Skip to main content

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေး

မောင်လူအေး(ရေစကြို)

ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ရာ လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်နေခြင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် လူငယ်များ ပညာရည်မြင့်မားရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ စိတ်ဓာတ် စည်းကမ်း ကောင်းမွန်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအပါအဝင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်ကာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာစေရေး

ကုလသမဂ္ဂအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိသူဖြစ်သည်။ သို့သော် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒအရ လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများဖြစ်ကြပါသည်။ အနာဂတ်အလားအလာကောင်းများနှင့် ပြည့်ဝနေသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များအဖြစ် ပျိုးထောင်ပေးကာ နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာစေရေး ရည်မှန်းထားရှိခြင်းဖြစ်သည်။

ယင်းလူငယ်များ စနစ်တကျ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဆိုင်ရာအဓိကကဏ္ဍ ၁၆ ရပ် ဖော်ထုတ်ထားရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်စင်တာများ တည်ထောင်ဖွင့်လှစ်ကာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ်သည်။

လူငယ်စင်တာဆိုသည်မှာ အနုပညာ၊ အားကစားလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံသင်ယူနိုင်မည့်နေရာကို ဆိုလိုခြင်းဖြစ်ကြောင်း လူငယ်ရေးရာမူဝါဒ(၂၀၁၇)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ သို့သော် လူငယ်စင်တာ၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ တည်နေရာ၊ အကျယ်အဝန်း၊ အတိုင်းအတာ၊ ဝန်ထမ်းအင်အားနှင့် ဝန်ဆောင်မှုများ၊ အထောက်အကူပြုပစ္စည်းများပံ့ပိုးထားရှိမှု၊ ဘတ်ဂျက်သုံးစွဲမှုတို့နှင့်ပတ်သက်၍ တိတိကျကျဖော်ပြပါရှိခြင်း မရှိသည့်အတွက် လူငယ်စင်တာ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR)နှင့် လူငယ်စင်တာစံလုပ်ထုံးလုပ်နည်းများ (Standard Operating Procedures -SOP)တို့ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

လူငယ်စင်တာ ဖွင့်လှစ်ထားရှိ

နိုင်ငံတကာတွင် လူငယ်စင်တာ(Youth Center)အား လူငယ်များ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် အားကစား၊ ဂီတ၊ အနုပညာ၊ ဘာသာရေးအပါအဝင် အသင်းအဖွဲ့အလိုက် လှုပ်ရှားမှုများဆောင်ရွက်ခြင်း၊ ဟောပြောဆွေးနွေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ လေ့လာရေးခရီးစဉ်များနှင့် ရပ်ရွာအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားရှိခြင်းဖြစ်ပြီး လူငယ်ကလပ် (Youth Club) ဟုလည်း ခေါ်ဝေါ်သုံးစွဲကြောင်း လေ့လာတွေ့ရှိရပါသည်။

၂၅-၃-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မြန်မာနိုင်ငံလူဦးရေသည် ၅၁ သန်း ခန့်ရှိပြီး လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြနေသူများဖြစ်ကာ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ စာတတ်မြောက်ခြင်းနှင့် ပညာတတ်မြောက်ခြင်း ရာခိုင်နှုန်းကိုခွဲကြည့်မည်ဆိုပါက စာတတ်မြောက်မှုသည် ၉၀ ရာခိုင်နှုန်းနီးပါးခန့်ရှိပြီး အတတ်ပညာ၊ အတန်းပညာတတ်မြောက်မှုသည် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းထက် နည်းပါးသည်ကိုတွေ့ရကြောင်း၊ ပညာရေးအရ၊ အတတ်ပညာအရ အားနည်းသူများဖြင့် နိုင်ငံတော်ကိုတည်ဆောက်မည်ဆိုပါက စိန်ခေါ်မှုများစွာကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံရေးတွင် ပညာတတ်မြောက်ခြင်း၊ မတတ်မြောက်ခြင်းသည် နိုင်ငံရေးတည်ငြိမ်မှုအပေါ်တွင် သက်ရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အတန်းပညာအားနည်းခဲ့သူများကို ပစ်ထား၍ရမည်မဟုတ်ဘဲ ကျောင်းပြင်ပ ပညာရေးနှင့် ဗဟုသုတရှာမှီးရေးအတွက် စာကြည့်တိုက်များ ဒေသအလိုက်ပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်လုပ်ငန်းများကိုအားပေးခြင်း၊ စာဖတ်ဝိုင်းများ စီစဉ်ပေးခြင်းစသည့် ကျောင်းပြင်ပပညာရေးဖြင့် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပါသည်။

