ခွေးရူးရောဂါအန္တရာယ် သတိပြုကာကွယ်
ဒေါက်တာလှိုင်ဝင်း(မွေး/ကု)
ခွေးရူးရောဂါသည် မပေါ့ဆသင့်သည့် ရောဂါအမျိုးအစားတစ်ခုပင်။ အဘယ့်ကြောင့်ဆိုသော် ခွေးရူးရောဂါကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း ၅၉၀၀၀ ခန့်ကို သေဆုံးစေလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်နေသည့် တိရစ္ဆာန်မှ လူကို ကူးစက်သေဆုံးစေတတ်သည့် Zoonosis ရောဂါတစ်ခုအဖြစ် တည်ရှိနေသည့်အတွက်ဖြစ်သည်။
၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်ခြေရှိ
ခွေးရူးရောဂါသည် လူအပါအဝင် ခွေး၊ ကြောင်၊ မြေခွေးစသည့် နို့တိုက်သတ္တဝါများ၏ ဗဟိုအာရုံ ကြောစနစ်ကို ထိခိုက်စေသည့် ဗိုင်းရပ်စ်ရောဂါတစ်ခု ဖြစ်ပါသည်။ ခွေးရူးပိုးရောဂါ ကူးစက်ခံထားရသည့် တိရစ္ဆာန်များ (အများအားဖြင့်ခွေးများ)၏ တံတွေးနှင့် ဦးနှောက်အတွင်း ရှိနေတတ်ပြီး အဆိုပါတိရစ္ဆာန် များ အကိုက်ခံရပါက ရောဂါကူးစက်ပျံ့နှံ့စေပါသည်။ တချို့ဒေသများတွင် လင်းနို့များက ခွေးရူးရောဂါပိုး အဓိကရှိနေတတ်သည့် တိရစ္ဆာန်များ ဖြစ်ပါသည်။ ရောဂါပိုး ပျိုးကာလအနေဖြင့် ရက်သတ္တပတ်အနည်း ငယ်မှ နှစ်အနည်းငယ်အထိ ကွဲပြားနိုင်သော်လည်း အများအားဖြင့် နှစ်လ၊ သုံးလအကြာတွင် ရောဂါဖြစ်ပွားတတ်ပါသည်။ ခွေးရူးရောဂါလက္ခဏာများ စတင်ပြသလာပါက လူနှင့်တိရစ္ဆာန်များတွင် ခွေးရူးရောဂါဖြစ်ပွားပြီး ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်ခြေရှိပါသည်။
နောက်ခံသမိုင်း
ဘီစီ ၄ ရာစုတွင် အရစ္စတိုတယ် (Aristotle)က ခွေးရူးရောဂါနှင့်ပတ်သက်ပြီး ခွေးများက စိတ်တိုလွယ်သည့် ရူးသွပ်မှုဝေဒနာခံစားရကြောင်းနှင့် အဆိုပါဖျားနာနေသည့် ခွေးများကိုက်ခြင်းခံရသည့် အခြားတိရစ္ဆာန်များတွင်ပါ ရောဂါကူးစက်ခံရနိုင်ကြောင်း သူ၏ Natural History of Animals စာအုပ်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ၁၅၄၆ ခုနှစ် တွင် ကူးစက်ရောဂါဗေဒပညာရှင် Girolamon Fracastoro က ခွေးရူးကိုက်ခံရသည့် ဒဏ်ရာထဲကို ခွေးရူး၏တံတွေးထဲတွင်ပါသည့် ရောဂါပိုးမွှားများဝင်ရောက်သွားခြင်းကြောင့် ရောဂါရပြီး ခွေးကိုက်ခံရပြီးပြီးချင်း ရောဂါလက္ခဏာမပြဘဲ ရက်ပေါင်းများစွာ၊ လပေါင်းများစွာကြာမှ ရောဂါလက္ခဏာပေါ်လာတတ်သည်ဆိုသည်ကို ပြောပြခဲ့ပါသည်။
၁၇၆၉ ခုနှစ်တွင် ခန္ဓာဗေဒပညာရှင်ဖြစ်သူ Giovanni Battista Morgagni က ခွေးရူးရောဂါပိုးသည် သွေးထဲမှတစ်ဆင့် ပျံ့နှံ့ခြင်းထက် အာရုံကြောစနစ်မှတစ်ဆင့် အဓိကတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟုယူဆခဲ့သည်။ ခွေးရူးရောဂါလက္ခဏာများဖြစ်သည့် ရေကြောက်ခြင်းနှင့် တက်ခြင်းတို့က ဦးနှောက်နှင့်အာရုံကြောများ ပျက်စီးခြင်းကြောင့် ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။ ၁၈၀၄ ခုနှစ်တွင် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်သူ ဂျာမနီ သိပ္ပံပညာရှင် Georg Gottfried Zinke က ခွေးရူး၏ တံတွေးကို ကျန်းမာနေသည့် တိရစ္ဆာန်(ယုန်၊ ကြက်) များထဲသို့ ထိုးသွင်းပြီး ရောဂါကူးစက်နိုင်ကြောင်း လက်တွေ့စမ်းသပ်ပြသခဲ့ပါသည်။
