Skip to main content

တက္ကသီလာ မြကျွန်းသာမှာပညာရည်နို့ သောက်စို့ခဲ့ပါသည် (အပိုင်း-၅)

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

စန်းနီလာဝင်း

တက္ကသီလာ မြကျွန်းသာသို့

နှစ်တစ်ရာပြည့်အလွမ်း

-ကံ့ကော်ပျိုသည် 

 စိုစိုစိမ်းစိမ်း၊ မြရည်လိမ်းသို့

 ယိမ်းနွဲ့ဘယ်ညာ၊ မြကျွန်းသာဝယ်

 သဘာဝမှာ၊ ပသာဒကြောင့် 

  ရင်မှလှိုင်းထ၊ ကြည်နူးရ၏။

 တက္ကသီလာ၊ မြကျွန်းသာဝယ်

 ကဗျာဖွဲ့သီ၊ စာပန်းချီနှင့် 

 ဂီတတံတျာ၊ တေးသံသာနှင့် 

 ပညာစုံရာ၊ ကျောင်းမဟာ၏ 

  ဝိဇ္ဇာသိပ္ပံ၊ ထိုဗိမာန်ကို  

  ဖန်ဖန်တသ၊ သတိရနေ

  မြကျွန်းညိုညို၊ တက္ကသိုလ်ကို

   ခုလိုအခါ၊ နှစ်တစ်ရာမှာ

  ဇရာကထောင်း၊ အရွယ်ညောင်းလည်း

  ပြန်ပြောင်းတသ၊ သတိရမြဲ  

  ရှိနေဆဲမို့၊ ဘယ်သို့ မေ့၍ရအံ့နည်း။    

ယဉ်မဆုံးနိုင်  ပင်လုံးခိုင်ညှာသဇင်ကို    ယဉ်တမူမြင်သူ မောပါဘိ၊  အလှတွင်  အယဉ်ဆင့်၍  အသွင်တင့်သူ ကံ့ကော် တောက ချောနှမတို့သည်  ညနေဆည်းဆာ၏ နေခြည် နုနုဖြင့် ရွှေရည်ဥ အုနေချိန်ဝယ် အင်းလျား ကန်သာ တစ်လျှောက်၌  အပန်းဖြေနားနေ  လမ်းလျှောက် နေကြ သည့်     ပသာဒမြင်ကွင်းအလှကို     မြင်တွေ့ရသည်။ တစ်ယောက်သောသူမှာ အင်းလျားကန် ရေပြင်ပေါ်ဝယ် ရှပ်တိုက်ပြေးလွှားဆော့ကစားနေသည့် ရေလှိုင်းကလေး များနှင့်အတူ   သူ့ရင်ထဲက  အနုသယ  သမုဒယလှိုင်း ကလေးများနှင့် ရင်ဆိုင်ယှဉ်ပြိုင်ကာ လှိုင်းထနေပုံရသည်။ သို့သောအခါ  သူ၏သမုဒယ  ဂီတသံစဉ်တွင်  အနုအလှ ဂီတစာဆိုရှင် အလင်္ကာကျော်စွာ ဗိုလ်ကလေးတင့်အောင် ၏ “တက္ကသိုလ်ကျောင်းသူတစ်ဦး အမည်ရှိ  တေးသံသာက တိုးညင်းသာယာစွာ    တိတ်တခိုး  ထိုးဖောက်ဝင်ရောက် လာဟန်တူပါသည်။

တက္ကသိုလ်ကျောင်းသူတစ်ဦး

ရေး-ဗိုလ်ကလေးတင့်အောင်

ဆို- ကိုမင်းနောင်

ခြေဆင်း xx(တက္ကသိုလ်ကျောင်းသူတစ်ဦး x  လှပုံထူး သမျှ တွေ့ရဖူးသည်မှာ x  ကြည်စွာဘဝင်နှလုံး ရွှင်ပြုံးမိတာx ယနေ့သာတိုင် အော်-မေ့ပါနိုင်ပဲ x တသက်သက်စိတ်ထဲမှာ x မျှော်ကာတွေး ငေးမိခါခါ)xx

