ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်အောင်. . .
ဒေါ်စံပယ်အောင် (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)
သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးကို လူသားများ ထိန်းသိမ်းစောင့်ရှောက်လာစေရေး အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂက ကြီးမှူး၍ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်နိုင်ရန် ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံကြီးကိုကျင်းပခဲ့သည်။ အဆိုပါ ညီလာခံကျင်းပသည့် ဇွန်လ ၅ ရက် နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်သည် ၁၉၇၄ ခုနှစ်မှစ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ အာရုံစူးစိုက်မိလာစေရန်၊ နှစ်အလိုက် ဖြစ်ပွားနေသည့် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက်ပျက်စီး နေမှုပြဿနာများအပေါ် အခြေအနေနှင့် အချိန်အခါ အလိုက်အထူးဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတစ်ခုစီကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အနေဖြင့် နှစ်စဉ်သတ်မှတ်ပေးလေ့ရှိသည်။
လက်ရှိအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သော ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာများအား အဆုံးသတ်နိုင်ရေးအတွက် ပလတ်စတစ်ညစ်ညမ်းမှုကို လူသားများ ပိုမိုသတိပြုလာမိစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာများကို အားလုံးစုပေါင်းဆောင်ရွက်ကြစေရန် ယခုနှစ် ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)” ဆောင်ပုဒ်ဖြင့် သတ်မှတ်ပေးခဲ့သည်။ အထိမ်းအမှတ်အခမ်း အနားကိုကိုရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူအထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။
ပလတ်စတစ်ဆိုသည်မှာ
ပလတ်စတစ်ဆိုသည်မှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး "Plastikos" “ပုံသွင်း၍ သင့်သောပစ္စည်း“ ဟု အဓိပ္ပာယ်ရသည်။ ပလတ်စတစ်သည် ပင်ကိုအားဖြင့် ပုံသဏ္ဌာန်မရှိသော်လည်း အပူနှင့် ဖိအားအောက်တွင်ပုံသွင်း၍ ပြုလုပ်နိုင်သည်။ ကမ္ဘာ့ပထမဆုံးပလတ်စတစ်ကို ၁၈၆၂ ခုနှစ်တွင် Alexandar Parkes ကစတင်တီထွင်ခဲ့သည်။ ပလတ်စတစ်သည် မော်လီကျူလာ ထုထည်မြင့်မားသော အော်ဂဲနစ်ပေါ်လီမာများဖြစ်ကြပြီး ပလတ်စတစ် ၉၉ ရာခိုင်နှုန်းကျော်အား ပြန်လည်မပြည့်ဖြိုးနိုင်သော သဘာဝအရင်းအမြစ်များဖြစ်သည့် ကျောက်မီးသွေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စသည်တို့မှ ဆင်းသက်လာသည့် ဓာတုပစ္စည်းများမှ ထုတ်လုပ်ကြပြီး အနည်းစုသာလျှင် အပင်များမှရရှိသော ဆဲလူလို့စ်တို့မှ ထုတ်လုပ်နိုင်သည်။ ပလတ်စတစ်ကို ထုတ်လုပ်သည့် ကုန်ကြမ်းအပေါ်အခြေခံ၍ ရေနံဓာတ်ငွေ့တို့မှ ထုတ်လုပ်သည့် Crude-oil based plastic နှင့် အပင်များမှရရှိသော ဆဲလူလို့စ်တို့မှ အခြေခံထုတ်လုပ်သည့် Bio-based plastic ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ Crude-oil based plastic သည် အချိန်ကာလကြာမြင့်မှသာ ဆွေးမြည့်ပျက်စီးနိုင်ပြီး Bio-based plastic သည် အလွယ်တကူ ဆွေးမြည့်ပျက်စီးနိုင်သည်။
ကမ္ဘာတစ်ဝန်းပလတ်စတစ်သုံးစွဲမှုအခြေအနေ