၁၈၈၅ ခုနှစ်တွင် ခွေးရူးရောဂါကာကွယ်ဆေးကို ပြင်သစ်သိပ္ပံပညာရှင် လူးဝစ်ပါ(စ)ချာ (Louis Pasteur ၁၈၂၂-၁၈၉၅) က ပထမဆုံး အောင်မြင်စွာ တီထွင် နိုင်ခဲ့ပြီး ၎င်းကို ဂုဏ်ပြုသည့်အနေဖြင့် သူကွယ်လွန် ခဲ့သည့်နေ့ဖြစ်သည့် စက်တင်ဘာလ ၂၈ ရက်နေ့ ကို ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day)အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ခွေးရူးရောဂါထိန်းချုပ်ရေး တစ်ကမ္ဘာ့လုံးမဟာမိတ် များ (Global Alliance for Rabies Control – GARC)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization –WHO)နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာ ရေးအဖွဲ့ (World Organization for Animal Health – WOAH) တို့က စုပေါင်းသတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါနေ့တွင် ကမ္ဘာတစ်ဝန်း ခွေးရူး ရောဂါကာကွယ်တိုက်ဖျက်ရေး ရက်သတ္တပတ် လှုပ်ရှားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ ခွေးရူးရောဂါကာကွယ်တားဆီးရေး လှုံ့ဆော်ပညာပေးရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် သတ်မှတ်ကျင်းပလာ ခဲ့ကြသည်။
ကမ္ဘာတစ်ဝန်း ခွေးရူးရောဂါကူးစက်ပျံ့နှံ့မှု
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက ခွေးရူးရောဂါသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကပ်ရောဂါတစ်ခုကဲ့သို့ ခြိမ်းခြောက်ခဲ့ပြီး ၎င်းကို အမြစ်ပြတ်တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှု များစွာပြုလုပ်ခဲ့ကြသည်။ အနောက်ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ တောင်ကိုရီးယားနှင့် လက်တင်အမေရိက အချို့ဒေသများတွင် ခွေးရူးရောဂါကို အမြစ်ပြတ် တိုက်ဖျက်နိုင်ခဲ့ပြီဖြစ်သော်လည်း အာဖရိကနှင့် အာရှတိုက်၏ နေရာအတော်များများတွင် ၎င်းဗိုင်းရပ်စ်ရောဂါက ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။ ခွေးရူးရောဂါကြောင့် သေဆုံးသူအများစုတွင် ခွေးရူးရောဂါဆိုင်ရာ အသိပညာဗဟုသုတနည်းပါးခြင်းနှင့် ကြိုတင်ကာကွယ်ဆေးထိုးနှံရန် အခွင့်အလမ်းနည်းပါးခြင်း ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ယင်းရောဂါ၏ဒဏ်ကို ပိုမိုဆိုးရွားစွာ ခံစားနေကြရသည်။
လူတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားသည့် ဖြစ်ရပ်များ၏ ၉၉ ရာခိုင်နှုန်းက ခွေးရူးရောဂါရှိနေသည့် ခွေးများအကိုက်ခံရာမှ ကူးစက်ဖြစ်ပွားခြင်းဖြစ် သည်။ ခွေးရူးရောဂါကြောင့် သေဆုံးသူ ၉၅ ရာခိုင်နှုန်းကျော်က အာဖရိကနှင့် အာရှတိုက်တွင် နေထိုင်သူများဖြစ်ကြသည်။ ခွေးရူးရောဂါကြောင့် သေဆုံးသူ ၄၀ ရာခိုင်နှုန်းမှာ ကလေးငယ်များတွင် အဓိက ဖြစ်ပွားခြင်းဖြစ်သည်။ ခွေးရူးရောဂါ အသိပညာ ဗဟုသုတနည်းပါးကာ ခွေးကိုက်ပြီး ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်း (post-bite treatment) ဆောင်ရွက်မှုအားနည်းသည့် ကျေးလက်ဒေသများတွင် ခွေးရူးရောဂါဖြစ်ပွားမှု၏ ၈၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရှိရပါသည်။
