Skip to main content

ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက် ပါသည်။

အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုရဲ့ ဒုတိယလှိုင်းမှာ ရောဂါအတည်ပြု လူနာအများဆုံး တွေ့ရှိရတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ် - ၁၉ ကို အတိုင်းအတာ တစ်ခုအထိ စတင်ထိန်းချုပ် လာနိုင်နေပြီလို့ သိရပါတယ်။

ဒါပေမယ့်  သတိလက်လွတ်နဲ့    အမှုမဲ့အမှတ်မဲ့ နေထိုင်နေကြတဲ့ မိဘပြည်သူတွေကိုလည်း တွေ့ရှိ နေရသေးတဲ့ အတွက် မိမိကြောင့်  မိမိနဲ့ ပတ်ဝန်းကျင်ကို ရောဂါကူးစက်မှု ကနေ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် - ၁၉  ကာကွယ်ရေး လမ်းညွှန်ချက်တွေကို   လိုက်နာ နေထိုင် ကြဖို့ တိုက်တွန်းပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို    ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ကိုဗစ် - ၁၉ ဆိုင်ရာ ကာကွယ်ရေး လမ်းညွှန်ချက် တွေ၊ ထုတ်ပြန်ချက်တွေနဲ့အညီ ကျန်းမာရေး အရ ဘေးအန္တရာယ်အနည်းဆုံးနဲ့ လုံခြုံစိတ်ချစွာ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ထားရှိတာတွေကို ပါမောက္ခကြီးတွေ၊  သမားတော်ကြီးတွေက ပြည်သူတွေထံမှ ရွေးကောက်ပွဲအတွင်း ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး သိရှိလိုတဲ့အတွက် မေးမြန်းလာတဲ့ မေးခွန်းတွေကို ထည့်သွင်းပြီး ဖြေကြား ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ရဲ့ မေးခွန်း မေးမြန်း / ဖြေကြားဆွေးနွေးမှုမှာ ဆရာကြီး ပါမောက္ခဒေါက်တာထင်အောင်စော [ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)၊ နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေး အဖွဲ့ဝင်]၊ ဆရာမကြီး ဒေါက်တာဒေါ်သီတာလှ [ဒုတိယ ညွှန်ကြားရေးမှူးချုပ်  (ကုသရေး)၊  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန]၊ ဆရာမကြီး ဒေါက်တာတိုးသီရိအောင် [ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ နှိမ်နင်းရေးဌာနခွဲ)၊ ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန] တို့နဲ့အတူ   ဦးဆောင်ဆွေးနွေးသူအဖြစ်   ဆရာကြီး ဒေါက်တာသန်းနိုင်စိုး [ညွှန်ကြားရေးမှူး (ကျန်းမာရေး အသိပညာမြှင့်တင်ရေး)၊   ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန] က ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကလည်း မကြာခင်အချိန်အတွင်းမှာ ကျင်းပပြုလုပ် ဖို့အတွက် နီးကပ်နေပြီဆိုတော့ ရွေးကောက်ပွဲမှာလည်း  ကျန်းမာရေးနဲ့အညီ  လုံခြုံ စိတ်ချစွာနဲ့ မဲပေးနိုင်ဖို့ အတွက် ကိုဗစ် - ၁၉ ကာကွယ်ရေးနဲ့ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက် ထားရှိမှု အနေအထားတွေကိုလည်း ဆွေးနွေးပေးနိုင်ဖို့အတွက် ဒီနေ့မှာဆရာကြီး ဒေါက်တာသန်းနိုင်စိုးကနေ ဦးဆောင်ဆွေးနွေး ပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ဒေါက်တာသန်းနိုင်စိုး ။ ။ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေ  မေးမြန်းထားတဲ့ မေးခွန်းတွေထဲက   ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ မေးခွန်းတွေကော၊ တခြားမေးခွန်းတွေပါ တွဲဖက်ဖြေကြားပေးမှာ  ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဆရာကြီးပါမောက္ခဒေါက်တာ ထင်အောင်စောကိုဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာထင်အောင်စော ။ ။ ဆေးကုသမှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ မေးတဲ့မေးခွန်းတွေထဲက ပထမဦးဆုံး ကျွန်တော် ဖြေကြားလိုတဲ့အုပ်စုက သွေးတိုးရောဂါ၊ ဆီးချို ရောဂါ၊ နှလုံးရောဂါနဲ့ ရောဂါ အခံရှိသူတွေဟာ ကိုဗစ်ရောဂါ ဖြစ်လို့ရှိရင် ပိုဆိုးတတ်တယ်လို့ သိတဲ့အခါကျတော့ စိုးရိမ် ပြီးမေးကြတဲ့ မေးခွန်း တွေ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဖြေကြားပေးရမယ်ဆိုရင် ဆေးရုံမှာ တာဝန်ကျသူဖြစ်စေ၊  မဲသွားပေးသူဖြစ်စေ  ဒါမှမဟုတ် အိမ်မှာ နေသည်ဖြစ်စေ ရောဂါအခံရှိတဲ့သူတွေ လိုက်နာသင့်တာတွေက ဘာတွေပါ သလဲဆိုရင် မိမိရဲ့ရောဂါ အခံကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းကုသထားဖို့က အဓိက အရေးကြီးပါတယ်။ ဒီနေရာမှာ သောက်သုံး ရမယ့် ဆေးဝါးတွေကို ပုံမှန်ဆေးမှန်မှန် သောက်သုံးခြင်းကလည်း အရေးကြီးပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ရောဂါ ပုံမှန် ရှိ / မရှိ ကိုလည်း စစ်ဆေးနေဖို့က အရေးကြီးပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံ သွေးတိုးရောဂါပညာရှင်အဖွဲ့က ပညာရှင်တွေ၊ ဆီးချိုရောဂါပညာရှင်တွေနဲ့   ကျွန်တော် ဆွေးနွေးတဲ့အခါ သွေးပေါင်ချိန်ကို အိမ်မှာ မှန်မှန်ချိန်ပေး ခြင်းသည် အရေးကြီးပါတယ်။ Home-based Blood Pressure Monitoring ဒါကို လုပ်ပေးဖို့ လိုအပ်တယ်။ ဆီးချိုရောဂါ ဆိုရင်လည်း ဆီးချိုကို ပုံမှန်စစ်ဆေးပေးနေဖို့ လိုအပ်တယ်ဆိုပြီး သူတို့က ဆိုထားကြပါတယ်။ ဒါတွေကို ပုံမှန်ဖြစ်အောင် ဖော်ထုတ် ထားနိုင်မယ်ဆိုရင် အကောင်းဆုံး အခြေအနေနဲ့ အန္တရာယ် အနည်းဆုံးအခြေအနေအဖြစ် သူတို့အနေနဲ့ သတ်မှတ်ထားပါတယ်။

