Skip to main content

တက္ကသိုလ်ရာပြည့် ဘဝတစ်ကွေ့

“ရန်ကုန်တက္ကသိုလ်” ဟု ကြားလိုက်သည်နှင့် လူတိုင်း ရင်ထဲတွင် ကြည်နူးသွားစေပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးတက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၁ ရက်နေ့တွင် ပေါ်ထွန်းလာခဲ့သော ရန်ကုန် တက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် နှစ် ၁၀၀ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ခရီးတွင် ပါဝင်ခွင့် ရခဲ့သည့် မိမိ၏ဘဝခရီးအတွက် ဝမ်းမြောက်နှစ်သက် ခဲ့ရပါသည်။


ရန်ကုန်တက္ကသိုလ်သည် ကျွန်မဘဝအတွက် ဘဝ တစ်ကွေ့သာမက ဘဝအချိုးအကွေ့များစွာဖြင့် တက္ကသိုလ်အရိပ်ကို ခိုလှုံခွင့်ရခဲ့ပါသည်။ မဟာဝိဇ္ဇာ ကျောင်းသူဘဝ၊ နည်းပြ ဆရာမဘဝ၊ လက်ထောက် ကထိကဘဝ၊ ကထိကဘဝ၊ ပါမောက္ခဘဝ၊ ပါမောက္ခ (ဌာနမှူး) ဘဝတို့ဖြင့် ရန်ကုန်တက္ကသိုလ်ဝယ် ရာထူး အဆင့်ဆင့်ဖြင့် ကျင်လည်ကာ ဘဝခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပါသည်။ ကျောင်းသူဘဝတွင်လည်း စာများသင်ယူရင်း ရန်ကုန်တက္ကသိုလ်ကျောင်းသူဘဝကို ကျေနပ်ဂုဏ်ယူမိပါသည်။ ရန်ကုန်တက္ကသိုလ်သို့ တက်ချင်လွန်းလှသော ဆန္ဒမှာ မဟာဝိဇ္ဇာတန်းတက်မှ ပြည့်ဝရပါသည်။


ဝေးရလေပြီ ရန်ကုန်တက္ကသိုလ်


ကျွန်မ၏ဖခင်မှာ နိုင်ငံ့ဝန်ထမ်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်သို့ ပြောင်းရွှေ့နေရသဖြင့် ၁၀ တန်း ကို ရန်ကုန်မြို့ လသာ အ.ထ.က (၂) ၌ ဘော်ဒါနေကာ ၁၀ တန်းအောင်လျှင် သူငယ်ချင်းများနှင့်အတူ ရန်ကုန် တက္ကသိုလ်တက်မည်ဟု အားခဲထားမိသည်။ ၁၀ တန်း အောင်တော့လည်း ဖခင်မှာ မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်နေရသဖြင့် ပထမနှစ်ဝက်ကို မြန်မာ စာအဓိကဘာသာရပ်ဖြင့် မြစ်ကြီးနားကောလိပ်တွင် တက်ခဲ့ရပါသည်။ တစ်ဖန် ဖခင်သည် ပုသိမ်မြို့သို့ ပြောင်းရပြန်သဖြင့် ဖခင်ပြောင်းရွှေ့ရာ ပုသိမ်မြို့ရှိ ပုသိမ်ဒီဂရီကောလိပ်တွင် ပထမနှစ်၏ ဒုတိယနှစ်ဝက်ကို ဆက်လက်တက်ကာ အင်းလျားကန်အစား ကန်သုံး ဆင့်ဖြင့်သာ တင်းတိမ်နေလိုက်ရပါတော့သည်။ ပုသိမ် ဒီဂရီကောလိပ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာစာ) ရခဲ့သဖြင့် သူငယ် ချင်းများနှင့်လည်းဝေး၊ ရန်ကုန်တက္ကသိုလ်ကြီးနှင့် လည်း ဝေးခဲ့ရလေပြီ။


ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝ
ရန်ကုန်တက္ကသိုလ်တက်ချင်လွန်းလှသော ဆန္ဒ ကြောင့် ပုသိမ်ဒီဂရီကောလိပ် စတုတ္ထနှစ်အောင်စာရင်း တွင် မဟာဝိဇ္ဇာတန်းကို ဆက်တက်ခွင့်ရသဖြင့် မြကျွန်း ညိုညို တက္ကသိုလ်ကျောင်းသူကြီးဖြစ်ကာ အလွန်ပီတိ ဖြစ်ခဲ့ရပါသည်။ မဟာဝိဇ္ဇာပထမနှစ်၌ပင် လုပ်သားများ ကောလိပ်၌ အချိန်ပိုင်းနည်းပြဆရာမ အလုပ်ရသဖြင့် ကျောင်းသူတစ်ဖြစ်လဲ ဆရာမလေးဖြစ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် မဟာဝိဇ္ဇာကျောင်းသူဘဝရောက်မှ ရန်ကုန်တက္ကသိုလ်၏အရသာကို အပြည့်အဝခံစားခွင့်ရ ခဲ့ပါသည်။


၁၉၇၄- ၁၉၇၅ ခုနှစ်ကာလက ရန်ကုန်တက္ကသိုလ် ၏အလှမှာ အလွန်ရိုးရှင်းလှပါသည်။ အဆောက်အအုံများ ကင်းမဲ့နေသော အင်းလျားကန်ရေပြင်မှာလည်း အလွန်ကျယ်ပြောလှပါသည်။ သရက်ပင်အိုတို့၏ အရိပ် ကောင်းကောင်းအောက်ခြေ၌ စားပွဲဝိုင်းလေးများဖြင့် အကြော်စုံစားရင်း အင်းလျားရေပြင်မှ တိုက်ခတ်လာ သော လေနုအေးအေးလေးများကို ရှူရှိုက်ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းလှပါသည်။ “မိန်းမလှကျွန်း” ဟု နာမည်ကျော်ကြားလှသော စီးပွားရေးတက္ကသိုလ်မှာ လည်း လူစည်ကားလှပါသည်။


ထိုစဉ်က ရန်ကုန်တက္ကသိုလ်မှာ အခမ်းအနား ပွဲလုပ်တိုင်း အတီး၊ အမှုတ်၊ အဆို၊ အက၊ ပြဇာတ်၊ အငြိမ့် တို့ဖြင့် စည်စည်ကားကား၊ ခမ်းခမ်းနားနား ကျင်းပလေ့ ရှိသည်မှာ တက္ကသိုလ်၏ အစဉ်အလာတစ်ခုပင်။ မေဂျာ ပေါင်းစုံက သီချင်းတိုက်၊ ဇာတ်တိုက်နှင့် အာစီခေါ် အပန်းဖြေရိပ်သာကြီးမှာလည်း ဆိုင်းသံ၊ ဗုံသံ၊ ပတ္တလား သံတို့ဖြင့် အမြဲညံနေတော့သည်။ အနာဂတ်၏ အနုပညာ ရှင်များ ဆုံစည်းရာနေရာပင် မဟုတ်ပါလား။


တက္ကသိုလ် အားကစား ရုံနှင့် အားကစားကွင်းမှာလည်း အားကစားမောင်မယ်တို့၏ အားကစားလေ့ကျင့်ရာ၊ ယှဉ်ပြိုင်ရာ၊ အားကစားလူရည်ချွန်များ မွေးထုတ်ပေး ရာနေရာ ဖြစ်ပေသည်။ မေဂျာအလိုက် ဘောလုံးပြိုင်ပွဲများ ကျင်းပလျှင်လည်း အားတက်သရော သွားရောက် အားပေးခဲ့ရသည်မှာ အသံများပင် နာနေပေပြီ။ အားကစား နှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ကြီး၏ ကျေးဇူးတင် ထိုက်သော ဂုဏ်ထူးဝိသေသတစ်ခုပင် မဟုတ်ပါလော။


