Skip to main content

ပြန်ပေးအဆွဲခံထားရတဲ့ကမ္ဘာ

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

ဒီနေ့ကမ္ဘာကြီးက ဘာနဲ့တူနေသလဲဆိုတော့ ပြန်ပေးအဆွဲခံထားရတာနဲ့တူနေတယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် တူရာစုကြတာပဲ။ သာတဲ့ဘက်က၊ နိုင်တဲ့ဘက်က လုပ်ချင်တာလုပ်တာပဲ။ အဆိုးမြင်တာမဟုတ်ဘူး။ ကမ္ဘာကြီးကပျက်စီးသွားပြီ။ အင်အားရှိသူသာ နိုင်စတမ်းပဲ။ ရုပ်ပိုင်းဆိုင်ရာတွေသာ တိုးတက်ဖွံ့ဖြိုး လာတယ်။ စိတ်ပိုင်းဆိုင်ရာက ယိုယွင်းသွားပြီ။ ပညာထက် အင်အားက ရှေ့ရောက်ခဲ့ပြီ။

ကမ္ဘာကြီးက ယဉ်ကျေးမလာပါဘူး

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာကြီးဟာငြိမ်းချမ်းရေးတို့၊ ဖွံ့ဖြိုးရေးတို့ဆိုတာတွေမှာ အကြီးအကျယ်မြှုပ်နှံခဲ့တယ်။ ကမ္ဘာအနှံ့က တက္ကသိုလ်ကြီးတွေက ပညာရှင်ပေါင်းများစွာ မွေးထုတ်ခဲ့တယ်။ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးခဲ့တယ်။ အဖွဲ့အစည်းပေါင်းများစွာက ဖောင်ဒေးရှင်းတွေ ထောင်ကြတယ်။ ငြိမ်းချမ်းရေးအတွက် ဆုတံဆိပ်ပေါင်းများစွာပေးကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းများစွာ ပေါ်ထွက်လာတယ်။ ပြည်တွင်းက အင်န်ဂျီအိုလိုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက် အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကကြာလေပိုလို့သာ မငြိမ်းမချမ်းဖြစ်လာတယ်။ Good Governance တို့၊ Gender တို့၊ Peace တို့၊ Development တို့ဆိုတဲ့ ပရောဂျက်တွေက အကောင်အထည်ဖော်လို့ကို မပြီးနိုင်ဘူး။ ဘတ်ဂျက်တွေသာ အဆက်မပြတ်တောင်းခံနေတယ်။ ကမ္ဘာကြီးက ယဉ်ကျေးမလာပါဘူး။

ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန် - ဆိုဗီယက် စစ်အေးတိုက်ပွဲကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ဘူးလို့ အကြောင်းပြမယ်ဆိုရင် စစ်အေးတိုက်ပွဲအလွန် အမေရိကန်နဲ့ အနောက်မဟာမိတ်တွေ ထင်တိုင်းကြဲနိုင်တဲ့အခြေအနေမှာလည်း ကမ္ဘာကြီးက ငြိမ်းချမ်းမလာခဲ့ပါဘူး။ အခု ၂၀၂၅ ခုနှစ် အမေရိကန်နိုင်ငံမှာ အမျိုးသားရေး သမ္မတ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် ဒုတိယအကြိမ်အာဏာရလာခဲ့ပြီး Make America Great Again အားသွန်နေချိန်မှာ တစ်ဖက်မှာလည်း တရုတ်နဲ့ရုရှားနိုင်ငံတွေက သူတို့သမိုင်းတစ်လျှောက် အင်အား အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။

ပြန်ပေးဆွဲတယ်ဆိုတဲ့ကိစ္စဆီ ပြန်လှည့်ရအောင်။ အဲဒီစကားလုံးက နည်းနည်းကြီးတယ်။ အာဏာရှင်နိုင်ငံတွေကို အဲဒီအသုံးအနှုန်းသုံးရင် အကြောင်းမဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံတွေကို သုံးရင်အဲဒါ နည်းနည်းပြဿနာရှိတယ်။

