(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသို့ …
ကိုယဉ်ချစ်(မန္တလေး)
နိုင်ငံတစ်နိုင်ငံ၌ သဘာဝသယံဇာတများ၊ လူ့စွမ်းအားအရင်းအမြစ်များ မည်မျှပင်ပြည့်စုံသည်ဖြစ်စေ မိမိတို့၏ယဉ်ကျေးမှုကို အမြတ်တနိုးတန်ဖိုးထားကြသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အမြတ်တနိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ မြန်မာ၊ ရိုးရာ၊ ယဉ်ကျေးမှုဆိုသည့် ဝေါဟာရများ၏ အဓိပ္ပာယ်သည် လေးနက်ကျယ်ပြန့်သည်။
မြန်မာဆိုသည်မှာ အစဉ်အဆက်နေထိုင်ခဲ့ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုသည့် တိုင်းရင်းသားများကို ခြုံ၍ ဘုံသဘောဆောင်သည့် တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့် အဓိပ္ပာယ်ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ့ ယဉ်ကျေးမှုဆိုသည့် အမျိုးသားရေးလက္ခဏာများကို ပိုင်ဆိုင်ကြသည်။
ရိုးရာဆိုသည်မှာ ဘိုးဘွားစဉ်ဆက်၊ မိဘစဉ်ဆက်ကျင့်သုံးခဲ့သော အလေ့အထဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ရိုးရာယဉ်ကျေးမှုများကို ဘိုးဘွားမိဘများထံမှ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြ သည်။ ရိုးရာဓလေ့များကို တန်ဖိုးထားလေးစား မြတ်နိုးကြသည်။
ယဉ်ကျေးမှုဆိုသည်မှာ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း စသည်တို့ဖြစ်သည်။ မြန်မာတို့၏ယဉ်ကျေးမှုအစဉ်အလာများသည် ကိုယ်ပိုင်ရပ်တည်ချက်များဖြင့် ရှေးနှစ်ပေါင်းထောင်ချီ၍ ထိန်းသိမ်းစောင့်ရှောက်လာခြင်းဖြစ်သည်။
လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်
သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ကုန်းဘောင်ခေတ်များကတည်းကပင် မြန်မာပညာ ရှိများက ရတု၊ ရကန်၊ ပျို့၊ လင်္ကာ၊ ဧချင်း၊ အဏ်ချင်း၊ သာချင်း၊ တုံချင်း၊ လူးတား၊ လေးဆစ်၊ သဖြန်၊ လေးချိုး၊ လေးထပ်၊ တေးထပ်၊ တောလား၊ တျာ၊ လျှောက်ထုံး၊ မှာတမ်း၊ ပြဇာတ်၊ ဘောလယ် စသည့်စာပေများကို ရေးသားစပ်ဆိုခဲ့ကြသည်။ မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှုများသည် များစွာရှေးကျသည့်ကာလများကတည်းက ရှင်သန်ထွန်းကားခဲ့သည်ဆိုသော သက်သေအထောက်အထားများဖြင့် ရပ်တည်ခဲ့သည်။ ဘိုးဘွားအစဉ်အဆက်တို့ကလည်း လက်ဆင့် ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် ယနေ့ ကာလအထိယဉ်ကျေးမှုများ တည်တံ့လျက်ရှိသည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့် အစဉ်အလာများ မပပျောက်စေရန် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ် မှပင် ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဦးတည်ချက် (၄) ရပ် ချမှတ်ကာ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
အနုပညာရပ်ဟု ခေါ်ဆိုအပ်သည့်အတတ်မျိုး ၆၄ ရပ်တွင် နစ္စဆိုသည့် အကမျိုးစုံအတတ်၊ ဝါဒနဆိုသည့် တီးမှုတ်မျိုးစုံအတတ်၊ ဗျူဟာစရနာဒိပရဏ ဆိုသည့် အတီးအမှုတ်မျိုးစုံတို့တီးမှုတ်၍ စစ်ဆင် စစ်တက်ခြင်း အတတ်များပါဝင်သည်။ အဋ္ဌာရသ သိပ္ပ ၁၈ ပါးတွင်လည်း ဂန္ဓဗ္ဗာဆိုသည့် စောင်းညှင်းစသည့် ကဗျာလင်္ကာ အတတ်၊ ဣတိဟာသဆိုသည့် ရယ်ရွှင်ဖွယ်အတတ်များပါဝင်သည်။ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများသည် များစွာရှေးကျသည့်ကာလကတည်းက ခိုင်ခိုင်မာမာ ရပ်တည်ရှင်သန်ထွန်းကားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ရှေးဘိုးဘွားအစဉ်အဆက်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပြီး အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များဆီသို့ လက်ဆင့်ကမ်းသယ်ဆောင်ပေးခဲ့ကြသည်။ မျိုးဆက်သစ်လူငယ်များကလည်း မိမိတို့လက်ထက်တွင် မတိမ်ကော၊ မပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်သည်။ မထိန်းသိမ်းနိုင်ပါက လူမျိုးနှင့်နိုင်ငံပါ ပျောက်ကွယ်သွားနိုင်သည့်အန္တရာယ်များ ရှိလာမည်။ ရိုးရာယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံတကာမှ မိမိတို့လူမျိုးအပေါ် အထင်ကြီးလေးစား မှုများ လျော့နည်းသွားကာ အမျိုးသားရေးအားမာန်များကိုပါ ထိခိုက်သွားနိုင်သဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ပါသည်။
တစ်ဖက်တွင် ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ရပ်တန့်သွားစေရန်၊ မှေးမှိန်သွားစေရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုများကို အထင်ကြီးပြီး မိမိတို့ယဉ်ကျေးမှုကို အထင်သေးစိတ်များရှိစေရန်နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ မျက်မှောက်ခေတ်တွင် ခေတ်မီနည်းပညာများကိုအသုံးချ၍ မသိမသာရော၊ သိသိသာသာပါ နှောင့်ယှက်ဖျက်ဆီးနေသည်ကို အမျိုးသားရေး အမြင်ဖြင့် မြင်အောင်ကြည့်၍ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူစောင့်ထိန်းသွားကြရပါမည်။
အနုပညာစွမ်းအားဖြင့် စွမ်းဆောင်
ယမန်နှစ် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက “နှစ်ပေါင်းထောင်ချီ ခမ်းနား ထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ရှင်သန်ဖြစ်ထွန်းနေစေရေး အနုပညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှု နှင့် ယဉ်ကျေးမှုအဆင့်အတန်း ဝင့်ထည်မြင့်မားမှု တို့ကို ကမ္ဘာတည်သရွေ့ တည်မြဲခိုင်မြဲနေအောင် အနုပညာစွမ်းအားဖြင့် စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားပြည့်ဝခိုင်မာအောင် အနုပညာ စွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်” တိုက်တွန်း ပြောကြားခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုများ ရှေးခေတ်အဆက် ဆက်မှယနေ့တိုင်အောင် တည်တံ့ခိုင်မြဲနေခြင်းမှာ မျိုးဆက်သစ်လူငယ်များ၏ စွမ်းပကားများကြောင့် ဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့၏ သုခုမအနုပညာ တူရိယာများ မည်သို့ပင်ကွဲပြားနေစေကာမူကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုသည့် မြန်မာ့တူရိယာငါးပါး၏ အခြေခံတွင် တစုတစည်းတည်း တူညီစွာပါဝင်လျက်ရှိကြသည်။ ထို့အပြင် တိုင်းရင်းသားများ၏ အကများသည်လည်း စည်းနှင့်ဝါးကို အခြေခံ၍ခေါင်း၊ ခါး၊ ခြေ၊ လက် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြင့် ကပြကြခြင်းဖြစ်သည်ကို မြင်တွေ့ကြရသည်။ တိုင်းရင်းသားအားလုံး၏ အကများသည်လည်း တူညီသည့်အခြေခံအတွင်းမှ ကပြကြခြင်းဖြစ်သည်။
