Skip to main content

အပြုသဘောဆောင်သော ပြောင်းလဲခြင်းများမှသည်…

စည်သူကျော်

နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့သည် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ ဖြစ်ပါသည်။

ထိုနေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပကြသည်။ ကျင်းပသည်ဆိုရာ၌လည်း ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (United Nations World Tourism Organi-zation- UNWTO) က ထိုနှစ်အတွက် ချမှတ်သောဆောင်ပုဒ်အကြောင်းအရာ (Theme) အပေါ် အခြေခံ၍ ကျင်းပကြခြင်းဖြစ်သည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ကြီးက နှစ်စဉ်ကမ္ဘာပေါ်၌ လတ်တလောဖြစ်ပေါ်လျက်ရှိသော အားလုံးက အလေးထားဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည့် အကြောင်းအရာ Global Agenda များကို အခြေခံ၍ သက်ဆိုင်ရာနှစ်အတွက် ဆောင်ပုဒ်ကိုဖော်ထုတ်ချမှတ်ခြင်းဖြစ်ပါသည်။

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Tourism and Sustainable Transformation” ဖြစ်ပါသည်။ ယခုနှစ် ဆောင်ပုဒ်နှင့်စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲတစ်ခုတွင် လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတစ်ဦးက “ဆန်းသည် ဟု မှတ်ချက်ပြုပြောကြားသည်။ မိတ်ဆွေက ခရီးသွားလုပ်ငန်းနယ်ပယ်တွင် အောင်မြင်သော ခရီးလှည့်လည်ရေးလုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ သူပြောသော “ဆန်းသည် ဆိုသောစကားသည် သမားရိုးကျမဟုတ်၊ အစဉ်အလာမဟုတ် “Strange” ဖြစ်သည်ဟု ပြောလိုသည်ကို ခန့်မှန်းယူဆမိသည်။

ယခုနှစ်ဆောင်ပုဒ်၌ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် မြင်နေကြ၊ အသုံးပြုနေကြမဟုတ်သည့် Transformation ဆိုသည့် အသုံးအနှုန်းပါဝင်သောကြောင့် ဖြစ်မည်ထင်သည်။ ခရီးသွားလုပ်ငန်း ပညာရပ်ဆိုင်ရာနယ်ပယ်တွင် တာဝန်သိခရီးသွားလုပ်ငန်း၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း စသည့်စကားလုံးများကိုသာ တွင်တွင်ကျယ်ကျယ် ဖော်ညွှန်းသုံးစွဲနေကြရာ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုနှင့်ဆိုင်သော Transfor-mation ဆိုသောစကားလုံးသည် အနည်းနှင့်အများဆိုသလို ရင်းနှီးကျွမ်းဝင်မှုမရှိသော စကားလုံး ဖြစ်နေပေမည်။

ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ထူးခြားသောပြောင်းလဲမှုများ ဖြစ်ပေါ်လာ

ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ထူးခြားသောပြောင်းလဲမှုများ ဖြစ်ပေါ်လာနေသည်ကတော့ အမှန်ဖြစ်သည်။ ဈေးကွက်စီးပွားရေးနယ်ပယ်တွင် ဈေးကွက်ရှာဖွေခြင်းလုပ်သည်သာရှိသည်ဟု ကြားဖူးကြပေမည်။ ယခုခရီးသွားလုပ်ငန်းနယ်ပယ်တွင် ဈေးကွက်လျှော့ချမှု သဘောတရားတို့ကို အလေ့အလာပြုလုပ်လာကြသည်။ နော်ဝေခရီးသွားလုပ်ငန်းကြော်ငြာတစ်ခုဖြစ်သော Visit Oslo (Is it even a city?) ကြော်ငြာတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကြော်ငြာသဘောသဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်သော ရွံရှာဖွယ် (Disgusting) ဆိုသော အသုံးအနှုန်းကိုထည့်သွင်းထားသည်။