xx(အင်းလျားကန်ပါး  လျှောက်ခါသွားလို့ x   အနားယူ သော တစ်နေ့မှာ ယဉ်စွာ ယဉ်စွာ ဆင်ယင်ထုံးဖွဲ့ x  ပြုံးလဲ့လဲ့ ချစ်စရာ x   ပွင့်သစ်စသည်ပန်း x   လန်းသည့်ပုံပမာ x တက္ကသိုလ်ကျောင်းသူတစ်ဦး x ချစ်ကြည်နူးစရာ x လှပ ကြော့ယဉ်စွာ)xx

xx(တစ်ပတ်လျှို ဆံထုံးကြော့မှာ x  တစ်ပွင့်ပန်း ပန်လာ x  ရှုကာငေး နုဝါသွေး x လက်ရှည်ထူထူ လေးဝတ်ကာ x ကြက်သွေးနီနီ  ထမီပန်းခက် x   ယဉ်သထက်ယဉ်စွာ x နက်မှောင်ကတ္တီပါ x လှပယဉ်ကျေး ပုံတော်လေးနှင့်ပါ)xx

သံပြိုင်     xx(မြန်မာဆန်ဆန် x  အနောက်ဟန်မနှော မဖောက်ပြန်သော x သဘောထား ဝတ်စားတန်ဆာ x ရှုတိုင်း ယဉ်အဆင်ပြေစွာ x အချိုးအစားကျန လှပ၍ ချစ်စရာ x တွေ့ခဲ့ဖူးတဲ့ကျောင်းသူတစ်ဦးပါ)xx

တေးစာသား၏ဂုဏ်၊ အသံ၏ဂုဏ်၊ ဂီတ၏ဂုဏ် သုံးပါး စလုံးဖြင့် ပြည့်စုံနေသော ဆရာ ဗိုလ်ကလေးတင့်အောင်၏ သီကုံးဖွဲ့ဆိုမှုပညာနှင့် ဂီတ၏ညာသံ၊ ဘယ်သံကို ကျွမ်းကျင် ပိုင်နိုင်စွာ  ကူးပြောင်းသီဆိုနိုင်သည့် ကရုဏာသံရှင် အဆို ကျော်ကြီး  ကိုမင်းနောင်၏ အဆိုပညာတို့ကြောင့် နားဆင်ကြရသူ သောတရှင်တိုင်းမှာ နားထဲသကြားခဲထည့်လိုက် သည့်ပမာ ချိုမြိန်လှစွာ ခံစားခဲ့ကြရသည်။ ဂန္ထဝင်တွင် စံတင် ထိုက်သည့် ထိုတေးသံသာ၌ တက္ကသိုလ်ကျောင်းသူတစ်ဦး၏ ဆင်ယင်ထုံးဖွဲ့မှုအလှသည် မြန်မာပီသစွာ မြန်မာအလှကို ဖော်ကျူးဖွဲ့ဆိုထားသဖြင့် ပူလောင်လှသော အလှမဟုတ်ဘဲ အေးမြလှသောအလှတွင် အယဉ်ဆင့်ကာ အသွင်တင့်တယ် မှုကို  ပေါ်လွင်ထင်ရှားစေသော  xxမြန်မာဆန်ဆန် x  အနောက်ဟန်မနှော   မဖောက်ပြန်သော x  သဘောထား ဝတ်စားတန်ဆာ x ရှုတိုင်းယဉ် အဆင်ပြေစွာ x အချိုးအစား ကျနလှပ၍ ချစ်စရာxx ဟူသော တေးစာသားက အလင်္ကာ ရသမြောက်စွာ သက်သေပြနေပါသည်။

