ခိုင်မာသောဖွဲ့စည်းမှု မွန်မြတ်သောတာဝန် မှန်ကန်သောရပ်တည်ချက်တို့ဖြင့်
မဲဆန္ဒရှင်တစ်ဦး
နိဒါန်း
ကျွန်ုပ်တို့ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အရေးကြီးသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပရန် နီးကပ်လာပြီဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲများကို ကြီးကြပ်ရမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များသည် လာမည့်အထွေထွေရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင်ပေးရမည့် ပုဂ္ဂိုလ်များပင်ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ လွှတ်တော်အလိုက် မဲဆန္ဒနယ်မြေများစာရင်းကိုလည်း သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မရှင်ကပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ကြမည် ဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးအတွက် ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲခြင်းတာဝန်များကို ထမ်းဆောင်ကြမည် ဖြစ်ပါသည်။
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းခြင်းမူဝါဒ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှ မြို့နယ်အဆင့်အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရသည်။ တတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၄ အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့် ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ၊ အနည်းဆုံးသုံးဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်ဖြစ်သည်။ ဤပြဋ္ဌာန်းချက်တွင် ဖွဲ့စည်းခြင်းမူဝါဒအရ အများယုံကြည်လေးစားခြင်းခံရသူကိုသာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းဖြစ်ပါသည်။ ဒေသအခြေအနေအရ အများယုံကြည်လေးစားခြင်းခံရသူ အခက်အခဲရှိလျှင် သင့်လျော်သော နိုင်ငံ့ဝန်ထမ်းအား ဥက္ကဋ္ဌတာဝန်ပေးအပ်နိုင်ရန် ဥပဒေရေးထုံးကို သင့်လျော်စွာ ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိက အတွင်းရေးမှူးတာဝန်ဖြစ်ပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကလည်း မိမိတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ကော်မရှင်၏ မူဝါဒနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ရပါသည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် အများယုံကြည်လေးစားခြင်းခံရသူအနည်းဆုံး သုံးဦးပါဝင်ပြီး သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုစာရေးက အတွင်းရေးမှူးတာဝန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်များ ပြည့်စုံရမည့် အရည်အချင်းသတ်မှတ်ချက် ၈ ချက်၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ၁၁ ချက်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်လေးချက်တို့ကို ဥပဒေဖြင့် ပြဋ္ဌာန်းထားသည်။ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များထံမှ အကူအညီရယူဆောင်ရွက်ရပါသည်။ ကော်မရှင်အဖွဲ့ခွဲများသည် ဥပဒေက ပေးအပ်သည့် တာဝန်၊ လုပ်ပိုင်ခွင့်များနှင့်အညီ ရွေးကောက်ပွဲကို သမာသမတ်ကျစွာဖြင့် လက်တွေ့ကျကျကြီးကြပ်ဆောင်ရွက်ရသည့် ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့များဖြစ်ပါသည်။ ယခုဖွဲ့စည်းတာဝန်ပေးအပ်လိုက်သော ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၌ တာဝန်ပေးအပ်ခြင်းခံရသူများသည် အာဏာရပါတီလောင်းရိပ်မရှိသဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းပြီး သမာသမတ်ကျကျ မှန်မှန်ကန်ကန်ဆောင်ရွက်မည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်။
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်များ ဖွဲ့စည်းမှုမတူညီကြပါ။ အခြေခံအားဖြင့် ကော်မရှင် (Commission)၊ ကော်မရှင်နာများ (Commissioners)၊ ရွေးကောက်ပွဲအရာရှိများ (Returning Officers)၊ ရွေးကောက်ပွဲဝန်ထမ်းများ (Electoral Staffs) တို့ကို မဏ္ဍိုင်ပြု၍ ဖွဲ့စည်းလေ့ရှိကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့ဖြင့် စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ပါသည်။ ကော်မရှင်အဖွဲ့ခွဲများကို အများယုံကြည်လေးစားခြင်းခံရသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရွေးကောက်ပွဲအရာရှိတို့ဖြင့် ဖွဲ့စည်းပါသည်။
