ကျူးလွန်သူတွေက နစ်နာပြ ယုံလွယ်သူတွေက ငိုချင်းချနေပေမယ့် တကယ့်အမှန်တရားက ပျောက်ပျက်သွားမှာမဟုတ်ပါ ထွက်ပေါ်လာမယ်လို့ ယုံကြည်ထားလိုက်ပါ
မင်းသော်
၂၀၂၆ ခုနှစ် နှစ်ဆန်းရက်တွေက ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အလွန်ကို စိတ်လှုပ်ရှားဖွယ်ရာ ကာလတွေပေါ့။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကလည်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြီးစီးခဲ့ပြီ။ အောင်အောင်မြင်မြင်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသည်းကြားက မဲတစ်ပြားကို ပြည်သူတွေ အားရကျေနပ်စွာ ပေးခဲ့ကြပြီး စိတ်ဒုန်းဒုန်းချရမယ် မကြံသေးဘူး။ နောက်ထပ်သတင်းတစ်ပုဒ်ကြောင့် ကျွန်တော်တို့ ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရပြန်ပါလေရော။ စိတ်ထဲစနိုးစနောင့်မဖြစ်ရိုးခံနိုင်မလားဗျာ။ ကျွန်တော်တို့နိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အကြား တရားရင်ဆိုင်နေရတဲ့ ကိစ္စတစ်ခုရှိတယ်ခင်ဗျ။ အဲဒီအမှုနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ လကုန်ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စတင်နေပြီလေဗျာ။
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တရားမျှတမှုနဲ့ အမှန်တရားအတွက်ရော၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ တရားရုံးရဲ့ အခန်းကဏ္ဍကို အလေးထားယုံကြည်ကြောင်း ပြသတဲ့အနေနဲ့ရော၊ အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းမှာ တာဝန်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ်အနေနဲ့ရော၊ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့ရော အခုတစ်ခေါက်မှာ နိုင်ငံကဘာသာရပ်ဆိုင်ရာနဲ့ ဥပဒေရေးရာ တတ်ကျွမ်းနားလည်တဲ့ ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်တွေ ဦးဆောင်သွားရောက်ပြီး အစွမ်းကုန်ဆောင်ရွက်နေကြတယ်။
လက်ရှိရင်ဆိုင်တဲ့အမှုဟာ ကြီးလေးတဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတာဖြစ်လို့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် အလွန်အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။ အခြေအမြစ်မရှိတဲ့ တစ်ဖက်သတ်အစီရင်ခံစာတွေ၊ အချက်အလက်တွေအကြား ကျွန်တော်တို့ ပြည်သူတွေ မျှော်လင့်ထားတာတော့ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ သမာသမတ်ကျမှု၊ ဆင်ခြင်တုံတရားနဲ့ လွတ်လပ်မှု၊ တရားမျှတမှုတွေကိုပါ။ ကျွန်တော်တို့ ပြည်သူတွေက အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ တရားမျှတမှုအပေါ်ကို အပြည့်အဝယုံကြည်မှုရှိရှိနဲ့ စောင့်ကြည့်နေကြပါတယ်။