စာအုပ်စာပေနှင့် ပတ်သက်၍လည်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ကိုသာ အားထားကာ စာပေများ လေ့လာဖတ်ရှုကြရပါသည်။ မဟာဝိဇ္ဇာတန်းတက်စဉ် မြန်မာစာဌာန တောင်ငူဆောင်မှ ဘွဲ့နှင်းသဘင်ကို မျက်နှာမူကာ အဓိပတိလမ်းပေါ်မှ လမ်းလျှောက်လျက် အာစီထဲမှ ထွက်ပေါ်လာသော ပတ္တလားသံလေးကို နားဆင်ရင်း စာကြည့်တိုက်သို့ အခါခါရောက်ခဲ့ရပါသည်။ သည်လိုနှင့် မဟာဝိဇ္ဇာပထမနှစ် အတန်းကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသူဘဝနေလို့မှ မဝလိုက်သေး၊ ၁၉၇၇ ခုနှစ်၌ ဒေသကောလိပ်များ စတင်ဖွင့်လှစ်ရာ ရခိုင်ပြည် နယ်ဒေသကောလိပ်၌ အလုပ်လျှောက်လိုက်ပါသည်။ အလုပ်ခန့်စာရ၍ နည်းပြဘဝနှင့် တက္ကသိုလ်ဘဝခရီးကို စတင်ခရီးနှင်ခဲ့ရလေပြီ။


ရန်ကုန်တက္ကသိုလ်နှင့် ဘဝခရီး


ရန်ကုန်တက္ကသိုလ်ကြီး၏ အရိပ်ကို နားခိုလိုက်၊ နယ်ပြောင်းလိုက်နှင့် အနှစ် ၃၀ ကျော်ခရီးကို ဘယ်လို ကုန်သွားသည်ဟူ၍ မသိလိုက်တော့ပေ။ ဘဝခရီး နောက်ဆုံးအချိုးအကွေ့ဖြစ်သည့်ကာလ။ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တက္ကသိုလ်သို့ ပါမောက္ခအဖြစ် ပြောင်းရွှေ့ခွင့်ရသဖြင့် အလွန်ဝမ်းသာမိပါသည်။ အမိတက္ကသိုလ်ကြီး၏ ရင်ခွင်သို့ နားခိုခွင့်ရပြီး ပင်စင် ယူသည်အထိ ရန်ကုန်တက္ကသိုလ်ကြီးကို လုပ်ကျွေး ပြုစုတော့မည်ဟု ခံယူထားလိုက်ပါသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ဆရာမကြီး ဒေါက်တာဒေါ်ခင်ဆွေမြင့်က ပါမောက္ခ (ဌာနမှူး) တာဝန်ထမ်းဆောင်နေသဖြင့် မမဆွေထံမှ ဌာန တာဝန် တွေ သင်ယူဦးမည်ဟုဆုံးဖြတ်ကာ ပေါ့ပေါ့ပါးပါးနှင့် ကျေနပ်မိပါသည်။


ရန်ကုန်တက္ကသိုလ်သို့ရောက်၍ သုံးလအကြာ၌ မမဆွေအငြိမ်းစားယူသွားသဖြင့် ကျွန်မမှာ ပါမောက္ခ (ဌာနမှူး) ရာထူးခန့်အပ်ခြင်းခံရသဖြင့် ကြောက်လိုက် သည့်ဖြစ်ခြင်း။ ဒီရာထူး၊ ဒီနေရာကို မျှော်လည်းမမျှော်၊ မှန်းလည်းမမှန်းရဲပါ။ ဤနေရာ၊ ဤရာထူးမှာ ကျွန်မတို့ အလွန်ချစ်ကြောက် ရိုသေလေးစားခဲ့ရသည့် ဆရာကြီး ဆရာမကြီးများ နေသွားသောနေရာဖြစ်၍ အလွန် ကြောက်ခဲ့ပါသည်။ မမဆွေက အတင်းလက်ဆွဲ၊ သူ့ရုံးခန်းထဲဆွဲသွင်းပြီး ထိုင်ခိုင်းလို့သာ ထိုင်နေရသော် လည်း ဘာလုပ်ရမှန်းမသိအောင် ကြောက်နေမိပါသည်။ မမဆွေထံမှ မသိတာတွေ မေးမြန်းအဖြေရှာရင်း မိမိတာဝန်ကို အောင်မြင်အောင် အစွမ်းကုန်ကြိုးစား လုပ်မည်ဟု စိတ်ဆုံးဖြတ်လိုက်မိပါသည်။ နယ် တက္ကသိုလ်တွေမှာ ပါမောက္ခဌာနမှူးတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်လာနိုင်ခဲ့သော်လည်း ရန်ကုန်တက္ကသိုလ် ပါမောက္ခ (ဌာနမှူး) ဆိုသည့် အရှိန်ကား အလွန်ကြီးလှပါသည်။ အဟန့်ကောင်းလွန်း လှပါသည်။ အိပ်မက်ပင် မမက်ရဲခဲ့သောနေရာသို့ ရောက်ခဲ့ရလေပြီ။


