EV သက်တမ်းရှည်စေဖို့ နည်းလမ်းတကျ သုံးစွဲစို့
အောင်ဇေယျဟိန်း
(ယမန်နေ့မှအဆက်)
၂။ EV အားသွင်းနည်းလမ်းမှန်များ
၂။ (က) အားသွင်းစဉ် EV ရပ်တန့်ထားခြင်း
ဘက်ထရီကို အားသွင်းရန် ပြင်ဆင်ချိန်၌ကားရှိ ပါဝါခလုတ်ကို ပိတ်ထားရပါမည်။ အားသွင်းမှု စတင်ပြီးလျှင်ကားရှိ ပါဝါခလုတ်ကို ပြန်ဖွင့်နိုင်ပြီး ရေဒီယို၊ လေပူ၊ လေအေးစနစ်တို့ကို သုံးနိုင်၏။ အားသွင်းချိန်တွင် စတီယာရင်နှင့် ရွေ့လျားမှုအစိတ်အပိုင်းများကို အသုံးမပြုနိုင်အောင် ထိန်းချုပ် ထား၏။ အကြောင်းရင်းမှာ ဘက်ထရီကို ဗို့အားမြင့်နှုန်းဖြင့် အားသွင်းစဉ် လှုပ်ရှားမှုပြုလုပ်လျှင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်စေနိုင်ပါ၏။ သို့ဖြစ်ရာ အားသွင်းချိန်တွင် EV ကို ရပ်ထားရပါမည်။
၂။ (ခ) မောင်းနှင်ပြီးခါစ အားမသွင်းခြင်း
EV မောင်းနေစဉ် ဘက်ထရီများသည် ပူနွေးတတ်ပြီး ရပ်တန့်ခါစတွင် ဆက်လက်ပူနေတတ်ရာ ချက်ချင်းအားသွင်းခြင်းက ဘက်ထရီကို ဒဏ်ဖြစ်စေ၍ ပျက်စီးမှုကို မြန်စေနိုင်၏။ မောင်းပြီးစ EV ကို အားမသွင်းသင့်ပါ။ ခရီးဝေးမောင်းပြီး အားမသွင်းမီ ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် အပူချိန်လျှော့ချရပါမည်။ အချို့ EV များတွင် ဘက်ထရီအပူချိန်ကို အလိုအလျောက် ထိန်းညှိပေးသည့် ဘက်ထရီအအေးခံစနစ်များ တပ်ဆင်ထား၏။
၂။ (ဂ) ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန် သွင်းခြင်း
ဘက်ထရီစွမ်းအင်အားလုံး ကုန်အောင်သုံးပြီးမှ အားပြန်သွင်းလျှင် သက်တမ်းတိုစေ၏။ ဘက်ထရီ စွမ်းအင်ကို ၁၀ ရာခိုင်နှုန်းအောက် ရောက်သည်အထိ မကြာခဏသုံးခြင်းသည် ဘက်ထရီဆဲလ်များကို ဒဏ်ဖြစ်ပေါ်စေရာ ရေရှည်ထိခိုက်မှုများမဖြစ်ရေးအတွက် အမြန်ဆုံးအားပြန်သွင်းပါ။ ယေဘုယျအားဖြင့် ဘက်ထရီစွမ်းအင်ကို ၂၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြားတွင် ထားရှိသင့်ရာ ပိုမိုစိတ်ချမှုရှိရန် ၃၀ ရာခိုင်နှုန်းအောက်ရောက်လျှင် အားပြန်သွင်းသင့်၏။
၂။ (ဃ) ၈၀ ရာခိုင်နှုန်းအထိသာ အားဖြည့်သွင်းခြင်း
လူ့စိတ်လူ့သဘောအရ အမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းရှိခြင်း၊ ရာနှုန်းပြည့်ဖြစ်ခြင်းကိုသာ နှစ်သက်ကြပြီး အကောင်းဆုံးဟု သတ်မှတ်လေ့ရှိကြ၏။ သို့သော် EV ကို ၁၀၀ ရာခိုင်နှုန်းအားသွင်းခြင်းသည် အကောင်းဆုံးမဟုတ်ဘဲ ဘက်ထရီကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လီသီယမ်အိုင်းယွန်းဘက်ထရီများဖြစ်၍ ဘက်ထရီရာနှုန်းပြည့်ဖြင့် ကြာရှည်ထားလျှင် ပျက်စီးယိုယွင်းစေနိုင်၏။ ခရီးဝေးသွားလျှင် ဘက်ထရီကို ရာနှုန်းပြည့်အားသွင်းသင့်သော် လည်း