ဒီနေရာမှာ သွေးချိုဆိုရင်လည်း မနက်စောစော သွေးချိုဟာ ၉၀ နဲ့ ၁၀၀ အကြားရှိသင့်တယ်။ သွေးပေါင်ချိန်ဆိုရင် ၁၁၀ / ၈၀ Normal ဒီလိုမျိုးရအောင် ထိန်းထားနိုင်တဲ့ သူဆိုရင် မစိုးရိမ်ရဘူး။ မိမိရဲ့ ရောဂါအခြေအနေက ထိန်းမထားနိုင်ဘူးဆိုရင် ပုံမှန်ပြနေကျ ဆရာဝန်တွေနဲ့ ဆွေးနွေး တိုင်ပင်သင့်တယ်။ တကယ်လို့ ကိုယ်တိုင်မတွေ့နိုင်ဘူးဆိုရင်လည်း တယ်လီဖုန်းနဲ့ အွန်လိုင်းကနေ ဆွေးနွေး တိုင်ပင်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ Call Center တွေဖြစ်တဲ့ 2019 ကိုလည်းကောင်း၊ မြန်မာ နိုင်ငံ ဆရာဝန်အသင်းရဲ့ Facebook Page မှာရေးထားတဲ့ တယ်လီဖုန်း နံပါတ်တွေကနေတစ်ဆင့် သော်လည်းကောင်း၊ ဒါမှမဟုတ် မြန်မာနိုင်ငံသွေးတိုးရောဂါပညာရှင်အဖွဲ့ကနေ Facebook Page မှာ တင်ထားတဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးတာတွေကို လိုက်နာခြင်းအားဖြင့် မိမိရဲ့ရောဂါ ကို ထိန်းသိမ်း ထားနိုင်တယ်ဆိုရင် ဒီလိုမျိုး စိုးရိမ်စရာမရှိဘူးလို့ ဆရာတွေ အားလုံးရဲ့ မှတ်ချက်နဲ့ ကျွန်တော်ပြောကြား လိုပါတယ်။

နောက်ထပ် မေးခွန်းတစ်ခုက သွေးရည်ကြည်သွင်းတာနဲ့ပတ်သက်တဲ့ မေးခွန်းဖြစ်ပါတယ်။   မေးခွန်းရှင်က ဆရာကြီး ပါမောက္ခဒေါက်တာဦးရဲမြကို တိုက်ရိုက်မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ သို့သော် ကျွန်တော်ကပဲ ဆရာကြီး ဦးရဲမြကိုယ်စား ဖြေကြားပေးမှာဖြစ်ပါတယ်။ ဆရာကြီး ဦးရဲမြကို  တယ်လီဖုန်းနဲ့  ခွင့်တောင်းပြီး  ဖြေကြားခြင်း ဖြစ်ပါတယ်။

မေးခွန်းရှင်က သွေးရည်ကြည် သွင်းတဲ့အခါမှာ သွေးအုပ်စုတူမှသာလျှင် သွင်းလို့ရတာလား၊ သွေးအုပ်စု မတူရင်လည်း  သွင်းလို့ရလားဆိုပြီး မေးထားပါတယ်။ သီအိုရီအရ  ပြောမယ်ဆိုရင်  သွေးအုပ်စုမတူရင်လည်း သွင်းလို့ ရပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ အန္တရာယ် အနည်းဆုံး ဖြစ်အောင်လို့ သွေးအုပ်စုတူတဲ့သူ အချင်းချင်းရဲ့ သွေးရည်ကြည်ကိုသာလျှင် သွင်းပေးနေတယ်လို့ သိရပါတယ်။

မေးခွန်းရှင်က တစ်ခါထပ်ပြီး သူ့ရဲ့ သွေးအုပ်စုက ရှားပါးတဲ့ သွေးအုပ်စုအမျိုးအစားဆိုရင် အခက် အခဲရှိမလားလို့ မေးထားပါတယ်။ မစိုးရိမ်ပါနဲ့ ဒီလိုမျိုး သွေးအုပ်စု မတူသော်လည်း စောစောက သွေးအုပ်စုတွေ လုံလောက်အောင် စုဆောင်းထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သွေးရည်ကြည် တွေကို လုံလောက်အောင် စုဆောင်း ထားတဲ့အတွက် ရှားပါးတဲ့  သွေးအုပ်စုအမျိုးအစားတွေကို   ရရှိအောင် လုပ်ပေးနိုင်တယ်လို့ ဆိုတာပါ။ ဒီနေရာမှာ သွေးရည်ကြည် လှူဒါန်းလိုသူများရှိရင်လည်း သတင်းစာ ထဲမှာ သွေးရည် ကြည်လှူလို့ရအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်ဖော်ပြပေးထားပါတယ်။  ဖုန်းနံပါတ် ၀၉ - ၅၁၃၀၄၁၈  အပါအဝင် ဖုန်းဆက်လို့ရတဲ့ နေရာတွေ အများကြီးရှိပါတယ်။ အဲဒီနေရာကနေ ဆက်သွယ်ပြီး လှူဒါန်း ချင်ရင် လှူဒါန်းလို့ရပါတယ်။

နောက်တစ်ဆက်တည်း ပြောလိုတာက အခြားသော ရောဂါအခံရှိတဲ့သူတွေအနေနဲ့ ဆေးကုသမှု ခံယူနိုင်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဆေးကုသမှုဌာန တွေအားလုံးမှာ စီမံပေးထားပါတယ်။ ဒါကြောင့် ဆီးချို ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ “ကိုဗစ် ဖြစ်လာရင် ဆေးကုသမှုတွေကို လုံလောက်အောင် စီမံပေး ထားပြီးဖြစ်ကြောင်း ပြောချင်ပါတယ်။

နောက်ထပ် မေးခွန်းတစ်ခုက Positive ဖြစ်ပြီးသား သူတွေက  ကောင်းသွားပြီ၊  သက်သာသွားပြီ၊  ဆေးရုံက ဆင်းခွင့်ရပြီ၊ Quarantine လည်း ၇ ရက်ပြည့်သွားပြီ အဲဒီမှာ သူတို့တွေသည် ထပ်ကူး နိုင်သေးလား၊ လုပ်ငန်းခွင်ဝင်နိုင်ပြီလား ဆိုပြီး မေးခွန်းမေးလာပါတယ်။ အဖြေက သူတို့တွေသည် သတ်မှတ်ရက် ပြည့်ပြီး သွားပြီ အိမ်မှာလည်း  ၇  ရက်နေပြီးသွားပြီဆိုရင် သူတို့တွေကနေတစ်ဆင့် မကူးနိုင်တော့ပါဘူး။ ဒီလူများသည် လုပ်ငန်းခွင် ထဲ ပြန်ဝင်လို့ရပါပြီ။ မဲရုံကိုလည်း မဲသွားပေးလို့ ရနေတဲ့ အဆင့် ရောက်နေ ပါပြီ။  သို့သော်လည်း ပြည်သူများသည် မျက်နှာဖုံးနဲ့ နှာခေါင်းစည်း တပ်ရမယ်၊ ခပ်ခွာခွာနေရမယ်၊ လက်ဆေးရမယ်ဆိုတဲ့ အများပြည်သူကျင့်သုံးတဲ့ ရောဂါ ကာကွယ်ရေး နည်းစနစ်တွေကို    ဆက်လက်ကျင့်သုံး ရဦးမှာ ဖြစ်ပါတယ်။