သစ်ပုပ်ပင်ကြီးသိပါသည်

အမိရန်ကုန်တက္ကသိုလ်ကြီး၏     ဘွဲ့နှင်းသဘင် အဆောက်အအုံဆီသို့  ဦးတည်လားရာ  အဓိပတိလမ်းမ ကြီးနံဘေးရှိ သိပ္ပံခန်းမဆောင်ကြီးရှေ့နားတွင် ငွားငွား စွင့်စွင့်၊    မားမားမြင့်မြင့်   ရှင်သန်ရပ်တည်နေသော အထီးကျန်သက်တော်ရှည် သစ်ပုပ်ပင်ကြီးက အဆင့်မြင့် ပညာသင်မောင်မယ်တို့အား    လောကီသားများဖြစ်ကြ၍ မိတ်ဆွေအပေါင်းအသင်းဘဝမှ စိတ်နေပြောင်းပြီး ချစ်မိ သွားလျှင်လည်း တစ်ဘဝလုံး ဘယ်မမုန်း၊ တစ်သက်လုံး ချစ်၊ ဘယ်မပစ်ဘဲ၊ နှစ်နှစ်ကာကာချစ်သွားနိုင်ကြပါစေဟု ဆုတောင်းပေးနေပုံရသည်။

တကယ်တော့        အမိရန်ကုန်တက္ကသိုလ်ကြီး၏ ဩကာသလောကအလှဝယ်  ကဗျာသီကုံး  စာပန်းချီမှုန်း၍ မဆုံးနိုင်သည့် အနှီသစ်ပုပ်ပင်ကြီးကို လူ့ဘဝသက်တမ်းဖြင့်   ကြည့်ရှုလေ့ရှိကြပြီး   အထီးကျန်သက်တော်ရှည် သစ်ပုပ်ပင်ကြီးမှာ အခါနှောင်းလာကာ ဇရာထောင်းနေပြီ ဟု ဆိုကြသည်။ သို့တစေ ထိုသစ်ပုပ်ပင်ကြီးမှာ ကဗျာ ဆန်လှသဖြင့် ဇရာဟန်မပေါ်ဘဲ မဟာဆန်သော တော်ဝင် သစ်ပင်ကြီးအဖြစ်  ထီးထီးမားမား  ကြီးကြီးထွားထွားဖြင့် ဣန္ဒြေရရ လှပတင့်တယ်နေသည်သာဖြစ်သည်။

ဖြစ်သနစ်၏  ဇာစ်မြစ်အား  စိစစ်ကြည့်လိုက်သောအခါ အနှီသစ်ပုပ်ပင်ကြီးကို       စောင့်ရှောက်စံမြန်းနေသော ရုက္ခစိုးနတ်သည် လူ့သက်တမ်းအရ နှစ်တစ်ရာတိုင်စေ တော့၊   သူတို့နတ်သက်တမ်းဖြင့်   တွက်ချက်ကြည့်လျှင် နှစ်နှစ်သားအရွယ်သာရှိသေး၍  အလွန်နုပျိုငယ်ရွယ်လှသော   နတ်ချာတိတ်ကလေးအရွယ် ဖြစ်နေပေသည်။ အကြောင်းမှာ  ရုက္ခစိုး၊  ဘုမ္မစိုးတို့  တည်မှီစံပျော်ရာ စတုမဟာရာဇ်နတ်ဘုံရှိ   နတ်သား၊   နတ်သမီးတို့၏ သက်တမ်းမှာ လူသားတို့၏အသက် ၅၀ ပြည့်မှသာ သူတို့ ၏    အသက်မှာ တစ်နှစ်သာ    ရှိသေးသောကြောင့်ပင် ဖြစ်သည်။    စတုမဟာရာဇ်နတ်ဘုံကြီးတွင်    ဓတရဋ္ဌ၊ ဝိရူဠက၊  ဝိရူပက္ခ၊  ကုဝေရ  အမည်ရှိသော   နတ်မင်း ကြီးလေးပါးတို့က  စီမံအုပ်ချုပ်ကွပ်ကဲပြီး ထိုဘုံရှိ ရုက္ခစိုး၊ ဘုမ္မစိုးအပါအဝင် နတ်သားနတ်သမီးတို့၏ နတ်သက်တမ်း မှာနှစ် ၅၀၀ ရှိသဖြင့် လူ့သက်တမ်းနှင့် နှိုင်းယှဉ်တွက်ကြည့် ပါက နှစ်ပေါင်းကိုးသန်းရှိနေပါသည်။