တာဝန်အသွယ်သွယ် ကြိုးစားဆောင်ရွက်မယ်


ထိုစဉ်က ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ကား ဆရာကြီး ဒေါက်တာထွန်းခင်ဖြစ်ပါသည်။ ရန်ကုန် တက္ကသိုလ်မြန်မာစာဌာန၏ ပါမောက္ခ (ဌာနမှူး) အသစ် စက်စက် ကျွန်မကိုခေါ်၍ လမ်းညွှန်ဩဝါဒဆုံးမစကား ပြောကြားပါသည်။ အရေးကြီးကိစ္စများ ဆောင်ရွက်ရန် အတွက် လိုအပ်သည်များကို လေ့လာသင်ကြားထားရန်၊ ပြင်ဆင်ထားရန်၊ အခက်အခဲရှိက မေးမြန်းရန်၊ အကူအညီတောင်းရန်၊ တိုင်ပင်ညှိနှိုင်းရန် အားပေးစကား ပြောကြားသဖြင့် အလွန်စိတ်ချမ်းသာရပါသည်။ စိတ် သဘောထားပြည့်ဝပြီး အေးချမ်းတည်ငြိမ်သော ဆရာကြီးဒေါက်တာထွန်းခင်၏ အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရမည်မှာ အလွန်ကံကောင်း လှသည် ဟု တဖြည်းဖြည်းနှင့် သိလာရပါသည်။ ဆရာကြီးအား အလွန်ကျေးဇူးတင်ပြီး ကြည်ညို လေးစားမိပါသည်။


ပါမောက္ခဌာနမှူးဆိုတာ ရန်ကုန်တက္ကသိုလ်ကြီး အတွက် နေ့ညမဟူ၊ အချိန်မရွေး ခေါ်ခိုင်းလျှင်၊ အရေးပေါ်အစည်းအဝေးလုပ်လျှင် ချက်ချင်းလာနိုင်အောင် ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာနေမှသာ အဆင်ပြေမည် ဟုဆိုပြီး ကျွန်မနေထိုင်ရန်အတွက် ဆရာကြီးက အ.ဆ.ည မှာ အိမ်တောင်းပေးပါသည်။ အမှတ် (၃) ပုဂံလမ်းအိမ်မှာ အိမ်ရသဖြင့် ချက်ချင်းပြောင်းရွှေ့နေထိုင်လိုက်ပါသည်။ သည်အချိန်မှစ၍ ရန်ကုန်တက္ကသိုလ် ကြီးအတွက် မိမိဘဝကို လုံးဝပုံအပ်လိုက်ပါသည်။ ပင်စင်ယူရန် ခြောက်နှစ်ကျန်သေးသဖြင့် ရန်ကုန် တက္ကသိုလ်ကြီးအတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင် မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။


မကြာမီ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိစ္စနှင့် ပတ်သက်၍ လာတော့မည်ဖြစ်သဖြင့် ရန်ကုန်တက္ကသိုလ် မြန်မာစာ - စာစစ်မှူးချုပ်အသစ်စက်စက် ကျွန်မရင်ခုန်ရ ပါတော့သည်။ မုံရွာတက္ကသိုလ်မှာ စာစစ်မှူးချုပ် သုံးနှစ် ဆောင်ရွက်လာခဲ့ရပြီး အတွေ့အကြုံများ ရရှိခဲ့သော် လည်း အဖြေလွှာမှာ သောင်းဂဏန်းလောက်ရယ်သာ။
ယခုရန်ကုန်မှာက တစ်သိန်းကျော်မို့ ကြောက်လန့် မိတာ အမှန်ပင်။ ထိုစဉ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီး ကြီးမှူးကျင်းပမည့် အစည်း အဝေးတက်ရန် ဘာသာရပ်ဆိုင်ရာ စာစစ်မှူးချုပ်များ နေပြည်တော်သို့ သွားကြရမည်ဖြစ်ရာ ဒဂုံတက္ကသိုလ်မှ စာစစ်မှူးချုပ်များနှင့် ပေါင်းကာ မီးရထားဖြင့် နေပြည် တော်သို့ ချီတက်ကြရလေသည်။ ယခု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးလည်းပါရဲ့။ ဒဂုံတက္ကသိုလ်သင်္ချာ ပါမောက္ခ(ဌာနမှူး)ဘဝတုန်းကပါ။ မီးရထား တစ်တွဲလုံး ကျွန်မတို့ ဆရာ ဆရာမတွေချည်းပဲဆိုတော့ ပြောကြ၊ ဆိုကြ၊ ရယ်ကြ၊ မောကြနှင့် ကျွက်ကျွက်ကိုညံလို့ ပျော်လိုက်ကြတာ လွန်ပါရော။ ဒီလိုကြီးလေးတဲ့ တာဝန်တွေကို ပျော်ပျော်ရွှင်ရွှင် ဆောင်ရွက်ခဲ့ကြတာ တွေဟာ ဘဝတစ်ကွေ့ရဲ့ မှတ်တမ်းလေးတွေပါ။