အဲဒီမှာ တစ်ဆက်တည်း   မေးထားတဲ့မေးခွန်းက Mask တွေ အကြာကြီးတပ်ထားရင် နှလုံးရောဂါ၊ အဆုတ်တွေကို ထိခိုက်နိုင်သလားလို့ မေးထားတဲ့ မေးခွန်းရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ သုတေသနတွေ ပြုလုပ်ပြီး ဖြစ်ပါတယ်။ နှလုံးတို့၊ အဆုတ်တို့ကို ထိခိုက်တတ်ခြင်း မရှိပါဘူးလို့ ကျွန်တော်အနေနဲ့ ဒီနေရာကနေ အများ ပြည်သူသိရှိအောင်လို့ ဖြေကြားခွင့်ပြုပါ။

နောက်ဆုံးမေးခွန်းတစ်ခုက ရောဂါလက္ခဏာ သိပ်မရှိတဲ့သူတွေ၊ Positive ဖြစ်တယ် ရောဂါ နည်းနည်းပဲ ဖြစ်တဲ့သူတွေဟာ အဆုတ်ပျက်စီးပြီး ကျန်နိုင်ခဲ့သလားဆိုပြီး မေးခွန်းမေးထား ပါတယ်။ အဖြေက ရောဂါလက္ခဏာ နည်းနည်းပဲရှိတဲ့သူ၊ လုံးဝမရှိတဲ့သူသည် အဆုတ်မှာပျက်စီးပြီး မကျန်နိုင်ပါဘူး။ စိုးရိမ်သောက မဖြစ်ပါနဲ့လို့ ကျွန်တော့် အနေနဲ့ ဒီနေရာကနေ ပြောကြားလိုပါတယ်။ ဒီလိုမျိုးမေးခွန်းတွေ ဖြေကြားခွင့်ရတဲ့အတွက်ကြောင့်မို့ အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဒေါက်တာသန်းနိုင်စိုး ။ ။ အခုလို  ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျာ။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) အစ်မ ဒေါက်တာသီတာလှကို မေးခွန်းတွေ ဖြေကြားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ဒေါက်တာဒေါ်သီတာလှ ။ ။ လောလောဆယ် အနေနဲ့လည်း မကြာခင်မှာကျင်းပတော့မယ့်     အထွေထွေရွေးကောက်ပွဲကြီးမှာ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက် အကူပြု ကော်မတီ ဗဟိုအဆင့်မှာ ကျွန်မက အဖွဲ့ဝင်အဖြစ် ပါဝင် ပါတယ်။ ကျွန်မအနေနဲ့ မေးခွန်းတွေထဲမှာ ပါဝင်တဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ မဲပေးမယ့်အချိန် ဆေးရုံမှာ တက်ရောက်ပြီး ကုသမှုခံယူနေရတဲ့   လူနာတွေ အတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ထားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေသိရှိအောင် အနည်းငယ်ရှင်းလင်း တင်ပြ လိုပါတယ်။

အဓိက ဆေးရုံဆိုတဲ့နေရာမှာ ပြည်သူ့ဆေးရုံတွေ ရှိသလို၊ ပုဂ္ဂလိကဆေးရုံတွေလည်း ရှိပါတယ်။ ပြည်သူ့ ဆေးရုံတွေမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာတွေ ကလည်း ကိုဗစ် - ၁၉  ဓာတ်ခွဲ အတည်ပြုလူနာတွေ ရှိသလို၊  “ကိုဗစ်  မဟုတ်သော   တခြားရောဂါတွေနဲ့ ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူနေရတဲ့ လူနာတွေ လည်း ရှိပါတယ်။ မီးဖွားလူနာတွေ အပါအဝင် ဖြစ်ပါတယ်။  ဒါကြောင့် ဒီလိုလူနာတွေအတွက်  ယခင်ထဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေ၊ နည်းဥပဒေတွေ၊ လုပ်ငန်းလမ်းညွှန်တွေမှာလည်း ပါပြီးသား ဖြစ်ပါတယ်။

ဒီလိုဆေးရုံတက်ရောက်နေတဲ့ လူနာတွေအတွက် ကြိုတင်မဲပေးတဲ့ စာရင်းထဲမှာ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များအတိုင်း ကျွန်မတို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ယခုကာလက ကိုဗစ် - ၁၉ ဖြစ်နေတဲ့ ကာလမှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင် နေတဲ့အတွက်ကြောင့် ကိုဗစ် - ၁၉ အတည်ပြုလူနာတွေ၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ  အားလုံးသိကြတဲ့အတိုင်း ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့မှာ ကိုဗစ်လူနာတွေကို  လက်ခံ ကုသပေး နေပြီဖြစ်ပါတယ်။     

ယာယီဆေးရုံသဘောမျိုး  ဖွင့်ထားရတဲ့   ကုသရေးဌာနက ၁၅ ခုရှိပါတယ်။ ဒီနေရာတွေမှာ တက်ရောက်ပြီး ကုသမှုခံယူနေတဲ့ လူနာတွေ ကြိုတင်မဲပေးနိုင်ဖို့အတွက် အထူးအလေးထားပြီး ပြင်ဆင် ဆောင်ရွက်ခဲ့ပါတယ်။

