Skip to main content

တက္ကသီလာ မြကျွန်းသာမှာပညာရည်နို့ သောက်စို့ခဲ့ပါသည် (အပိုင်း-၆)

 

အမိတက္ကသိုလ်၏ နှောင်းအတိတ်ဆီမှ ဟောင်းအရိပ်ပုံရိပ်လွှာများ

 

တက္ကသိုလ် သို့မဟုတ် အလှရွှန်းစို မြကျွန်းညို

 

နွေမှာပွင့်လန်း၊ ပိတောက်ပန်းကို

ဆင်မြန်းပန်ဆင်၊ ခပ်ယဉ်ယဉ်မင့်

သူ့တွင် အလှ မမြဲပါ။

 

မိုးမှာပွင့်လန်း၊ စံပယ်ပန်းကို

ဆင်မြန်းပန်ဆင်၊ ခပ်ယဉ်ယဉ်မင့်

သူ့တွင်အလှ မမြဲပါ။

 

ဆောင်းမှာပွင့်လန်း၊ သဇင်ပန်းကို

ဆင်မြန်းပန်ဆင်၊ ခပ်ယဉ်ယဉ်မင့်

သူ့တွင်အလှ မမြဲပါ။

 

 ပိတောက်သဇင်၊ စံပယ်ယဉ်ကို

ခုံမင်စွဲလမ်း၊ ပန်ဆင်မြန်းလည်း

ညှိုးနွမ်းကြွေကျ၊ မြေမှာခသည်

ခေတ္တအလှ၊ တဒင်္ဂမို့

တစ်ဘဝမှာ၊ ထာဝရလန်း

ပညာပန်းကို၊ ဆင်မြန်းပါမှ

ပညာရဲရင့်၊ ပွဲလယ်တင့်၍

နှိုင်းချင့်ဆင်ခြင်၊ ဉာဏ်အမြင်နှင့်

အစဉ်ကြိုးစား၊ လုံ့လထားမှ

တက္ကသီလာ၊ မြကျွန်းသာမှာ

ပညာရည်နို့၊ သောက်စို့ရကျိုးနပ်ပါမည်။ ။

 

ကိုလိုနီခေတ် အမိရန်ကုန်တက္ကသိုလ်ကြီး၏ ကနဦး နိဒါန်း ကာလတွင် ရန်ကုန်ကောလိပ် ကျောင်း သား ကျောင်းသူ တို့၏ ပညာသင်ခရီးလမ်းမှာ ပန်းခင်းလမ်းမဟုတ်၊ ခယောင်းလမ်းသဖွယ် ကြမ်း တမ်းခဲ့သည်။ ထိုစဉ်က “ရန်ကုန် ကောလိပ်” (Rangoon College) မှာ အိန္ဒိယနိုင်ငံရှိ “ကိုလ်ကတ္တား တက္ကသိုလ်” ၏ လက်အောက်ခံဖြစ်ခဲ့ပြီး တည်ရှိခဲ့ရာနေရာမှာ ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းဆုံ မီးပွိုင့်အနီး ယခုလသာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) နေရာ [ထိုစဉ်က ရန်ကုန်အစိုးရ အထက်တန်းကျောင်း (Rangoon Government High School)]ပင် ဖြစ်သည်။

၁၈၈၄ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက “ရန်ကုန် အစိုးရအထက်တန်းကျောင်း”ကို “ရန်ကုန်ကောလိပ်” အဖြစ် အမည်ပြောင်းလဲပြီး ကောလိပ်ကျောင်း အုပ်ကြီး အဖြစ် “မစ္စတာဂျေ အိပ်ချ်ဂေးလ်ဘတ် ” (Mr.J.H Gilbert)အား ခန့်ထားခဲ့သည်။ ရန်ကုန်ကောလိပ်တွင် ဥပစာတန်း (ဝိဇ္ဇာ)အထိ သင်ကြားပေးခဲ့ပြီး စာမေးပွဲများကို “ကိုလ်ကတ္တား တက္ကသိုလ်” (Kolkata University) က တာဝန်ယူဦးဆောင်စစ်ဆေးခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် “ရန်ကုန်ကောလိပ်” ကို “ရန်ကုန်အစိုးရ ကောလိပ်” (Rangoon Government College) ဟု အမည်ပြောင်းလဲခဲ့သည်။

