစွန်းအများဆုံးရရှိမည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ ဤရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့်မျိုးချစ်စိတ်ရှိပြီး စည်းကမ်းကောင်းမွန်သည့်၊ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးနိုင်မည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)