Skip to main content

ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းတော်ကြီးက ကြိုဆိုပါ၏

ဝင်းထွဋ်ဦး

ဩဂုတ်လ ပထမပတ်ထဲက နေ့တစ်နေ့ နံနက်ခင်းသတင်းစာဖတ်ရင်း ကြော်ငြာစာမျက်နှာထိပ်ဆုံးမှာ “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)က ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဒီပလိုမာပထမနှစ် သင်တန်းသားခေါ်ယူခြင်း” ဆိုတဲ့ ကြော်ငြာလေးကို ဖတ်လိုက်မိပါတယ်။ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ဆိုတာကိုဖတ်မိတော့ စိတ်ဝင်စားသွားမိတယ်။ ကွင်းစကွင်းပိတ် ( - )နဲ့ ရေးထားတာလေးက ကိုယ့်မွေးရပ်မြေ၊ ကြီးပြင်းရာဒေသ၊ နေထိုင်နေဆဲမြို့အဝန်းအဝိုင်းထဲက ဖြစ်နေလို့ပါပဲ။ အဲဒီကြော်ငြာလေးကို ဆက်ဖတ်လိုက်မိပါတယ်။

ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအား (သိပ္ပံတွဲ)နဲ့ အောင်မြင်ပြီး လျှောက်လွှာပိတ်ရက် (၃၀-၉-၂၀၂၅) ရက်နေ့မှာ အသက် ၂၂ နှစ်ထက် မကြီးသူဖြစ်ရပါမယ်။ ဒီပလိုမာသင်တန်းကို တက်ရောက်ခွင့်ရရှိသူဟာ သုံးနှစ်သင်တန်း တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းအောင်မြင်ပါက ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာ အောင်လက်မှတ် (Diploma in Fisheries and Aquaculture)ပေးအပ်မှာ ဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေရရှိ

ဒီပလိုမာသင်တန်း အောင်မြင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများကို ရန်ကုန်တက္ကသိုလ်မှာ B.Sc (Fisheries and Aquaculture) သင်တန်းတက်ရောက်ဖို့ ဝင်ခွင့်ဖြေဆိုခွင့်ရရှိမယ်လို့ ဖော်ပြထားပါတယ်။ ဒီပလိုမာသင်တန်းသုံးနှစ်ပြီးဆုံးပါက ဌာနနဲ့ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်။ တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ကြတဲ့အထဲက(သိပ္ပံတွဲ)နဲ့ အောင်မြင်ကြပြီး ငါးလုပ်ငန်းနဲ့ရေသတ္တဝါ မွေးမြူရေးစိတ်ပါဝင်စားကြတဲ့ သားငယ်သမီးငယ်တွေ အနာဂတ်အတွက် ကောင်းလိုက်တဲ့ အစီအစဉ်ပါပဲလို့ စိတ်ထဲတွေးတောမိလိုက်တယ်။ တစ်ဆက်တည်းပါပဲ အဲဒီငါးလုပ်ငန်းသိပ္ပံ (တွံတေး)ကျောင်းတော်ကြီးရဲ့အကြောင်းကို နိုင်ငံတစ်ဝန်းလုံး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အသီးသီးက ငါးလုပ်ငန်းနဲ့ရေသတ္တဝါမွေးမြူရေး စိတ်ပါဝင်စားကြတဲ့ သားငယ်သမီးငယ်တွေ သိရှိဗဟုသုတရနိုင်ကြစေဖို့ ဆောင်းပါးလေးတစ်ပုဒ် ရေးလိုက်ရရင် ကောင်းမှာပဲလို့ စဉ်းစားမိလိုက်တယ်။

ဒီလိုနဲ့ရက်သိပ်မကြာလိုက်ပါဘူး၊ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)မှာ ကျင်းပမယ့် အသိပညာပေး ဟောပြောပွဲမှာ သားငယ်သမီးငယ်တွေကို စာပေနဲ့ဆိုင်တဲ့ ဗဟုသုတရဖွယ် အကြောင်းအရာတွေ ပြောပြပေးဖို့ ဖြစ်လာခဲ့တယ်။ ဟောပြောပွဲမှာ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူး၊ စာဖတ်ခြင်း အလေ့အထ၊ စာဖတ်ရှိန်မြင့်မားတိုးတက်စေဖို့နဲ့ စကားလက်ဆောင် စတာတွေကို ရှင်းလင်းပြောပြပေးခဲ့တယ်။

