မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ် အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း
တွေ့ဆုံမေးမြန်း-ဒါရိုက်တာကြည်စိုးထွန်း
ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့် အဆိုတော်များထဲတွင် ထိပ်ဆုံးကပါဝင်ခဲ့သူဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ် သူ့အခါက ထင်ရှားသော ဝတ်စားပုံကိုထွင်နိုင်ခဲ့သူဖြစ်သလို သဘာဝကျသော အမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လေသည်။
ခင်ယုမေ၏ ရုပ်ရှင်ကားများကိုကြည့်လျှင် အမူအရာပိုလွန်းသွားသည့် ရုပ်ရှင်ကားမျိုး မရှိသလောက်ရှားပါးခဲ့သည်။ ရုပ်ရှင်ကားများကို သဘာဝကျကျ မပိုမလို သရုပ်ဆောင်နိုင်ခဲ့သလို သိုင်းရုပ်ရှင်ဇာတ်ကားများ၊ ဓားခုတ်လှံထိုး ရုပ်ရှင်ဇာတ်ကားများကိုလည်း နာမည်ရအောင် ရိုက်ကူးခဲ့သည်ကို တွေ့မြင်ရလေသည်။ ဂီတဘက်တွင် ထူးချွန်ခဲ့သလို ရုပ်ရှင်ဘက်တွင်လည်း ရုပ်ရှင်ထူးချွန်ဆုနှစ်ဆုရသည်အထိ သရုပ်ဆောင်တော်ခဲ့သော ခင်ယုမေ၏ ရုပ်ရှင်လောကအတွင်း လျှောက်လှမ်းခဲ့ပုံများကို သိရှိနိုင်ကြမည် ဖြစ်ပါသည်။
ဒီတစ်ပတ် ကျွန်တော့်ရဲ့ ရုပ်ရှင်စကားဝိုင်းကတော့ နည်းနည်းထူးခြားတယ်လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခုကျွန်တော်ရောက်နေတဲ့နေရာက အကယ်ဒမီ ရုပ်ရှင်မင်းသမီး ခင်ယုမေရဲ့ ခြံဝင်းဖြစ်ပြီး အကယ်ဒမီခင်ယုမေနဲ့ ဒီတစ်ပတ်ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ဟာ စတူဒီယိုကို မလာရောက်နိုင်တဲ့ ခင်ယုမေရဲ့ အိမ်ကိုလာပြီးတော့ ဆွေးနွေးရခြင်းဖြစ်ပါတယ်။
(ယမန်နေ့မှအဆက်)
ကြည်စိုးထွန်း။ ။ ဒါပေါ့ စိတ်ထဲမှာ ကိုယ်က ဖြစ်လာတာပေါ့နော် ဇာတ်ကောင်နေရာမှာ ဝင်လာတာပေါ့။ အခုတော့ အစ်မရယ် ကန်ပေါင်လျှောက်လည်း တက္ကသိုလ်ဖြစ်နေတာပေါ့နော်။ ဒါလေးတွေတော့ လိုမယ်ထင်ပါတယ်။ ဟုတ်ပါပြီအစ်မရယ် အခုတော့ဒါနောက်ဆုံးပါ။ ‘ချစ်အမျှ’ နောက် ဘာရိုက်သေးလဲ။
ဒေါ်ခင်ယုမေ။ ။ ‘ချစ်အမျှ’ ပြီးတော့ပြီးပြီ၊ ဘာမှမရိုက်တော့ဘူး။
ကြည်စိုးထွန်း။ ။ နားရတာပေါ့နော် အေးအေးဆေးဆေးနားရတာပေါ့။ တစ်ခါတလေမှာလည်း ပွဲတွေဘာတွေ ရှိတဲ့အခါ မှာလည်း မောင်ရန်အောင်တို့ ဘာတို့နဲ့ လိုက်ဆို ဘာညာ ဒီလိုလေးတွေ တော့ရှိတာပေါ့နော် အစ်မ။