မြို့တွင်းအတွက် ၈၀ ရာခိုင်နှုန်းအထိသာ အားသွင်းသင့်၏။ သို့မှသာ သက်တမ်းပိုမိုကြာရှည် ခံနိုင်စေပြီး ဘရိတ်အုပ်ရင်း အားသွင်းခြင်းမှရရှိသည့် ထပ်တိုးစွမ်းအင်ကို သိုလှောင်ဖို့ချန်လှပ်ပြီး ဖြစ်ကာ EV သုံးစွဲမှုမှ အကျိုးကျေးဇူးပိုမိုရရှိစေနိုင် ၏။ EV ၌ အားသွင်းလိုသော အတိုင်းအတာကို သတ်မှတ်ထားနိုင်ပြီး ပိုင်ရှင်လက်စွဲစာအုပ်တွင် အားသွင်းရမည့် အသင့်တော်ဆုံးရာခိုင်နှုန်းလည်း ပါရှိပြီးဖြစ်ရာ ၈၀ ရာခိုင်နှုန်းကိုသာ သတ်မှတ်၍ အားသွင်းသင့်၏။ သာဓကအားဖြင့် ဘက်ထရီ စွမ်းအင်နှုန်း ၇၉.၉၀၄ kWh (ကီလိုဝပ်နာရီ) ဖြစ်လျှင် ၈၀ ရာခိုင်နှုန်းဖြစ်သော ၆၃.၉၂၃၂ kWh (ကီလိုဝပ်နာရီ)အထိသာ အားသွင်းသင့်ပါသည်။
၂။ (င) အနှေးအားသွင်းစနစ်ကိုသာ အဓိကအသုံးပြု ခြင်း
တိုက်ရိုက်လျှပ်စီးသုံး အမြန်အားသွင်းစနစ်ဖြင့် အားသွင်းခြင်းသည် ခရီးဝေးသွားရန်အတွက် ကောင်းမွန်သော်လည်း ၎င်းကို အဓိကအားသွင်း နည်းလမ်းအဖြစ် အမြဲမသုံးသင့်ပေ။ အမှန်တကယ်အဓိကအားပြုသုံးစွဲရမည်မှာ Level 1 (သို့မဟုတ်) Level 2 အနှေးအားသွင်းစနစ်များသာ ဖြစ်ပါ၏။
၂။ (စ) အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲခြင်း
အမြန်အားသွင်းခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့သည် ဘက်ထရီအတွင်းရှိ လီသီယမ်များ၏ သဘာဝဂုဏ်သတ္တိဓာတ်များအား ကုန်ခန်းစေသည့် ဓာတ်ပြုမှုများကို ပိုမိုမြန်ဆန်စေပါမည်။ အမြန် အားသွင်းစက်များက စွမ်းအင်ကို အလျင်အမြန်တွန်းပို့လျှင် ဘက်ထရီဆဲလ်များအတွင်းရှိ အပူနှင့် ဖိအားတို့ကြောင့် မလိုလားအပ်သော ဓာတုဓာတ်ပြုမှုများနှင့် ဆင့်ကဲဖိအားဖြစ်စဉ်များကို ဖြစ်စေ၏။ ဆက်လက်၍ ဘက်ထရီကို ဝန်ပိုမိုဖိစီးမှုနှင့် အပူလွန်ကဲမှုတို့ကို ဖြစ်ပေါ်ရာက ပိုမိုလျင်မြန်စွာ သက်တမ်းတိုစေ၏။ တိုက်ရိုက်လျှပ်စီးဖြင့် အမြန်အားသွင်းခြင်းသည် ရှစ်နှစ်အတွင်း အိမ်သုံး Level 2 အားသွင်းစက်ဖြင့် အားသွင်းခြင်းထက် ဘက်ထရီသက်တမ်း ၁၀ ရာခိုင်နှုန်းကို လျော့ကျစေနိုင်ပါသည်။ အားသွင်းချိန်ပေးရခြင်းထက် တန်ဖိုးကြီးမားလှသော ဘက်ထရီမပျက်စီးအောင် ဂရုတစိုက် ထိန်းသိမ်းသုံးစွဲရမည်ဖြစ်ရာ ရေရှည်သက်တမ်းပြည့် သုံးစွဲနိုင်ရန်အတွက် အမြန်အားသွင်းခြင်းကို ကန့်သတ်သုံးစွဲရပါမည်။
၂။ (ဆ) အားသွင်းချိန်ကို ချိန်ညှိခြင်း