အခု ဆောင်းပါးခေါင်းစဉ်က ‘ပြန်ပေးအဆွဲ ခံထားရတဲ့ကမ္ဘာ’ ဆိုတော့ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်နေတယ်။ ဆိုတော့ဆောင်းပါးမှာ လွတ်လပ်တဲ့ လစ်ဘရယ်ကမ္ဘာဘက်ခြမ်းမှာ သဘောထားကွဲလွဲနေတာတွေကို အဓိက မီးမောင်းထိုးရေးသားသွားမယ်။ ဒီဆောင်းပါးက အနောက် ဆန့်ကျင်တဲ့ ဆောင်းပါးမဟုတ်ဘူး။ သို့သော် အမှန်ဖြစ်ပျက်နေတာတွေကို အရှိကိုအရှိအတိုင်း ရေးသားတင်ပြသွားပါမယ်။

လက်ဝဲနဲ့လက်ယာဆိုပြီး နှစ်ပိုင်းကွဲ

အခုဆို သိတဲ့အတိုင်းပဲ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးမှာ လက်ဝဲနဲ့လက်ယာဆိုပြီး နှစ်ပိုင်းကွဲတယ်။ အနောက်နိုင်ငံဆိုတာ အမေရိကန်တို့၊ ဥရောပတို့စတဲ့ ဒီမိုကရေစီနိုင်ငံတွေပေါ့။ လက်ဝဲဆိုတာ သဘာဝပတ်ဝန်းကျင်တို့၊ ကျား၊ မသာတူ ညီမျှမှုတို့၊ လိင်တူချစ်သူများတို့ စသဖြင့် လူ့အခွင့် အရေးကိစ္စတွေ အလေးပေးတယ်။ လက်ယာကျတော့ လူ့အခွင့်အရေးတွေကို မပစ်ပယ်ပေမယ့် အမျိုးသားရေးကို ဦးစားပေးတယ်။ တစ်ဖက်နဲ့ တစ်ဖက်က ဆန့်ကျင်ဘက်တွေပေါ့။ နှစ်ဖက်စလုံး ဒီအမေရိကန်ပညာရေး၊ ဒီဥ‌ရောပပညာရေးက မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံသားအချင်းချင်း ဖြစ်လေတော့ မြွေမြွေချင်း ခြေမြင်ကြတယ်။ နည်းနည်းလေးမှ အကြောမခံဘူး။

တစ်ဖက်ကရွေးကောက်ပွဲနိုင်ရင် သူ့အရင်တစ်ဖက်က လုပ်ခဲ့တာကို ဖျက်ပစ်တယ်။ အသစ်က ပြန်စတယ်။ အပြန်အလှန်ပဲ။ သိပ်ကြာတော့ ဘက်နှစ်ဖက်စလုံးက အစွန်းတွေရောက်လာတယ်။ လက်ဝဲဆိုလည်း လက်ဝဲစွန်း၊ လက်ယာဆိုလည်း လက်ယာစွန်းအဲဒီလိုမျိုးတွေဖြစ်လာတယ်။ လက်ဝဲဘက်ကလည်း လက်ယာသမားတွေကို ဖက်ဆစ်လို့ရင့်ရင့်သီးသီး သုံးနှုန်းသလို လက်ယာဘက်ကလည်း လက်ဝဲတွေကို ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေလို့ တံဆိပ်ကပ်တယ်။ အဲဒီလိုအခြေအနေတွေကဟိုး စစ်အေးတိုက်ပွဲကာလမှာကတည်းက ရှိခဲ့ပေမယ့် ဒီနေ့ကာလမှာ သိပ်ကိုသိသာထင်ရှားလာတယ်။ နိုင်တဲ့ဘက်က ရသလောက်လုပ်တာပဲ။ သူ့လူသူကြည့်တယ်။ သူ့လူမဟုတ်ရင် ပထုတ်တယ်။ ပထုတ်တာထက်ကျော်ပြီး အပြစ်ရှာ ထောင်ချတယ်။ လိုချင်တာကို ဖိအားအမျိုးမျိုးပေးပြီး လှည့်ပတ်လုပ်တာပဲ။ ငါတို့ဘက်ပါမလား။ ငါတို့ဘက်ရပ်မလား။ ကိုယ်ထိလက်ရောက် မဟုတ်သည့်တိုင် တစ်နည်းပြန်ပေးဆွဲတာပဲပေါ့။ အနည်းဆုံး တစ်ဖက်ဆန့်ကျင်သူတွေရဲ့အမြင်မှာဒါဟာ ပြန်ပေးဆွဲတာပဲ။