သို့ရာတွင် နတ်ပြည်၌ နတ်သားနတ်သမီးဖြစ်သွား ကြသူများမှာ   နတ်သားဆိုလျှင်   နတ်အသက်အားဖြင့် အသက် ၂၀ အရွယ်  နတ်သားလူပျိုဘဝသို့  အလိုလို ရောက်ရှိနေနှင့်ပြီး နတ်သမီးဆိုလျှင် နတ်အသက်အားဖြင့် အသက် ၁၆ နှစ်အရွယ် နတ်သမီးအပျိုစင်ဘဝသို့ အလိုလို ရောက်ရှိနေနှင့်ပြီး ဖြစ်သည်။

နတ်သားနတ်သမီးတိုင်းမှာ ဇရာဒုက္ခမရှိဘဲ   နတ်သက်ကြွေရခါနီးမှသာ    နတ်၏ ကိုယ်ရောင်ကိုယ်ဝါများ မှေးမှိန်လာပြီး ချွေးများထွက်ကာ မရဏဒုက္ခဖြင့်   နတ်သက်ကြွေကြရရှာသည်။    ရုက္ခစိုး၊ ဘုမ္မစိုးနတ်တို့သည်  လူ့ပြည်လူ့ရွာ၏ လဆန်း၊ လဆုတ် ၈ ရက်နှင့်  လပြည့်၊ လကွယ်ဥပုသ်နေ့များတွင်  လူ့ပြည် အနှံ့ရှိ  လူကောင်းသူကောင်းများ (သုစရိုက်သမားများ)နှင့်   လူဆိုး၊ လူမိုက်၊ လူယုတ်မာများ  (ဒုစရိုက်သမားများ) ခွဲခြား၍  စာရင်းကောက်ယူကြရပြီး  သင်္ကြန်ရက်များ၌ တာဝတိံသာနတ်ပြည်မှ  သိကြားမင်းကြီးအား မာတလိ နတ်သားမှတစ်ဆင့် စာရင်းပေးအစီရင်ခံကြရသည်။

အမိရန်ကုန်တက္ကသိုလ်ရှိ       သစ်ပုပ်ပင်ကြီးကို စောင့်ရှောက်နေသော ရုက္ခစိုးနတ်သည်လည်း စတုမဟာ ရာဇ်နတ်ဘုံမှ       နတ်တစ်ပါးဖြစ်နေသောကြောင့် တက္ကသီလာမြကျွန်းသာ၏  ကံ့ကော်တောမှ  ချောနှမ များကို

သဘောကျ၍  မိတ်ဆွေအပေါင်းအသင်းဘဝမှ စိတ်နေ ပြောင်းကာ   ချစ်သူများ   ဖြစ်သွားကြသူများအနက်   တစ်ဘဝလုံး ဘယ်မမုန်း၊  တစ်သက်လုံးချစ်၊  ဘယ်မပစ် ဘဲ  နှစ်နှစ်ကာကာချစ်၍ ပစ်ပစ်ခါခါမလုပ်ဘဲ သစ္စာခိုင်မြဲ သူများကို  လူကောင်းသူကောင်းစာရင်းတွင်  ရေးသွင်း ပေးသည်။  နှစ်နှစ်ကာကာမချစ်ဘဲ   ပစ်ပစ်ခါခါလုပ်ရက် ကြသည့် မခင်မကြင် တမင်စိမ်းရက်သူ မောင်မယ်များကို တော့ အချစ်လူဆိုး စာရင်းတွင် ရေးသွင်းပေးရမည်သာ ဖြစ်သည်။