မမျှော်လင့်ထားဘဲ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းတော်ကြီးဆီရောက်ခဲ့တယ်။ ကျောင်းတော်ကြီးကို မျက်မြင်တွေ့ခဲ့ရသလို ကျောင်းတော်ကြီးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို အတော်များများ သိခဲ့ရတယ်၊ မှတ်သားခွင့်ရခဲ့တယ်။ အဲဒါကြောင့်ပဲ အရင်ကငါးလုပ်ငန်းနဲ့ရေသတ္တဝါ မွေးမြူရေးစိတ်ပါဝင်စားကြတဲ့ သားငယ်သမီးငယ်တွေ သိရှိဗဟုသုတရနိုင်ကြစေဖို့ ဆောင်းပါးလေးတစ်ပုဒ် ရေးမယ့်စိတ်ကူးကို ချက်ချင်းဆိုသလို အကောင် အထည်ဖော်လိုက်မိပါတယ်။

သားတို့ သမီးတို့ရေ...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲအောက်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)ကို မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ် သို့မဟုတ် ငါးလုပ်ငန်းဒီဂရီကောလိပ်တစ်ခု ဖြစ်လာစေဖို့ မျှော်မှန်းပြီး စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး ငါးလုပ်ငန်းသိပ္ပံကျောင်း

ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်းဖွင့်ပွဲနဲ့ ရေသတ္တဝါမွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်း ဖွင့်ပွဲကိုတော့ ၁၂-၁၂-၂၀၂၂ ရက်က ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကြီးဟာ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအောင်လက်မှတ် (Diploma in Fisheries and Aquaculture) အပ်နှင်း မယ့် ပထမဆုံးသိပ္ပံကျောင်းလည်း ဖြစ်ပါတယ်။

ငါးလုပ်ငန်းသိပ္ပံ (တွံတေး)ရဲ့ တည်နေရာ အကျယ်အဝန်းကို ဆက်ပြီးပြောပြချင်ပါတယ်။ ရန်ကုန်မြို့ကနေဆိုရင်၂၆ ဒသမ ၉၅၆ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိပါတယ်။ တွံတေး-မအူပင် ကားလမ်း တွံတေးခရိုင် တွံတေးမြို့နယ် ဇီးဖြူကုန်း ကျေးရွာနဲ့ မြဂိုးကျေးရွာအကြားမှာပါ။ အကျယ်အဝန်း ဧရိယာကတော့ ၉၂ ဒသမ ၈၄၆ ဧက ကျယ်ဝန်းတယ်။ ကျောင်းအတွက် လိုအပ်တဲ့အဆောက်အအုံတွေ၊ သင်ထောက်ကူပစ္စည်းတွေအတွက် နိုင်ငံတော်က ကျပ် ၁၉၉၇ ဒသမ ၉၅၅ သန်း အကုန်အကျခံတည်ဆောက်ပေးခဲ့တယ်။ ခမ်းနားလှပတင့်တယ်တဲ့ ကျောင်းတော်ကြီး တစ်ခုရဲ့ အသွင်သဏ္ဌာန်အတိုင်း ပြီးပြည့်စုံအောင် ဆောက်လုပ်ပေးခဲ့တယ်။ ဆက်ပြီးတော့လည်း နှစ်အလိုက်လိုအပ်တဲ့ အဆောက်အအုံတွေ၊ လမ်းတွေ ကို ဆက်လက်တိုးချဲ့ တည်ဆောက်ပေးနေတယ်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ် သို့မဟုတ် ငါးလုပ်ငန်းဒီဂရီကောလိပ်တစ်ခု ဖြစ်လာစေဖို့ မျှော်မှန်းချက်ထားရှိတာကြောင့် တက္ကသိုလ်ဒီဂရီကောလိပ်အဆင့် လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေတာပါပဲ။