ဒီလို ပြင်ဆင်ဆောင်ရွက်တဲ့နေရာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက     သက်ဆိုင် ရာ ရွေးကောက်ပွဲကော်မရှင်၊ ယခုဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက် အကူပြု ကော်မတီတို့နဲ့  ပူးပေါင်းပြီး   ဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ကော်မတီကို အဆင့်လေး ဆင့်နဲ့ ဖွဲ့စည်းထားပါတယ်။ ဗဟိုအဆင့်၊ တိုင်းဒေသကြီး / ပြည်နယ်အဆင့်၊ ခရိုင် အဆင့်၊ မြို့နယ်အဆင့်ဆိုပြီး ဖွဲ့ထားပါတယ်။ ဒီကော်မတီ တွေရယ်၊ နောက်ဆေးရုံတွေက ဆေးရုံ အုပ်ကြီးတွေရယ်၊ နောက်တစ်ခုက ရွေးကောက်ပွဲ ကော်မရှင်ရယ် ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင် ကလည်း အဆင့်ဆင့်ရှိပါတယ်။ ရပ်ကွက် / ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စသည်ဖြင့် ရှိပါတယ်။ ဒီလို သုံးဦး၊ သုံးဖလှယ် ပူးပေါင်းပြီး ကြိုတင်မဲအတွက် ဆောင်ရွက်တဲ့ နေရာမှာ ကိုယ့်ရဲ့ ဆေးရုံသော်လည်းကောင်း၊ ကုသရေးဌာနသော်လည်းကောင်း ကိုဗစ်ရောဂါဖြစ်စေ၊ တခြားရောဂါဖြစ်စေ တက်ရောက်ကုသမှု ခံယူနေတဲ့ လူနာတွေအနေနဲ့ ကြိုတင် မဲပေးနိုင်ဖို့ ထုတ်ပြန်ထားတဲ့  လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းလမ်းညွှန်တွေအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မိဘပြည်သူတွေကို အသိပေးပြောကြားလို ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပေါင်းစပ်ညှိနှိုင်းမှုသည် အလွန်အရေးကြီးပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတစ်ခုတည်း လုပ်လို့မရတဲ့ အတွက်ကြောင့်မို့ ဒါလေးကို  ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကြိုတင်မဲပေးလိုသော လူနာတွေ အဓိက လုံခြုံစိတ်ချစွာပေးနိုင်ဖို့အတွက် ဒါတွေကို ကျွန်မတို့ အကောင် အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီလို  ကြိုတင်မဲပေးတဲ့နေရာမှာလည်း အဓိကဓာတ်ခွဲအတည်ပြုလူနာတွေက ပိုပြီးအရေးကြီးပါ တယ်။ ကိုဗစ် - ၁၉ လူနာတွေထံကနေ ဆန္ဒမဲ သွားပြီးကောက်ယူမယ့်သူ တွေကို ကျန်းမာရေး ဝန်ထမ်းတွေက ကူညီပေးမှာ ဖြစ်ပါတယ်။ လူနာဆီကနေရောဂါပိုးကို တာဝန်ထမ်းဆောင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက ဝန်ထမ်းတွေရော၊ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်မှုမခံရအောင်လို့  လုပ်ထုံး၊ လုပ်နည်းတွေ၊ လုပ်ငန်း လမ်းညွှန်တွေကို သေသေချာချာ ရေးဆွဲထားပြီး ကြိုတင်မဲပေးမှု စနစ်ကို  စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်။

ဥပမာ - အတည်ပြုလူနာတွေ  ဆေးရုံတွေပေါ်မှာ မဲပေးရာတွင် လိုက်နာရမည့်လုပ်ငန်းစဉ်  ၈  ချက်ကို ရေးဆွဲထားပါတယ်။ နံပါတ် (၁)က ကိုဗစ် - ၁၉ အတည် ပြုလူနာတွေ က အထူးသီးသန့် ခန်းတွေ၊ အထူးကြပ်မတ် ကုသဆောင်တွေမှာ နေရတဲ့အတွက်ကြောင့် ဒီလူတွေသည် လူနာဖြစ်နေ ပေမယ့် နိုင်ငံသားတစ်ယောက်ရဲ့မဲပေး ခွင့်မဆုံးရှုံး ရအောင် ကြိုတင်စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။ အဲဒီနေရာ တွေကို ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ရေးဝတ်စုံအပြည့်အစုံ စနစ်တကျဝတ်ဆင် သွားရောက်ပြီး  ဆန္ဒမဲကိုရယူမှာ  ဖြစ်ပါတယ်။ ဒါက လမ်းမလျှောက်နိုင်တဲ့ လူနာတွေအတွက်ပါ။ တကယ်လို့ ဒီလိုလူနာက  လူနာလည်းဖြစ်တယ်။ လမ်းလည်း လျှောက်နိုင်တယ်ဆိုရင် အထူးသဖြင့် ကုသရေးစင်တာ တွေက လူနာတွေ ဆိုရင် မဲပေးမယ့်နေရာကို စနစ်တကျ သတ်မှတ်ထားတဲ့နေရာမှာ လာရောက်မဲပေးရမှာဖြစ်ပါ တယ်။

အဲဒီလိုမဲပေးတဲ့အခါမှာ မဲဆန္ဒရယူမယ့် ဝန်ထမ်းဘက်ကလည်း အကာအကွယ်တွေ လုပ်ထားရမှာ ဖြစ်သလို မဲပေးမယ့် လူနာကလည်း သေချာသတ်မှတ်ထားတဲ့ KN95 Mask တွေ ဝတ်မယ်။ Gloves တွေ  ဝတ်မယ်။ အဲဒီလိုဝတ်ပြီးမှ အဓိက ကတော့ မဲစာရွက်ကို မထိတွေ့ဘဲ မဲပေးနိုင်တဲ့ စနစ်ကို ကျွန်မတို့ ကျင့်သုံးမှာ ဖြစ်ပါတယ်။ လူတစ်ယောက်က မဲပေးတဲ့အခါ  သူ့မှာရှိတဲ့ Privacy ၊ သူ့မှာရှိတဲ့ လုံခြုံမှုပေါ့။ လုံခြုံမှုဆိုတာ ရောဂါကိုလည်း လုံခြုံရမယ်။ သူဘာကို မဲပေးတယ်ဆိုတာ အများမသိ အောင် ဒီလိုမျိုး Privacy ရရှိရေးကိုလည်း ဦးစားပေးပြီး စီစဉ်သွားမှာဖြစ်ကြောင်း အသိပေး တင်ပြလိုပါတယ်။ ဒါက ပြည်သူ့ဆေးရုံနဲ့ စင်တာပါ။

နောက်တစ်ခု ကျွန်မပြောချင်တာက ပုဂ္ဂလိကဆေးရုံတွေပါ။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း တက်ရောက် ကုသနေတဲ့ လူနာတွေရှိပါတယ်။ လောလောဆယ် ဒီနေ့အထိကတော့ ပုဂ္ဂလိက ဆေးရုံတွေမှာ  တက်ရောက် ကုသနေတာက Non Covid လူနာတွေ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါကို ကုသခွင့်မပြုသေးပါဘူး။ ဒါပေမယ့်လည်း ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပြီဖြစ်ပါ တယ်။ မကြာမီ အချိန်အတွင်းမှာ ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို ရောဂါ ရှိ/  မရှိ စစ်ဆေးခွင့်နဲ့ ကုသခွင့်တွေပေးဖို့အတွက် မူအရတော့ ခွင့်ပြုထားပါပြီ။ အသေးစိတ်လုပ်ငန်းတွေကို ဆက်လက်ပြီး တော့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကိစ္စကိုလည်း တစ်ပါတည်း မိဘပြည်သူတွေကို အသိပေးရင်းနဲ့ ပုဂ္ဂလိကဆေးရုံမှာ တက်ရောက် နေတဲ့ Non Covid လူနာတွေအတွက်က ဒီဘက်ပြည်သူ့ ဆေးရုံတွေမှာ လုပ်နေတဲ့ လုပ်ငန်းစဉ်အတိုင်း ကြိုတင်မဲစနစ်နဲ့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း မိဘပြည်သူတွေကို အသိပေးလိုပါတယ်။ ကျေးဇူး တင်ပါတယ်ရှင်။