ထရမ့်ပထမအကြိမ် (၂၀၁၆-၂၀၂၀) အာဏာရခဲ့တုန်းကထရမ့်က သမ္မတအာဏာအသုံးပြုပြီး သူလုပ်ချင်တာတွေလုပ်တော့ ထရမ့်ကို ဆန့်ကျင်သူတွေက အမေရိကန်နိုင်ငံရေးဟာ ပြန်ပေးအဆွဲ ခံထားရသလိုပဲလို့ပြောကြတယ်။ ထရမ့်ရွေးကောက်ပွဲရှုံးပြီး အာဏာလက်လွတ်‌သွားတဲ့နောက်ပိုင်းထရမ့်ကို တရားစွဲဆိုဖို့ကိစ္စတွေဖြစ်လာတယ်။ ထရမ့်ကို ‌ထောက်ခံသူတွေက လက်မခံဘဲ အပြစ်မရှိ အပြစ်ရှာတယ်၊ ဥပ‌ဒေကိုလုပ်ချင်သလိုလုပ်တယ်၊ အမေရိကန်ဟာ ပြန်ပေးအဆွဲခံထားရတယ်ဆိုတဲ့ သဘောပြောကြပြန်တယ်။

လစ်ဘရယ်တွေ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့မြင်

ပြောကြစတမ်းဆို လစ်ဘရယ်တွေ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့ မြင်တယ်။ အမေရိကန်တို့၊ ဥရောပ(အများစု)တို့ အားလုံးက လစ်ဘရယ်တွေပဲ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဦးစားပေးတဲ့ နိုင်ငံတွေပဲ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အထူးသဖြင့်စစ်အေးတိုက်ပွဲနှောင်းပိုင်းမှာ လစ်ဘရယ်တွေဟာ နှစ်ပေါင်းများစွာ ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ်။ အနောက်ကမ္ဘာက အစိုးရအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေအကုန် လစ်ဘရယ်တွေပဲ။ လစ်ဘရယ်မဟုတ်ရင် မရှင်သန်နိုင်ဘူး။ အနောက်ကမ္ဘာဆိုပေမယ့်သူတို့ဟာ ကမ္ဘာအနှံ့လွှမ်းခြုံတယ်။ အချိန်တွေကသိပ်ကြာလာပေမယ့် တစ်ကမ္ဘာလုံးက လစ်ဘရယ်ဖြစ်မလာဘူး။ တစ်ဖက်မှာ လစ်ဘရယ်မဟုတ်တဲ့ ရုရှားတို့၊ တရုတ်တို့လို နိုင်ငံတွေ စုရုံးကြီးထွားလာတယ်။ နောက်ဆုံး လစ်ဘရယ်ထဲမှာ တင် သဘောကွဲလွဲလာတယ်။

ခုနပြောတဲ့ လက်ဝဲ၊ လက်ယာဆိုတာ အဲဒီရလဒ်တွေပဲ။ နဂိုကတည်းက လစ်ဘရယ်နိုင်ငံတွေမှာလက်ဝဲ၊ လက်ယာဆိုတဲ့ နိုင်ငံ‌ရေးအက်ကြောင်းက ရှိနှင့်ပြီးဖြစ်တယ်။ ဒီနေ့ကာလမှာ သိပ်ထင်ရှားလာပြီး အစွန်းဘက်တွေက ပိုအားကောင်းလာတယ်လို့ ဆိုလိုရင်းဖြစ်တယ်။ လစ်ဘရယ်တွေရဲ့ အားနည်းချက်က မပြင်ဆင်တာပဲ။ သူတို့လုပ်ငန်းစဉ်နဲ့ သူတို့ ဘယ်သူ့မှဂရုမစိုက်ဘူး။ လူ့အခွင့်အရေးမှ လူ့အခွင့်အရေးပဲ။ ပြင်ဆင်ဖို့စိတ်ကူးမရှိဘူး။ အခုဆို သူ့ထောင်ချောက်နဲ့သူ ပိတ်မိနေတယ်။