နောက်ထပ် သားတို့သမီးတို့ကို သိစေချင်တာက ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းသစ် တည်ဆောက်ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက် ငါးချက်ပဲဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်ငါးချက်က

(က)    မြန်မာနိုင်ငံတွင် ငါး/ ပုစွန် မွေးမြူ ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ် အလတ်အဆင့် ငါး/ပုစွန် မွေးမြူရေးအတတ်ပညာရှင်များ မွေးထုတ်ပေးရန်။

( ခ )   ရေသတ္တဝါမွေးမြူရေး စိတ်ပါဝင်စားတဲ့ တက္ကသိုလ်ဝင်တန်းအောင်လူငယ်များအတွက် အဓိကဘာသာရပ်တစ်ခုအဖြစ် စာတွေ့လက်တွေ့ လေ့လာပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းရရှိလာနိုင်စေရန်နဲ့ ပညာရပ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်စေရန်။

( ဂ )   မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးအတွက် တောင်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အခွင့်အလမ်းသစ်များရရှိ ဖော်ဆောင်နိုင်ရေး အစီအစဉ်များတွင် အထောက်အကူပြု ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့်ရရှိလာနိုင်စေရန်။

(ဃ)    ရေနေပတ်ဝန်းကျင်၊ ရေပြင်ရှိ သက်ရှိအပင်နှင့် သတ္တဝါများ၏ ဇီဝဗေဒနှင့် ဂေဟစနစ်၊ ရေသယံဇာတအရင်းအမြစ်နှင့် ၎င်းတို့၏ထုတ်လုပ်ခြင်း၊ ရေနေသက်ရှိများ၏ ဓာတုဓာတ်များ ပါဝင်မှုနှင့် ၎င်းတို့ကို အသုံးပြုခြင်းဆိုင်ရာအခြေခံပညာရပ်များ နားလည်သိရှိ စေရန်။

( င )   ရေငန်ငါးလုပ်ငန်း အထောက်အကူဖြစ်စေရန် ရေငန်ပတ်ဝန်းကျင်၊ ရေငန်သက်ရှိများ၏ ဇီဝ၊ ဓာတုပါဝင်မှုများနှင့် ရေငန်သယံဇာတထိန်းသိမ်းရေးပညာရပ်ကို လေ့လာသိရှိနိုင်ရန်တို့ပဲ ဖြစ်ပါတယ်။

သားတို့သမီးတို့ရေ...ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်းစဖွင့်တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သင်တန်းသားခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာခေါ်ယူခဲ့တယ်။ နောက်နှစ်တွေမှာလည်း ကြော်ငြာပြီးခေါ်ခဲ့တယ်။ အခုနှစ်မှာလည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံပိုင်သတင်းစာတွေကနေ ပထမနှစ် သင်တန်းသားခေါ်ယူနေပါတယ်။

သင်တန်းကာလသုံးနှစ်မှာ သင်ကြားမယ့် ဘာသာရပ်တွေကိုလည်း သားတို့ သမီးတို့ ကြိုသိထားနိုင်အောင် ပြောပြပါ့မယ်။ ငါးမျိုးအမည် သရုပ်ခွဲခြင်း၊ ငါးအစာအာဟာရ ငါးအစာနဲ့အစာကျွေးခြင်း၊ မျိုးပွားခြင်းဆိုင်ရာဇီဝဗေဒ၊ ရေချိုငါးသယံဇာတ နဲ့ဂေဟစနစ်၊ ငါးလုပ်ငန်းဆိုင်ရာဇီဝဗေဒ၊ ငါးသားဖောက်ရုံစီမံခန့်ခွဲမှုနဲ့အသုံးချနည်းပညာ၊ ငါးမွေးကန် စီမံခန့်ခွဲမှုနဲ့ အသုံးချနည်းပညာ၊ ရေသတ္တဝါ မွေးမြူ ရေးအင်ဂျင်နီယာပညာ၊ ဇီဝကမ္မဗေဒ၊ ငါးမျိုးရိုးဗီဇ ဆိုင်ရာ၊ ငါးလုပ်ငန်းဆိုင်ရာစီးပွားရေးပညာ၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးနဲ့စီမံခန့်ခွဲမှု၊ စီမံကိန်းရေးဆွဲခြင်းနဲ့ စီမံခန့်ခွဲခြင်း၊ ငါးသယံဇာတ ဂေဟဗေဒ၊ ရေသတ္တဝါရောဂါဗေဒ စတဲ့ဘာသာရပ်တွေအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာဘာသာရပ် တွေပဲဖြစ်တယ်။ အဲဒီဘာသာရပ်တွေကို နှစ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချမှာဖြစ်တယ်။