လူသားတို့သည်ပလတ်စတစ်ကိုဈေးနှုန်း သက်သာခြင်း၊ ထုပ်ပိုးရာတွင် ပေါ့ပါးခိုင်ခံ့မှုရှိခြင်း၊ ရေစိုခံခြင်း၊ အနံ့အသက်မရှိခြင်း၊ ပြန်လည်အသုံးပြုနိုင်ခြင်း၊ တာရှည်အသုံးပြုနိုင်ခြင်း၊ နေရာတိုင်းတွင် လွယ်ကူစွာရရှိနိုင်ခြင်းနှင့် စွန့်ပစ်ရန်လွယ်ကူခြင်းတို့ကြောင့် ပိုမိုသုံးစွဲလာကြခြင်းဖြစ်သည်။ ကမ္ဘာတွင် နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ၅၀ ရာခိုင်နှုန်းသည် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများဖြစ်ပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်း၏ ၁၀ ရာခိုင်နှုန်းကိုသာ ပြန်လည်ပြုပြင် အသုံးပြုနေကြသည်။ ကမ္ဘာတစ်ဝန်းတွင် တစ်မိနစ်လျှင် ပလတ်စတစ်သောက်ရေဘူး တစ်သန်းကျော် ဝယ်ယူသောက်သုံး၍ စွန့်ပစ်နေကြကြောင်းနှင့် တစ်နှစ်လျှင်တစ်ခါသုံးပလတ်စတစ်အိတ် ၅ ထရီလီယံကျော် သုံးစွဲစွန့်ပစ်လျက်ရှိကြောင်း UNEP မှ ခန့်မှန်းထားသည်။
ပလတ်စတစ်ညစ်ညမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ
ပလတ်စတစ်သည် ထုတ်လုပ်အသုံးပြုသည့် ကာလမှစွန့်ပစ်သည်အထိ ၎င်း၏သက်တမ်း တစ်လျှောက်လုံးတွင် သဘာဝပတ်ဝန်းကျင်နှင့် သတ္တဝါတို့အပေါ်ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေ သည်။ပလတ်စတစ်အများစုသည်ပြန်လည် မပြည့်ဖြိုးနိုင်သောသဘာဝအရင်းအမြစ်များ (Non-renewable resources)မှ အသုံးပြု၍ ထုတ်လုပ်ခြင်းဖြစ်သဖြင့် အလွန်အကျွံထုတ်ယူ သုံးစွဲပါက သဘာဝအရင်းအမြစ်များကို လျော့နည်းကုန်ခန်းစေသည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ကိုစည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ရာသီဥတု ပြောင်းလဲမှုကိုအဆိုးရွားဆုံးဖြစ်စေသည့် အကြောင်းအရင်းလည်းဖြစ်သည်။ပလတ်စတစ် ညစ်ညမ်းမှု၏ ဆိုးကျိုးသက်ရောက်မှုအနေဖြင့် မြေထုညစ်ညမ်းခြင်း၊ရေထုညစ်ညမ်းခြင်း၊လေထု ညစ်ညမ်းခြင်း၊ မြို့ပြ၏ သန့်ရှင်းသာယာလှပမှုကို ထိခိုက်ခြင်းနှင့်လူသားတို့၏ ကျန်းမာရေးကို ထိခိုက်ခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကိုလည်း ဖြစ်စေနိုင်သည်။
ပလတ်စတစ်သည် မြေဆီလွှာထဲတွင် နှစ်ပေါင်း (၅၀၀-၁၀၀၀) ခန့်ကြာမှဆွေးမြည့်နိုင်သည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအား ကုန်းမြေတွင် စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့်ကုန်းနေသတ္တဝါများသည် ၎င်းတို့၏ အစာနှင့် ရောနှောစားသုံးမိပြီး အစာချေဖျက်မှုဆိုင်ရာ ပြဿနာများဖြစ်ပွားကာ သေဆုံးမှုအထိပါ ဖြစ်ပွားစေနိုင်သည်။ မြေဆီလွှာတွင် ပလတ်စတစ်ညစ်ညမ်းနေပါက သဘာဝမြေဆီမြေဩဇာကို လျော့ကျစေသည့်အပြင် အပင်ပေါက်နှုန်းနှင့် အပင်များရှင်သန်ကြီးထွားနှုန်းကိုပါ လျော့ကျစေသည်။
ထို့အပြင် ရေလမ်းကြောင်းအနီးတွင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများအား စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ရေချိုသယံဇာတများအား ညစ်ညမ်းစေပြီး ရေထုအရည်အသွေးကို ကျဆင်းစေသည့်အပြင်မြစ်များ၊ ချောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာအဏ္ဏဝါ ပတ်ဝန်းကျင်သို့ရောက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ သေးငယ်သော ပလတ်စတစ်အပိုင်းအစများ (မိုက်ခရိုပလတ်စတစ်) အဖြစ် ပြောင်းလဲဖြစ်ပေါ်ကာ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည်။ ပင်လယ်သမုဒ္ဒရာများသို့ ရောက်ရှိနေသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများတွင် ရေနေသတ္တဝါများ တွယ်ငြိနေခြင်း၊ သေးငယ်သော ပလတ်စတစ် အပိုင်းအစများအား ရေနေသတ္တဝါများက ၎င်းတို့၏ အစာဟုထင်မှတ်၍ စားသုံးမိသဖြင့် အစာချေဖျက်မှုဆိုင်ရာ ပြဿနာများနှင့် သေဆုံးမှုများ ဖြစ်ပွားနိုင်ပြီး အဏ္ဏဝါဂေဟစနစ်ကို ထိခိုက်စေနိုင်သည်။