သို့သော် ခွေးရူးရောဂါသည် ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်သည့် ရောဂါဖြစ်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါစတင်ဖြစ်ပွား သည့် တိရစ္ဆာန်များမှ ခွေးရူးရောဂါပိုးကို ထိရောက် စွာ အမြစ်ပြတ် တိုက်ဖျက်နိုင်ပါသည်။ ထို့ကြောင့် ခွေးရူးရောဂါထိန်းချုပ်ရေး တစ်ကမ္ဘာလုံးမဟာမိတ် များ (Global Alliance for Rabies Control– GARC)၏ ရည်မှန်းချက်အတိုင်း ၂၀၃၀ ပြည့်နှစ် ရောက်ရှိပါက ခွေးရူးရောဂါကြောင့် သေဆုံးသူမရှိ စေရ (Zero by 30) ဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံနှင့် ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ခြင်း
မြန်မာနိုင်ငံတွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ကို နှစ်စဉ်စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပလျက်ရှိပြီး ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှုများ၊ အသိပညာပြန့်ပွားရေး ဟောပြောပွဲများကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၂ ခုနှစ်မှ စတင်ပြီး အခြေခံပညာကျောင်း များတွင် ခွေးရူးရောဂါဆိုင်ရာ လှုပ်ရှားမှုအဖြစ် လက်ကမ်း စာစောင်များ၊ ပိုစတာများ ဖြန့်ဝေလျက် ရှိသည်။ ထို့ပြင် ဗီနိုင်းများမှတစ်ဆင့် ခွေးရူးရောဂါ အန္တရာယ်နှင့် ကာကွယ်တိုက်ဖျက်ရေး အသိပညာများပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသားကျောင်းသူများ ပိုမိုစိတ်ဝင်စားစွာ ပါဝင်လာစေရန် အပြန်အလှန် ဆွေးနွေးဟောပြောသည့် နည်းလမ်းများကိုလည်းဆောင်ရွက်ခဲ့သည်။ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီကာတွန်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခြင်းအပြင် ခွေးရူးရောဂါအကြောင်း ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ စီစဉ်ကျင်းပပေးပြီး ပါဝင်ဖြေဆိုသူများထဲမှ အဖြေမှန်သူများကို “ခွေးရူးရောဂါတိုက်ဖျက်ရေး ချန်ပီယံများ”အဖြစ် ဆုလက်ဆောင်များ ချီးမြှင့်ပေးသည့် အသိပညာပေး အစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစီအစဉ်များတွင် ကျောင်းသား ကျောင်းသူများက ပျော်ရွှင်တက်ကြွစွာပါဝင်လာပြီး ခွေးရူးရောဂါအကြောင်း အသိပညာများ ပြည်သူ လူထုထဲသို့ ပိုမိုပြန့်ပွားစေခဲ့ပါသည်။
အမျိုးသားအဆင့် ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာမူဘောင်(၂၀၁၈-၂၀၃၀)ကို စတင် ဆောင်ရွက်ခဲ့ချိန်မှစပြီး အသက် ၈ နှစ်မှ ၁၆ နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀၀၀ ခန့်ကို ခွေးရူးရောဂါအကြောင်း အသိပညာများ ဖြန့်ဝေပေးနိုင်ခဲ့သည်။ မန္တလေးမြို့တွင် ပြုလုပ်ခဲ့ သည့် အသိပညာပေးဆွေးနွေးပွဲကို ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး ပါဝင်ခဲ့ကြပြီး ထိုမှတစ်ဆင့် သိရှိရသည်မှာ အခြေခံပညာကျောင်းများတွင် ခွေးရူးရောဂါ အသိပညာပြန့်ပွားရေး ဆွေးနွေး ဟောပြောခြင်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့် အစီအစဉ်များက ကျောင်းသား ကျောင်းသူများ အတွက်သာမက ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘများ၊ မိသားစုဝင်များအထိပါ တစုတစည်းတည်း အသိပေးနိုင်ခဲ့ကာ ထိရောက်မှုရှိသည်ကို သိရှိခဲ့ရပါသည်။