အလှရွှန်းဆို  မြကျွန်းညိုမှာ  ခဏကွန်းခိုရသော်လည်း ထာဝရအလွမ်းပိုနေရသူပါအမိရန်ကုန်တက္ကသိုလ်ကြီး၏  နှစ် ၅၀ ပြည့် ရွှေရတု သဘင်ပွဲတော်ကြီး၌    ပြဇာတ်ကပြရေးတာဝန်တွင် ပါဝင်တာဝန်ယူထားသည့်   တစ်ယောက်သောသူသည် သူနေထိုင်ရာ   ဒဂုံဆောင်သို့     ပြန်ရောက်သောအခါ ဂီတစာဆို ဗိုလ်ကလေးတင့်အောင်၏ ဂန္ထဝင်စံတင်ရမည့် “ တက္ကသိုလ်ကျောင်းသူတစ်ဦး   တေးသွားအလှကို မယ်ဒလင်တူရိယာဖြင့် တီးခတ်နေမိတော့သည်။ သို့သော အခါ   ထိုဂီတသံစဉ်အလှများမှ   “ကဗျာခံစားချက်   ဖြစ်ပေါ်လာကာ   ကဗျာစိတ်ကူးစိတ်သန်းတို့နှင့်အတူ ပြဇာတ်၏  ဇာတ်ဝင်ခန်းတစ်ခန်းတွင်  အသုံးပြုနိုင်ရန် ဤသို့   ကဗျာသီကုံးကာ  စာပန်းချီမွှန်းခြယ်လိုက်လေ သည်။

အလှတရား၏ စေစားရာ

-လက်လက်ထွားပျို၊ ဖြူနုစိုသား

   ညိုမှောင်မျက်ခုံး၊ ပြုံးမျက်လုံးနှင့်

   ငြှိုးနုံးမပါ၊ နှုတ်ခမ်းလွှာဝယ်

  နိတျာပြုံးတုံ၊ မပြုံးတုံ့နှင့်

  ဖြူပုံ့ဝင်းကြည်၊ ပါးပြင်ဆီတွင်

  ကျုံ့ကျုံ့လင်လင်၊ သွေးကြောမျှင်တို့

  စဉ်စဉ်နုနု၊ ဖြည်းဖြည်းအုသား

  နုနုသွယ်ဟန်၊ ကဗျာဆန်သည့်

  နှာတံလက်စွန်း၊ ချစ်မျက်ဝန်းသည်

  ရွှန်းရွှန်းကြည်မြ၊ ကြယ်ရောင်လှသို့

  ဆံစဆီတွင်၊ ပိတုန်းမျှင်တို့

  ညက်ညင်နက်စို၊ ပျိုပျိုသွယ်ဆင်း

  သန့်ကြည်ဝင်းပွတ်၊ နုညွတ်ညွတ်သို့

  ထွတ်ထွတ်မွေးလက်၊ ပန်းရောင်ယှက်၍

  သွယ်လျက်နွယ်လျ၊ လည်တိုင်လှသည်

  လျလျကြော့ရှင်း၊ ပပဝင်းသည့်

  အဆင်းလှလှ၊ ချောနှမကို

  မြင်ရခိုက်တွင်၊ ရင်ဝယ်လှိုင်းထ

 ခံစားရသည်၊ လောကီသားမို့ ခွင့်လွှတ်ပါ၊*

-  သို့တစေ-

 ရှုလေခန္ဓာ၊ ရုပ်ပုံလွှာကို

 ဝိပဿနာ၊ ဘာဝနာဖြင့်

  ဇရာဒုက္ခ၊ အနိစ္စနှင့်

 အနတ္တဖြင့်၊ ဆင်ခြင်တိုင်းထွာ

  တရားရှာသော်၊ ဘယ်မှာအလှရှိတော့မည်နည်း။ 

ကဗျာရေးစပ်ပြီးသွားသည်နှင့်  ပြန်ဖတ်ကြည့်နေစဉ် ထိုစဉ်က   မြန်မာစာနည်းပြဆရာလည်းဖြစ်၊  ဒဂုံဆောင် နည်းပြဆရာလည်းဖြစ်သော  ဆရာဦးလှမြင့်(ကဗျာဆရာမောင်ပန်းမွှေး) အခန်းထဲသို့ လာနေကျအတိုင်း ဝင်ရောက် လာသည်။  ကဗျာကို  ဆရာက  တောင်းယူဖတ်ကြည့်ရင်း ပြုံးလိုက် ပြီး-

