နိုင်ငံ့စီးပွားဟန်ချက်ညီစေရေး Primary Sector ကို လက်တွဲဖော်ဆောင်ပေး
သဉ္ဇာ
တစ်ချိန်က ရွှေအိုရောင်လယ်ကွင်းများဖြင့်ဝေဆာခဲ့ပြီး မြေကြီးကို အားထားကာ အသက်မွေးဝမ်းကျောင်းပြုခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယနေ့အခါတွင် ရိုးရာအမွေအနှစ်နှင့် ခေတ်မီတိုးတက်မှုတို့ကြား ဟန်ချက်ညီညီ ရပ်တည်လျက်ရှိပါသည်။
နိုင်ငံ့စီးပွားရေး၏ အဓိကအုတ်မြစ်ဖြစ်သည့် Primary Sector ခေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့သည် နိုင်ငံ့လူဦးရေအများစု၏ စားဝတ်နေရေးကို တိုက်ရိုက်ပံ့ပိုးပေးနေဆဲဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ Primary sector ဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်း (လယ်ယာ၊ ခြံ၊ မွေးမြူ ရေး)၊ သစ်တောလုပ်ငန်း (သစ်ထုတ်လုပ်ခြင်း)၊ ရေလုပ်ငန်း (ငါးဖမ်းခြင်း၊ ငါးမွေးမြူရေး)၊ သတ္တုတူးဖော်ရေးလုပ်ငန်း (ကျောက်မီးသွေး၊ ရွှေ၊ သံ စသည်တို့ တူးဖော်ခြင်း) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ Primary sector ခိုင်ခံ့မှသာ ထိုမှတစ်ဆင့် အသွင်ကူးပြောင်းဆောင်ရွက်ရမည့် စက်မှုလုပ်ငန်း (Secondary sector) နှင့် ဝန်ဆောင်မှုလုပ်ငန်း (Tertiary sector) တို့သည်လည်း ရှင်သန်ကြီးထွားလာနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ Primary sector သည် နိုင်ငံ့စီးပွားရေးဆိုသည့် သစ်ပင်ကြီး၏ အမြစ်များနှင့်တူပြီး သစ်ပင်ကြီးအတွက် လိုအပ်သည့် အာဟာရများကို မြေကြီးထဲမှ စုပ်ယူပေးသကဲ့သို့ Primary sector ၏ စိုက်ပျိုးရေး၊ သစ်တော၊ ရေလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး အစရှိသည့် လုပ်ငန်းများသည်လည်း နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်များကို တည်ဆောက်ပေးနေကြပါသည်။ The Global Economy.com နှင့် World Bank များ၏ အချက်အလက်များအရ မြန်မာနိုင်ငံ၌ အလုပ်လုပ်နိုင်သည့် လူဦးရေ၏ တစ်ဝက်ကျော် ၅၅ ဒသမ ၄၆ ရာခိုင်နှုန်းသည် လုပ်သားအင်အားစုတွင် ပါဝင်လျက်ရှိကြောင်း တွေ့ရှိရပြီး ၎င်းနှုန်းထား၏ ၃၀ ရာခိုင်နှုန်းကျော် သည် Primary sector တွင်လုပ်ကိုင်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
Primary Sector ၏ အခြေခံဖြစ်သော စိုက်ပျိုးရေးကဏ္ဍ အရေးပါမှု
မြန်မာနိုင်ငံတွင် လယ်သမားများသည် မြေကြီးကိုအားကိုးပြီး ဆန်စပါးကို စိုက်ပျိုးကြရပါသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု GDP (Gross Domestic Product) ၏ ၃၀ ရာခိုင်နှုန်းနီးပါးသည် စိုက်ပျိုးရေးကဏ္ဍမှ လာခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး နိုင်ငံ၏ GDP တွင် သိသိသာသာ အချိုးကျပါဝင်နေဆဲဖြစ်ပါသည်။
ကမ္ဘာ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ စားရေရိက္ခာထုတ်လုပ်မှုမြှင့်တင်ရန် လိုအပ်ပြီး ဤလုပ်ငန်းစဉ်၏ အဓိကမောင်းနှင်အားမှာ စိုက်ပျိုးရေးအလုပ်သမားများပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် ကမ္ဘာ့ဘဏ်၏ စာရင်းများအရ အိန္ဒိယနိုင်ငံသည် နိုင်ငံ့စီးပွားရေး၏ ၁၇ ဒသမ ၄ ရာခိုင်နှုန်းခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် နိုင်ငံ့စီးပွားရေး၏ ၃၄ ဒသမ ၉ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးရေးကဏ္ဍမှ ရရှိနေကြောင်း လေ့လာတွေ့ရှိရပါသည်။