ထို့ကြောင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပြန့်ပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်းမှ အခြေခံပညာကျောင်းများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုအပ်သည်ကို ဆောင်းပါးမှတစ်ဆင့် တိုက်တွန်းတင်ပြလိုပါသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အစုလိုက် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြော ခြင်း စသည့်ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ မြို့နယ်ရှစ်မြို့နယ်တွင် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် သုတေသနပြုစစ်တမ်းများ ကွင်းဆင်း ဆောင်ရွက်မှုအနေဖြင့် မိတ္တီလာစီးပွားရေး တက္ကသိုလ်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ အတွက် စာရေးသူတင်သွင်းခဲ့သည့် ဘွဲ့ကြိုကျမ်း အတွက် လေ့လာဆန်းစစ်မှုများကို လယ်ဝေးမြို့နယ် တွင် နေထိုင်သည့် ဒေသခံပြည်သူလူထုအကြား ၂၀၂၅ ခုနှစ် ဧပြီလတွင် ကွင်းဆင်းမေးမြန်း၍ သုတေသနပြု လေ့လာခဲ့ပါသည်။ လေ့လာတွေ့ရှိ ချက်များအရ ဖြေဆိုသူအယောက် ၄၀၀ ရှိသည့် အနက် ၅၈ ဒသမ ၇ ရာခိုင်နှုန်းတွင် ခွေးရူးရောဂါနှင့် ပတ်သက်သည့် အသိပညာဗဟုသုတ ကောင်းမွန်စွာရှိကြပြီး ၆၃ ဒသမ ၂ ရာခိုင်နှုန်းတွင် ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ရန် စိတ်ဝင်စားမှု များစွာရရှိခဲ့ပါသည်။
ပြည်သူများအကြား ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာဗဟုသုတ တိုးပွားလာခြင်းသည် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် များစွာအထောက်အကူပြုပါသည်။ ပြည်သူများအကြား အသိပညာ တိုးပွားလာသည်နှင့်အမျှ ခွေးရူးရောဂါအန္တရာယ်ကိုသိရှိပြီး ပိုမိုကာကွယ်လာကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကြောင့် သေဆုံးသူမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု တွင် ပြည်သူများပါဝင်ရန် လိုအပ်ပါသည်။
မိမိ၏ သုတေသနပြုစစ်တမ်းတွင် ပါဝင်ဖြေဆို သူများအနက် ၄၄ ဒသမ ၈ ရာခိုင်နှုန်းက ရေဒီယို၊ တီဗွီအစီအစဉ်များမှ ခွေးရူးရောဂါအကြောင်းသိရှိခဲ့ကြပြီး ၂၆ ဒသမ ၀ ရာခိုင်နှုန်းသည် လက်ကမ်း စာစောင်၊ ဗီနိုင်းနှင့် စာအုပ်စာပေများမှတစ်ဆင့်သိရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပါဝင်ဖြေဆိုသူများအနက် ၁၅ ဒသမ ၆ ရာခိုင်နှုန်းက ဟောပြောပွဲနှင့် သင်တန်းများမှ ခွေးရူးရောဂါအကြောင်း သိရှိကြပြီး ၁၃ ဒသမ ၅ ရာခိုင်နှုန်းက ဖေ့စ်ဘွတ်နှင့် ယူကျုကဲ့သို့သော အွန်လိုင်းချန်နယ် များမှတစ်ဆင့် သိရှိခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါသည်။
ထို့ကြောင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးရောဂါအကြောင်း သိကောင်းစရာများကို ရေဒီယို၊ တီဗွီအစီအစဉ်များကတစ်ဆင့် ပညာပေးထုတ်လွှင့်ပေးလျက်ရှိပါသည်။ အင်တာနက် ခေတ်ဖြစ်သဖြင့် ဖေ့စ်ဘွတ်နှင့် ယူကျုကဲ့သို့သော အွန်လိုင်းချန်နယ်များမှတစ်ဆင့် ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေး အစီအစဉ်များဖြင့် ပြည်သူများအကြား ကာကွယ်ရေး အသိပညာများ ပြန့်ပွားအောင် ကြိုးပမ်းဆောင်ရွက် သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံတွင် ခွေးရူးရောဂါအား ၁၉၉၉ ခုနှစ် တွင် (က) စာရင်းဝင် တိရစ္ဆာန်ကူးစက်ရောဂါအဖြစ် သတ်မှတ်ပြီး တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေး ဥပဒေပုဒ်မ(၃၂)အရ ခွေးရူးရောဂါ အား ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါသည်။ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနက အမျိုးသားအဆင့် ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာမူဘောင် (၂၀၁၈-၂၀၃၀) ကို ၂၀၁၈ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ပါသည်။
ခွေးရူးရောဂါကို ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါစတင်ဖြစ်ပွားသည့် တိရစ္ဆာန်များမှ ခွေးရူးရောဂါပိုးကို ထိရောက်စွာ အမြစ်ပြတ်တိုက်ဖျက်နိုင် ပြီး တိရစ္ဆာန်မှ လူကိုကူးစက်နိုင်သည့် ကွင်းဆက်ကို ဖြတ်တောက်နိုင်ပါသည်။ ထို့ကြောင့် အိမ်မွေးခွေး၊ ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံရန်လိုအပ်ပါသည်။ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင် အစုလိုက်ခွေးရူးရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို အိမ်မွေးခွေးကြောင်များအပြင် လမ်းဘေးလေလွင့်ခွေးများကိုပါ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခွေးရူးရောဂါကာကွယ် ဆေးထိုးကောင်ရေအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ၁၄၂၂၂ ကောင်၊ ၂၀၂၂ ခုနှစ်တွင် ၄၁၀၁၆ ကောင်၊ ၂၀၂၃ ခုနှစ်တွင် ၅၉၄၃၇ ကောင်၊ ၂၀၂၄ ခုနှစ်တွင် ၅၃၉၅၆ ကောင်နှင့် ၂၀၂၅ ခုနှစ်တွင် ၂၃၇၀၀ အား ဆောင်ရွက် ပြီးစီးပြီဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလဆန်း ပိုင်းမှစတင်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ်ရှစ်မြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက အစုလိုက်ခွေးရူးရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ကာကွယ်ဆေးအဆ ၁၄၀၀၀ ဖြင့် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ခြင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအပြင် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းနှင့် အခြားသောပုဂ္ဂလိကအသင်းအဖွဲ့များကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ခြင်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းအနေဖြင့် ၂၀၁၁ ခုနှစ်တွင်ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် ကမ္ဘာ့တိရစ္ဆာန်ဆေးကုသရေး ညီလာခံတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က ချီးမြှင့်သော ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ထူးချွန်ဆု (World Veterinary Day Award) ကို လက်ခံရရှိခဲ့ပါသည်။
ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် လမ်းဘေးလေလွင့်ခွေးများ တိုးပွားမလာအောင် ထိန်းချုပ်ဆောင်ရွက်ခြင်းက အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ပါသည်။ ၂၀၂၃ ခုနှစ်တွင် ကောက်ယူခဲ့သော တိရစ္ဆာန်ကောင်ရေစာရင်းအရ မြန်မာနိုင်ငံ တွင် ခန့်မှန်းခွေးကောင်ရေပေါင်း ၂ ဒသမ ၂ သန်း နီးပါးရှိပါသည်။ အဆိုပါခွေးကောင်ရေများ အနက် လမ်းဘေးလေလွင့်ခွေး ၇၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ ခွေးရူးရောဂါဖြစ်ပွားမှုများမှာ လမ်းဘေးလေလွင့် ခွေးများကိုက်ခြင်းမှ ကူးစက်ဖြစ်ပွားခြင်း များပါ သည်။ စည်ပင်သာယာရေးကော်မတီအနေဖြင့် အိမ်မွေးခွေး၊ ကြောင်များ မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းအပြင် လမ်းဘေးလေလွင့်ခွေး များ တိုးပွားမလာအောင် ထိန်းချုပ်ဆောင်ရွက်ပေး လျက်ရှိပါသည်။ တိရစ္ဆာန်ဆေးကုဆရာဝန်များ အနေဖြင့်လည်း သားဆက်ခြားလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ခွေးလေခွေးလွင့်များ လျော့ပါးသွားအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မတိုင်ခင်က ခွေးရူးရောဂါကြောင့် သေဆုံးမှုတစ်နှစ်ကို လူ ၁၁၀၀ ခန့်အထိရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြပြီး ကမ္ဘာပေါ် တွင် ဆဋ္ဌမသေဆုံးမှု အမြင့်မားဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ ခွေးရူးရောဂါနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆရာဝန်များက ခွေးရူးကိုက်ခံရမှုများကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန် ကြိုးစားဆောင် ရွက်နေကြသကဲ့သို့ တိရစ္ဆာန်ဆေးကုဆရာဝန်များကလည်း ခွေးများကို ခွေးရူးရောဂါမဖြစ်ပွားရလေအောင် ကာကွယ်ဆေးထိုးနှံခြင်းကို ကြိုးစားဆောင် ရွက်လျက်ရှိပါသည်။
ထို့ကြောင့် နိုင်ငံတော်၏ ကြိုးစားမှုနှင့်အညီ ဆေးရုံ၊ ဆေးခန်းများ၏ တရားဝင်သတင်းပို့စာရင်း များအရ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ခွေးရူးရောဂါဖြင့် သေဆုံးသူဦးရေတွင် ၁၀၀ အောက်သို့လျော့ကျလာခဲ့ပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကြောင့် သေဆုံးသူမရှိစေရ (Zero by 30) ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်ခုတည်းသော ကျန်းမာရေးချဉ်းကပ်မှုပုံစံ (One Health Approach)ဖြင့် ပြည်သူလူထုကျန်းမာရေး ကဏ္ဍ၊ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ စသည့်ကဏ္ဍသုံးရပ်လုံးတွင်ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအနေဖြင့် ပူးပေါင်းဆောင်ရွက်ဖို့လိုသလို ပြည်သူတစ်ရပ်လုံးကလည်း ခွေးရူးရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်လိုအပ်ပါသည်။
ပြည်သူလူထုအနေဖြင့် သံသယဖြစ်ဖွယ်ခွေးရူးဖြစ်နေသော တိရစ္ဆာန်များကိုတွေ့ရှိပါက သက်ဆိုင်ရာဌာန၊ အုပ်ချုပ်ရေးအဖွဲ့အစည်း သို့မဟုတ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံသို့ သတင်းပို့ဖို့လိုပါသည်။ ခွေးရူးသံသယအား အတည်ပြုစစ်ဆေးနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့လည်း နမူနာ ပစ္စည်းပေးပို့စစ်ဆေးရန် လိုအပ်ပါသည်။ တာဝန်သိ ပြည်သူများပေးပို့သော ခွေးရူးသံသယနမူနာပစ္စည်း များကို တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် စစ်ဆေးချက်များအရ ခွေးရူးရောဂါအတည်ပြု ခွေးကောင်ရေမှာ ၂၀၂၁ ခုနှစ်တွင် လေးကောင်၊ ၂၀၂၂ ခုနှစ်တွင် ခုနစ်ကောင်၊ ၂၀၂၃ ခုနှစ်တွင် ၁၂ ကောင်၊ ၂၀၂၄ ခုနှစ်တွင် ၁၄ ကောင်နှင့် ၂၀၂၅ ခုနှစ်တွင် ရှစ်ကောင်ခွေးရူးရောဂါဖြစ်ပွားမှု များပြားလာသည် ကို စစ်ဆေးတွေ့ရှိရပါသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံ ဆေးခန်းများ၏ တရားဝင် သတင်းပို့စာရင်းများ အရ ၂၀၂၅ ခုနှစ်တွင် ၁၁၃ ဦးအထိ ခွေးရူးပြန်ဖြစ်ပြီး သေဆုံးမှုရှိခဲ့ကာ သေဆုံးမှုက ယခင်နှစ်များထက် ပိုများပြားလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် ခွေးရူးရောဂါ ကို သတိပြုပြီး ကာကွယ်သွားကြရန် လိုအပ်ပါသည်။
လူနှင့် တိရစ္ဆာန်များတွင် ခွေးရူးရောဂါလက္ခဏာများ စတင်ဖြစ်ပြီဆိုပါက ပျောက်ကင်းအောင် ဆေးကု ၍မရနိုင်ဘဲ ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်ပါသည်။ သို့သော် ခွေးရူးရောဂါသည် ၁၀၀ ရာခိုင်နှုန်း ကြိုတင်ကာကွယ်၍ရသည့် ရောဂါဖြစ်ပါသည်။ ခွေးကိုက်ခံရပါက ဦးစွာခွေးကိုက်ဒဏ်ရာကို ချက်ချင်း ရေများများနှင့် ဆပ်ပြာသုံးပြီး အနည်းဆုံး ၁၅ မိနစ် ကြာ ဆေးကြောရပါမည်။ ပြီးပါက ဒဏ်ရာကို အရက်ပြန် သို့မဟုတ် ပိုးသတ်ဆေး (Povidone-iodine)ရှိပါက ထည့်ပေးရပါမည်။ ထို့နောက် နီးစပ်ရာ အစိုးရဆေးရုံ၊ ဆေးခန်း (သို့မဟုတ်) ကျန်းမာရေး ဌာနသို့ အမြန်ဆုံးသွား၍ ကုသမှုခံယူရပါမည်။ ခွေးကိုက်ပြီး ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်း ကို ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ကုသမှု ခံယူရ ပါမည်။ ခွေးကိုက်ဒဏ်ရာကို ဆေးမီးတိုနှင့် ကုသ ခြင်း၊ ဗိန္ဒောနည်းဖြင့်ကုသခြင်း၊ မန်းမှုတ်ခြင်းမျိုးများ မလုပ်ဆောင်သင့်ပါ။ ဒဏ်ရာကို ဖုံးအုပ်ပြီး ပတ်တီး စည်းခြင်းများ မလုပ်ဆောင်သင့်ပါ။
ထို့ပြင် ခွေးရူးရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်လုပ်ဆောင်ရမည့် အချက်များတွင် မိမိတို့ ၏ အိမ်မွေးခွေးများကို တစ်နှစ်တစ်ကြိမ် ခွေးရူး ရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံပေးရပါမည်။ မိမိ၏ ခွေးများကို ခြံဝင်း၊ လှောင်အိမ်များနှင့် လုံလုံခြုံခြုံ မွေးမြူရပါမည်။ လမ်းတွင် လွှတ်ကျောင်းသည့်အခါ ခွေးချည်ကြိုးနှင့် လမ်းလျှောက်ထွက်ပြီး လမ်းဘေး လေလွင့်ခွေးများနှင့် မထိတွေ့အောင် ထားရပါမည်။ ခွေးရူးရောဂါအဖြစ်များသည့် ဒေသတွင် နေထိုင်သူ များအနေဖြင့် ခွေး၊ ကြောင် တိရစ္ဆာန်များနှင့် အထိအတွေ့ များပါက ခွေးကိုက်မခံရခင်ကတည်းက ကြိုတင်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။
နိဂုံးချုပ်အနေဖြင့် မိမိအိမ်တွင် ခွေးမွေးထားပါ က နှစ်စဉ် ခွေးရူးရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံ ပေးရပါမည်။ ခွေးကိုက်ခံရသည့်အခါ မည်သည့် ခွေးကိုက်သည်ဖြစ်စေ ခွေးရူးရောဂါကာကွယ်ဆေးချက်ချင်းထိုးနှံရပါမည်။ ထိုကဲ့သို့ ခွေးရူးရောဂါနှင့် ပတ်သက်သည့် အသိပညာများကို ပြည်သူများ သိရှိ လိုက်နာခြင်းဖြင့် “၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ ကြောင့် သေဆုံးသူမရှိစေရ” ရည်မှန်းချက်အား ပြည့်မီအောင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါ ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