မင်းကဗျာက (Beauty of Wards) စာသားလည်း လှတယ်၊ ‘ကာရန် (Rhyme) ရော ‘အသံသွား အသံလာ (Rhythm) ပါကောင်းတယ်။  ဒါပေမယ့်ကွာ၊ မင်းကအသက် ငယ်ငယ်ရွယ်ရွယ်နဲ့    အဘိုးကြီးစိတ်ပေါက်နေသလိုပဲ။  မင်းကဗျာက “သမုဒယသစ္စာကို “ဒုက္ခသစ္စာ တရားနဲ့ ဆန်းစစ်ဖွဲ့ဆိုထားတယ်။   အေးလေ၊ တကယ်တော့ ဒါဟာ အမြဲမှန်နေတဲ့  မြတ်ဗုဒ္ဓရဲ့  ‘ပရမတ္တသစ္စာတရားပဲလေ ဟု ဝေဖန်ခဲ့သည်ကို အမှတ်ရနေမိသည်။

ဆရာနှင့် တစ်ယောက်သောသူတို့မှာ ရင်းနှီးခင်မင်ကြ သည့်အလျောက် ဦးချစ်လက်ဖက်ရည်ဆိုင် ထိုင်သည့်အခါ ဖြစ်စေ၊ ညနေဘက်အဆောင်မှာ ထမင်းစားပြီး အင်းလျား ကန်ပေါင်ရိုးဆီသို့  လမ်းလျှောက်သွားသည့်အခါဖြစ်စေ၊ ရန်ကုန်မြို့ထဲရှိ  သတင်းစာတိုက်များ၊  မဂ္ဂဇင်းတိုက်များ၊ ပုံနှိပ်တိုက်များသို့   သွားသည့်အခါဖြစ်စေ   မကြာခဏ အတူသွား  အတူလာ    အတူစား အတူစကားလက်ဆုံကျနေ မြဲဖြစ်သည်။    ဆရာ  ဂျပန်နိုင်ငံမှ     ပြန်လာပြီးနောက် ဂျာနယ်များတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူစဉ်က လည်း   ကျွန်တော့်ဌာနသို့  မကြာခဏဝင်လာတတ်ပြီး ကျွန်တော့်ရုံးခန်းမှာပင်   လက်ဖက်ရည်သောက်ရင်း၊ ထမင်းစားရင်း   စာအကြောင်းပေအကြောင်း၊  ကဗျာ အကြောင်း၊ ဘာသာ၊ သာသနာ၊ ဝိပဿနာအကြောင်း များ ပြောကြားရင်း စကားလက်ဆုံကျလေ့ရှိပါသည်။

တို့  တက္ကသိုလ်ရာပြည့်နှစ်ကျမှပဲ   ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး   ဖြစ်ရတယ်လို့ကွာ။    ဆရာ  အခု အသက် ၈၁ နှစ်တောင် ရှိနေပြီဖြစ်လို့  သေခါနီးနေပါ ပြီကွာ။ မသေခင်မှာတော့ ဒီရာပြည့်ပွဲတော်ကြီးမှာ ပါဝင် ဆင်နွှဲသွားချင်သေးတယ်ကွာ။   မင်းတို့၊  ငါတို့ အရင် နှစ် ၅၀ ပြည့် ရွှေရတုသဘင် (၇၅) နှစ်မြောက် စိန်ရတု သဘင်တုန်းကလိုပေါ့ကွာ။