ကျွန်ုပ်တို့နိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍကို တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း စိန်ခေါ်မှုများရှိနေကြောင်း တွေ့ရှိရပါသည်။ တစ်ချိန်က လယ်ယာမြေများပေါ်တွင် ဘိုးဘွားမိဘများ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ကြသည့် လူငယ်များသည် မိရိုးဖလာလယ်ယာလုပ်ငန်းထက် ပိုမိုကောင်းမွန်သည့် လုပ်ခလစာနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေရင်းမြို့ပြများသို့ ခြေဦးလှည့်လာကြပါသည်။ ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း မြို့ပြလုပ်ငန်းခွင်များ၏ လုပ်ခလစာများသည် ကျေးလက်ဒေသမှ လယ်ယာလုပ်ငန်းခွင်များထက် ပိုမိုမြင့်မားခြင်း၊ ကျေးလက်ဒေသများတွင် အဆင့်မြင့်ပညာသင်ကြားရန် အခွင့်အလမ်းရှားပါးသောကြောင့် ပိုမိုကောင်းမွန်သည့် ပညာရေးကို ရရှိလိုခြင်း၊ မြို့ပြ၏ ခေတ်မီသည့်လူနေမှုဘဝ၊ ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော လူမှုရေးဝန်ဆောင်မှုများကို ရရှိလိုခြင်းအစရှိသည့် အကြောင်းပြချက်များဖြင့် လူငယ်အများစုနှင့် မိသားစုအချို့သည် လယ်ယာလုပ်ငန်းကိုစွန့်ခွာကာ စက်ရုံ၊ အလုပ်ရုံများတည်ရှိရာ မြို့ပြများသို့ ပြောင်းရွှေ့နေထိုင်လာကြကြောင်း တွေ့ရှိရပါသည်။
တစ်ခေတ်တစ်ခါက မြေကြီးကိုအားထားပြီး ဆန်ရေစပါးစိုက်ပျိုးရာ လယ်ကွင်းများသည် ယခုအခါတွင် ကတ္တရာလမ်းမများနှင့် အထပ်မြင့်အဆောက်အအုံများ၏ နေရာယူခြင်းကိုခံလာရပါသည်။ ဤအချက်များသည်မှာ စိုက်ပျိုးရေးကဏ္ဍ၏ စိန်ခေါ်မှုများပင် ဖြစ်ပါသည်။
မွေးမြူရေးကဏ္ဍ အရေးပါမှု
Primary sector ၏ စိုက်ပျိုးရေးကဏ္ဍကဲ့သို့ပင် မွေးမြူရေးကဏ္ဍသည်လည်း အရေးပါပြီး နိုင်ငံ GDP ၏ ၈ ဒသမ ၆ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးလျက်ရှိပါသည်။ သို့ရာတွင် မြန်မာ့မွေးမြူရေးကဏ္ဍသည် ရိုးရာနည်းလမ်းများပေါ်တွင် အဓိကမှီခိုနေရဆဲဖြစ်သောကြောင့် အခြားနိုင်ငံများနည်းတူ ခေတ်မီနည်းပညာများဖြစ်သည့် မျိုးကောင်းမျိုးသန့်မွေးမြူခြင်း၊ အစာအာဟာရ စနစ်တကျပြုပြင်ကျွေးမွေးခြင်းနှင့် ရောဂါကာကွယ်ရေးဆိုင်ရာစနစ်များ အသုံးပြုခြင်းတို့ကို အဆင့်မြှင့်တင် ဆောင်ရွက်သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ဥပမာအားဖြင့် ထိုင်းနိုင်ငံသည် ခေတ်မီမွေးမြူ ရေးနည်းစနစ်များဖြင့် ကြက်မွေးမြူရေးကို တိုးချဲ့ခဲ့ရာ ကမ္ဘာ့အကြီးဆုံးကြက်သားတင်ပို့သည့် နိုင်ငံများထဲတွင် ပါဝင်လာကြောင်း တွေ့ရှိရပါသည်။ ထိုနည်းတူ ဗီယက်နမ်နိုင်ငံသည်လည်း ဝက်နှင့် ကြက်မွေးမြူရေးတွင် တိရစ္ဆာန်ရောဂါများ ကာကွယ်ရန်အတွက် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာချမှတ်ပြီး ကြီးကြပ်ကွပ်ကဲခဲ့ရာ တရုတ်နိုင်ငံကဲ့သို့ ကြီးမားသည့်ဈေးကွက်ကြီးကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ၏ Wagyu (ဝါဂယု) နွားမျိုးစိတ်များသည် မျိုးကောင်းမျိုးသန့် ရွေးချယ်မွေးမြူခြင်းကြောင့် အဆင့်မြင့်အမဲသားထွက်ရှိပြီး ဈေးကွက်တွင် အလွန်ဈေးကောင်းရကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍသည် နိုင်ငံစီးပွားရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသော်လည်း စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပါသည်။ တောင်သူအများစုသည် ရိုးရာနည်းလမ်းများဖြင့်သာ မွေးမြူကြသဖြင့် ထုတ်လုပ်မှုစွမ်းအား နည်းပါးပြီး အရည်အသွေးပိုင်းတွင် အားနည်းချက်များရှိခြင်း၊ တိရစ္ဆာန်ရောဂါများ ဖြစ်ပွားရာတွင် ရောဂါကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာဗဟုသုတနည်းပါးခြင်း၊ တိရစ္ဆာန်ဆေးကုသရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိခြင်း၊ သိုလှောင်ရုံ၊ သယ်ယူပို့ဆောင်ရေးစနစ်ကဲ့သို့သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှုအားနည်းခြင်းတို့သည် မွေးမြူရေးကဏ္ဍ၏ စိန်ခေါ်မှုများဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သင့်သည့်နည်းလမ်းများ