မွေးမြူရေးအတတ်ပညာရှင်တွေ မွေးထုတ်ပေး

အခုနှစ်မှာ ပထမနှစ်၊ ဒုတိယနှစ်နဲ့တတိယနှစ် အတန်းစုံသုံးခုစလုံးဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၄၃ ဦးကို ပညာသင်ကြားပေးလျက်ရှိပါတယ်။ “ဒီကျောင်းတော်ကြီးမှာ ကျောင်းသားတွေကို ပညာရေး၊ လူမှုရေးနဲ့ အကျင့်စာရိတ္တပိုင်းကိုပါ အားလုံးအထူးကြပ်မတ် သင်ကြား ပေးနေပါတယ်”လို့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကိုကိုက ပြောပါတယ်။ အခုနှစ်မှာ တတိယနှစ်(နောက်ဆုံးနှစ်) တက်ရောက်ပြီး အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူတွေကို Diploma in Fisheries and Aquaculture အောင်လက်မှတ် ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ပြောရရင် မကြာခင် ကျွမ်းကျင်တဲ့ အလယ်အလတ်အဆင့် ငါး/ပုစွန် မွေးမြူရေးအတတ်ပညာရှင်တွေကို ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းတော်ကြီးက မွေးထုတ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (သိပ္ပံတွဲ)နဲ့ အောင်မြင်ပြီး အသက် ၂၂ နှစ်အောက်ရှိ ငါးလုပ်ငန်းနဲ့ရေသတ္တဝါမွေးမြူရေး စိတ်ပါဝင်စားကြတဲ့ သားငယ်သမီးငယ်တွေအနေနဲ့ ငါးလုပ်ငန်း သိပ္ပံ(တွံတေး) ကျောင်းတော်ကြီးအကြောင်းကို သိသင့်သလောက်သိပြီလို့ ထင်မိပါတယ်။ အခုလိုပြောပြနိုင်ခဲ့တာဟာ ကျွမ်းကျင်တဲ့ အလယ်အလတ်အဆင့် ငါး/ပုစွန် မွေးမြူရေး အတတ်ပညာရှင် တွေ မွေးထုတ်ပေးမယ့် ကျောင်းတော်ကြီးဆီမှာ ကျောင်းသား ကျောင်းသူ သားငယ် သမီးငယ်တွေကို စာပေနဲ့ဆိုင်တဲ့ ဗဟုသုတရဖွယ် အကြောင်းအရာ တွေ ပြောပြပေးခွင့်ရခဲ့ခြင်းကြောင့်ပါပဲ။ အသိပညာ ပေး ဟောပြောပွဲရဲ့ အကျိုးကျေးဇူးဖြစ်ပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (သိပ္ပံတွဲ)နဲ့ အောင်မြင်ပြီး အသက် ၂၂ နှစ်အောက်ရှိ ငါးလုပ်ငန်းနဲ့ ရေသတ္တဝါမွေးမြူရေး စိတ်ပါဝင်စား ကြတဲ့ သားငယ်သမီးငယ်တွေအားလုံး ငါးလုပ်ငန်း သိပ္ပံ (တွံတေး)ကျောင်းတော်ကြီးကို တက်ရောက် ပညာသင်ကြားခွင့်ကို ရယူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်မိပါတယ်။ သားငယ်သမီးငယ်တွေအားလုံးကို “ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်းတော်ကြီး”က အမြဲကြိုဆိုနေပါတယ်။ ။