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းခြင်း အနှစ်သာရ
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်များကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားခြင်းသည် ဒေသခံမဲဆန္ဒရှင်ပြည်သူများက ယုံကြည်သော၊ ကြည်ညိုလေးစားသော ပုဂ္ဂိုလ်များဖြင့် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ သမာသမတ်ကျစွာ ကြီးကြပ်ကျင်းပပေးခြင်း အနှစ်သာရကို ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ ထို့ပြင် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ဆက်စပ်နေသော ဌာနဆိုင်ရာများမှ ဝန်ထမ်းများကို ထည့်သွင်းဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ရည်ရွယ်ချက်မှာလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ဆက်စပ်နေသော သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းတာဝန်များကို ဌာနကိုယ်စား တာဝန်ထမ်းဆောင်ရန်နှင့် မိမိကော်မရှင်အဖွဲ့ခွဲအား အထောက်အကူပြုရန်အတွက်ဖြစ်ပါသည်။
ကော်မရှင်ကကြီးကြပ်ရသည့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်းတွင် အများယုံကြည် လေးစားခြင်းခံရသည့်ပုဂ္ဂိုလ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ဆက်စပ်နေသော ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိ/ အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲတာဝန်ကို သမာသမတ်ကျစွာဖြင့် စနစ်တကျတာဝန်ထမ်းဆောင်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်း အနှစ်သာရပင်ဖြစ်ပါသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၈ အရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ-
(၁) လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊
(၂) လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊
(၃) သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ကြီးကြပ်ခြင်း၊
(၄) မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ကြေညာခြင်း၊
(၅) ရရှိသည့် ရန်ပုံငွေများကို စနစ်တကျ သုံးစွဲခြင်း၊ သုံးစွဲစေခြင်း၊
(၆) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊
(၇) ရွေးကောက်ပွဲနှင့် သက်ဆိုင်သော စာရင်းဇယားများနှင့် မှတ်တမ်းများကို တိကျစွာ ပြုစုထိန်းသိမ်းခြင်း၊
(၈) လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို ဖော်ဆောင်ခြင်း၊
(၉) ကော်မရှင်က ထုတ်ပြန်ခွင့်ပြုသော စာရင်းအချက်အလက်များမှတစ်ပါး အခြားကိစ္စများနှင့် စပ်လျဉ်း၍ ပေါက်ကြားခြင်းမရှိစေရန် စောင့်ထိန်းခြင်း၊
(၁၀) ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊ မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက်မျှ မဲမဆွယ်ရခြင်း၊ ဘက်မလိုက်ရခြင်း၊
(၁၁) ကော်မရှင်က ပေးအပ်သည့်တာဝန်များ ကို ထမ်းဆောင်ခြင်းတို့ ဖြစ်ပါသည်။
ဌာနဆိုင်ရာအဖွဲ့ဝင်များ၏ အခန်းကဏ္ဍ
ကော်မရှင်အဖွဲ့ခွဲများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အဖွဲ့ဝင်သည် ရွေးကောက်ပွဲအတွက် နယ်မြေဒေသဆိုင်ရာ အချက်အလက်များ၊ မဲစာရင်းပြုစုရာတွင် အခြေခံရသည့် မြေပြင်လူဦးရေစာရင်းများ မှန်ကန်စွာရရှိရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စရပ်များကို အဓိကပါဝင် ဆောင်ရွက်ရသည်။ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးအဆင့်ဆင့်သည် မဲစာရင်းပြုစုရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ၊ နေထိုင်မှု၊ ပြောင်းဝင်/ ပြောင်းထွက်မှုစာရင်းများ မှန်ကန်စွာရရှိရေး၊ မဲဆန္ဒရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ နိုင်ငံသားဖြစ်မှုအခြေအနေများကို ဥပဒေနှင့်အညီ စိစစ်အတည်ပြုပေးရသည့်တာဝန်များကို အဓိကဆောင်ရွက်ရသည်။ အဖွဲ့ဝင်ဥပဒေအရာရှိများကလည်း ကော်မရှင်အဖွဲ့ခွဲအတွက် လိုအပ်သော ဥပဒေရေးရာအကြံဉာဏ်များကို ပေးအပ်ရသည်။ အဖွဲ့ဝင်ပညာရေးဌာနအနေဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့်အထိ
အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ထမ်းများ ခန့်အပ်ထားသည်ဖြစ်ရာ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် ပညာရေးဝန်ထမ်းများကို ဦးစားပေး၍ တာဝန်ပေးအပ်ရသည်။ အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဌာနနှင့် စိုက်ပျိုးရေးဌာနတို့ကလည်း ပညာရေးဌာနနည်းတူ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့်အထိ ဝန်ထမ်းများ ခန့်အပ်ထားသဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် အဆိုပါဝန်ထမ်းများကို တာဝန်ပေးအပ်ရပါသည်။ အဖွဲ့ဝင်စာရင်းစစ်အရာရှိ အဆင့်ဆင့်သည် ကော်မရှင်၏ တာဝန်ပေးချက်ဖြင့် နိုင်ငံရေးပါတီများ၏ ပါတီပိုင်ပစ္စည်းနှင့် ရန်ပုံငွေစာရင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းများကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ စာရင်းကျွမ်းကျင်သူများဖြင့် စိစစ်ပေးရသည်။ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိအဖွဲ့ဝင်သည် မြို့ပြစည်ပင်သာယာနယ်နိမိတ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း စနစ်တကျဖြစ်စေရန် ကော်မရှင်အဖွဲ့ခွဲကို အထောက်အကူပြုပေးရသည်။ ရွေးကောက်ပွဲကျင်းပရာတွင် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ မဲဆန္ဒရှင်များအား အသိပညာပေးခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဖွဲ့ဝင်က ကူညီဆောင်ရွက်ပေးရသည်။
ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဌာနဆိုင်ရာအရာထမ်းများသည် ရွေးကောက်ပွဲနှင့် ဆက်စပ်သော မိခင်ဌာန၏ လုပ်ငန်းတာဝန်အပြင် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲက ပေးအပ်သည့်တာဝန်များကိုလည်း ထမ်းဆောင်ရန်တာဝန်ရှိပါသည်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အဖွဲ့စနစ်ဖြင့် အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရသော အဖွဲ့အစည်းများ ဖြစ်ပါသည်။ ကော်မရှင်အဖွဲ့ခွဲများတွင် အဓိကဦးဆောင်ပုဂ္ဂိုလ်များမှာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စီမံဆောင်ရွက်ရသူပဲ့ကိုင်ရှင်မှာ ရွေးကောက်ပွဲအရာရှိ/ အတွင်းရေးမှူးများပင် ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲဆိုင်ရာဦးစီးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရသော ရွေးကောက်ပွဲဝန်ထမ်းများသည်လည်း ကော်မရှင်၏ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၂၂ နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၄ တို့အရ ကော်မရှင်သည် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန်အလို့ငှာ လိုအပ်မည့် အကူအညီများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များထံမှ ရယူဆောင်ရွက်နိုင်ပါသည်။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲတို့၏ ပင်မတာဝန်အပြင် ဌာနဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ပေးရသော ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးနှင့် လုံခြုံရေးကိစ္စရပ်များသည်လည်း မဖြစ်မနေလိုအပ်ပါသည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တိုင်းဒေသကြီး/ပြည်နယ်မှ မြို့နယ်အဆင့်ထိ ဖွဲ့စည်းမှုသည် ခိုင်မာပြီး စွမ်းဆောင်ရည်ရှိသော ကော်မရှင်အဖွဲ့ခွဲများအဖြစ် ရပ်တည်ဆောင်ရွက်နိုင်သော်လည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင်မူ အများယုံကြည်လေးစားခြင်းခံရသည့် ပုဂ္ဂိုလ်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး (ရပ်ကွက်/ကျေးရွာအုပ်စုစာရေး) တို့ဖြင့်သာ ဖွဲ့စည်းနိုင်ပါသည်။ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ များသည် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းနှင့် စိစစ်ခြင်း၊ နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် မြေပြင်တွင် အနီးကပ်ထိတွေ့ဆက်ဆံရသူများဖြစ်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့မဲရုံတွင် ဆန္ဒမဲပေးခြင်းတို့ကို အနီးကပ်ကြီးကြပ်ကွပ်ကဲရသူများ ဖြစ်ပါသည်။ သို့ဖြစ်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အတွေ့အကြုံရင့်ကျက်မှုနှင့် ဥပဒေလုပ်ထုံးလုပ်နည်းနားလည်ကျွမ်းကျင်မှုတို့ လွန်စွာအရေးကြီးသည်ဖြစ်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်သော ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ စွမ်းဆောင်ရည်နှင့် အခန်းကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။