လစ်ဘရယ်အာဂျင်ဒါ၊ လစ်ဘရယ်တန်ဖိုး၊ လစ်ဘရယ်လုပ်ငန်းစဉ်ဆိုတာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူချစ်သူများ အခွင့်အရေး၊ ရွှေ့ပြောင်းခိုလှုံသူများအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်စသဖြင့် အများအကြိုက်တွေပေါ့။ ကမ္ဘာအနှံ့ ပရောဂျက်တွေ အမျိုးမျိုးဖော်ဆောင်ကြတာပေါ့။ ကမ္ဘာကြီးက ယဉ်ကျေးငြိမ်းချမ်းလာ သလားဆိုတော့ ဒီနေ့မြင်တဲ့အတိုင်းပဲလေ။ ဘာမှဖြစ်မလာဘူး၊ ပြောရင်တော့ အဆိုးမြင်ရာ‌ရောက်တာ ပေါ့ဗျာ။ ထိရောက်သင့်သလောက် မထိရောက်ဘူးပေါ့။ မထိရောက်တဲ့အပြင် အချို့နေရာတွေမှာ နောက်ပြန်ဆွဲသွားတယ်။ လက်တွေ့ပဲကြည့်ပါ။ သူတို့ အဲဒီလူ့အခွင့်အရေးတွေ ဖော်ဆောင်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မပြောလိုဘူး။ သူတို့ မူရင်း ဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမှာတောင် လစ်ဘရယ် တန်ဖိုးတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝေဖန်တဲ့ ထရမ့်လို အမျိုးသားရေးလက်ယာသမားတွေ ရွေးကောက်ပွဲနိုင် အာဏာရလာတယ်မဟုတ်လား။

လစ်ဘရယ်တွေဟာ ငါတို့ဘက်မှာနိုင်ငံတကာ အဖွဲ့အစည်းတွေရှိတယ်၊ မီဒီယာတွေရှိတယ်၊ ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေရှိတယ်ဆိုပြီး မာန်တက်တာပေါ့။ အစိုးရတွေအထက်မှာ ရှိချင်လာတယ်။ လစ်ဘရယ်ပြီးရင်း လစ်ဘရယ်တာပဲ။ ပြန်ပြီးဆန်းစစ်ဝေဖန်တာတွေမလုပ်ဘူး။ ငါတို့သာ အမှန်ဆိုတဲ့အထိုင်က သူများကိုကြည့်တယ်။ ပြန်လည်ပြင်ဆင်ဖို့ ခက်ခဲသွားတယ်။ နောက်ဆုံးလစ်ဘရယ် ထောင်ချောက်ထဲကျတော့တာပဲ။ ပြန်ထွက်မရတော့ဘဲ နောက်ဆုံး ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေ ထွက်တော်မူ နန်းကခွာရပါတော့တယ်။

ထရမ့်တို့အမြင်က လစ်ဘရယ်တွေဟာ အမေရိကန်တို့၊ ဥရောပတို့နိုင်ငံရေးကို ပြန်ပေးဆွဲထားတယ်လို့မြင်တယ်။ ဒါကြောင့် ထရမ့်ကလစ်ဘရယ် အသိုက်အဝန်းထဲမှာတင် သူပုန်ထတာ‌ပေါ့။ သူလည်းလစ်ဘရယ်ပညာရေးနဲ့ လစ်ဘရယ်ဒီမိုကရေစီဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့သူပဲလေ။ ၂၀၂၁ ခုနှစ်တုန်းကဆိုရင် ရွေးကောက်ပွဲအပြီးမှာ မဲရလဒ်ကိုမကျေနပ်လို့ ထရမ့်လူတွေက အမေရိကန်လွှတ်တော်ကိုဝင်စီးတယ်။ အမေရိကန်မီဒီယာတွေမှာ ပုန်ကန်မှု၊ ဆူပူအုံကြွမှုလို့ သုံးတယ်။ သူပုန်ထတယ်ပေါ့။ အခုဘာပြောကြမလဲ။ သူပုန်ဆိုတဲ့သူက နောက်တစ်ကြိမ် ရွေးကောက်ပွဲအောင်ပြန်ပြီလေ။ အခု ၂၀၂၅ ခုနှစ်မှာ ထရမ့်ကြီးအိမ်ဖြူတော်မှာ နောက်တစ်ကြိမ်ရုံးထိုင်ပြီ။ ထရမ့်လက်ထဲ အာဏာရောက်ပြီဆိုတော့ ထရမ့်ဆန့်ကျင်သူတွေက အမေရိကန်တော့ ပြန်ပေးအဆွဲခံရပြီတဲ့။ လေးနှစ်တစ်ကြိမ် အပြန်အလှန် ပြန်ပေးဆွဲနေကြတယ်ပေါ့။

