နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကဏ္ဍတစ်ခုမှ အကျိုးပြုနေသည့် နယ်စပ်ကုန်သွယ်ရေး
ဝေယံလင်း (တာချီလိတ်)
နိုင်ငံတော်နှင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခန်းကဏ္ဍတစ်ခုမှ အကျိုးပြုနေသည့် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း (မယ်ယန်း)တွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကျွန်တော်သွားရောက်လေ့လာခဲ့ပါသည်။
ထိုသို့သွားရောက်လေ့လာစဉ် ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဇော်က “ကျွန်တော်တို့ဌာနရဲ့ ကုန်သွယ်ရေးလုပ်ငန်းစဉ်တွေကို ပြည်သူတွေ ပိုမိုသိရှိနားလည် လာမယ်ဆိုရင်လုပ်ငန်းတွေ ပိုမိုလွယ်ကူမြန်ဆန်ကောင်းမွန်ရုံသာမက ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ မြို့တစ်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ စီးပွားရေးက အဓိကဖြစ်ပါတယ်။ တာချီလိတ်မြို့ဟာ အခုဆို အရင်ကနဲ့မတူဘဲ ပိုမိုဖွံ့ဖြိုးတိုးတက်နေတာကိုတွေ့နိုင်ပါတယ်။
“တချို့ကထင်မယ်၊ ထွက်ကုန်သီးနှံလည်းမရှိ၊ ထုတ်ကုန်လည်းမရှိဘူး။ နိုင်ငံခြားမှာနေတဲ့ သားသမီးတွေရဲ့ ထောက်ပံ့မှုကြောင့်လားပေါ့။ တကယ်တော့ ကုန်သွယ်ရေးကဏ္ဍက တစ်စိတ်တစ်ပိုင်းပါဝင်နေတယ်လို့ ဆိုချင်ပါတယ်။ ဥပမာသီးနှံတွေဆိုရင် ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံအထိ ပို့ရပါတယ်။ ပြောရမယ်ဆိုရင် ဒီနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ကျက်သရေဆောင်နေရာ တစ်ခုလို့တောင် တင်စားပြောနိုင်ပါတယ်”ဟု ပြောကြားသည်။
တာချီလိတ်မြို့သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာ
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံအားဖြင့်ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးစသည့်ကဏ္ဍများ ကောင်းမွန်ရန် အဓိကကျသလို နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု၊ အလုပ် အကိုင်အခွင့်အလမ်း၊ ကူးသန်းရောင်းဝယ်ရေး စသည့်ကဏ္ဍအသီးသီးတို့ ဘက်ပေါင်းစုံ ပြည့်စုံကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ရှမ်း ပြည်နယ် (အရှေ့ပိုင်း)ရှိ တာချီလိတ်မြို့လေးသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ပြီး ရေကြီးရေလျှံသဘာဝဘေးကြုံတွေ့ရမှုကြောင့် တိုးတက်မှုအချို့ လျော့နည်းခဲ့ရသည်လည်းရှိပါသည်။
တာချီလိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်အကျိုးပြုလျက်ရှိသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကျဉ်းမျှတင်ပြလိုပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနတို့၏ မူဝါဒများနှင့်အညီ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များချမှတ်ကာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် “ကုန်သွယ်ဖွံ့ဖြိုး ပြည်သူ့အကျိုး”ဟူသော ဆောင်ပုဒ်အတိုင်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါသည်။
ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ကုန်သွယ်မှုဖြင့် အမျိုးသားအကျိုးစီးပွားကို တိုးတက်မြင့်မားစေရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုပတ်ဝန်းကျင်ကောင်းမွန်စေရေး၊ မှန်ကန်မျှတသော ကုန်သွယ်မှုစနစ်ဖြစ်စေရေး ထိန်းညှိဆောင်ရွက်ရန်၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးပေးနိုင်ရန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်စေမည့် လုပ်ငန်းစဉ်များကို ဖြေလျှော့၍ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြု၍ ပံ့ပိုးကူညီရန်၊ နိုင်ငံစုံနှင့် ဒေသတွင်းကုန်သွယ်မှုစနစ်များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးများ တိုးမြှင့်တည်ဆောက်ရန်၊ ကုန်သွယ်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အစိုးရနှင့်ပုဂ္ဂလိက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်ဆိုသည့် ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိ
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ စီးပွားရေးအတွက် မောင်းနှင်အားဖြစ်သလို ပြည်သူများ၏ နေ့စဉ်လူမှုဘဝ တိုးတက်မြင့်မားရေးအပေါ် ထိရောက်စေမည်လည်းဖြစ် သည်။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိခြင်း၊ ပို့ကုန်များမှတစ်ဆင့် နိုင်ငံခြားငွေများ စီးဝင်လာစေပြီး နိုင်ငံတော်၏ အရန်ငွေကြေးများကို ခိုင်မာစေမည်လည်း ဖြစ်ပါသည်။ ကုန်သွယ်မှုမှရရှိသော အကောက်ခွန် (Customs Duty) နှင့် ကုန်သွယ်လုပ်ငန်းခွန်များသည် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံစသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်အတွက် အဓိကဘဏ္ဍာငွေအရင်းအမြစ်များ ရရှိစေမည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) မြင့်မားတိုးပွားစေခြင်း၊ ကုန်သွယ်မှုပမာဏများပြားလာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းကို တိုက်ရိုက်အထောက်အကူပြု စေမည်လည်းဖြစ်သည်။
အလားတူ အာဆီယံနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာ့စီးပွားရေး အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခြင်းလည်းဖြစ်သည်။ ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းကြောင့် ပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်သည်။ မရှိမဖြစ်လိုအပ်သည့် စားဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများကို မူဝါဒဖြင့် စနစ်တကျ တင်သွင်းခွင့်ပြုခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုမဖြစ်စေရေး အထောက်အကူဖြစ်စေမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ကုန်သွယ်မှုပြုခြင်းဖြင့် ခေတ်မီစိုက်ပျိုးရေးနည်း ပညာများ၊ စက်မှုနည်းပညာများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများ ပြည်တွင်းသို့ရရှိမည်ဖြစ်သည်။ နယ်စပ်သွင်းကုန်များ၏ အရည်အသွေးများကို စနစ်တကျ စစ်ဆေးကြပ်မတ်ပေးခြင်းကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းသည့် အစားအသောက်နှင့် အရည်အသွေးမီလူသုံးကုန်ပစ္စည်း များကို သုံးစွဲနိုင်မည်ဖြစ်သည်။
အဓိကအားဖြင့် ပို့ကုန်များမှ ရငွေများဖြင့် နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်စေရန် အထောက် အကူပြုခြင်း၊ သွင်းကုန်အစားထိုးခြင်းကြောင့် ပြည်တွင်း MSME လုပ်ငန်းများ တိုးတက်အောင်မြင်လာနိုင်ခြင်း၊ Tradenet 2.0 စနစ် ဆောင်ရွက်ပေးမှုမှ လုပ်ငန်းရှင်များအတွက် အချိန်နှင့်ကုန်ကျ စရိတ် သက်သာစေခြင်းစသည့် အကျိုးဖြစ်ထွန်းမှုများ ရရှိစေမည်ဖြစ်သည်။ ကုန်သွယ်ရေးမူဝါဒသည် နိုင်ငံတော်အတွက် ‘‘ဝင်ငွေ’’ ရှာပေးပြီး၊ ပြည်သူများအတွက် ‘‘အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး’’ကို ဖော်ဆောင်ပေးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပေသည်။