မဲရုံအဖွဲ့များ၏ အခန်းကဏ္ဍ
ရွေးကောက်ပွဲနေ့တွင် မဲရုံတစ်ရုံ၏ ရည်မှန်းချက်အောင်မြင်ပြီးမြောက်မှုသည် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်ပါသည်။ မဲရုံများကို သတ်မှတ်ချက်နှင့်အညီ ခင်းကျင်းပြင်ဆင်ခြင်း၊ MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား စနစ်တကျစီမံခန့်ခွဲခြင်း၊ မဲရုံအတွင်း ငြိမ်ဝပ်ပိပြားမှုရှိစေရန် ကြီးကြပ်ခြင်း၊ မဲဆန္ဒရှင်များ လွယ်ကူအဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအတွင်းစီမံခန့်ခွဲခြင်း၊ မဲရုံအတွင်းမဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်နှင့် စောင့်ကြည့်လေ့လာသူများအား စနစ်တကျနေရာချထားခြင်း၊ မဲရုံနှင့် မဲရုံပရိဝုဏ်အတွင်း အငြင်းပွားမှုများအား ဖြေရှင်းခြင်း၊ မဲရုံအလိုက်ဆန္ဒမဲများ တွက်ချက်ခြင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ခိုင်လုံမဲ သို့မဟုတ် ပယ်မဲသတ်မှတ်ခြင်း၊ မဲရုံ၏ ဆန္ဒမဲရလဒ်စာရင်းများ ပြုစုခြင်းနှင့် ဆန္ဒမဲရလဒ်စာရင်းများ ထုတ်ပြန်ခြင်းတို့သည် ရွေးကောက်ပွဲဥပဒေက မဲရုံမှူးသို့ အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များ ဖြစ်ပါသည်။
မဲရုံမှူး၏ ကြီးကြပ်မှုဖြင့် ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက သတ်မှတ်ထားသည့် တာဝန်များကို ထမ်းဆောင်ကြရသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မဲရုံများကို ကြီးကြပ်ကွပ်ကဲရန် သင့်လျော်သောဝန်ထမ်းများကို မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဦးစားပေးအစီအစဉ်အတိုင်း ခန့်အပ်ရသည်။ မဲရုံအဖွဲ့ဝင်များအဖြစ် ဝန်ထမ်းများအပြင် ယင်းမဲရုံမဲစာရင်းတွင် ပါဝင်ပြီးဖြစ်သည့် အများပြည်သူယုံကြည်လေးစားခြင်းခံရသော မဲဆန္ဒရှင် သို့မဟုတ် ဒေသခံပြည်သူများဖြင့်လည်း သတ်မှတ်ဦးရေအတွင်း ဖွဲ့စည်းတာဝန် ပေးအပ်နိုင်သည်ဖြစ်ရာ ရွေးကောက်ပွဲတွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးကြီးလှပေသည်။
ရွေးကောက်ပွဲတာဝန်ရှိသူတို့ လက်ကိုင်ပြုရမည့် အချက် ၆ ချက်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရွေးကောက်ပွဲဝန်ထမ်းများနှင့် မဲရုံဝန်ထမ်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အရေးကြီးသည့် ရွေးကောက်ပွဲတာဝန်ကို ထမ်းဆောင်ရခြင်း ဖြစ်ပါသည်။ ဂုဏ်ယူမြတ်နိုးတန်ဖိုးထားရသည့် မွန်မြတ်သော တာဝန်ထမ်းဆောင်မှုဖြစ်ပြီး တာဝန်လည်းကြီးပါသည်။ ရွေးကောက်ပွဲကို တာဝန်ယူကြီးကြပ်ဆောင်ရွက်ရသူများအနေဖြင့် (၁) ဥပဒေနှင့် နည်းဥပဒေ (၂) လုပ်ငန်းလမ်းညွှန် (၃) အမိန့်နှင့် ညွှန်ကြားချက် (၄) လုပ်ငန်းကျွမ်းကျင်မှု (၅) သမာသမတ်ကျမှု (၆) ကျင့်ဝတ်စောင့်ထိန်းမှုဤအချက် ၆ ချက်ကို မယိမ်းမယိုင်လက်ကိုင်ပြု၍ သမာသမတ်ကျပြီး ဥပဒေနှင့်ညီညွတ်သော ရွေးကောက်ပွဲများအတွက် မှန်ကန်စွာ ရပ်တည်ဆောင်ရွက်ကြမည်ဖြစ်သည်။
နိဂုံး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှုဖြင့် လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အစည်းများဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံအဖွဲ့များအနေဖြင့် ခိုင်မာသောဖွဲ့စည်းမှု၊ မွန်မြတ်သောတာဝန်၊ မှန်ကန်သောရပ်တည်ချက်တို့ဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် ဦးဆောင်ပုဂ္ဂိုလ်များဖြစ်ကြသော အများယုံကြည်လေးစားခြင်းခံရသူ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ပညာရှင်ပီသသော ရပ်တည်မှု၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ၏ တာဝန်ကျေပွန်မှု၊ ရွေးကောက်ပွဲအရာရှိ/ အတွင်းရေးမှူးများ၏ စွမ်းဆောင်ရည်ပြည့်ဝမှုနှင့် ကော်မရှင်ဝန်ထမ်းများ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှု အခန်းကဏ္ဍအရေးကြီးပုံကို နိုင်ငံ့ဝန်ထမ်းမဲဆန္ဒရှင်တစ်ဦးအနေဖြင့် ဂုဏ်ပြုတင်ပြအပ်ပါသည်။ ။