အထက်ပါ ဆရာပြောခဲ့သော စကားသည် ဆရာ၏ အန္တိမစကားဖြစ်သွားလေရော့သလား     မသိတော့ပါ။  ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် သဘင်မတိုင်မီ နှစ်လ ကျော်အလိုတွင် နှလုံးရောဂါ  ဝေဒနာကို မရဏတရားက လက်ဦးရယူသွားခဲ့ရာ    “မမှန်းလင့်ဘဲ   ပန်းတစ်ပွင့် နွမ်းလွင့်ကာ အကြွေစော သွားရှာခြင်းကြောင့် “ကဝိ ဆရာအတွက် မချိဗျာပါတက်ခဲ့ကြရသည်။ တပည့်တို့မှာ  သည်းတမြေ့မြေ့  ကျွမ်းရသည်။  ပွဲတွေ့အလွမ်းနှင့်သာ မျက်မှောက်ပြုကြရင်းမှ  အမျိုးဘာသာ  သာသနာအတွက် နိုးနိုးကြားကြား  ကြိုးကြိုးစားစား  ဆောင်ရွက်နေဆဲ ဖြစ်သော   ဆရာ၏     သာသနာပြုလုပ်ငန်းများအား သာဓုအကြိမ်ကြိမ် ခေါ်နေမိပါတော့သတည်း။

-  မြကျွန်းညိုညို၊ တက္ကသိုလ်ကို

 ခုလိုအခါ၊ နှစ်တစ်ရာမှာ

 ဇရာကထောင်း၊ အရွယ်ညောင်းလည်း

 ပြန်ပြောင်းတသ၊ သတိရမြဲ

 ရှိနေဆဲမို့၊ ဘယ်သို့မေ့၍ရအံ့နည်း။ ။

သစ်ပုပ်ပင်အို၏ တမ်းတခြင်း

-  ရာသီအလီလီ ပြောင်းကြွချီ၍

 နှစ်ရှည်ကြာညောင်း ဟောင်းမှအသစ်

 သစ်မှအဟောင်း ပြန်ပြောင်းနိုးထ

 ဖြစ်တည်ရသည် ကမ္ဘာ့နိယာမပါတကား။

 -  ထိုထိုရာသီ ပြောင်းကြွချီလည်း

 တည်ကြည်မလှုပ် ကျောက်ရုပ်နှင်နှင်

 တစ်ပင်ထီးထီး ပင်အိုကြီးကား

 ဒို့များကျောင်းရှေ့ အောက်မေ့ဖွယ်ရာ

 ရှိခဲ့ပါသည် သညာသမုတ် ပင်သစ်ပုပ်။

-  တက္ကသီလာ ကျောင်းရှေ့မှာလျှင်

 များဖြင်ကျောင်းသား လူငယ်များတို့

 ခိုနားအိပ်စက် မှေးမှိတ်လျက်သာ

 နေခဲ့ပါသည် ကာလညောင်းလည်း မပြောင်းခဲ့။

-  ထိုသစ်ပုပ်ပင် ခြေတွင်ရပ်နား

 ပေါင်းသင်းများနှင့် ကစားတစ်မျိုး

 စာလည်းကြိုးကြ ကောင်းနိုးရာရာ

 သင်ခန်းစာကို စုံစွာသရုပ်

 သစ်ပုပ်ပင်ရင်း မငြင်းမခုံ

 ပညာစုံတိုင် ခိုလှုံခဲ့ကြ သတိရ။

-  အသီးတစ်ရာ အညှာတစ်ခု

 အကြောင်းပြု၍ ယခုချိန်ခါ

 ပြည်ရာကောင်းကျိုး သယ်ပိုးရွက်ဆောင်

 ကျေပွန်အောင်ထမ်း ဒို့ကြိုးပမ်းခဲ့။

-  ဪ--သစ်ပုပ်ပင်ကြီး အိုလည်းအိုစေ

 စောင့်နေမည်က သေချာလှသည်

 သားလှရတနာ များသူငါကို

 သူ့မှာတမ်းတ ရှိလိမ့်ရတည့်

 ချိန်ကျတစ်ခါ စိတ်မှာမူးမူး

 တက္ကသိုလ်ဦးကို ရွှင်မြူးတစ်ခေါက်

 အရောက်ကိုသာ လှမ်းခဲ့ပါမည်

 ယုံပါပင်အို သစ်ပုပ်အိုရယ်။

 ရန်ကုန်တက္ကသိုလ်ရာပြည့်အား ကြိုဆိုဂုဏ်ပြုလျက်

ဘိုမျိုး(ရွှေဘို)