ခရီးသွားဆွဲဆောင်မှုများသို့ ဝင်ရောက်လည်ပတ်မှုများပြားလာ

ကြော်ငြာ ဗီဒီယိုကလစ်၏ ခေါင်းစဉ်ကပင်လျှင် (ဒါမြို့တစ်မြို့တောင် ဟုတ်ရဲ့လား) (Is it even a city?) ဟုပင် အမည်တပ်ထားသည်။ (ဗီဒီယိုကို https://youtu.be/8vhD59ac7nw တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။) ဒါတွေက ခရီးသွားလုပ်ငန်း၏ ပြောင်းလဲလာခြင်းသဘောကို ပြဆိုနေခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ခရီးသွားလုပ်ငန်း၏ ပင်မအဓိကဆွဲဆောင်မှုများကိုဖယ်ခွာ၍ အငယ်စား (small scale) ခရီးသွားဆွဲဆောင်မှုများသို့ ဝင်ရောက်လည်ပတ်မှုများပြားလာသဖြင့် (Micro Tourism) ဟုခေါ်သော အသေးစားခရီးသွား လုပ်ငန်းများ တွင်ကျယ်လာသည်ကို တွေ့ရသည်။

အပန်းဖြေခရီးထွက်ရန် ဝေးလံသောနေရာ များအစား မိမိမြို့ရွာဒေသအနီးပတ်ဝန်းကျင်ရှိ အပန်းဖြေရန်နေရာများသို့ ခရီးထွက်ကြသူများ ရှိလာသည်ကို တွေ့ရှိရသည်။ လူမှုကွန်ရက်စာမျက် နှာများပေါ်တွင် “ရန်ကုန်မြို့မှ မိုင်အနည်းငယ် သာကွာဝေး၍ သာယာလှပသော ထိုနေရာ၊ … ဤနေရာ…” စသည့်ကြော်ငြာများကို တွေ့လာရ သည်။ ဟိုတယ်များသည်ပင် တည်းခိုရန်နေရာ သက်သက်မဟုတ်တော့ဘဲ အပန်းဖြေနားနေရန်၊ လည်ပတ်ရန် ဆွဲဆောင်မှုနေရာ ဖြစ်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် ယနေ့ဟိုတယ်များသည် (Staycation Package) များကို တွင်တွင် ကျယ်ကျယ် ရောင်းချလာကြခြင်းဖြစ်သည်။

ခရီးသွားဗဟိုချက်နေရာများ၏ အရေးပါမှု

ယခင်က နာမည်ကြီးထင်ရှားသော ခရီးသွားဗဟိုချက်နေရာများ၏ အရေးပါမှုသည် ယုတ်လျော့လာပြီး Mirco-Tourism ပေါက်ဖွားရာ ခရီးသွားဆွဲဆောင်မှုအသစ်များ ပေါ်ပေါက်လာသည်။ ဥပမာ- ရှမ်းပြည်နယ်တွင် အပြိုင်းအရိုင်း ပေါ်ပေါက်လာသော ဗျူးပွိုင့်များ၊ ရေတံခွန်များ၊ ဥယျာဉ် ပန်းခြံများ၊ Camp site များစသည်တို့သည် Micro- Tourism ဖွံ့ဖြိုးလာခြင်း၏ လက္ခဏာရပ်များ ဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြန်မာနိုင်ငံ၏ အဓိက ခရီးစဉ်ဒေသဟု သတ်မှတ်ခြင်းခံထားရ သော အင်းလေးဒေသသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုထက် ရွာငံ၊ ကလော စသည့်ခရီးစဉ် ဒေသများရှိ အငယ်စားခရီးသွားဆွဲဆောင်မှုများ သို့ သွားရောက်လည်ပတ်မှုက မတိမ်းမယိမ်းမက သာလွန်သည့် အနေအထားတွင်ရှိသည်။ ၎င်းခရီးသွားဆွဲဆောင်မှုများသည် ဖြန့်ကြက်ကွဲပြားသောသဘော (Discursive) ဖြစ်လျက်နှင့်ပင် မတူခြားနားသော စိတ်ဆန္ဒအာသီသရှိသည့် ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ Micro- Tourism သည် ထုကြီးထည်ကြီးနှင့် ပြင်ဆင်ခရီးထွက်ရ ခြင်းထက်လျင်မြန်သွက်လက်စွာသွားလာ လည်ပတ်နိုင်သည့် Less Luggage, Travel Lite ပုံစံဖြစ်သဖြင့် ခရီးသွားများများနှင့် အကြိမ်ရေ ပိုမိုသွားလာလည်ပတ်နိုင်သည်။ Micro- Tourism များသည် မည်သို့သော အကျိုးရှိစေပါသနည်းဟု မေးသော် Micro- Tourism သည် ရေရှည်တည်တံ့ သော ခရီးသွားလုပ်ငန်းဖြစ်စေသည့် ဒေသခံပြည်သူများ၏ ဝင်ငွေရရှိမှု(တစ်နည်း) စီးပွားရေးကို တိုက်ရိုက်အထောက်အကူဖြစ်စေသည်။ အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူဖြစ်စေသည်။