ဒေါက်တာသန်းနိုင်စိုး ။ ။ ဆက်လက်ပြီးတော့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်ကို မေးခွန်းများဖြေကြားပေးဖို့ ဖိတ်ခေါ်ပါ တယ်။

ဒေါက်တာတိုးသီရိအောင် ။ ။ ကျွန်မဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြည်သူအများ စိတ်ဝင်စားနေတဲ့၊ မေးခွန်းတွေ မေးမြန်းမှုတွေရှိတဲ့ ကွာရန်တင်းစင်တာတွေမှာ ကြိုတင်မဲပေးရာမှာ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ထားရှိမှု အခြေအနေကို မေးမြန်း ထားတဲ့မေးခွန်းတွေကို ခြုံငုံပြီး ပြန်လည်ဆွေးနွေး ဖြေကြား သွားမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရာမှာ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများနဲ့အညီ ဆောင်ရွက် နိုင်ဖို့ကို ဆွေးနွေးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ ကွာရန် တင်းစင်တာတွေကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေတဲ့ ပြည်သူလူထုသည် ကြိုတင်မဲပေးခွင့်ရဖို့၊ မဆုံးရှုံးဖို့၊ မဲပေးခြင်းလုပ်ငန်းစဉ်ကနေ ကိုဗစ် - ၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုမရှိစေဖို့  ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ထားရှိဖို့အတွက် စံလုပ်ငန်းလမ်းညွှန်ချက်ကို ချမှတ်ပြီး ဖြစ်ပါတယ်။

ချမှတ်ထားတဲ့ လုပ်ငန်းလမ်းညွှန်ချက်ကိုလည်း တိုင်းဒေသကြီး / ပြည်နယ်၊ မြို့နယ်အဆင့်ဆင့်ကို သင်တန်း တွေ ပို့ချပေးပြီးဖြစ်ပါတယ်။ ပထမအနေနဲ့ ကွာရန်တင်းစင်တာမှာ တာဝန်ယူထားတဲ့၊ တာဝန်ရှိတဲ့သူတွေကနေ စီစဉ် ဆောင်ရွက်ပေးရမယ့်လုပ်ငန်းတွေ ဖြစ်ပါတယ်။

နောက်တစ်ခုက  ကွာရန်တင်းစင်တာမှာ တာဝန်ထမ်းဆောင်မယ့် ကြိုတင်မဲကောက်ယူရာမှာ ပါဝင်တာဝန် ထမ်းဆောင်ကြမယ့်  ဝန်ထမ်းတွေအားလုံး   ပူးပေါင်း ဆောင်ရွက် ပေးရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ နောက်တစ်ခုက ကြိုတင်မဲပေးမယ့် မဲဆန္ဒရှင်တွေက ပူးပေါင်းဆောင်ရွက်ပေးရမယ့် လုပ်ငန်းစဉ်တွေဆိုပြီး လုပ်ငန်းစဉ် သုံးပိုင်း ခွဲကြည့်လို့ရပါတယ်။

ဒီအထဲမှာ ပထမဆုံးက ကွာရန်တင်းစင်တာတွေမှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ကြိုတင်မဲပေးဖို့ အတွက် နေရာလေးပါ။ ဒီနေရာလေးက လေဝင်လေထွက်ကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်းရှိမယ်။ မဲပေးမယ့်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခြားတန်းစီ  စောင့်နိုင်မယ့်နေရာ ဖြစ်ရမယ်။ ကြိုတင်မဲကောက်ယူမယ့်   သူတွေက လည်း ခြောက်ပေအကွာအဝေးနဲ့ နေနိုင်မယ့် အနေအထားရှိရမယ့် နေရာကို စီစဉ်ပေးထားဖို့ လိုပါတယ်။ ဒီလိုစီစဉ်ပေးထားဖို့လည်း လမ်းညွှန်ချက်တွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

နောက်တစ်ချက်က  ဒီကွာရန်တင်းစင်တာတွေကို ကြိုတင်မဲကောက်ယူခြင်း မစတင်စဉ်မှာပဲ မဲပေးတဲ့နေရာ တွေကို   ပိုးသန့်စင်ခြင်းလုပ်ငန်းတွေ   လုပ်ပေးထားဖို့ လမ်းညွှန် ထားပါတယ်။ မဲပေးပြီးသွားရင်လည်း ဒီနေရာကို ပိုးသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးဖို့ လိုပါတယ်။

ကွာရန်တင်းစင်တာမှာရှိတဲ့ ပြည်သူတွေ  မဲလာရောက် ပေးတဲ့အချိန်မှာ အချင်းချင်းကူးစက်  ရောဂါဖြစ်ပွားမှု မရှိအောင်၊  နောက်ပါဝင်တာဝန်ထမ်းဆောင်တဲ့သူတွေက လည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမဖြစ်အောင် စသည်ဖြင့် အားလုံးက လုံလုံခြုံခြုံဘေးကင်းဖို့အတွက် လိုအပ်တဲ့ရောဂါ ကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ဖို့ အတွက် ကြီးကြပ် ဆောင်ရွက်ပေးသွားဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မဲပေးမယ့်နေရာကို သူတို့လာမယ့်အချိန်မှာ   အဝင် အထွက်မှာ လက်သန့်စင်ဖို့၊ လက်ဆေးဖို့အတွက် ဘေစင်၊ ဆပ်ပြာ ဒါမှမဟုတ်ရင်လည်း ရေမလိုလက်သန့်စင်ဆေးရည် Hand Gel တွေကို အဝင်အထွက်မှာ ထားရှိပေးသွားဖို့ ဖြစ်ပါတယ်။ ပြီးရင် မဲရုံထဲမှာ မဲပေးတဲ့လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာလည်း အမှိုက်ထွက် ရှိလာခဲ့ရင် စွန့်ပစ်ဖို့အတွက် စနစ်တကျခြေနင်းပါတဲ့ အမှိုက်ပုံးကို ထားရှိပေးဖို့ ကျွန်မတို့ စီစဉ်ဆောင်ရွက် ထားပါတယ်။

မဲကောက်ယူတဲ့  လုပ်ငန်းစဉ်မှာလည်း  စောင့်တဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှု မရှိအောင် စောင့်ဆိုင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ  ဝတ်ဆင်မယ့်  ဝတ်စုံတွေကို အောက်ခြေအထိ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ ဒီဝတ်စုံတွေ သည် လိုအပ်တဲ့၊ ဝတ်ဆင်မယ့် သူတွေဆီ ရောက် / မရောက် ကိုလည်း ကွာရန်တင်းစင်တာ ကြီးကြပ် တာဝန်ယူတဲ့သူ တွေက ဆောင်ရွက် ပေးသွားဖို့ ဖြစ်ပါတယ်။

နောက်တစ်ပိုင်းက ကွာရန်တင်းစင်တာမှာ ကြိုတင်မဲ ကောက်ယူတဲ့နေရာမှာ ပါဝင်ဆောင်ရွက်မယ့် ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကြိုတင်မဲကောက်ယူရာမှာ ပါဝင်ဆောင်ရွက် မယ့် ဝန်ထမ်းတွေက  သူတို့အနေနဲ့   လိုအပ်တဲ့ရောဂါ ကာကွယ်ရေးဝတ်စုံတွေကို အပြည့်အစုံ ဝတ်ဆင်ဖို့လိုပါ တယ်။

ဒီလိုဝတ်ဆင်ရာမှာ Surgical Grown Cap နဲ့ KN95 Mask ကို ဝတ်ဆင်ရမှာ  ဖြစ်ပါတယ်။  Face   Shield ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ Gloves ကိုဝတ်ဆင်ဖို့ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း သူတို့တွေမှာ သူတို့ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူတို့မိသားစုတွေမှာပဲဖြစ်ဖြစ် ဖျားနာတာတွေ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာတွေရှိတယ်ဆိုရင် ကြိုတင်မဲကောက်ယူတဲ့ လုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက် ခြင်းမပြုဘဲ ခွင့်တိုင်ပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက် မှုကိုခံယူဖို့ အဆင့်ဆင့် ညွှန်ကြားထားရှိပြီး ဖြစ်ပါတယ်။

နောက်တစ်ခုက ကွာရန်တင်းစင်တာထဲကနေ ဆန္ဒမဲပေးမယ့်သူတွေကို  ပုံမှန်လည်း  ကျွန်မတို့ ကွာရန်တင်းစင်တာမှာ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပြီး   ကြိုတင်ဆန္ဒမဲ ကောက်ယူတဲ့အချိန်မှာလည်း ထပ်မံပြီး အဖျားတိုင်းဖို့ကိုလည်း လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုအဖျားတိုင်းတဲ့အချိန်မှာလည်း ဆောင်ရွက်မယ့် သူတွေသည် ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်း လမ်းညွှန်နဲ့ အညီ  အဖျားတိုင်းကြဖို့ ဖြစ်ပါတယ်။ ပါဝင်ဆောင်ရွက်တဲ့သူတွေ အားလုံးကလည်း မဲပေးခြင်းလုပ်ငန်းစဉ်မှာ လုံခြုံစိတ်ချရဖို့အတွက်၊ ကိုဗစ် - ၁၉ ရောဂါကူးစက်မှု ကင်းဝေးစေဖို့အတွက်ကို အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရမှာ ဖြစ်ပါတယ်။

ပြီးရင် မဲဆန္ဒရှင်တွေ  ဆောင်ရွက်ရမယ့်  လုပ်ငန်း ရှိပါတယ်။ မဲဆန္ဒရှင်တွေကလည်း မဲကောက်ယူ တဲ့သူတွေ ဝတ်ဆင်သလိုမျိုး  ရောဂါကာကွယ်ရေး   ဝတ်စုံဝတ်ဆင် ရပါမယ်။ သူတို့အတွက်က KN95 Mask နဲ့ Face Shield ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလို ကာကွယ်ရေးပစ္စည်းကို သေချာဝတ်ဆင်ပြီးတော့မှ မဲပေးတဲ့နေရာကို လာရောက်ဖို့ ဖြစ်ပါတယ်။ လာရောက်ချိန်မှာလည်း အသင့်ထားရှိ ပေးထားမယ့်  လက်သန့်စင်ဆေးရည်ကို   အသုံးပြုပြီး လက်သန့်စင်ဖို့ဖြစ်ပါတယ်။ ပြီးရင် မဲပေးဖို့စောင့်ဆိုင်း တဲ့အချိန်မှာလည်း တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်မနေဘဲ ခပ်ခွာခွာနေပြီး စောင့်ဆိုင်းပေးဖို့ ဖြစ်ပါတယ်။ အနည်းဆုံး ခြောက်ပေ အကွာအဝေးမှာ တစ်ယောက်နဲ့ တစ်ယောက် နေထိုင်ဖို့ ဖြစ်ပါတယ်။

မဲပေးမယ့်လုပ်ငန်းစဉ်ကတော့ မဲဆန္ဒပြုမယ့်သူက မဲကောက်ယူမယ့် ကျန်းမာရေးဝန်ထမ်းကို ဆန္ဒမဲပေးချင်တဲ့ သူ့ဆန္ဒကိုပြောပြီးတော့ ဆန္ဒမဲကို ကျန်းမာရေးဝန်ထမ်းက  ကိုယ်စားဆန္ဒမဲပေးမှာ  ဖြစ်ပါတယ်။   ဒါကြောင့် မဲလက်မှတ်က မဲဆန္ဒရှင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိပါဘူး။ ဒါပေမယ့် အဲဒီလို  ကောက်ယူရာမှာ   တစ်ဦးနဲ့တစ်ဦး မနီးကပ် ဖို့တော့ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

အဲဒီလို ဆန္ဒမဲပေးရာမှာ ဘေးလူတွေလည်း မသိရအောင်၊ လုံခြုံမှုရှိအောင်ပေးနိုင်မယ့် နေရာတွေဖြစ်ဖို့ကိုလည်း စီစဉ်ထားဖို့အရေးကြီးပါတယ်။ ဒါကိုလည်း ကျွန်မတို့ အဆင့်ဆင့်ညွှန်ကြား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ဒေါက်တာသန်းနိုင်စိုး ။ ။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးသွားတဲ့ ဆရာမဒေါ်တိုးသီရိအောင်ကို  အထူးကျေးဇူးတင်ရှိပါတယ်။ ကျန်ရှိတဲ့မေးခွန်းတွေကို ကျွန်တော့်အနေနဲ့ ခြုံငုံပြီး ဖြေကြားပေး ပါမယ်။