၁၉၁၈ ခုနှစ်တွင် အမေရိကန်သာသနာပြုအဖွဲ့မှ “ဒေါက်တာဂျပ်ဆင်”(Dr. Judson)က ရန်ကုန် အစိုးရ ကောလိပ်နှင့် အလားတူ “ဂျပ်ဆင်ကောလိပ်”(Judson College) ကို ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။

၁၈၉၂ ခုနှစ်ကတည်းက “ရန်ကုန်ကောလိပ်” ကို “ကိုလ်ကတ္တားတက္ကသိုလ်” ၏‌ လက် အောက်ခံ အဖြစ် မထားရှိဘဲ သီးခြားလွတ်လပ်သော တက္ကသိုလ်အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆို ခဲ့ကြရာ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာ လတွင် မြန်မာပြည်အုပ်ချုပ်ရေး ဥပဒေပြု ကောင်စီက ရန်ကုန်တက္ကသိုလ် တိုးမြှင့်ရန် လက်ခံ သဘောတူခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ထိုစဉ်က မြန်မာပြည် ဒုတိယဘုရင်ခံ “ဆာရီဂျင်နယ် ကရက်ဒေါက်” (Reginald Craddock) က ရန်ကုန် တက္ကသိုလ် အက်ဥပဒေကိုအတည်ပြုခဲ့ပြီး ရန်ကုန် တက္ကသိုလ်၏ ပထမဦးဆုံး “အဓိပတိ” (Chancellor)ဖြစ်လာခဲ့သည်။ ထိုအခါ ရန်ကုန်တက္ကသိုလ်ကောလိပ် နှင့် ဂျပ်ဆင်ကောလိပ်တို့ကို ပူးပေါင်းလိုက်ပြီး “ရန်ကုန် တက္ကသိုလ်” (Rangoon University)ဟု စတင်ခေါ်တွင် ခဲ့သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန် တက္ကသိုလ်ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၆၉၂ ဦး၊ ဂျပ်ဆင်ခေါ်ယုဒသန် ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၁၃၇ ဦးရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၂၉ ဦး ရှိခဲ့သည်။

သို့ရာတွင် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေသည် ကြေးရတတ်သားသမီးများကိုသာ အကျိုး ပြုပြီး တိုင်းရင်းသား ပြည်သူတို့၏သားသမီး များအား အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်မှုကို ကန့်သတ်ထားခြင်း၊ တက္ကသိုလ်အုပ်ချုပ်ရေးစည်းကမ်းများမှာလည်း ကျောင်းသား ကျောင်းသူများ အပေါ် ဖိနှိပ်ချုပ်ချယ်လွန်းရာ ရောက်ရှိနေခြင်း၊ ဘွဲ့ရပညာတတ် ဦးရေ အများအပြားထွက်ပေါ်ခြင်း မရှိနိုင်အောင် ချုပ်ကိုင် ထားခြင်း၊ အသက်မွေး ဝမ်းကျောင်းပညာရပ်များကို သင်ကြားခွင့်မရရှိဘဲ အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး အတွက်သာ ဦးစားပေး သင်ကြားခြင်းတို့ကြောင့် တက္ကသိုလ်ကျောင်းသား မျိုးချစ်ခေါင်း ဆောင်များက ကိုလိုနီခေတ် ပညာရေးစနစ်ကို ပယ်ဖျက်ပေးရန် အမျိုးသားရေး စိတ်ဓာတ် အပြည့်အဝဖြင့် ပထမအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်ကြီးကို ဦးဆောင်ဆင်နွှဲ ခဲ့ကြသည်။