အမေရိကန်တွင် သုတေသနပြုချက်အရ တစ်နှစ်လျှင် ပလတ်စတစ်ကြောင့် ရေနေသတ္တဝါသေဆုံးမှု တစ်သိန်းကျော်ရှိနေသည်။ လက်ရှိအခြေအနေအတိုင်း ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်သမုဒ္ဒရာများ၌ ငါးများထက် ပလတ်စတစ်များ ပိုမိုများပြားစွာရှိနေမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားသည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပါက အီသိုင်းလင်းအောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်နှင့် ဖျူရမ်စသည့် ဓာတ်ငွေ့များထွက်ရှိပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသဖြင့်အဆိုပါ အဆိပ်ဓာတ်ငွေ့များကို ရှူရှိုက်မိပါက လူတို့၏သွေးနှင့် ဆီးများအတွင်းသို့ရောက်ရှိပြီး ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သည်။ ပလတ်စတစ်စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် မြို့ပြ/ ရပ်ကွက်/ကျေးရွာ သန့်ရှင်းသာယာလှပမှုကို ထိခိုက်ပျက်စီးစေခြင်း၊ရေမြောင်းနှင့်နောက်ဖေး လမ်းကြားများအတွင်းသို့ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း ကြောင့် ရေမြောင်းများပိတ်ကာ မကြာခဏရေကြီး ရေလျှံမှုများဖြစ်ပေါ်ခြင်း၊ ပတ်ဝန်းကျင်မြင်ကွင်း ပသာဒနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို ပျက်စီးစေသဖြင့် ခရီးသွားလုပ်ငန်းကဲ့သို့သောစီးပွားရေး လုပ်ငန်းများကိုပါ ထိခိုက်စေနိုင်သည်။ ပလတ်စတစ် ထုတ်ကုန်များသည် အသုံးပြုစဉ်တွင်လည်း ပလတ်စတစ်တွင်ပါဝင်သော ဓာတုပစ္စည်းများ ယိုစိမ့်ပြီး အဆိပ်အတောက်များ ဖြစ်စေနိုင်သည်။ ပလတ်စတစ်အိတ်နှင့် ပလတ်စတစ်ပန်းကန် ခွက်ယောက်များတွင် ပူနွေးသော အစားအသောက်များအားထည့်၍ အသုံးပြုပါက ပလတ်စတစ်တွင် ပါဝင်နေသော ဓာတုပစ္စည်းများသည် အပူနှင့်ထိတွေ့ သည့်အခါပုံမှန်ထက် ပိုမိုလျင်မြန်စွာဓာတ်ပြု၍ အစာထဲသို့ ကင်ဆာရောဂါဖြစ်စေမည့် ဓာတ်တစ်မျိုးရောနှောပါဝင်သွားစေသည်။ ပလတ်စတစ်တွင်ပါဝင် သောဓာတုပစ္စည်းများကြောင့် ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ သွေးတိုးရောဂါများသာမကအမျိုးသမီးများ၏ မျိုးပွားခြင်းနှင့် သန္ဓေတည်ခြင်းကို အနှောင့်အယှက်ဖြစ်နိုင်ကြောင်းကို ဩစတြေးလျနှင့် ဂျာမနီသုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။
ပြည်သူအားလုံးပါဝင်ရမည့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို တားဆီးကာကွယ် ထိန်းချုပ်နိုင်ရန် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုသည် အလွန်အရေးကြီးလှသည်။ ပလတ်စတစ်ကိုမဖြစ်မနေ လိုအပ်သည့်နေရာများတွင်သာ အသုံးပြုသင့်သည်။ ပလတ်စတစ်သုံးစွဲမှု လျှော့ချနိုင်မည့် 5R စနစ်ဖြစ်သော ပလတ်စတစ်ကို လျှော့ချခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ပြန်လည်တီထွင်အသုံးပြုခြင်း (Recycle)၊ အသုံးပြုနိုင်သောနေရာသို့ ပြန်လည်ပေးပို့ခြင်း (Return)၊ အသုံးပြုရန် မလိုအပ်ပါက ငြင်းပယ်ခြင်း (Reject) စသည့် နည်းလမ်းငါးသွယ်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် ပုဂ္ဂလိက ကဏ္ဍသည် အဓိကကျသောအခန်းကဏ္ဍတွင် ပါဝင်သည်။ ပုဂ္ဂလိကကုမ္ပဏီများသည် ထုတ်ကုန် ပစ္စည်းများနှင့် ဆက်စပ်ပတ်သက်လျက်ရှိသော လုပ်ငန်းများမှ ထွက်ရှိလာမည့် စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် ကောင်းမွန်သည့် စီမံခန့်ခွဲမှုစနစ်ဖြင့် တာဝန်ယူစီမံဆောင်ရွက်ခြင်း၊ တစ်ခါသုံးပလတ်စတစ် အစားထိုးပစ္စည်းများ အားတိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ထုတ်ကုန်အမှတ်တံဆိပ်များပေါ်တွင် ပလတ်စတစ် လျှော့ချရေး သတိပေးချက်များ ထည့်သွင်းခြင်းနှင့် ထပ်မံအသုံးပြုနိုင်သော ထုပ်ပိုးပစ္စည်းများ၊ ပလတ်စတစ်အစားထိုး အသုံးပြုနိုင်မည့်ပစ္စည်းများ တီထွင်ဖန်တီးခြင်းသည် ပုဂ္ဂလိကကဏ္ဍ၏ တာဝန်ဖြစ်သည်။ ထို့အပြင်Corporate Social Responsi-bility (CSR) အစီအစဉ်များအောက်တွင် ပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရေးလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ပညာပေးအဖွဲ့အစည်းများအား ထောက်ပံ့ကူညီမှုများ ပြုလုပ်ခြင်းသည်လည်း ပုဂ္ဂလိကကုမ္ပဏီများ၏ တာဝန်ယူမှုကိုပြသနိုင်သည်။