အချို့သော နိုင်ငံတကာမီဒီယာတွေကတော့ ဒါနဲ့ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်မှုအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးကနေရေးကြပေမယ့် တစ်ဖက်သတ်ဆန်ပြီး ကျွန်တော်တို့ မြန်မာပြည်သူ၊ မြန်မာနိုင်ငံသားတွေရဲ့အသံ သိပ်မမြင်မတွေ့ရပါဘူး။ ဒါကလည်း ထူးဆန်းတဲ့အရာတော့ မဟုတ်ပေဘူး။ ကျွန်တော်တို့နိုင်ငံကို သူတို့မြင်ချင်သလို၊ ဖြစ်စေချင်သလို ပုံဖော်စွပ်စွဲပြစ်တင် လုပ်ဇာတ်ခင်းမှုတွေက ကျွန်တော်တို့အဖို့ အသားကျနေပြီးသားပဲ မဟုတ်လား။ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားနာမှုအခြေအနေတွေက ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဝင်ရောက်စွက်ဖက်ဝေဖန်ဖို့ရာ မသင့်ပေမယ့် ကျွန်တော်တို့ပြည်သူတွေ အားလုံးအနေနဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အသိ၊ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို သိရှိ လေ့လာထားပြီးသားဖြစ်ပါတယ်။
အတိတ်သမိုင်းထဲက ကျူးကျော်လာကြသူတွေ
ရခိုင်ပြည်နယ်ထဲကို ဘင်္ဂါလီမူဆလင်ဘာသာ ကိုးကွယ်သူတွေ ၁၆ ရာစု အလယ်ပိုင်းလောက်မှာ စတင်ရောက်ရှိလာခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာလို့ သူတို့ကိုယ် သူတို့ပြောဆိုနေကြသူတွေကတော့ ၈ ရာစုမှာ အာရပ်ကသင်္ဘောရခိုင်ကမ်းရိုးတန်းမှာ ပျက်ရာကနေ စတင်ရောက်လာတယ်လို့ ဆိုကြပါတယ်။ ချင့်ချိန်စဉ်းစားကြည့်မယ်ဆိုရင် အနောက်ဘင်္ဂလားနယ်ဘက်ကို မူဆလင်ဘာသာ ရောက်ရှိတာ ခရစ်နှစ် ၁၂၃၀ နောက်ပိုင်းမှ ရောက်တာဆိုတဲ့ ကမ္ဘာ့သမိုင်းနဲ့ ယှဉ်ထိုးကြည့်ရင်၊ ဒါမှမဟုတ် မူဆလင်ဦးရေများတဲ့ အင်ဒိုနီးရှားမှာ သူတို့ပြောတဲ့ ၈ ရာစု လောက်က ဗုဒ္ဓဘာသာနိုင်ငံအဖြစ်သာ ရှိနေသေးတဲ့ အခြေအနေနဲ့ တွက်ဆကြည့်မယ်ဆိုရင် အာရပ်သင်္ဘောပျက်ပုံပြင်ဟာ ရိုဟင်ဂျာလို့ ခံယူထားတဲ့သူတွေရဲ့ ယုံတမ်းတစ်ခုဆိုတာထင်ရှားပါတယ်။
ဘင်္ဂါလီလူမျိုးတွေက မြန်မာနိုင်ငံမှာ ရေကြည်ရာမြက်နုရာ လာရောက်ပြောင်းရွှေ့နေထိုင်ကြတာ တွေရှိပါတယ်။ နောက်ပိုင်းမှာ ပြည်ပက ဝင်ရောက်လာတဲ့သူတွေထဲက အစွန်းရောက်သူပုန်အဖွဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ လွတ်လပ်ရေးမရမီနဲ့ ရပြီးကာလတွေမှာ မူဂျာဟစ်သူပုန်တွေကို ဗမာ့လက်နက်ကိုင်တပ်ပေါင်းစုတွေက ဆက်လက် တိုက်ခိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံထဲကို အရှေ့ပါကစ္စတန် (ဟိုစဉ်ကအခေါ်) က တရားမဝင်ခိုးဝင်လာတဲ့သူတွေရှိသလို၊ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲလို့ခေါ်တဲ့ အရှေ့နဲ့ အနောက်ပါကစ္စတန် နှစ်ခြမ်းကွဲတဲ့ကာလမှာတော့ အဲဒီအချိန် နိုင်ငံတကာမီဒီယာတွေရဲ့ ဖော်ပြချက်အရ အိန္ဒိယမှာ စစ်ဘေးရှောင်ဆယ်သန်းလောက် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ တစ်သန်းခွဲ၊ နှစ်သန်း ရောက်နိုင်တယ်လို့ ဆိုကြတယ်။ စစ်ပြီးတဲ့အခါ တစ်ဖက်နိုင်ငံကလည်း စစ်ဘေးရှောင်သူတွေကို ပြန်လက်ခံပေးပေမယ့် မြန်မာနိုင်ငံမှာ နေပျော်သွားကြတဲ့ ဘင်္ဂါလီတွေကတော့ ပြည်တော်ပြန်ရောက်ရင်တောင် ရတဲ့နည်းနဲ့ တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြတယ်။
ဘယ်ကလာလာမွေးဌာနေက မြန်မာဟူ၍သာ