နာဂစ်နှင့် စာစစ်


၂၀၀၈ ခုနှစ် ဧပြီလတွင် တက္ကသိုလ်ဝင်တန်း စာစစ် ကိစ္စ ပထမအဆင့်ကို အောင်မြင်စွာ ပြီးမြောက်သွား၍ ဒုတိယ အဆင့် Code ဖြေရန်ကိစ္စမလုပ်ရသေးချိန်၊ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ညမှစ၍ နာဂစ်မုန်တိုင်းကြီး တက္ကသိုလ်နယ်မြေထဲသို့ ကြမ်းတမ်းစွာ တိုက်ခတ် ပါတော့သည်။ ကျွန်မအိမ် ပုဂံလမ်းခြံထဲရှိ အပင်အိုကြီး များမှာလည်း တဗုန်းဗုန်းနှင့် ပြိုလဲသံများ ကြားရပါ တော့သည်။ ထွက်လည်းမကြည့်ရဲ၊ သို့သော် ကျွန်မ စိုးရိမ်တာက ကျွန်မအသက်ထက် ဌာနတွင် သိမ်းဆည်း ထားသော Code ဖြေရမည့် တက္ကသိုလ်ဝင်တန်းမြန်မာစာ အဖြေလွှာများပင်။ အဖြေလွှာလေးတွေ အပျက်အစီးမရှိ အကောင်းပကတိ ရှိကြပါစေလို့ ဆုတောင်းနေမိတာ အခါခါ။


နံနက်မိုးလင်းလို့ ပတ်ဝန်းကျင်ကို ထွက်ကြည့်လိုက်ရာ အိမ်ရှေ့က သစ်ပင်အိုကြီးတွေ တုံးလုံးပက်လက်လဲလို့။ အိမ်ဘေး၊ အိမ်နောက်ရှိသမျှ အပင်ကြီးတွေ လဲနေလိုက်တာ မြင်မကောင်း။ အိမ်ကိုရှောင်ကွင်းပြီး လဲပေးလို့၊ အိမ်မှာ အထိအခိုက်မရှိလို့ ကျေးဇူးတင်ရပေသည်။ ဌာနကို ပြေး ကြည့်ချင်သော်လည်း လမ်းတွေကပိတ်နေ၍ သွားလို့ မရ။ မုန်တိုင်းအပြီး နှစ်ရက်ကျော်လောက်မှ သွားလို့ရ သဖြင့် ဌာနသို့ အမြန်သွားကြည့်လိုက်ရာ အပျက်အစီးများက ဆီးကြိုနေကြပါတော့သည်။


သို့သော် ဘုရားခန်း၊ ကျွန်မ ရုံးခန်းနှင့် အဖြေလွှာများ ထားသည့် အခန်းတို့မှာ လုံးဝ မပျက်စီးပေ။ ဝမ်းသာလိုက် သည့်ဖြစ်ခြင်း။ အဖြေလွှာ စာအုပ်လေးများမှာ ဣန္ဒြေရစွာ အိပ်မောကျလျက်။ ရင်မောစရာဘဝတစ်ကွေ့ မှတ်တိုင်လေး များပါတကား။