ခေတ်အဆက်ဆက်တွင် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအနုပညာသည် ကျွန်ဘဝတွင် ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချိုးနှိမ်မှုများကြောင့် မှေးမှိန်ခဲ့ရသည်။ သို့ရာတွင် မြန်မာအနုပညာရှင်တို့က ဖိနှိပ် ချုပ်ချယ်မှုများကြားမှ ကြံ့ကြံ့ခံ၍ အမျိုးသားရေး စိတ်ဓာတ်များဖြင့် ထိန်းသိမ်းခဲ့ကြသည်။ စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးခေတ်များက သီချင်းများ၊ အကများ၊ ရေးသားမှုများနှင့် အတီးအမှုတ်အနုပညာရပ်များသည် ယနေ့ကာလတွင် ခေတ်ဟောင်းအနုပညာရပ်များ ဖြစ်သွားခဲ့သည်။ ယခင်နှစ်များက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ရွက်ပုန်းသီးဝါသနာရှင်များ သည် ဝါသနာရှင်အဆင့်မှ ယခုနှစ်တွင် ပညာရှင်အဆင့်သို့ ယှဉ်ပြိုင်သွားမည့်သူများအဖြစ် မြင်တွေ့ ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အားလုံးက မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့်တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီးမှ ဗဟိုအဆင့်သို့ ယှဉ်ပြိုင်ကြသူများဖြစ်သည်။ တစ်နည်းအားဖြင့်တိုင်းဒေသကြီး/ ပြည်နယ်များ၏ လက်ရွေးစင်များဖြစ်ကြသည်။ ပြိုင်ပွဲဝင်များက မိမိတို့ယှဉ်ပြိုင်ကြမည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ခဲ့ကြပြီး ဖြစ်သည်။ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားလုံးက တစ်ဦးချင်းပြိုင်ပွဲတွင်ဖြစ်စေ၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင်ဖြစ်စေ ယှဉ်ပြိုင်လျှင် အနိုင်ရ ရမည်ဆိုသည့် ရည်မှန်းချက်များထားပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်၍ အားမာန်အပြည့်ဖြင့် အောင်မြင် မှုများရရှိအောင် ယှဉ်ပြိုင်သွားကြရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်တိုင်းက နိုင်ငံတော်ကိုချစ်မြတ် နိုးစိတ်၊ ကိုယ့်လူမျိုးကိုချစ်သည့်စိတ်တို့ဖြင့် ဖန်တီးထားသည့် အနုပညာရပ်များကို ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ခံယူယှဉ်ပြိုင်သွားရန် လိုအပ်ပါသည်။ မြန်မာ့ဂီတ၊ မြန်မာ့အက၊ မြန်မာ့ရိုးရာ အနုပညာရပ် များ ထွန်းကားလာသည်နှင့်အမျှ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာများလည်း တိုးတက် လာမည်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် အောင်မြင်မှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမျိုးသားရေးတာဝန် တစ်ရပ်ကို ထမ်းဆောင်ခြင်းဖြစ်သည်ဟု ဂုဏ်ယူ တတ်ရန် လိုအပ်ပါသည်။
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်သွေးစည်းမှုနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထားရမည့် မျိုးဆက်သစ်လူငယ်များ၊ ဗလငါးတန်နှင့်ပြည့်စုံသော သားကောင်း၊ သမီးကောင်းရတနာများဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ဤသို့ပြုစုပျိုးထောင်ပေးနေခြင်းသည် လူငယ်များ၏ စွမ်းအားများကို နိုင်ငံတော်၏အနာဂတ်တွင် အထောက်အကူရရှိစေရန်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရာတွင် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်သည် တစ်ခုအပါအဝင်ဖြစ်သည်။
မြန်မာတို့၏ ကာလကြာမြင့်စွာ ရှင်သန်ရပ်တည်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်စေရန် ပြိုင်ပွဲဝင်များသာမက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ရှေးဘိုးဘွားအစဉ်အဆက်က ထိန်းသိမ်းလာခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးနေခြင်းဖြစ်၍ ပြိုင်ပွဲကြီးအား ကြိုဆို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကား
-ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ ၏ မြန်မာအဘိဓာန်(တတိယအကြိမ်)
-ဆရာကြီး ဦးသုခ၏ မှတ်အပ်မှတ်ရာ မှတ်စု ပဒေသာ၊ သုခမှတ်စု
-ဆရာကြီးဦးဖေမောင်တင်၏ မြန်မာစာပေ သမိုင်း