လေလွင့်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်မည်

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်သွားမည့် လူငယ်စင်တာများအားလုံးတွင် လူငယ်များ လက်လှမ်းမီဖတ်ရှုနိုင်မည့် သုတ၊ ရသစာအုပ်များစုံလင်စွာပါရှိသည့် စာကြည့်တိုက်များ၊ E-libraryများ ဖွင့်လှစ်ထားရှိကာ လူငယ်စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများ၊ Talk Showများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးရမည် ဖြစ်ပါသည်။ အတန်းပညာနှင့် အတတ်ပညာအားနည်းသော လူငယ်များအတွက် ကျောင်းပြင်ပပညာရေး (Non-formal Education)နှင့် Informal Education တို့ကို ရပ်ရွာအခြေပြုသင်ကြားခြင်းသာမက လူငယ်စင်တာများ အခြေပြုလေ့ကျင့်သင်ကြားပေးနိုင်ရေး စီစဉ်ထားရှိခြင်းအားဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

လူငယ်များ မိမိတို့နေထိုင်ရာ ရပ်ရွာပတ်ဝန်းကျင်အကြောင်း လေ့လာသိရှိနိုင်စေရန်၊ လေ့လာရေးခရီးစဉ်များတွင်ပါဝင်နိုင်ရန်၊ အနာဂတ်ရည်မှန်းချက်ပန်းတိုင်နှင့်စပ်လျဉ်း၍ အကြံဉာဏ်ကောင်းများရရှိနိုင်စေရန်၊ တစ်ကိုယ်ရေကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် အသိပညာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများရရှိစေရန်၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများရရှိစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံ့သားကောင်း လူငယ်များပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် လူငယ်စင်တာများအား ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

အချို့သော လူငယ်စင်တာများမှာမူ လမ်းပေါ်နေလူငယ်များ၊ အခက်အခဲကြုံတွေ့နေရသည့် လူငယ်များအတွက် ၎င်းတို့ဝါသနာပါရာ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။

စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်များကို မွေးထုတ်

လူငယ်စင်တာဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အပေါ်မူတည်၍ လူငယ်စင်တာများအကြား ပံ့ပိုးဆောင်ရွက်ပေးသည့်အစီအစဉ်များနှင့် ဝန်ဆောင်မှုများ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။ ယေဘုယျအားဖြင့် လူငယ်စင်တာများသည် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် အားကစားနှင့်အပန်းဖြေခြင်း၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ ဘာသာရေး၊ အနုပညာနှင့် ယဉ်ကျေးမှု၊ ဆန်းသစ်တီထွင်မှု၊ စွန့်ဦးတီထွင်မှု၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ ဘဝတစ်သက်တာကျွမ်းကျင်မှုများစသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ တတ်မြောက်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည်။ ရပ်ရွာအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်လိုသည့် အမိနိုင်ငံတော်၏ အနာဂတ်ပုံရိပ်ကိုမြှင့်တင်ပေးနိုင်မည့် စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်များကို မွေးထုတ်ပေးသည့် နေရာတစ်ခုဖြစ်ပါသည်။