လစ်ဘရယ်တန်ဖိုးမှာ ဂျန်ဒါဆိုတဲ့ ကျား၊ မ သာတူညီမျှမှုက အရေးကြီး

ကြုံတုန်းဂျန်ဒါ (Gender) ကိစ္စရေးချင်တယ်။ လစ်ဘရယ်တန်ဖိုးမှာ ဂျန်ဒါဆိုတဲ့ ကျား၊ မသာတူညီမျှမှုက အရေးကြီးတယ်။ လစ်ဘရယ်တွေက ထရမ့်ဟာ မိန်းမတွေကို မလေးစားဘူးလို့မြင်တယ်။ ထရမ့်ကိုဆန့်ကျင်သူတွေထဲမှာ အမျိုးသမီးတွေ အများဆုံးပဲလို့ မီဒီယာတွေမှာဖော်ပြတယ်။ အခုထရမ့်နိုင်ပြီဆိုတော့ အမျိုးသမီးအတော်များများ မကျေမနပ်ဖြစ်ကြတာပေါ့။ ထရမ့်တို့လို အမျိုးသားရေးသမားတွေက အမျိုးသမီးအခွင့်အရေးတို့၊ LGBT အခွင့်အရေးတို့ သိပ်ဦးစားပေးခြင်းဟာ နိုင်ငံ‌တော်ကို အားနည်းချည့်နဲ့စေတယ်လို့မြင်တယ်။ ထုတ်သာ မပြောတာဖြစ်တယ်။

တစ်နည်းပြောရရင် လစ်ဘရယ်တွေဟာ အမျိုးသမီးအခွင့်အရေး၊ LGBT အခွင့်အရေးတွေ ကတစ်ဆင့် အကာအကွယ်ယူပြီး နိုင်ငံရေးကို ပြန်ပေးဆွဲထားတယ်လို့မြင်တယ်။ အမျိုးသမီးထုနဲ့ လှည့်တိုက်ပေးတယ်လို့မြင်တယ်။ ဘယ်သူက အမျိုးသမီးတွေနဲ့ ရန်ဖြစ်ချင်မှာလဲ။ ယောကျ်ားနဲ့ မိန်းမ လူရှေ့သူရှေ့စကားများရင် ယောကျ်ားဘက်က အရှုံးပဲလေ။ ဒါကြောင့် ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက် ဒီမိုကရက်တစ် အမျိုးသမီးသမ္မတလောင်း ကာမလာနဲ့ မဖြစ်မနေလုပ်ရတဲ့ စကားစစ်ထိုးပွဲ တစ်ကြိမ်ပဲဝင်တယ်။ နောက်တစ်ကြိမ်ထပ်လုပ်ဖို့ ကာမလာက ကမ်းလှမ်းတော့ထရမ့်က မတုံ့ပြန်ဘူး။

အဲဒီတုန်းက ထရမ့်မလိုလားသူတွေကထရမ့်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတယ်။ ထရမ့်ကြောက်သွားပြီပေါ့၊ ကာမလာကို မယှဉ်ရဲဘူးပေါ့၊ မိန်းမတစ်ယောက်ကိုတောင် မရင်ဆိုင်ရဲဘူးပေါ့စသဖြင့် လှောင်ပြောင်ကြတယ်။ လစ်ဘရယ်ဆိုတာ ဒါပဲလေ။ လူအုပ်နဲ့ဝိုင်းအနိုင်ကျင့်တဲ့နေရာမှာ လစ်ဘရယ်တွေက ရှေ့ဆုံးကပဲ။ တစ်နည်းပြန်ပေး ဆွဲနည်းတစ်မျိုးပဲ။