ဒါတင်မကသေးဘူး။ လူဦးရေပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲ နီးစပ်ရာနေရာတွေကို နယ်ပယ်ချဲ့ထွင် ရွှေ့ပြောင်းနေထိုင်လိုသူအချို့က မြန်မာနိုင်ငံကိုရော၊ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး အခြားနိုင်ငံတစ်ခုခုစီ ခိုလှုံဖို့တရားမဝင်သွားကြတာမျိုးကလည်း ယနေ့တိုင် မပြီးနိုင်တဲ့ပြဿနာပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ငံမှာ တရားမဝင်နေထိုင်သူတွေ များပြားလာခဲ့ပါတယ်။ (မကြာသေးမီရက်ပိုင်းကတင် မြန်မာ့ရေပိုင်နက်အတွင်း ရေဝင်နေတဲ့ လှေတစ်စင်းပေါ်မှာ အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်တာကို မြန်မာ့တပ်မတော်က ကယ်ဆယ်ပြုစုကုသပေးပြီး သူတို့ရဲ့နေရပ်ကို ပြန်ပို့ပေးဖို့ ပြင်ဆင်နေတာကို ဖတ်လိုက်ရတယ်) အချို့တွေကကျတော့ လှေတွေနဲ့ တရားမဝင်ခိုးဝင်ဖို့ကြိုးစားကြတဲ့အချိန် တခြားနိုင်ငံအစိုးရတွေက မတော်တဆဖမ်းမိလို့ စစ်ဆေးရင် မြန်မာနိုင်ငံက ဒုက္ခသည်တွေပါလို့ ဖြေကြတယ်။ မြန်မာစကားပြန်ခေါ်ပေးတော့လည်း တစ်လုံးမှ နားမလည်ကြဘူးတဲ့လေ။ ဘုရားစူး မြန်မာနိုင်ငံသားတွေပါ။
ဆက်စပ်ပြီး တွေးမိတာက ၂၀၁၂ ခုနှစ်လောက်မှာ လက်ရှိကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်၊ အဲဒီတုန်းကတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးပေါ့ဗျာ၊ သူနဲ့ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ကြတဲ့အခါ သမ္မတကြီးက သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင်ကတည်းက အင်္ဂလိပ်နယ်ချဲ့တွေက လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင်ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကိုရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားပြီး တတိယမျိုးဆက်မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံတဲ့ ဥပဒေရှိကြောင်း၊ နောက်ပိုင်းမှာ ခိုးဝင်လာသူတွေနဲ့ ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာတဲ့အတွက် ဒီကိစ္စကို ကိုင်တွယ်ဖို့ အလေးအနက်ထားစဉ်းစားလျက်ရှိကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်းနဲ့ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသူတွေကိုတော့ လက်ခံဖို့မည်သို့မျှမဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသူတွေကို UNHCR ကို အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ်ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန်နဲ့ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်းဆိုပြီး ရှင်းလင်းပြောကြားခဲ့ဖူးတာရှိပါတယ်။
ကမ္ဘာ့မီဒီယာတွေ နှာစေးသွားရတဲ့ ဖြစ်ရပ်မှန်တွေ