ပါရဂူများ မွေးထုတ်ပေးရာမြေ


ကျွန်မ တာဝန်ထမ်းဆောင်စဉ်ကာလ၌ ရန်ကုန် တက္ကသိုလ်မှာ ကျောင်းသားဆို၍ ပါရဂူ သင်တန်းသူ သင်တန်းသားများသာ ရှိပါသည်။ ပါရဂူ ဝင်ခွင့်ဖြေဆို အောင်မြင်ပြီး တစ်နှစ်ပါရဂူအကြိုသင်တန်းတက်ပြီး စာမေးပွဲဖြေဆိုအောင်မြင်ပါက စာတမ်းတစ်နှစ် တစ်စောင် ဖတ်ကြားတင်သွင်းပြီး လေးနှစ်ပြီးမြောက် ပါက ကျမ်းရေးတင် ကျမ်းစစ်ဆေးပြီး အရည်အချင်းပြည့် မီသောကျမ်းဖြစ်ပါက ပါရဂူဘွဲ့ ချီးမြှင့်ပါသည်။ ကျွန်မ ခြောက်နှစ်တာကာလ တာဝန်ထမ်းဆောင်စဉ် ပါရဂူဘွဲ့ရ သူ ၂၀၀ ခန့် မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ပါရဂူဘွဲ့ယူရန် တက်လှမ်းလာသော ပါရဂူများကို ဘွဲ့နှင်းသဘင် စင်မြင့် ပေါ်မှ ဝမ်းသာပီတိဖြင့် ကြိုဆိုမိပါသည်။ ပါရဂူဘွဲ့နှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာထွန်းခင်က ကျွန်တော် ပါရဂူဘွဲ့ရသည့်အခါ “ငါဘာမှမသိသေးပါလားဆိုတာ စသိလိုက်ရပါတယ်” ဟူသောစကားကို သဘောကျလွန်း၍ ပါရဂူဘွဲ့ယူမည့် တပည့်များကို အမြဲပြောပြခဲ့ပါသည်။ ဘာသာရပ် အသီးသီးမှ ပါရဂူများ နှစ်စဉ်ပေါ်ထွက်လျက်ရှိသည့် ရန်ကုန်တက္ကသိုလ်ကြီးသည် ဂုဏ်ယူစရာကောင်းလှ ပါသည်။


သုတေသနနှင့် ပညာရပ်တာဝန်


သုတေသနဟူသည် တက္ကသိုလ်၏ အသက်ပင် မဟုတ်ပါလား။ ပညာရပ်ဆိုင်ရာ သုတေသနတို့ ရှင်သန် နေသမျှ တက္ကသိုလ်ကြီးလည်း ရှင်သန်နေပေမည်။ ရန်ကုန်တက္ကသိုလ်၌ နှစ်စဉ် အောက်တိုဘာလတွင် ဝိဇ္ဇာ၊ သိပ္ပံပညာရှင် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပလျက် ရှိသည်မှာ ယခုနှစ်ဆိုလျှင် အကြိမ် ၂၀ မြောက် ရှိပေပြီ။ ဖတ်ကြားတင်သွင်းသော စာတမ်းများမှ အကောင်းဆုံး သိပ္ပံစာတမ်းဆု၊ ဝိဇ္ဇာစာတမ်းဆုနှင့် တင်သွင်းခဲ့သည့် ပါရဂူကျမ်းများမှ အကောင်းဆုံးဝိဇ္ဇာကျမ်းဆု၊ သိပ္ပံ ကျမ်းဆုတို့ကို ချီးမြှင့်ပေးခြင်းဖြင့် သုတေသနပညာရှင် များကို မွေးထုတ်ပေးလျက်ရှိပါသည်။


ဘာသာရပ်ဆိုင်ရာ ပါမောက္ခ၊ ဌာနမှူးများက ဦးဆောင်ကာ မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်း ဖတ်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက် ပေးခြင်းဖြင့် အစဉ်အလာကောင်း များကို ထိန်းသိမ်း နိုင်ခဲ့ကြပေသည်။