ဒေါ်ခင်ယုမေ။ ။ နောက်ပိုင်းတော့ အများအားဖြင့် ကျန်းမာရေးကောင်း နေတုန်းက ကိုကြည်စိုးထွန်းတို့ တွေ့ပါတယ် တိနိ လေ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ တိနိမှာ ဟာဟုတ်တာပေါ့ အစ်မအများကြီး ကုသိုလ်ရတာ။
ဒေါ်ခင်ယုမေ။ ။ တိနိမှာ အစ်မတို့ တိနိအဖွဲ့တွေ မင်းသမီးတွေရော ဘာရော စွယ်တော်ရောက်တာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ကောင်းတယ်။
ဒေါ်ခင်ယုမေ။ ။ ဝတ်သွားရွတ်ကြတာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ။ ။ အဲဒီအလုပ်ပဲ လိုက်လုပ်တာပေါ့။
ကြည်စိုးထွန်း။ ။ မင်းကွန်းဆရာတော်ကြီးရဲ့ အဖွဲ့ပေါ့နော်။ ကောင်းလိုက်တာအစ်မရယ် အဲဒါလည်း အနုပညာသည်တွေ ပေါင်းပြီးတော့ လုပ်ကြတဲ့ဟာ ကောင်းပါတယ် အဲဒီဟာ။ နောက်ဆုံး တော့အစ်မ တရားဘက်ရောက်သွားတာပေါ့နော်။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်။ အခုကျတော့ တိနိတောင်မသွားနိုင်တော့ဘူး။
ကြည်စိုးထွန်း။ ။ ဟုတ်ပါတယ် အစ်မရယ်။ ဒါပေမဲ့လည်း အစ်မပရိသတ်တွေ အများကြီးရှိပါတယ်။ အစ်မကို မမေ့သေးတာ၊ အစ်မကို သတိရနေတဲ့ ပရိသတ်တွေလည်း အများကြီးရှိပါသေးတယ်။ အဲဒီတော့ အခုဟာက ကျွန်တော်လည်း တောင်းဆိုတဲ့ ပရိသတ်တွေက ရှိနေတဲ့အတွက် အစ်မနဲ့ကျွန်တော် လာတွေ့တာပါ။ တွေ့တော့ အစ်မရဲ့ ပရိသတ်ပေါ့၊ နောက်ပြီးတော့ ကျွန်တော်တို့ရုပ်ရှင်ပရိသတ်ပေါ့။ ကျွန်တော်တို့ နဲ့ ကျွန်တော်တို့ရိုက်တဲ့ ကားတွေမဟုတ်ပေမယ့် နောက် ကျွန်တော်တို့ရဲ့ ညီငယ်ညီမငယ် သားငယ် သမီးငယ်တွေ ရိုက်တဲ့ကားတွေကိုကြည့်နေတဲ့ ပရိသတ်၊ အဲဒီလိုရုပ်ရှင်ကြည့်ပရိသတ်၊ ဗီဒီယိုကြည့်ပရိသတ်၊ နောက်ဂီတပရိသတ်နဲ့ ပတ်သက်လို့ အစ်မ ဘာများပြောစရာရှိပါသေးလဲ ပြောပါအစ်မ။
ဒေါ်ခင်ယုမေ။ ။ အစ်မရဲ့ ပရိသတ်ကိုတော့ အစ်မခုထက်ထိ လေးစားပါတယ်။ ပရိသတ်ကလည်း ကိုယ့်ကို တွေ့ရာနေရာမှာ ခင်မင်ကြပါတယ် ခေါ်ကြပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ။ ။ ဆေးရုံသွား ဆေးရုံတွေ့ လမ်းမှာသွား အလှူဖြစ်ဖြစ် တွေ့တဲ့နေရာမှာ သူတို့ ကလေ....။
ကြည်စိုးထွန်း။ ။ ချစ်တုန်းပဲ။
ဒေါ်ခင်ယုမေ။ ။ နှုတ်ဆက်ကြပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အဲဒီတော့ သူတို့ကို။