ပြီးပြည့်စုံသော လူငယ်စင်တာတစ်ခုတွင် လူငယ်များအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံသင်ယူနိုင်ပြီး အယူအဆ၊ အတွေးအမြင်၊ အကြံဉာဏ်နှင့် စိတ်ကူးများ မွေးထုတ်ပေးကာ ယင်းစိတ်ကူး၊ အကြံဉာဏ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့်အရင်းအမြစ်များ ပံ့ပိုးပေးနိုင်အောင် စီစဉ်ဖန်တီးပေးရမည်ဖြစ်သည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ နိုင်ငံတော်ကအားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရေးအတွက် လူငယ်စင်တာများတွင် ၂၁ ရာစု ကျွမ်းကျင်မှုအတတ်ပညာများ (21st Century Skills)၊ စီမံခန့်ခွဲမှုအတတ်ပညာ (Management Skills/ Soft Skills)၊ ဒစ်ဂျစ်တယ်/ ငွေကြေးဆိုင်ရာကျွမ်းကျင်တတ်မြောက်မှု (Digital/Financial Literacy)၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုသင်တန်း (Skills Training)များ ဖွင့်လှစ်သင်ကြားပေးနိုင်မည့် သင်ကြားသင်ယူမှုဗဟိုဌာန(Learning Hub)များ စီစဉ်ထားရှိပေးရမည်ဖြစ်သည်။ လူငယ်များ၏ အနာဂတ်ဘဝအောင်မြင်တိုးတက်စေရန်အတွက် လိုအပ်သည့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းအားအကျိုးပြုသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲများနှင့် ဖိုရမ်များပြုလုပ်

လူငယ်ရေးရာကော်မတီလှုပ်ရှားမှုများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူငယ်စင်တာများ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရေး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီများက နှစ်အလိုက်ဘတ်ဂျက်လျာထားရေးဆွဲ ဆောင်ရွက်သွားရန် ၁၄-၂-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအစည်းအဝေးတွင် အတည်ပြုထားပြီးဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များ၏ မြေမျက်နှာသွင်ပြင်၊ လမ်းပန်းဆက်သွယ်ရေး၊ လူငယ်ဦးရေ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ အားသာချက်/အားနည်းချက်များအပေါ်မူတည်၍ လူငယ်စင်တာများ၏ တည်နေရာ၊ ဖွဲ့စည်းပုံ၊ ဦးတည်အုပ်စု၊ အဆောက်အအုံဒီဇိုင်းနှင့်ဝန်ဆောင်မှုများ အနည်းငယ်ကွဲပြားခြားနားမှုရှိနိုင်မည်ဖြစ်သော်လည်း လူငယ်စင်တာတစ်ခုတွင် အနိမ့်ဆုံးထားရှိရမည့် စံသတ်မှတ်ချက်များ တစ်ပြေးညီဖြစ်စေရေး သက်ဆိုင်ရာ အကျိုးဆိုင်သူ(Stakeholder)များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် ဖိုရမ်များပြုလုပ်ကာ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်သည်။

၁၉-၆-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲမှ အကြမ်းဖျင်းဖော်ထုတ်ထားသည့် စံနှုန်းများမှာ လူငယ်စင်တာတည်ဆောက်ရန်အတွက် မြေအကျယ်အဝန်း အနည်းဆုံး နှစ်ဧကရှိရမည်ဖြစ်ပြီး မြို့နယ်နိမိတ်အတွင်းလူငယ်များ အလွယ်တကူသွားလာ နိုင်မည့်နေရာဖြစ်ရန်နှင့် လူငယ်စင်တာတစ်ခုတွင် အနည်းဆုံးပါရှိရမည့် စံသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) Conference Hall (ညီလာခံခန်းမ)

(၂) Meeting Room (အစည်းအဝေးခန်းမ)

(၃) Library (စာကြည့်တိုက်)

(၄) Youth Hostel (တည်းခိုဆောင်)

(၅) Training Rooms (သင်တန်းခန်းများ)

(၆) Office Rooms (ရုံးခန်းများ)

(၇) Playground/ Indoor Stadium (ကစားကွင်း/ မိုးလုံလေလုံကစားကွင်း)