EV ပိုင်ရှင်အများစုသည် မိမိတို့၏ နေအိမ်၌ ညဘက်အိပ်ရာဝင်ချိန်တွင် EV ကို အားသွင်းလေ့ ရှိကြ၏။ ဘက်ထရီသိုလှောင်စွမ်းအင် ကြီးမားနေချိန်တွင် ဆဲလ်၏ဗို့အားမှာ မြင့်တက်နေသဖြင့် ကားရပ်ထားစဉ်မှာပင် ဓာတုဓာတ်ပြုမှုနှင့် ဆင့်ကဲကွင်းဆက် ဖြစ်စဉ်များက ဘက်ထရီအတွင်းရှိ အခြေခံပစ္စည်းများကို တဖြည်းဖြည်း တမြည့်မြည့် လောင်ကျွမ်းစေသည်။ ထို့ကြောင့် ညလုံးပေါက် အားအပြည့်သွင်းထားခြင်းကို ရှောင်ကြဉ်ကာ ၈၀ ရာခိုင်နှုန်းအထိအားသွင်းရန် ချိန်ညှိထားသင့်၏။ ယင်းအပြင် ဘက်ထရီသက်တမ်းရှည်အောင် ဆဲလ်ချိန်ညှိခြင်း (Cell Balancing)လုပ်ငန်းသည် အရေးပါသောကဏ္ဍမှ ရပ်တည်လျက်ရှိရာ ၎င်းကို ခေါင်းစဉ်ခွဲ ၄(က)တွင် တင်ပြသွားပါမည်။
၃။ EV ကားရပ်နားစဉ် လိုက်နာရမည့် အချက်များ
၃။ (က) အရိပ်ရနေရာတွင် ရပ်ခြင်း
EV လီသီယမ်အိုင်းရွန်း ဘက်ထရီများသည် ပြင်းထန်သောအပူနှင့် အအေးဒဏ်များကို ခံစားလွယ်ရာ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသော အစွန်းနှစ်ဖက်ကို ရှောင်ရှားရပါမည်။ ဘက်ထရီအပူချိန် လွန်ကဲပါက ဘက်ထရီဆဲလ်များအတွင်းရှိ ဓာတုဓာတ်ပြုမှုဖြစ်စဉ်များကို ပိုမိုမြန်ဆန်စေပါမည်။ အကျိုးဆက်ကား ဘက်ထရီကို လျင်လျင်မြန်မြန် ပျက်စီးစေပါမည်။ သို့ဖြစ်ရာ ရာသီဥတုပူပါက ကားဂိုဒေါင်အတွင်း (သို့မဟုတ်) အရိပ်ရနေရာ၊ အမိုးအကာရှိသော နေရာတို့သာ ရွေးချယ်ရပ်ထား ပါ။ အလားတူ လွန်ကဲစွာအေးခြင်းက ဘက်ထရီစွမ်းရည်ကို ကျဆင်းစေပြီး အားသွင်းချိန်ကို ပိုမိုကြာမြင့်စေနိုင်ရာ သတိပြုရှောင်ရှားရပါမည်။
၃။ (ခ) စနစ်တကျ ရေရှည်ရပ်ထားခြင်း
EV ကို သီတင်းပတ် (သို့မဟုတ်) လအနည်းငယ်ကြာ အသုံးမပြုဘဲထားမည်ဆိုပါက စနစ်တကျမသိမ်းဆည်းခြင်းက ဘက်ထရီကိုပျက်စီးစေနိုင်၏။ မမောင်းဘဲ ရေရှည်ရပ်ထားပါက လွန်ကဲစွာပူခြင်း၊ အေးခြင်းမရှိသော ကားဂိုဒေါင်အတွင်းထား၍ ဘက်ထရီစွမ်းအင်ကို ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း အတွင်း ထိန်းထားရမည်ဖြစ်ပြီး အားသွင်းကြိုးကို အကန့်အသတ်မရှိ တပ်မထားပါနှင့်။
EV အားသွင်းသည့် အလေ့အထများက ဘက်ထရီ၏ အိုမင်းရင့်ရော်လာမှုကို အတိအကျ ပုံဖော်လျက်ရှိသည်။ အစွန်းရောက်အားသွင်းမှုဖြစ်သည့် ရာနှုန်းပြည့်အမြဲသွင်းခြင်းက ဘက်ထရီ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အစွန်းရောက်သုံးစွဲမှုဖြစ်သည့် စွမ်းအင်ကုန်ခန်းသွားသည်အထိ သုံးစွဲခြင်းသည် လည်း ဘက်ထရီ၏ ပျက်စီးယိုယွင်းမှုကို ပိုမိုမြန်ဆန် စေပါသည်။
EV သက်တမ်းရှည်စေရေးအတွက် EV အားသွင်းခြင်းသည် အရေးကြီးလုပ်ငန်းစဉ်ဖြစ်ရာ ဤနေရာတွင် အနှစ်ချုပ်ပုံကို တင်ပြပါမည်။ ဘက်ထရီ ကျန်းမာရေးအခြေအနေကောင်းမွန်ရန်နှင့် မလိုလားအပ်သောအန္တရာယ်များ ကင်းဝေးစေရန်အတွက် ဖော်ပြပါ ပုံ ၇ အတိုင်း သုံးစွဲမှုအခြေအနေပေါ်မူတည်၍ ဘက်ထရီအားသွင်းခြင်းကို ဆောင်ရွက်သင့်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