ဒေါ်ခင်ယုမေ။ ။ ပရိသတ်ကိုလည်း ကိုယ်က အမြဲတမ်းချစ်တော့ ပရိသတ်ကလည်း ကိုယ့်ကို အမြဲတမ်းချစ်တာကို ခံယူရပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ။ ။ အဲဒါကို အစ်မတို့က ဝမ်းသာတာပေါ့နော်။
ကြည်စိုးထွန်း။ ။ ဒါပေါ့။
ဒေါ်ခင်ယုမေ။ ။ ကိုယ်လုပ်ခဲ့တဲ့အနုပညာ ကိုယ် ရှေ့လျှောက်မလုပ် နိုင်တော့ပေမယ့် ပြီးခဲ့တဲ့ဟာလေးတွေကို သူတို့က ယနေ့အထိ အသိအမှတ်ပြုပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ။ ။ အဲဒါမျိုးပေါ့နော်။ အခုနောက်ပိုင်း တွေ့တဲ့လူတွေက အစ်မလေ ကျွန်မတို့က ဟိုဇာတ်ကားထဲမှာ ဟိုနေရာ လေးလေ အဲဒါလေးလုပ်သွားတာ သူတို့က ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကိုပါ အလွတ်ရနေတာ။ ဪ ဒါဆို သူတို့တွေက တကယ်သဘောကျကြတာပဲ။ ကိုယ်က ပိုပြီးတော့လေ လေးစားတယ် ချစ်တယ်။
ကြည်စိုးထွန်း။ ။ မှန်ပါတယ်အစ်မရယ် ကျွန်တော်တို့ အနုပညာသည်တွေရဲ့ ဘဝဆိုတာက ပရိသတ်ပေါ် မှီတည်နေရတာကိုး နော်။ ရေမြင့်မှ ကြာတင့်တာပေါ့နော်။ ပရိသတ်ဖွံ့ဖြိုးတိုးတက်မှ၊ ပရိသတ်ရဲ့ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှ ကျွန်တော်တို့ရဲ့ အနုပညာကလည်း တိုးတက်မှာ ကိုး အစ်မရဲ့နော်။
ဒေါ်ခင်ယုမေ။ ။ ဟုတ်တယ်လေ။
ကြည်စိုးထွန်း။ ။ အဲဒီတော့ တစ်ပိုင်းက ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အနုပညာကို တိုးတက်အောင် ကြိုးစားရမယ်။ တိုးတက်နေတဲ့အနုပညာကို ကျွန်တော်တို့ ပရိသတ်ကလည်း အားပေးမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ အစ်မရေကျေးဇူးတင်ပါတယ်၊ ကျွန်တော် တို့ရဲ့ ပရိသတ်အပေါ်မှာထားတဲ့ မေတ္တာ၊ စေတနာ၊ ပရိသတ်အပေါ်မှာထားတဲ့ ကျေးဇူးတရားကို သိတတ်မှုနဲ့ အစ်မဟာ ဒီနေ့အထိလည်း ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းနဲ့ ရှိနေတဲ့အတွက်၊ အခု ကျွန်တော့်ရဲ့ ရုပ်ရှင်စကားဝိုင်းလေးမှာ အခုလိုအချိန်ပေးပြီး ပြောကြားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် အစ်မရယ် နောင်လည်းတွေ့ကြပါဦးစို့နော်။
ဒေါ်ခင်ယုမေ။ ။ ဟုတ်ပါပြီ ကိုကြည်စိုးထွန်း ကျေးဇူးကြောင့် ပရိသတ် တွေလည်း တွေ့ရတာပေါ့နော် အစ်မဘာသာ အစ်မ ဆိုရင် မပြောဖြစ်ဘူးလေ။
ကြည်စိုးထွန်း။ ။ အခုလိုရယ်တာကိုက ပရိသတ် ဘယ်လောက်ချစ်နေ မလဲ အစ်မ စဉ်းစားကြည့်။ ကျေးဇူးတင်ပါတယ် အစ်မရယ်နော် ကန်တော့ပါတယ် အစ်မရယ်။ ။