ဘားအံခရီးစဉ်များ လူကြိုက်များ

ထိုခရီးသွားဆွဲဆောင်မှုများအပေါ် ခရီးသွားများ၏ သုံးသပ်အကြံပြုချက်ကောင်းသည်။ လူမှုကွန်ရက်မီဒီယာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် “ပေါက်သည်ဟု ပြောရနိုင်သည်။ ပြည်တွင်း ခရီးသွားဈေးကွက်အတွင်းမှ မိတ်ဆွေများက ယခုနှစ်မိုးရာသီ ဘားအံခရီးစဉ်များ လူကြိုက်များလှကြောင်းပြောသည်။ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းနယ်ပယ်အတွင်း ပို့စ်မော်ဒန်ခရီးသွား လုပ်ငန်းဆိုင်ရာ အရိပ်လက္ခဏာများတွေ့လာရပြီဟု သုံးသပ်သည်။ သမားရိုးကျပုံစံကြော်ငြာများမှ ခွဲထွက်လာသော ဟိုတယ်၊ ရီဆော့အပန်းဖြေ စခန်း ကြော်ငြာများ တွေ့လာရသည်။ သို့ဆိုလျှင် ခရီးသွားလုပ်ငန်း၏လားရာသည် ပြောင်းလဲနေလေပြီ။

ခရီးသွားလုပ်ငန်း၏ ပြောင်းလဲလာသော အနေအထားတစ်ရပ်ကို ကိုဗစ် -၁၉ ကပ်ရောဂါကာလကတည်းက တွေ့မြင်လာရသည်ကို သတိပြုမိသည်။ ယင်းပြောင်းလဲမှုသည် သီအိုရီပိုင်း ဆိုင်ရာအရသာမက လက်တွေ့ခရီးသွားလုပ်ငန်း နယ်ပယ်တွင်ပါ ပြောင်းလဲမှုကြီးကြီးမားမားရှိခဲ့ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလိုက်ခြင်းသည် ခရီးသွားလုပ်ငန်းကိုအစမှပြန်စရန် (ပညာ ရှင်များက Zero Setting ချလိုက်ခြင်းဟု သုံးစွဲကြသည်။) အခွင့်အလမ်းဖြစ်ပြီး ခြေလှမ်းအသစ်၊ အားသစ်အင်သစ် အယူအဆအသစ်ဖြင့် ကမ္ဘာကြီးကို ညစ်ညမ်းစေသောခရီးသွားလုပ်ငန်းမျိုးမဟုတ်ဘဲ ယခင်ကထက် ပိုမိုကောင်းမွန်သော ခရီးသွား လုပ်ငန်း အနာဂတ်အသစ်ကိုဖန်တီးရန် ဖြစ်သည်ဟု တိုက်တွန်းလှုံ့ဆော်ကြသည်။

ခရီးသွားလုပ်ငန်း အယူအဆများ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း ပျံ့နှံ့လာ