(၈) Fitness Center (ကြံ့ခိုင်မှုလေ့ကျင့်ရေးစင်တာ)

(၉) Arts Corner (အနုပညာဖန်တီးပြသရန်နေရာ)

(၁၀) Lobby (ဧည့်တွေ့ဆောင်)

(၁၁) Car Parking (ကားရပ်နားရန်နေရာ)

လူငယ်စင်တာတစ်ခုတွင်ပါရှိရမည့် စံသတ်မှတ်ချက်များနှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အနည်းငယ်ကွဲပြားခြားနားမှု ရှိမည်ဖြစ်သော်လည်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များထည့်သွင်းထားရှိမှုတွင် ကွာခြားမှုမရှိပေ။ ရုရှားနိုင်ငံ Borisoglebsk မြို့ရှိ လူငယ်စင်တာတစ်ခုတွင်လည်း လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ညီလာခံခန်းမ၊ အစည်းအဝေးခန်း၊ ဧည့်ခန်းမ၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန်နေရာများ ထည့်သွင်းဖွဲ့စည်းထားရှိပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ စိုက်ပျိုးရေးပညာရပ်များ လေ့လာသင်ယူနိုင်ရန်အတွက် စာကြည့်တိုက်၊ စာသင်ဆောင်များ၊ သက်မွေးပညာသင်တန်းခန်းမ၊ စိုက်ပျိုးရေးခြံမြေများပါဝင်ကာ လူငယ်များသက်သောင့်သက်သာရှိစေရန်နှင့် အပန်းဖြေအနားယူနိုင်ရန်အတွက် စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ရိပ်သာ၊ အိပ်ဆောင်နှင့် ကစားကွင်းများ ပံ့ပိုးထားရှိပေးထားပါသည်။

ထို့အတူ အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိ Cultural Center & Youth Hostel တွင်လည်း လူငယ်များ အနုပညာနှင့်လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ယဉ်ကျေးမှုဗဟိုဌာန(Cultural Hub)၌ ဧည့်ခန်းမ၊ ပြိုင်ပွဲခန်းမ၊ ဘက်စုံသုံးခန်းမ၊ ပြပွဲခန်းမ၊ နားနေခန်း၊ ကော်ဖီဘား၊ စာသင်ခန်းမ၊ ညီလာခံ/ ဆွေးနွေးပွဲ/ သင်တန်းခန်းမ၊ အုပ်ချုပ်စီမံခန်း၊ အလုပ်ရုံခန်းမနှင့်နေရာများ ထည့်သွင်းတည်ဆောက် ထားသကဲ့သို့ ဆန်းသစ်တီထွင်ဖန်တီးမှုများ ပြုလုပ်နိုင်ရန်အတွက် တီထွင်ဖန်တီးမှုဗဟိုဌာန (Creative Hub)ပါရှိပြီး သတင်းအချက်အလက်နှင့် နည်းပညာစင်တာ၊ လက်မှုပစ္စည်းအလုပ်ရုံ၊ ဆန်းသစ်တီထွင်ဖန်တီးပုံဖော်ခြင်းခန်းမ၊ ပန်းချီခန်းမ၊ ပန်းပုခန်းမ၊ ကော်ဖီဆိုင်တို့ ပါရှိပါသည်။ လူငယ်များ အားကစားလှုပ်ရှားဆောင်ရွက်နိုင်ရန်နှင့် အပန်းဖြေအနားယူနိုင်စေရန်အတွက် Sports Hub တွင် Squash အားကစားခန်းမ၊ ကြံ့ခိုင်မှုလေ့ကျင့်ရေးခန်းမ၊ တင်းနစ်ကွင်း၊ အဝတ်လဲခန်း၊ ပစ္စည်းသိမ်းရန်နေရာ၊ မီးဖိုဆောင်၊ စားသောက်ဆိုင်၊ စတိုခန်းများပါဝင်သည်ကို လေ့လာတွေ့ရှိရပါသည်။

(ဆက်လက်ဖော်ပြပါမည်)