အခုလက်ရှိအခြေအနေကို ပြန်လည်ပြီးသုံးသပ်ကြည့် တဲ့အခါ ဒီနှစ်ကတော့ ကိုဗစ် - ၁၉ ဖြစ်တဲ့ ကာလနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပမယ့်အချိန် ကာလနဲ့ တိုက်ဆိုင်တယ်။ အဲဒီ လိုပဲ ကျွန်တော်တို့လို တိုက်ဆိုင်တဲ့ နိုင်ငံတော်တော်များများလည်း ရှိပါတယ်။ ဒီနိုင်ငံတကာရွေးကောက်ပွဲ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ကို Experiences Sharing တွေရှိပါတယ်။ အထူးသဖြင့် ကိုရီးယားနိုင်ငံနဲ့ ဗီဒီယိုကွန်ဖရင့်တွေ လုပ်ခဲ့ပါတယ်။ ဥရောပ သမဂ္ဂနဲ့လည်း ဗီဒီယိုကွန်ဖရင့်တွေ လုပ်ခဲ့ပါတယ်။ US CDC က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ Guideline ၊ WHO က ထုတ်ပြန် တာတွေလည်း ရှိတယ်။

ဒါတွေအကုန်လုံးကို  ကျွန်တော်တို့က လေ့လာသုံးသပ်ပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီမယ့် အနေအထား မျိုးတွေကို ပြန်လည်ပြီးဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေ အားလုံးက       ကျွန်တော် တို့အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ ကျန်းမာရေးဆိုင်ရာ   အထောက်အကူပြုကော်မတီတို့ အကြိမ်ကြိမ်အခါခါ ဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စု ဝန်ကြီးရဲ့ လမ်းညွှန်မှုတွေလည်း ကျွန်တော်တို့ အများကြီး ရခဲ့ပါတယ်။ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်မှု၊ ပံ့ပိုးမှုတွေလည်း အများကြီးရ ခဲ့ပါတယ်။  “ကိုဗစ် ကိုကာကွယ်ရင်းနဲ့ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ကြမယ် ဆိုပြီး ကျွန်တော်တို့အားလုံး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်က လည်း မိဘပြည်သူတွေ အနေနဲ့ တက်တက်ကြွကြွ  အားလုံးပူးပေါင်းပါဝင်မှသာလျှင် ဒီလုပ်ငန်းစဉ် ကြီးက လည်း အောင်မြင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့    ခြုံငုံပြီးပြောရရင်   နိုဝင်ဘာ ၈ ရက်ဆိုရင် မဲပေးရတော့မယ်။ တချို့အချက်တွေကို ထပ်မံပြီး ပြောကြားလိုပါတယ်။ နံပါတ်တစ် မဲပေးမယ့် လူတစ်ယောက် က အိမ်ကထွက်မယ် ဆိုရင် Mask ကို မဖြစ်မနေတပ်ရမှာ ဖြစ်ပါတယ်။  မဲရုံကိုရောက်ရင် သတ်မှတ်ထားတဲ့ KN95 Mask ကို မိမိဘာသာလဲလှယ် တပ်ဆင်ရမှာ ဖြစ်ပါတယ်။ လက်ကိုလည်း လက်ဖျန်း ဆေးရည်အသုံးပြုပြီး ဆေးကြောပေးမှာ ဖြစ်တယ်။ အဲဒီအခါ  အရေးကြီးတာက လက်သည်းရှည်တွေကို ညှပ်လာဖို့ လိုပါတယ်။ လက်သည်းရှည် တွေ မညှပ်ထားရင် ခုနပြောတဲ့ လက်ဖျန်းဆေးရည် ဖျန်းတဲ့အခါ လက်သည်း တွေကြားထဲကို ပိုးသန့်စင်ဆေးရည်က မဝင်ရောက်နိုင်ရင် လက်သည်းကြားထဲမှာ ပိုးရှိရင် အဲဒီပိုးက မသေနိုင်ဘူး။ ဒါကြောင့် လက်သည်းရှည်တွေကို ညှပ်လာပေးပါလို့ ပန်ကြားလိုပါတယ်။

ပြီးရင် လက်ဖျန်းဆေးရည်ဖျန်းတဲ့အခါ အရေးကြီးတဲ့ အချက်က လက်ဖဝါးကို  အရင်ဖျန်းမယ်။  အဲဒီအခါ လက်ချောင်းတွေကို ကားထားပေးရမှာ ဖြစ်ပါတယ်။ လက်ချောင်း လေးတွေ  ကားမှသာလျှင်   လက်ဖျန်း ဆေးရည်က လက်ချောင်းလေးတွေကြားထဲကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။  ပြီးတဲ့အခါ  လက်ခုံလေး သေသေချာချာ မှောက်ပေး မယ်။ အဲဒီအခါကျရင်လည်း သေသေချာချာ  လက်ချောင်းတွေကို ကားထားပေးရမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့မှ ပိုးသန့်စင် ဆေးရည်က လက်ဖဝါး၊ လက်ချောင်း၊ လက်သည်းခွံအောက်ပါ မကျန် အကုန်လုံးအနှံ့ရောက်ရှိ သွားမှာ ဖြစ်ပါတယ်။

အဲဒီလို ရောက်ရှိပြီးရင်တော့ လက်ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်စေရ ဆိုတဲ့ လက်ဆေးခြင်းအဆင့် ၇ ဆင့်နဲ့ နှံ့စပ်အောင်ပွတ်ပြီး ဆေးကြောရမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင် ၅ စက္ကန့်၊ ၁၀ စက္ကန့်လောက် စောင့်လိုက်ရင်တော့ ခြောက်သွေ့တဲ့၊ ပိုးကင်းစင်တဲ့ လက်တစ်စုံကို ရပါပြီ။ အဲဒီအခါကျရင် မိမိတို့ဆောင်ရွက်လိုတဲ့ မဲပေးခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်လို့ရပါတယ်။

ပြီးတော့   တချို့နေရာတွေမှာ မှတ်ပုံတင်ထည့်ဖို့ လည်ဆွဲတွေလည်း မဲရုံမှာ အဆင်သင့်ရရှိမှာ ဖြစ်ပါ တယ်။ အဲဒီအခါ မှတ်ပုံတင်ကို ကိုယ့်အိတ်ထဲကနေထုတ်ပြီး မှတ်ပုံတင်နဲ့ တိုက်ဆိုင်စစ်ဆေးမယ့်   မဲစာရင်းစစ်တဲ့ အဖွဲ့ကိုလက်ကနေ ထုတ်ပြီးပေးရမယ်ဆိုရင် ထပ်ပြီးပေးနိုင်တယ်၊ ပိုးတွေရှိရင်လည်း ကိုယ့်လက်မှာ ကပ်ငြိနိုင်တယ်။ အဲဒီလိုမဖြစ်အောင် အိတ်ကလေးထဲမှာ ထည့်ပြီးပေးမယ်ဆိုရင်တော့ မိမိကိုယ်တိုင် အတွက်ရော တစ်ဖက်ကကိုင်တွယ်မယ့် လူအတွက်လည်း အင်မတန် ကောင်းမွန်မယ့်အနေအထား ဖြစ်ပါတယ်။