ထိုစဉ်က ဗြိတိန်နိုင်ငံတွင် ကွန်ဆာဗေးတစ်ပါတီ အာဏာရချိန်ဖြစ်ပြီး အတိုက်အခံပါတီဖြစ်သည့် လေဘာ ပါတီမှ လွှတ်တော်အမတ် “ကာနယ်ဝက်ဂျ်ဝုဒ်” သည် ရန်ကုန်မြို့သို့ ရောက်ရှိလာကာ ရွှေတိဂုံစေတီတော်ရင်ပြင်၌ သပိတ်စခန်းချလျက်ရှိသော ရန်ကုန်တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများကို လာရောက် တွေ့ဆုံ ခဲ့သည်။ ထိုအင်္ဂလိပ်အမတ်ကပင်-

“ဗြိတိသျှအစိုးရက မြန်မာပြည်မှာ တက္ကသိုလ်ပညာ သင်ကြားရေးစနစ်ကို မတရားသဖြင့် စီမံထား ခြင်းဖြစ်တယ်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကလေး၊ လူငယ်၊ လူရွယ်များ သင်ကြားရတဲ့စနစ်ဟာ သခင်ဖြစ်စေတဲ့ ပညာရေးစနစ် ဖြစ်နေပြီး မြန်မာကလေး၊ လူငယ်၊ လူရွယ်များ သင်ကြား ရတဲ့ စနစ် ကျတော့ ကျွန်ဖြစ်စေတဲ့ ပညာရေးစနစ် ဖြစ်နေ တယ်။ တကယ်တော့ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင် ဖြစ်နေပါစေ မြန်မာပြည်မှာ ပညာရေးစနစ်ကို ညီတူညီမျှ အတူတူ တစ်မျိုးတစ်စားတည်း ထားသင့်ပါတယ်။ ဒါကြောင့် တက္ကသိုလ်သပိတ်ကြီးကို ညီညီညွတ်ညွတ်နဲ့ ဆက်လက် ဆင်နွှဲကြပါ။ ပြီးတော့ အမျိုးသားကျောင်းများကိုလည်း ထူထောင်ကြပါ”ဟု ထောက်ခံတိုက်တွန်း အားပေးခဲ့သည်။

မြွေမြွေချင်း ခြေမြင်ဆိုသကဲ့သို့ ထိုစဉ်က အာဏာရ “ကွန်ဆာဗေးတစ်ပါတီ”(Conservative Party) အစိုးရ၏ မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးခဲ့သော ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေနှင့် ပညာရေးစနစ်ကို အတိုက်အခံပါတီကြီးဖြစ်သော “လေဘာပါတီ”(Labour Party)မှ လွှတ်တော် အမတ် ကိုယ်တိုင် မြန်မာပြည်သို့ ကိုယ်တိုင်လာရောက်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ ခေါင်းဆောင်များဘက်မှ မားမားမတ်မတ် ရပ်တည် ထောက်ခံအားပေးခဲ့သည်ကို ကြည့်ရုံမျှနှင့်ပင် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေ၏ မူမမှန်သော အဇ္ဈတ္တ အတွင်းသရုပ်ရော၊ ဗဟိဒ္ဓပြင်ပ သွင်ပြင်ကိုပါ ထင်ရှားစွာ တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

၁၉၂၀ ပြည့်နှစ်တွင် ကိုလိုနီခေတ်ပညာရေးစနစ်ကို အသက်သွင်းထားသော အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ “ရန်ကုန် တက္ကသိုလ်အက်ဥပဒေ”(Rangoon University Act)ကို ဆန့်ကျင်သပိတ်မှောက် ခဲ့ကြသည့် ရန်ကုန် တက္ကသိုလ် မျိုးချစ်ကျောင်းသားခေါင်းဆောင်များ၏ ပထမအကြိမ် သပိတ်ကြီး သည် “အမျိုးသားပညာရေးစနစ်” (National Education)ကို ရုပ်လုံးပေါ်ပေါက်လာပြီး မြန်မာပြည် အနှံ့ ကိုယ့်အားကိုယ်ကိုး “အမျိုးသားကျောင်း များ” (National School) ပေါ်ပေါက်လာခဲ့သည့်ပြင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝမှလွတ်မြောက်ရေး အတွက် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မုခ်တံခါးကို စတင်ဖွင့်လှစ်ပေးခဲ့သည်မှာ သမိုင်းသက်သေတည်ပြီး ဖြစ်ပါသည်။

စန်းနီလာဝင်း