နိုင်ငံအတွက်အဓိက ဝင်ငွေရှာပေးနေသော ပို့ကုန်များအနေဖြင့် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နနွင်းတက်၊ မန်ကျည်းသီး(အစေ့မပါ)၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ပြောင်း၊ ဝဥ(အစို၊အခြောက်)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကော်ဖီစေ့၊ ဆီးသီးခြောက်၊ ဆီးဆန်၊ ကွမ်းသီး၊ ကွမ်းစားဂမုန်း၊ လက်ဖက်ခြောက်၊ လိမ္မော်သီး၊ ထောပတ်သီး၊ ငရုတ်သီး (စိမ်း၊ ခြောက်)၊ ဆေးရွက်ကြီးဖြတ်စ၊ ဆီးဖြူသီးခြောက်၊ ရွှေဖရုံသီး၊ ဖာလာစေ့၊ ရှောက်ကောစေ့နှင့် ရော်ဘာစေး၊ ဝါး(သေး)၊ သစ်ခေါက်၊ တံမြက်စည်း၊ အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ဖြတ်စများ၊ စက္ကူဖြတ်စများ၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးခြောက်၊ ပုစွန်ခြောက်၊ တိရစ္ဆာန်ထွက်ပစ္စည်း(ဆိတ်အရှင်) သဘာဝသယံ ဇာတပစ္စည်းများဖြစ်သည့် သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် သတ္တုရိုင်းများ စသည့်ကုန်ပစ္စည်းများဖြစ်သည်။
တင်သွင်းမှုလိုင်စင်များ စနစ်တကျ ခွင့်ပြုပေး
ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော သွင်းကုန်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း များ၊ စက်ရုံသုံးစက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ စက်သုံးဆီ (Diesel/ Petrol)၊ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ အထည်ချုပ်လုပ်ငန်းသုံး အထည်လိပ်များ ဖြစ်ပေသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်များ ဆောင်ရွက်နေရာတွင်နိုင်ငံ၏ စားရေရိက္ခာဖူလုံစေရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အရည်အသွေးမမီသည့်ဆေးဝါးများ၊ အစား အသောက်များ ဝင်မလာစေရန် FDA နှင့် ပူးပေါင်းစစ်ဆေးခြင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းမှန်ကန်စေရေး တင်သွင်းမှုလိုင်စင်များအား စနစ်တကျ ခွင့်ပြုပေးခြင်းတို့ ဆောင်ရွက်လျက် ရှိပေသည်။
လက်ရှိတွင် ကုန်သွယ်ရေးဦးစီးဌာနအောက် ဖွင့်လှစ်ထားသည့် အဓိကနယ်စပ်ကုန်သွယ်ရေးစခန်း (Border Trade Posts) များမှာ မြန်မာ- တရုတ်နယ်စပ် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ၊ မြန်မာ-ထိုင်းနယ်စပ် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး၊ မြိတ်၊ မောတောင်၊ မြန်မာ- အိန္ဒိယနယ်စပ်၊ တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေ၊ မောင်တော၊ မြန်မာ-လာအိုနယ်စပ် ကျိုင်းလပ်၊ ဝမ်ပုံဆိပ်ကမ်းတို့ ဖြစ်သည်။ ယခုအခါ နယ်စပ်ကုန်သွယ်ရေးလိုင်စင် များကို Tradenet 2.0 စနစ်ဖြင့် Online မှ လျှောက်ထားနိုင်မည်ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုနှင့် ထိုင်း-မြန်မာနယ်စပ်တွင် ဘတ်/ကျပ် တိုက်ရိုက် ပေးချေမှုစနစ်များကို ခွင့်ပြုပေးထားသဖြင့် လုပ်ငန်း ရှင်များ များစွာအဆင်ပြေအကျိုးရှိနေသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်နယ်စပ်ဂိတ်သည် မြန်မာ-ထိုင်း ကုန်သွယ်ရေးအတွက်သာမက ဒေသတွင်းခရီးသွားလာရေးအတွက်ပါ အလွန်အရေးပါသည့် ဗျူဟာမြောက်ဂိတ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့ကို ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာသကဲ့သို့ တာချီလိတ်ဝမ်ပုံဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့်လည်း ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ ကုန်သည်များအနေဖြင့် ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ဘဏ်များမှတစ်ဆင့် ဘတ်နှင့်ကျပ်ကို တိုက်ရိုက်လဲလှယ်အသုံးပြုနိုင်သဖြင့် လွယ်ကူလျင်မြန် အဆင်ပြေလျက်ရှိသည်။
အလုပ်အကိုင်များ ပိုမိုဖန်တီးပေးသည်ကိုလည်း တွေ့နိုင်
တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် Online Licensing ကို Tradenet 2.0 စနစ်ဖြင့် သွင်းကုန်/ပို့ကုန်လိုင်စင်များ လျှောက်ထားနိုင်ခြင်း။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတောင်ပိုင်း သို့ ဆက်သွယ်နိုင်ခြင်း၊ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များ လွယ်ကူစွာရရှိခြင်း၊ တောင်သူလယ်သမားများအတွက် ဈေးကွက်ဝင်၍ ဝင်ငွေတိုးစေခြင်း၊ ရော်ဘာနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များအား နယ်စပ်မှတစ်ဆင့် အချိန်တိုအတွင်း ရောင်းချနိုင်သဖြင့် အလေအလွင့်ဆုံးရှုံးမှုနည်းစေခြင်း၊ ငွေကြေးလဲလှယ်မှုလွယ်ကူခြင်းစသည့် ပြည်သူများအတွက် အထိရောက်ဆုံး လက်တွေ့အကျိုးကျေးဇူးများပင်ဖြစ်သည်။ ထို့ပြင် ကုန်သွယ်မှုစည်ကားသည့်အတွက် တာချီလိတ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ ဟိုတယ်နှင့်ဈေးဆိုင်များ အရောင်းအဝယ်ကောင်းမွန်ပြီး အလုပ်အကိုင်များ ပိုမိုဖန်တီးပေးသည်ကိုလည်း တွေ့နိုင်မည်ဖြစ်သည်။
အထူးသဖြင့် ကုန်သည်များအတွက် လွန်စွာအကျိုးဖြစ်ထွန်းသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်အား တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် လျှောက်ထားဆောင်ရွက်နိုင်သဖြင့် လုပ်ငန်းများ လွယ်ကူလျင်မြန်၍ အဆင်ပြေလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin )(CO) ရှိခြင်းဖြင့် ကုန်သွယ်မှုအာမခံနိုင်မည်ဖြစ်သည်။ ကုန်စည်တစ်ခုအားမည်သည့်နိုင်ငံတွင် ထုတ်လုပ်ထားသည်ကို တရားဝင်အာမခံပေးသည့် စာရွက်စာတမ်းဖြစ်သည်။ တာချီလိတ်ကဲ့သို့ နယ်စပ်ဂိတ်များတွင် ပြုလုပ်ဆောင်ရွက်ထားလျှင် လက်တွေ့အကျိုးကျေးဇူးများဖြစ်သော “အကောက်ခွန်သက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့် ရရှိနိုင်မည့် အကြီးမားဆုံး အကျိုးကျေးဇူးဖြစ်သည်”။ မြန်မာနိုင်ငံသည် အာဆီယံ (ASEAN) အဖွဲ့ဝင် ဖြစ်သည့်အတွက် တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းပို့လျှင် (Form-D) ဟုခေါ်သည့် (CO) လက်မှတ်ပါရှိသွားပါက ထိုင်းနိုင်ငံဘက်၌ပေးရမည့် သွင်းကုန်ခွန် (Import Duty) ကို လျှော့ပေါ့ခွင့် (သို့မဟုတ်) ၀ % အထိ ကင်းလွတ်ခွင့် ရရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် မိမိ၏ကုန်ပစ္စည်းသည် အခြားနိုင်ငံမှ ကုန်ပစ္စည်းများထက် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း ပိုမိုရရှိမည်ဖြစ်ပြီး၊ ကုန်ပစ္စည်း၏ အရည်အသွေးနှင့် ယုံကြည်မှု (Credibility)အား ဝယ်ယူသူ (Buyer)ဘက်မှ မြန်မာနိုင်ငံ၏ တရားဝင်ထုတ်လုပ်သည့်ကုန်ပစ္စည်းဖြစ်ကြောင်း ယုံကြည်စိတ်ချမှု ပိုမိုရရှိစေမည်ဖြစ်သည်။ အထူးသဖြင့် လယ်ယာထွက်ကုန် များတွင် ပင်ရင်းနိုင်ငံကို အတိအကျသိမှသာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုရှိပြီး သတ်မှတ်တန်ဖိုးရရှိနိုင်မည်ဖြစ်သည်။ CO လက်မှတ်ရှိခြင်း ဖြင့် မိမိကုန်စည်မှာ ပိတ်ပင်ထားသည့် နိုင်ငံမှ လာသည့်ပစ္စည်းမဟုတ်ဘဲ မြန်မာနိုင်ငံကလာသည်ဖြစ်ကြောင်း သက်သေပြနိုင်သည့်အတွက် အဝင်အထွက်ချောမွေ့စေခြင်းကိုလည်း ခံစားနိုင်မည် ဖြစ်သည်။ ဘဏ်အသီးသီးမှ CO လက်မှတ်ကို အဓိကအထောက်အထားစာရွက်စာတမ်း တစ်ခုအဖြစ် တောင်းဆိုလေ့ရှိပြီး၊ အဆိုပါလက်မှတ်ရှိပါက ငွေထုတ်ယူခြင်း၊ သို့မဟုတ် ငွေလွှဲခြင်းများ ပို၍တရားဝင်တိကျစေပါသည်။ လက်ရှိတွင် တာချီလိတ်ကုန်သွယ်ရေးစခန်း၌ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်(Form–D)များကို ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံနှင့် လာအိုနိုင်ငံများသို့ ပို့ကုန်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်အား ထုတ်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ယခုအခါ CO လက်မှတ်များကို Online (Tradenet 2.0)မှတစ်ဆင့် လျှောက်ထားနိုင်ရေး မြန်ဆန်လွယ်ကူစွာဝန်ဆောင်မှုအကောင်းဆုံးဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး များစွာအကျိုးပြု