ဒါကြောင့်လည်း လက်တွေ့ကျတဲ့ အမေရိကန်လူထုက လစ်ဘရယ်တွေကို ရွေးကောက်ပွဲမှာ နှပ်ပစ်တာပေါ့။ အခုဆို SpaceX တို့၊ Tesla တို့ရဲ့ ပဲ့ကိုင်ရှင် အီလွန်မတ် (Elon Reeve Musk) တို့၊ Facebook (Meta) ပဲ့ကိုင်ရှင် ဇူကာဘက် (Mark Zuckerberg) တို့ကတောင် အလုပ်တွေမှာ အလုပ်ချိန် အပြည့်လုပ်ဖို့၊ အပျော်အပါးလျှော့ဖို့၊ လူလျှော့မယ်တို့၊ လုပ်ငန်းခွင်မှာ ကျားကျားလျားလျား လုပ်ရမယ်တို့စသဖြင့် လစ်ဘရယ်တွေမကြိုက်တဲ့ ဖိုဝါဒဆန်ဆန် သဘောထားတွေ တင်ပြနေကြလို့ လစ်ဘရယ်အသိုက်အဝန်းမှာ မကျေမနပ်ဖြစ်နေ ကြပါတယ်။ သူတို့တစ်သက် ကြိုးစားခဲ့တဲ့ ဂျန်ဒါ တွေ ဘေးချိတ်ခံထားရသလို ခံစားနေရတယ်ပေါ့။ အခုနောက်ဆုံး ပြောနေကြတာ အမေရိကန်နိုင်ငံ‌ရေးကို ထရမ့်နဲ့သူ့အနားက ဘီလျံနာသူဌေးလူတစ်စုက ချုပ်ကိုင်နေကြပြီ၊ အမေရိကန်ကို လူတစ်စုကအုပ်ချုပ်နေပြီ၊ တစ်နည်းအမေရိကန်နိုင်ငံရေးကို လူတစ်စုက ပြန်ပေးဆွဲထားပါပြီတဲ့။

နိုင်ငံတကာစနစ်ကြီးကို ပြန်ပေးဆွဲထားတယ်လို့ရှုမြင်

အကျိုးအမြတ် မယူဘူးဆိုတဲ့ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေတောင် အချို့လေ့လာ သူတွေရဲ့အမြင်မှာ ပြန်ပေးအဆွဲခံထားရတဲ့ သဘောသဘာဝနဲ့မကင်းပါဘူး။ ပညာတတ် လစ်ဘရယ်တွေက အခြေခံလူ့အခွင့်အရေး၊ လူသားချင်းစာနာမှုဆိုတဲ့ စကားလုံးတွေသုံးပြီး နိုင်ငံတကာစနစ်ကြီးကို ပြန်ပေးဆွဲထားတယ်လို့ အချို့နိုင်ငံရေးသမားတွေက ရှုမြင်ပါတယ်။ ပွင့်လင်းမြင်သာမှု အားနည်းတာ၊ ငွေတွေသာသုံးပြီး ကမ္ဘာကြီးက ပြဿနာတွေများလာတာ၊ အာဏာရှင်နိုင်ငံတွေကနေရာ ပိုရလာတာတွေကို ထောက်ပြကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ခေတ်စနစ်တွေ၊ အရေးအခင်းတွေကို မလွှမ်းနိုင်ဘဲ ခေတ်စနစ်တွေ၊ အရေးအခင်းတွေရဲ့ လွှမ်းတာကိုသာခံရင်း အလိုက်အထိုက်နေလာတာ နှစ်ပေါင်းများစွာ ကြာတော့ သူတို့အပေါ် အများပြည်သူရဲ့ ယုံကြည်မှုကလည်း ကျဆင်းလာပါတယ်။ သို့သော်နိုင်ငံတွေဟာ နိုင်ငံတကာဆက်ဆံရေး အသိုက်အဝန်းမှာတည်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အရေးကြီးတဲ့အစိတ် အပိုင်းဖြစ်တာကြောင့် အားလုံးက အလိုက်အထိုက်ပဲနေကြပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောသဘာဝအရ လူ့အခွင့်အရေးအဖွဲ့တွေ၊ လူသားချင်း စာနာကူညီမှုအဖွဲ့တွေ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာ တွေ ချိတ်ဆက်အလုပ်လုပ်ကြတာမို့ အနည်းနဲ့အများ လစ်ဘရယ်နိုင်ငံရေးသမားတွေနဲ့ နီးစပ်မှုရှိပါတယ်။ လစ်ဘရယ်အထိုင်ကပဲအပြန်အလှန် ကူညီရိုင်းပင်းကြပါတယ်။ အခုလို ကမ္ဘာတစ်လွှား လစ်ဘရယ်တန်ဖိုးတွေ အတိုက်အခိုက်ခံလာရချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအနေကျပ်ပါတယ်။ ကုလသမဂ္ဂဌာနချုပ်တည်ရှိတဲ့ အမေရိကန်နိုင်ငံမှာတောင် လစ်ဘရယ်ဆန့်ကျင်ရေးနိုင်ငံရေးသမားတွေ လွှမ်းမိုးလာနေတာမို့ အချို့ကဌာနချုပ်ကို အမေရိကန်ကနေ ရွှေ့ပြောင်းဖို့ တောင် အကြံပြုကြပါတယ်။ ထရမ့်လိုလူတွေရဲ့ အမြင်ကတော့ ယူအင်န်တို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာ အလုပ်မဖြစ်ဘဲ ပညာတတ်လစ်ဘရယ်တွေ ပြန်ပေးဆွဲထားတဲ့ နိုင်ငံတကာအစိတ်အပိုင်း တစ်ခုအနေနဲ့ရှုမြင်ပါတယ်။