ထို့နောက် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဟူသောနေရာတွင် ခရီးစဉ်ဒေသကိုပါ တစ်ဖန်ပြောင်းလဲပေးနိုင်သည့် ခရီးသွားလုပ်ငန်း (Transformative Tourism)၊ ခရီးစဉ်ဒေသကို ပြန်လည်တိုးတက်ကောင်းမွန်စေသော ခရီးသွား လုပ်ငန်း (Regenerative Tourism) ဆိုသည့် အယူအဆများ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း ပျံ့နှံ့လာခဲ့သည်။ ခရီးစဉ်ဒေသနှင့် ခရီးသွားလုပ်ငန်း သည် ရေရှည်တည်တံ့စေရန်သာမက ပိုမိုတိုးတက်ကောင်းမွန်လာရမည်။ ခရီးသွားလုပ်ငန်းသည် ခရီးစဉ်ဒေသ၏ ပြောင်းလဲဖြစ်ထွန်းမှုကို ဖော်ဆောင် နိုင်ရမည်ဆိုသော အယူအဆများ သက်ဝင်ပေါ်ပေါက်လာခဲ့သည်။ ယင်းအချိန်ကာလကပင် Transformation ဟူသော အသုံးအနှုန်းသည် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် အဓိကနေရာမှ ပါဝင်လာသည်ဟုပြောရပေမည်။

ခရီးသွားလုပ်ငန်း၏ ပြောင်းလဲလာသော အနေအထားကိုကြည့်ကြပါစို့။ ခရီးသွားလုပ်ငန်းသည် လူတို့၏စိတ်ဆန္ဒဖြင့် လိုက်ပါလုပ်ဆောင်မှုတို့ကိုအခြေခံ၍ ပြောင်းလဲနေခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကာလတွင် လူတို့၏သွားလာနေထိုင် စားသောက်ပုံပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့်လည်း ခရီးသွားလုပ်ငန်း၏ အနေအထားသဘော သဘာဝပြောင်းလဲသွားခဲ့သည်။ ယခုရော ဘယ်အရာများက လူ(ဝါ) ခရီးသွားတို့၏ အနေအထား ကို ပြောင်းလဲသွားစေပါသနည်း။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ထွက်ရှိလာသည့် World Economic Forum ၏ Travel and Tourism at a Turning Point: Principles for Transformative Growth Insight Report က စိတ်ဝင်စားဖွယ်ကောင်းလှ သည်။

အဆိုပါအစီရင်ခံစာတွင် ခရီးသွားလုပ်ငန် ကဏ္ဍကို ပြောင်းလဲလာစေသော အချက်အလက်များကိုတင်ပြထားသည်။ တိုးတက်ပြောင်းလဲ လာသောကဏ္ဍတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားများ တိုးတက်များပြားလာခြင်း၊ လူလတ်တန်းစားများ ခရီးသွားလာမှုပိုမိုများပြားလာခြင်း သည် အနာဂတ်ခရီးသွားလုပ်ငန်း၏ ပုံသဏ္ဌာန်ကို ပြောင်းလဲလာစေမည်ဖြစ်သည်။ ထို့အပြင် MICE, Spa and Wellness, Gig Tripping ကဲ့သို့သော ခရီးသွားလုပ်ငန်းပုံစံများဖွံ့ဖြိုးလာခြင်း၊ ခရီးသွား လုပ်ငန်းအမျိုးအစား(Genre) များကွဲပြား၊ များပြား လာခြင်း၊ ခေတ်မီသတင်းအချက်အလက်နှင့် နည်းပညာများကို ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာခြင်းသည်လည်း ခရီးသွားလုပ်ငန်း၏ ဖွံ့ဖြိုးမှုမောင်းနှင်အားများ ဖြစ်သည်။