အလျဉ်းသင့်၍ တင်ပြလိုသည်မှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက်က တာချီလိတ်မြို့နယ်အတွင်း မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား လာရောက်လေ့လာခဲ့သည်ကိုလည်း တွေ့ရသည်။ သံအမတ်ကြီးနှင့်အဖွဲ့သည် တာလော့ ဈေး၊ ရွှေနန်းတော်ကုန်တိုက်တို့တွင် ရောင်းဝယ်ဖောက်ကားနေမှုများ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ကူးသန်းသွားလာနေမှုများ၊ ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် နှစ်နိုင်ငံကုန်စည်စီးဆင်းသွားလာနေမှုများ၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း (မယ်ယန်း) တွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်သွယ်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ခြင်း၊ ထိုမှတစ်ဆင့် မဲခေါင်မြစ်ကမ်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(ဝမ်ပုံ)တွင် ကုန်စည်စီးဆင်းနေမှုအခြေအနေများ သွားရောက် လေ့လာခဲ့သည်ကိုလည်း သိခဲ့ရသည်။ ထိုသို့ သက်ဆိုင် ရာနိုင်ငံများမှ တာဝန်ရှိသူများ လာရောက်လေ့လာ ဆွေးနွေးညှိနှိုင်းခြင်းတို့သည်လည်း ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေပြီး၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး များစွာအကျိုးပြု မည့်အပြင် ရေရှည်တည်တံ့ ဖြစ်ထွန်းနေမည်လည်း ဖြစ်ပေသည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရှေးရှုလျက်ချမှတ်ထားသည့်မူဝါဒများ၊ လုပ်ငန်းမျှော်မှန်း ချက်များ၊ ရည်မှန်းချက်များနှင့်အညီ ဝန်ထမ်းများကလည်း နိုင်ငံတော်၏ မှန်ကန်သော ဦးဆောင်မှုအောက်တွင် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသော၊ မိမိဌာနကို ကောင်းအောင်ကြိုးစားသော၊ မိမိ တိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားသော၊ စိတ်ဓာတ်၊ စည်းကမ်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားဆောင်ရွက်မည်ဟူသော ခံယူချက်တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပို့ကုန်သွင်းကုန်လုပ်ငန်းမှ နိုင်ငံတော်ဝင်ငွေအဖြစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လျာထားမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈ သန်းဖြစ်ပြီး၊ အမှန်ရရှိမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၄၂ သန်းကျော်ကိုလည်းကောင်း၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအထိ လျာထားမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၇ သန်းဖြစ်ပြီး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအထိ အမှန်ဝင်ငွေရရှိမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၆ သန်းကျော်ကိုလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ထားနိုင်ကြောင်းလည်း သိရသည်။
သို့ပါ၍ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း (မယ်ယန်း)၊ တာချီလိတ်-ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ တာချီလတ် - ကျိုင်းလပ် ကုန်သွယ်ရေး စခန်းတို့တွင် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး “ကုန်သွယ်ဖွံ့ဖြိုးပြည်သူ့အကျိုး” ဟူသော ဆောင်ပုဒ်အတိုင်း စနစ်တကျ စီမံကြီးကြပ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည် ဖြစ်ရာ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေးအထောက်အကူဖြစ် အကျိုးပြုနေသည့် နယ်စပ်ကုန်သွယ်ရေးသည်လည်း အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