အတိတ်ကိုထားပြီး မဝေးလှတဲ့ ဆယ်စုနှစ် ကာလ၊ ကျွန်တော်တို့နိုင်ငံအပေါ် တရားကြားနာမှုဖြစ်စဉ်ရဲ့အစကို ပြန်ကောက်ရရင် အရင်အစိုးရလက်ထက် (၂၀၁၆-၂၀၂၁) ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက စတယ်လို့ဆိုရမှာပါ။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ Aqa Mul Mujahidin (AMM) (အကာလ်မူလ်မူဂျာဟီဒင်န်) အကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်ရဲဌာနချုပ်ရဲ့ ရဲစခန်းနှစ်ခုကို အကြမ်းဖက်စတင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး လက်နက်တွေလည်း အကြမ်းဖက်လက်ထဲကို ပါရှိခဲ့ရပါတယ်။ နောက်ထပ် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် နံနက် ၁ နာရီခွဲမှာ ယခင်အမည် AMM ကနေ ARSA အဖြစ်နဲ့ ရဲစခန်း ၃၀ နဲ့ တပ်ဌာနချုပ်တစ်ခုကို တစ်ပြိုင်နက်တည်းကြိုတင်ကြံစည်ပြီး အလစ်ဝင်ရောက် တိုက်ခိုက်ပါတယ်။ မြန်မာ့ပိုင်နက်ထဲကိုဝင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတင်မကသေးပါဘူး။ ရခိုင်ပြည်နယ်ထဲမှာအတူ တကွနေထိုင်တဲ့ ရခိုင်လူမျိုးအပါအဝင် ဟိန္ဒူဘာသာကိုးကွယ်သူဒေသခံတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက်တော့ ရင်နာဖွယ်ဖြစ်ရပ်မှန်တစ်ခု ဆိုပေမယ့်လည်း ကမ္ဘာ့မီဒီယာတွေမှာတော့ မထင်မရှားသတင်းတိုတစ်ခုလောက်ပါပဲ။
တရားမဝင် အထောက်အထားမဲ့ နေထိုင်သူတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ နိုင်ငံဘက်ကတော့ ရှင်းလင်းပါတယ်။ မြန်မာနိုင်ငံမှာ မွေးဖွားနေထိုင်ခဲ့တဲ့ သူမှန်ရင်၊ မြန်မာနိုင်ငံက ဥပဒေတွေနဲ့ ကိုက်ညီရင် မြန်မာနိုင်ငံကို အချိန်မရွေးပြန်လာနိုင် တယ်။ လက်ခံဖို့လည်း အသင့်ရှိပြီးသားပါ။ ကျွန်တော် တို့တိုင်းပြည်က လူသားချင်းစာနာထောက်ထားတဲ့ အတွက်ရော၊ လူ့အခွင့်အရေးကို အလေးထားပြီး နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂါလီတွေကို စနစ်တကျပြန်လည်လက်ခံမယ်ဆိုပြီး အမြဲအဆင်သင့်လုပ်ကိုင်ထားပေးတယ်။ ပြန်လည်လက်ခံရေးစခန်းတွေဟာ အခုအချိန်အထိ တံခါးဖွင့်စောင့်နေဆဲပါ။ ဥပဒေနဲ့ ညီညွတ်ရင် ကုန်းလမ်းကလာလာ၊ ရေလမ်းက လာလာနေဖို့ရွာတွေအဆင်သင့်ရှိတာကို ဒုက္ခသည်တွေအပါအဝင် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေ လာရောက်လေ့လာဖူးလို့ သိကြမယ်ထင်ပါတယ်။
ဒုက္ခသည် ၂၀၀၀ ကျော်ပြန်လာဖို့ ၂၀၁၉ ခုနှစ်မှာ သဘောတူညီမှုရတာတောင် သူတို့တကယ်တမ်းပြန်မလာခဲ့ကြဘူး။ ပဋိပက္ခကြောင့် ဒုက္ခရောက်သူတွေက ဘင်္ဂါလီလူမျိုးတွေတင်မက ရခိုင်လူမျိုးနဲ့ အခြားတိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။ အခြားဘေးပယောဂမျိုးစုံ အပါအဝင်ဒုက္ခသည်တွေနဲ့ ဒေသခံတွေအကြား၊ ဒုက္ခသည်တွေနဲ့အစိုးရအကြား ရန်တိုက်ပေးပြီး မြန်မာကိုကမ္ဘာ့အလယ်မှာ အကောင်းမမြင်အောင်၊ မြန်မာ့တပ်မတော်ကိုလည်း မတော်မတရား စွပ်စွဲတဲ့နောက်ကွယ်မှာ ဘယ်လိုအရာတွေ၊ ဘယ်လိုရည်ရွယ်ချက်တွေရှိသလဲဆိုတာ ပြည်သူအားလုံးသိအောင် လေ့လာထားကြဖို့လိုပါတယ်။
အခုအချိန်မှာ ကျွန်တော်တို့ဟာ ‘ယာရှင်ကို မျောက်မောင်း’ဆိုတဲ့ စကားပုံထဲကလို အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့တစ်ဖန် ကမ္ဘာ့တရားရုံးထိ တိုင်ကြားခံရတယ်။ လုပ်ကြံဖန်တီးထားတဲ့ အရာတွေကြောင့် အမှန်တရားဟာ လည်ချောင်းကွဲလုနီးပါး ရှင်းလင်းဖော်ထုတ်နေရတယ်။ ပြည်သူအားလုံးရဲ့ဆန္ဒက ကျွန်တော်တို့ နိုင်ငံအတွက် အမှန်တရားအမြန်ဆုံးပေါ်ထွက်လာပါစေဟုသာ။ ။