ဖတ်တဲ့သူမှာ ဦးနှောက်ပြန်ပေးအဆွဲခံရ

နောက်ဆုံးဗျာ။ သတင်းမီဒီယာတွေတောင် သတင်းမီဒီယာကျင့်ဝတ်တွေ ဖောက်ဖျက်ပြီး သိသိသာသာသူ့ဘက်၊ ကိုယ့်ဘက်လိုက်နေတဲ့ ခေတ်ကြီးဖြစ်ပါတယ်။ လိုရာဆွဲရေးကြတာပဲ။ အရောင်ဆိုးကြတာပါပဲ။ အတင်းပဲ လက်ခံခိုင်းတာ ပါပဲ။ အတင်းပဲ ထောက်ခံခိုင်းတာပါပဲ။ ဖတ်တဲ့သူ အများစုကလည်း သတင်းဖတ်ရင် ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်ထောက်ခံတာပဲ ဖတ်ချင်ကြတယ်။ သတင်းကဘက်မလိုက်ဘဲ ရေးရင်လည်း မကြိုက်ကြဘူးပေါ့။ သတင်းအောက်မှာ ထောက်ခံသူ လူအုပ်ကြီးက ညာသံပေးပြီး အသိပေးသလိုလို၊ ခြိမ်း‌ခြောက်သလိုလိုနဲ့ လူမိုက်ဆန်ဆန် မှတ်ချက် တွေ အများကြီးပါပဲ။ အချို့သတင်းတွေက ဖတ်ရင်း နဲ့ ဖတ်တဲ့သူမှာ ဦးနှောက်ပြန်ပေးအဆွဲခံရသလို ခံစားရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုပဲကြည့်ပါ။ အမေရိကန်မီဒီယာ ၈၀ ရာခိုင်နှုန်းကျော်ကထရမ့်ကို ဆန့်ကျင်ပါတယ်။ ရွေးကောက်ပွဲနီးတော့ အဓိကသတင်းမီဒီယာအတော်များများက သူတို့ထရမ့်ကို ဆန့်ကျင်ကြောင်း တရားဝင်သတင်းဖော်ပြကြပါတယ်။ ထရမ့်ပြောသမျှ တစ်လုံးမကျန် လိုက်ကောက်ပြီး ဘယ်နေရာကတော့မှားနေတယ်၊ ဘယ်နေရာမှာတော့ လိမ်ပြောတယ်စသဖြင့် အသေးစိတ် သတင်းဖော်ပြကြပါတယ်။ ထရမ့်ကို ကြောက်စရာကောင်းသူအဖြစ် ပုံဖော်ကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ ထရမ့်ကသူပြောမယ့် မိုက်ခွက်မကောင်းလို့ စိတ်တိုနေတာကို အကျယ်တဝင့်ဖော်ပြပြီး ထရမ့်ဟာ ရွေးကောက်ပွဲ နီးလာတော့ သူရှုံးမှာသိလို့ ကယောင်‌ချောက်ချား ဖြစ်နေတယ်၊ စိတ်တိုတယ်ဆိုတာ စိတ်ပူပန်မှုရဲ့ လက္ခဏာဖြစ်တယ်စသဖြင့် မမှားလိုက်နဲ့၊ တွယ်တော့တာပါပဲ။