ပြည်သူများအနေဖြင့် အစားအသောက်ထုပ်ပိုးခြင်း၊ သယ်ဆောင်ခြင်း၊ ဈေးဝယ်ထွက်ခြင်း စသည်တို့ လုပ်ဆောင်ရာတွင် ပလတ်စတစ်အိတ်များကို အသုံးမပြုဘဲ ကိုယ်ပိုင်ထမင်းချိုင့်၊ ထမင်း ဘူး၊ ရေဘူး၊ လက်ဆွဲခြင်း စသည်တို့ဖြင့် အသုံးပြုခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသော တစ်ခါသုံး ပလတ်စတစ်အစားထိုးပစ္စည်းများအား သုံးစွဲခြင်း၊ တစ်ခါသုံးပလတ်စတစ်ထုတ်ကုန်များ အသုံးပြုခြင်းကို ငြင်းဆန်ခြင်း၊ ပလတ်စတစ်သုံးစွဲမှုလျှော့ခြင်း၊ မိမိတို့သုံးစွဲသည့် ပလတ်စတစ်အပါအဝင် အခြားစွန့်ပစ်ပစ္စည်းများအား သတ်မှတ်ထားသည့်နေရာတွင် စနစ်တကျစွန့်ပစ်ခြင်း၊ ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်းနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်မည့် နေရာများသို့ပြန်လည် ပို့ဆောင်ခြင်းတို့ကို အလေးထားဆောင်ရွက်သင့်သည်။
ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာအား ဖြေရှင်းဆောင်ရွက်နေမှုများ
ကမ္ဘာတစ်ဝန်း၌ ပလတ်စတစ်ညစ်ညမ်းမှုကို ထိထိရောက်ရောက် တားဆီးနိုင်ရန်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင် ညီလာခံ (United Nations Environment Assembly- UNEA-5.2)တွင်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်သည့် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာနယ်စပ်ဖြတ်ကျော်အဏ္ဏဝါအမှိုက် သရိုက်နှင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများကို ၂၀၂၄ ခုနှစ်တွင်နောက်ဆုံးထားဖြေရှင်းနိုင်မည့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် (Internationally legally binding instrument on plastic pollution) ကို သဘောတူထောက်ခံခဲ့ကြသည်။ ထိုစာချုပ်တွင် ပလတ်စတစ် ထုတ်လုပ်မှုကန့်သတ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စနစ်များအား ပိုမိုအသုံးပြုခြင်း၊ နိုင်ငံတကာ စံနှုန်းတစ်ခုတည်ဆောက်ခြင်းတို့အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုနှင့်ပတ်သက်၍ ထိရောက်သော တားဆီးမှုများပါဝင်သည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ၊ ဆက်စပ်ပတ်သက်သူများနှင့် ဆွေးနွေးညှိနှိုင်း ကာ UNEP ၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီး ၂၇-၁-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့သည်။အဆိုပါ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအား ဦးစားပေးစီမံခန့်ခွဲရမည့် စွန့်ပစ်ပစ္စည်းအမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ဖော်ပြထားသည်။ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၏ ရေရှည်မျှော်မှန်းချက်မှာ “မြန်မာနိုင်ငံ၏ တောက်ပသော အနာဂတ်ကိုရည်မှန်း၍ ထာဝစဉ်စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကိုဖော်ဆောင်သွားရန်”ဖြစ်ပြီး“မြန်မာနိုင်ငံတွင် ပိုမိုစိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်အခြေအနေကို ရရှိနိုင်ရေးအတွက် ထုတ်လုပ်သူနှင့် စားသုံးသူအားလုံးပူးပေါင်းပါဝင်ခြင်း၊ စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည်အသုံးချနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်း မှုလုံးဝမရှိစေခြင်းနှင့်စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည်အသုံးပြုသည့် ပတ်လည်စီးပွားရေးစနစ်ဖြစ်ခြင်းတို့ကို အခြေခံသောဘက်စုံစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာကို ရေးဆွဲအကောင်အထည်ဖော်ရန် ” ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်ပလတ်စတစ် ညစ်ညမ်းမှုလျှော့ချရေး၊ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များအား ရေးဆွဲအကောင်အထည်ဖော်၍လည်းကောင်း၊ ပလတ်စတစ်နှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်များအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသောခိုင်လုံသည့် စီမံခန့်ခွဲမှုစနစ်ဖြင့် စီမံခန့်ခွဲနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းကောင်း၊ သန့်ရှင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းကင်းစင်သော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားနိုင်ရေးအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်၍ လည်းကောင်း၊ပြည်သူလူထုအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်၍လည်းကောင်း အထူးအလေးပေးဆောင်ရွက်လျက်ရှိသည်။
ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနများအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ပတ်သက်သည့် အကြောင်းအရာများအားထည့်သွင်း၍ အသိပညာပေးခြင်း၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များတွင် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စုပေါင်းအမှိုက်ကောက်ပွဲများ ကျင်းပပြုလုပ်ခြင်း၊ အပတ်စဉ်ဈေးများတွင် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးအတွက် စက္ကူအိတ်များဖြန့်ဝေခြင်းနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ် (Plastic Waste Management Action Plan) များ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ပလတ်စတစ်ထုတ်ကုန်များအားဆက်လက် ထုတ်လုပ်အသုံးပြုနေသည်နှင့်အမျှ ပလတ်စတစ် စွန့်ပစ်ပစ္စည်းပမာဏမှာ ဆက်လက်တိုးပွားနေမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသော ကောင်းမွန် သည့်စီမံခန့်ခွဲမှုစနစ်ဖြင့်စီမံခန့်ခွဲနိုင်ခြင်း မရှိသေးပါကပလတ်စတစ်နှင့် ပတ်သက်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများသည်လည်း ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရမည်ဖြစ်သည်။
ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးသည် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် ပုဂ္ဂလိကကဏ္ဍတို့ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် အောင်မြင်စွာ ဖြေရှင်းနိုင်ပြီးကျွန်မတို့နေထိုင်ရာ ပတ်ဝန်းကျင် သာယာလှပလာမည်ဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ခြင်းဖြင့် သက်ရှိများ၏ ဂေဟစနစ်များကို ထိန်းသိမ်းခြင်း၊ လူသားတို့၏ကျန်းမာရေးအားကာကွယ်စောင့် ရှောက်လာနိုင်ခြင်း၊ စိုက်ပျိုးသီးနှံများ ကောင်းမွန်လာနိုင်ခြင်း၊ မိမိပတ်ဝန်းကျင်တွင် အမှိုက်ထွက်ရှိမှု လျော့နည်းလာခြင်းစသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)” ဆောင်ပုဒ်နှင့်အညီပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေးအတွက် အားလုံး ပူးပေါင်း၍ အတူလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။။