ဘာသာရပ်ဆိုင်ရာ သင်ရိုးနှင့်ပတ်သက်၍ ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခ၊ ဌာနမှူးများကို ဖိတ်ခေါ်ကာ ရန်ကုန် တက္ကသိုလ်က ဦးဆောင်၍ သင်ကြားရေးဆိုင်ရာ အခက်အခဲများ၊ ပြဿနာများကို ဆွေးနွေးကြစေပြီး အများသဘောတူ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ကာ သင်ကြားရေး အဆင်ပြေကောင်းမွန်စေရန် ဆောင်ရွက် ကြရပါသည်။


ဤသို့ဖြင့် ဘာသာရပ်ဆိုင်ရာ သင်ရိုး အစည်းအဝေး ကို တစ်နှစ် နှစ်ကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း ဖြင့် ရန်ကုန်တက္ကသိုလ်ကြီး၏ အစဉ်အလာ ကောင်းများ ကို ထိန်းသိမ်းနိုင်ခဲ့ကြပါသည်။ သို့ဖြစ်ရာ မိမိကိုယ်မိမိ လည်း ရန်ကုန်တက္ကသိုလ်ကြီးအတွက် တာဝန် ကျေပွန် သူအဖြစ် ခံယူမိပါသည်။


ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ပါမောက္ခ (ဌာနမှူး)အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ မိသားစုစိတ်ဓာတ်အပြည့်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါသော ဒေါက်တာအောင်မြင့်ဦး၊ ပါမောက္ခ (ဌာနမှူး) (ငြိမ်း)နှင့် တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများနှင့် နည်းပြများအပြင် ရုံး ဝန်ထမ်းများကို အထူးပင်ကျေးဇူးတင်လျက်ရှိပါသည်။ သက်ပြည့်အငြိမ်းစားယူခဲ့သော်လည်း မြန်မာစာဌာန အကျိုးနှင့် ရန်ကုန်တက္ကသိုလ်၏အကျိုးကို ယနေ့တိုင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။


ရန်ကုန်တက္ကသိုလ်ကြီး “ရာပြည့်မှသည် ကမ္ဘာတည်သရွေ့” တည်တံ့ခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းလျက်။ ။

ခင်ဆန်းဦး (မြန်မာစာ)

စာရေးသူ၏
အတ္ထုပ္ပတ္တိအကျဉ်း
---------------------------------

- အမည်ရင်း - ဒေါက်တာ ခင်ဆန်းဦး ပါမောက္ခ၊ ဌာနမှူး (ငြိမ်း) မြန်မာစာဌာန ရန်ကုန်တက္ကသိုလ် ဖြစ်သည်။
- ၁၉၇၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ပုသိမ်ဒီဂရီကောလိပ် မှ ရရှိခဲ့သည်။
- ၁၉၈၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရန်ကုန် တက္ကသိုလ်မှ ရရှိခဲ့သည်။
- ၂၀၀၅ ခုနှစ်တွင် ပါရဂူဘွဲ့ကို ရန်ကုန်တက္ကသိုလ် မှ ရရှိခဲ့သည်။
- ၁၉၇၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လုပ်သက် ၃၆ နှစ်ကာလအတွင်း ရခိုင်ပြည်နယ် ဒေသကောလိပ် (စစ်တွေ)၊ ရန်ကုန်တက္ကသိုလ်၊ စစ်တွေဒီဂရီ ကောလိပ်၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မုံရွာ တက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် (ဒုတိယအကြိမ်)တို့တွင် အမှု ထမ်းခဲ့သည်။
- ရေးသားခဲ့သည့်စာအုပ်များမှာ ရွှေစည်းခုံမွန် ကျောက်စာလေ့လာချက်၊ မြကန်မွန်ကျောက်စာ လေ့လာချက်၊ ရွှေတိဂုံမွန်ကျောက်စာလေ့လာ ချက်၊ တက္ကသိုလ်ဝင်တန်းမြန်မာစာပို့ချချက်များ ဖြစ်သည်။
- ယခုလက်ရှိတွင် ရန်ကုန်တက္ကသိုလ်ပါရဂူအကြိုသင်တန်းတွင် မွန်ကျောက်စာ သင်ကြားပို့ချ ပေးလျက် ရှိသည်။
- ပါရဂူသင်တန်း ဦးစီးကော်မတီအဖွဲ့ဝင်အဖြစ် လည်း ဆောင်ရွက်လျက်ရှိပါသည်။