ဖော်ပြပါအချက်များက ခရီးသွားလုပ်ငန်း ပြောင်းလဲဖြစ်ပေါ်လာမှုကို အကောင်းဘက်မှ ရှုမြင်သုံးသပ်ချက်များဖြစ်ပါသည်။ သို့သော် အကောင်းဘက်ကချည်း ရှုမြင်သုံးသပ်မှုသည် မျှတသော သုံးသပ်ချက်ဖြစ်မည်မဟုတ်။ Dark Side ဟုခေါ်သော အကောင်း၏ အခြားတစ်ဖက်မှ ဖြစ်ပေါ်မှုများကို ထည့်သွင်းသုံးသပ်မှသာ မျှတပေလိမ့်မည်။ ခရီးသွားလုပ်ငန်း၏ အနာဂတ် အလားအလာများကို ခြိမ်းခြောက်လျက်ရှိသောအချက်များမှာ ပထဝီနိုင်ငံရေးပြဿနာများ (Geo-political Tensions)၊ သဘာဝဘေးအန္တရာယ်များ နှင့် ရာသီဥတုပြောင်းလဲမှု (Climate Change and Disasters)၊ ခရီးစဉ်ဒေသ၏ လက်ခံနိုင်မှုအတိုင်း အတာထက်ကျော်လွန်သော ဧည့်သည်ဝင်ရောက် မှုများ (Overtourism)၊ သဘာဝပတ်ဝန်းကျင်အပေါ် ဖိအား သက်ရောက်မှုဖြစ်စေသည့် စွန့်ပစ်ပစ္စည်း နှင့် ညစ်ညမ်းမှုပြဿနာများ၊ လူသားအရင်းအမြစ် ဆုံးရှုံးမှုများ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ အပေါ် အုပ်ချုပ်စီမံခန့်ခွဲနိုင်စွမ်းအား လျော့ကျခြင်းတို့ဖြစ်သည်။

ယင်းအချက်များက ကမ္ဘာ့ခရီးသွားလုပ်ငန်း အပေါ် အပြောင်းအလဲဖြစ်စေနိုင်သည့် အချက်အလက်များဖြစ်သည်ဟု အစီရင်ခံစာကညွှန်ပြသည်။ UNWTO ၏ World Tourism Day 2025 “Tourism and Sustainable Transformation” Concept Note မထုတ်ပြန်မီ ထွက်လာခဲ့ဖွယ်ရှိသော အဆိုပါအစီရင်ခံစာသည် ခရီးသွားလုပ်ငန်း ၏ အမှန်တကယ် လက်တွေ့ပြောင်းလဲဖြစ်ပေါ်နေ သော အနေအထားနှင့် ၎င်းကိုအခြေခံ၍ ဖြစ်ပေါ်လာမည့် အနာဂတ်ခရီးသွားလုပ်ငန်းအလားအလာကို ဖော်ညွှန်းပြသနေပေသည်။

စာရှုသူအနေဖြင့် အထက်ဖော်ပြပါအချက်များ ကို လေ့လာကြည့်မည်ဆိုပါက ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ပြောင်းလဲပစ်နိုင်သည့် အကြောင်းအရာများတွင် အခွင့်အလမ်းထက် ခြိမ်းခြောက်မှုများက ပိုများနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းသည် ယနေ့အချိန်အခါတွင် ကြံ့ကြံ့ခံရပ်တည်နိုင်သော ကဏ္ဍတစ်ခုဖြစ်ရန် လိုအပ်လာသည်။ အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်ဖြစ်ပေါ်စေသည့် လုပ်ငန်းကဏ္ဍတစ်ခုအဖြစ် တည်ရှိရန်လိုအပ်လာသည်။

ယနေ့အချိန်အခါတွင် ခရီးသွားလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းကဏ္ဍတစ်ခုထက် ပိုမိုသောကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကိုဦးတည်သော၊ ယဉ်ကျေးမှုများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်သော၊ ရာသီဥတုပြောင်းလဲ မှုနှင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပေးသော၊ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ကို တည်ဆောက်ရန် အထောက်အပံ့ပေးသော ကဏ္ဍတစ်ခုဖြစ်၍နေလေပြီ။ ခရီးသွားလုပ်ငန်းကဏ္ဍသည် အစိုးရ၊ ပုဂ္ဂလိကနှင့်ပြည်သူ (Public, Private and People) တို့ သုံးဦးသုံးဖလှယ် လက်တွဲညီညီ ဖော်ဆောင်ရမည့် ကဏ္ဍတစ်ခုဖြစ်၍နေလေပြီ။ ခရီးသွားလုပ်ငန်းသည် ခေတ်ကာလရေစီးကြောင်းနှင့်လိုက်ပါ၍ အလျင်အမြန်ပြောင်းလဲနေသည်။ သို့သော် ရေရှည်တည်တံ့၍ အပြုသဘောဆောင် သော ပြောင်းလဲမှုဖြစ်ရန်လိုအပ်လှပေသည်။ ။