မဲဆွယ်ပွဲတစ်နေရာမှာလည်း လူမရှိတဲ့ ထိုင်ခုံ တွေရိုက်ပြပြီး အခုဆို မဲဆန္ဒရှင်တွေက ထရမ့် ဘာကောင်မှန်းသိလို့ ကျောခိုင်းနေကြပြီ၊ သူ့ပွဲတွေ လူနည်းလာနေပြီဆိုပြီး ရေးပြန်တယ်။ ရေးတဲ့၊ ပြောတဲ့မီဒီယာတွေက ကမ္ဘာကျော်မီဒီယာကြီးတွေဆိုတော့ အဝေးကစာဖတ်သူတွေကတော့ ဟုတ်များ နေသလားပေါ့။ ထရမ့်အခြေအနေမကောင်းဘူးပေါ့။ မဲရလဒ်လည်းထွက်လာရော ထရမ့်ကမဲအပြတ်အသတ်နဲ့ နေရာအများစုမှာ အနိုင်ရခဲ့တာပါပဲ။ အခုဆို ထရမ့်ဘက်သားလုပ်ငန်းရှင်အချို့က နာမည်ကြီး မီဒီယာတွေကို လိုက်ဝယ်ပြီး ထိန်းချုပ်ဖို့ကြိုးပမ်းနေကြပါတယ်။ နင်ပြီးငါ့အလှည့်ပေါ့။ အပြန်အလှန် ပြန်ပေးဆွဲနေကြတဲ့သဘော ဖြစ်နေတယ်။

အင်အားကြီးသူ နိုင်စတမ်း

ဆိုတော့ကာ ကမ္ဘာကြီးမှာ ဒီကနေ့ဖြစ်နေတာတွေက မရိုးသားဘူး။ နောက်ကွယ်မှာ ကိုယ်မမြင်နိုင်တဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။ လက်ရှိနိုင်ငံတကာအခြေအနေက အင်အားကြီးသူ နိုင်စတမ်းပဲ။ ပညာနဲ့တင် အခြေခံလို့မရဘဲ အတွေ့အကြုံပါလိုလာတယ်။ သတင်းတွေဖတ်တဲ့အခါ ဘယ်သူ့ဘယ်သူမှမုန်းဖို့မဟုတ်ဘဲ သတိနဲ့ ဖတ်ရှုသုံးသပ်တတ်ဖို့လိုတယ်။ စိတ်ကိုဖွင့်ထားပြီး ဖြန့်ကြက်လေ့လာနေကြပါ။ ဘာလုပ်လုပ် အသိပညာ တိုးတက်ဖို့လိုတယ်။

 မြန်မာလူငယ်တွေဟာ အလုပ်ပေါင်းစုံ၊ နေရာပေါင်းစုံ၊ နိုင်ငံပေါင်းစုံကို ရောက်ရှိကျင်လည်ကြမှာ ဖြစ်ပါတယ်။ တစ်ခုတည်းမှာ၊ တစ်နေရာတည်းမှာ ရပ်နေကြမှာမဟုတ်ဘူး။ လုံခြုံရေးသတိရှိကြပါ။ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို မြှင့်တင်ပါ။ နိုင်ငံတကာဆက်ဆံရေးအသိရှိကြပါ။ လူရည်လည်ဖို့လိုတယ်။ ခံစားချက်ကို ဦးစားမပေးပါနဲ့။ မဟုတ်ရင်ဘဝမှာ အကြိမ်ကြိမ်ပြန်ပေးအဆွဲခံရပါလိမ့်မယ်။ ။