နိုင်ငံတစ်နိုင်ငံ၏ Primary sector ကို အားကောင်းစေရန် ရိုးရာနည်းလမ်းများမှတစ်ဆင့် ခေတ်မီသည့်ချဉ်းကပ်မှုများဆီကို ပြောင်းလဲရန်လိုအပ်ပါသည်။ လက်ရှိမြန်မာ့စိုက်ပျိုးရေးသည် ရိုးရာနည်းလမ်းများနှင့် လုပ်ကိုင်နေရသောကြောင့် အထွက်နှုန်းနှင့် ထုတ်လုပ်မှုစရိတ်ပိုင်းတွင် အားနည်းချက်များရှိနေသဖြင့် ရေသွင်းစနစ်သစ်များ၊ မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေးသုံးဒရုန်းအသုံးပြုသည့် နည်းပညာများကို တောင်သူများအသုံးပြုတတ်စေရန် ဆောင်ရွက်ခြင်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များအား ကုန်ကြမ်းအဖြစ်သာတင်ပို့ခြင်းထက် အသင့်စားအစားအစာများ (Ready-to-Eat Foods) နှင့် စည်သွတ်အစားအစာများကဲ့သို့ တန်ဖိုးမြှင့်ကုန်ပစ္စည်းများ ထုတ်လုပ်စေခြင်း၊ စပါးကို ဆန်အိတ်အဖြစ်ရောင်းချခြင်းအပြင် ဆန်နှင့် ဆန်ကွဲဖြင့်ပြုလုပ်သည့် အစားအစာများ၊ ပဲကို ပဲပြုတ်အဖြစ် ရောင်းချခြင်းအပြင် ပဲနှင့်ဆက်စပ်သည့် အစားအစာများ၊ ပဲမှုန့်နှင့် ပြုလုပ်သည့်ထုတ်ကုန်များကိုပါ ထုတ်လုပ်ပြီး ဈေးကွက်ချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
အလားတူ Primary sector ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်း၊ ပြည်ပမှ ဆွဲဆောင်ရန် လိုအပ်သည့်အပြင် ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ်သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာနိုင်မှု
Primary sector ကို မြှင့်တင်လာသည်နှင့်အမျှ ရိုးရာလုပ်သားများအပြင် စိုက်ပျိုးရေး နည်းပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ရန်အတွက် ထွက်ရှိလာသည့် ကုန်ပစ္စည်းများသည် သတ်မှတ်ထားသော အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးပေးမည့်အရည်အသွေး ထိန်းချုပ်ရေး ကျွမ်းကျင်သူများ၊ ပြည်တွင်းမှာသာမကဘဲ ပြည်ပကိုပါ ထိုးဖောက်နိုင်ရန်အတွက် ဈေးကွက်ကို လေ့လာသုံးသပ်မည့် ဈေးကွက်ရှာဖွေရေးနှင့် ရောင်းချရေးကျွမ်းကျင်လုပ်သားများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားလာမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ပိုမိုတိုးတက်ရန်မှာ Primary sector ကို စွန့်ပစ်၍မရနိုင်သကဲ့သို့ ခေတ်မီနည်းပညာနှင့် ဝန်ဆောင်မှုကဏ္ဍကိုလည်း လက်တွဲခေါ်ဆောင်ရမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တန်ဖိုးမြှင့်တင်ပြီး လုပ်သားအင်အားစုကို ကျွမ်းကျင်သူများအဖြစ် ပြောင်းလဲပေးနိုင်မှသာ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်ရရှိမည်ဖြစ်ပါသည်။
Primary sector, Secondary sector နှင့် Tertiary sector များကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်စီးပွားရေးစနစ်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး နည်းပညာကျွမ်းကျင်မှုရှိသည့် လုပ်သားကောင်းများ ပေါ်ထွက်လာမည်မှာ မလွဲဧကန်ဖြစ်ပါတော့သည်။ ။