အဲဒီလို မဲပေးခြင်းလုပ်ငန်းစဉ်ပြီးဆုံးရင် လက်ဖျန်းဆေးရည်နဲ့ တစ်ခေါက်ထပ်ပြီးဖျန်းမှာ  ဖြစ်ပါတယ်။ အဲဒီအခါကျတော့ အခြောက်မြန်ဖို့အတွက်ကို အယ်လ်ကို ဟောပမာဏ ပိုမိုပြင်းတာကို   သုံးမှာဖြစ်ပါတယ်။  ခဏလေး ၅ စက္ကန့်၊ ၁၀ စက္ကန့်လောက်တော့ အခြောက်ခံရမှာ ဖြစ်ပါတယ်။  ခြောက်တယ်ဆိုတာ သေချာမှ လက်သန်းမင်တို့ခြင်း လုပ်ငန်းစဉ်ကိုဆောင်ရွက်ပြီးရင်တော့ ပြီးပါပြီ။

အဲဒီတော့ ကျွန်တော့်အနေနဲ့ အားလုံးကို ပြန်ပြီးခြုံငုံ သုံးသပ်ရရင် ရွေးကောက်ပွဲကျင်းပတဲ့ လုပ်ငန်း စဉ်က နိုင်ငံတကာရဲ့ တွေ့ရှိမှုတွေကိုလည်း အခြေခံထားတယ်။ နိုင်ငံ တကာမှာ ကျင်းပ အောင်မြင်ပြီးတဲ့ အဖွဲ့အစည်း တွေဆီကလည်း အတွေ့အကြုံတွေ အများကြီးရရှိထားတယ်။ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ရဲ့ ကူးစက်မှုကိုတော့ ကောင်းကောင်းသိနေပြီ။ ကူးစက်နိုင်တာကို  ကာကွယ်ဖို့ Surgical Mask နဲ့ Cloth Mask တို့ ဘာပဲတပ်ထားတပ်ထား  နှစ်ဖက်တပ်ထားရင် တော်တော်လုံနေပြီ။

လေထဲက ကူးစက်ဖို့ဆိုတာ တော်တော်နဲ့တော့ မဖြစ်နိုင်ဘူး။ အဲဒီထက်ပိုပြီး စိတ်ချရတာက KN 95 Mask ဆိုတာ ၀ ဒသမ ၃ မိုက်ခရွန်ရှိတဲ့အစက်အမှုန်လေးတွေရဲ့ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ပေး နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပါဝင်တဲ့အစက်အမှုန်လေးတွေက ၀ ဒသမ ၃ မိုက်ခရွန်ထက်စာရင် တော်တော်ကြီးတယ်။ ဒီ KN 95 mask ကို လူနှစ်ယောက်က နှစ်ဖက်ပြိုင်တပ်ထားရင် အင်မတန်မှ ကူးစက်ဖို့ နည်းသွားပြီ။ မကူးစက်နိုင်သလောက်ကို ဖြစ်သွားပြီ။

နောက်ပြီး ကူးစက်မှု များပြားရာဒေသတွေမှာလည်း  Face Shield လေးပါတွဲပြီး အသုံးပြုမယ့် အခါကျတော့ နှစ်ထပ်ကွမ်းကာကွယ်မှုရတယ်။  တစ်ဖက်ကလည်း မဲရုံမှာ တာဝန်ကျတဲ့  စေတနာ့ ဝန်ထမ်းတွေ၊ တာဝန်ရှိသူ တွေကလည်း Face Shield တို့၊ အပူချိန်တိုင်းမယ့်သူဆိုရင်  Apron ဝတ်တာတို့   ဒီလိုမျိုး   သူတို့ဘက်ကလည်း  ကာကွယ် ထားမှာ  ဖြစ်တာမို့  ဒါသည် ဘာပဲပြောပြော ရောဂါကူးစက်နိုင်ခြေက  အလွန့်အလွန်နည်းသွားတဲ့ အနေအထားဖြစ်တယ်။

တစ်ဖက်ကလည်း လူအုပ်စုလည်း မဖြစ်ရအောင် အတွင်းစည်း၊ အပြင်စည်း ဆောင်ရွက်မယ့် အစီအစဉ်တွေကို ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေကလည်း ပြောကြားပြီးဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော် တို့အနေနဲ့ အင်မတန်မှ ကောင်းမွန်ပါတယ်။ ဒီလို အနေအထားမျိုးမှာ စိတ်ချ လက်ချ မဲပေးလို့ရပါတယ်။ ကျန်းမာရေးအရ လုံခြုံစိတ်ချစွာနဲ့ မဲပေးလို့ရတယ်ဆိုတဲ့ Message ကိုလည်း ဒီနေရာကနေ ပြောကြား လိုပါတယ်။ ကျွန်တော် တို့ကိုယ်တိုင်လည်း အဲဒီနေ့ကျရင် မဲရုံကို သွားပေးမှာပါ။

ဒီလိုမျိုးကျွန်တော်တို့ အပြင်ထွက်တာနဲ့ Mask ကို တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဖက်ကလည်း လူစုလူဝေးရှောင်ကြဉ်ခြင်း၊ တစ်နည်းအားဖြင့် ခပ်ခွာခွာနေခြင်း ဒီအလေ့အကျင့်လေးတွေကို   ရွေးကောက်ပွဲမှာ မဲပေးတာကနေတစ်ဆင့် မိမိအိမ်ကိုလည်းပါအောင် ဆောင်ယူသွားစေချင် ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးမှာ အလွန်ထိရောက်တဲ့၊ တစ်ကမ္ဘာလုံး လက်ခံထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်ပါတယ်။

မိဘပြည်သူအားလုံးက ဝိုင်းဝန်းပြီးဆောင်ရွက် လိုက်မယ်ဆိုရင် မကြာခင်မှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်တဲ့၊ ပြည်တွင်းကူးစက်မှုကင်းစင်တဲ့ လမ်းကြောင်းပေါ်ကို ကျွန်တော်တို့ ပြန်လည် ရောက်ရှိ မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ တင်ပြရင်းနဲ့ အားလုံးကို  နှုတ်ဆက်လိုက်ပါတယ်။  ဒီနေ့အစီအစဉ်မှာ ပါဝင်ဖြေကြားပေးကြတဲ့ ဆရာကြီး ဆရာမကြီးတွေအားလုံး၊ စီစဉ်ပေးတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနဲ့  ပြန်ကြားရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။        ။

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်