စံကားဝါမြေ ရွှေပုပ္ပားဆီသို့
နေ့စဉ်ရုန်းကန်လှုပ်ရှားနေရသော လူမှုဘဝတွင် လူမှုရေး၊ စီးပွားရေး အစရှိသည့် နယ်ပယ်အရပ်ရပ်မှ ဝင်ရောက် လာသောစိတ်ဖိစီးမှုများကို ဖြေဖျောက်နိုင်ရန် အကောင်း ဆုံးသော နည်းလမ်းများတွင် ခရီးသွားခြင်းသည် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်ကို လက်ခံပြီး ဖြစ်ကြပါလိမ့်မည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၌ ခရီးသွားဆွဲဆောင်မှုနေရာဒေသများ အများအပြား တိုးပွားလာနေသည့်အထဲမှ မြန်မာ နိုင်ငံအလယ်ပိုင်းရှိ စံကားဝါမြေ ရွှေပုပ္ပားဆီသို့ သွားရောက်လည်ပတ်အပန်းဖြေရန် အကြံပြုလိုပါသည်။
စံကားဝါမြေသို့ ခရီးဆက်
ပုပ္ပားမြို့လေးသည်မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင်တွင်တည်ရှိပြီး UNESCO စာရင်းဝင်ကမ္ဘာ့ အမွေအနှစ်တစ်ခုဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ အရှေ့တောင်ဘက် ကျောက်ပန်းတောင်းမြို့သို့ သွားရာလမ်း၌ ဗျတ္တပန်းဆက်လမ်းအတိုင်း ချိုးကွေ့၍ မောင်းနှင်လာခဲ့လျှင် တစ်နာရီခွဲခန့်သာ အချိန်ကြာမြင့်မည် ဖြစ်ပါသည်။ စံကားဝါမြေဆီသို့ သွားရာလမ်းတစ်လျှောက်၌အညာမြေ၏ အငွေ့အသက် ဖြစ်သော လွမ်းမောဖွယ်ရာ ထန်းတောများကို မြင်တွေ့ရမည်ဖြစ်ပြီး ထန်းသမားတို့၏ဘဝဓလေ့တို့ကိုလည်း ဝင်ရောက်လေ့လာခံစားနိုင်ပါသည်။ အဆိုပါ ထန်းတောတို့တွင် အညာမြေ၏အနှစ်သာရဖြစ်သည့် ထန်းရည်ချိုနှင့် ဘူးသီးကြော်တို့၏ လိုက်ဖက်လှသောအရသာကို မြည်းစမ်းနိုင်မည့်အပြင် ထန်းလျက်ပြုလုပ်ပုံ အဆင့်ဆင့်ကိုလည်း စူးစမ်းလေ့လာနိုင်မည်ဖြစ်ပြီး ထန်းလျက်အမျိုးမျိုးနှင့် သန့်ရှင်းလတ်ဆတ်သော ထန်းသီးဆန်၊ ထန်းမြစ်တို့ကိုလည်း အညာပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ခရီးဆက်လာပြီး ရာသီဥတုအနည်းငယ်ပြောင်းလဲလာ၍ အေးစိမ့်စိမ့်လေးဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပုပ္ပား မြို့အနီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိနိုင်ပါသည်။
ပုပ္ပားမြို့သည်မြေပြန့်ဒေသတွင်ရှိသော်လည်း အနီးအနားရှိမြို့များနှင့်နှိုင်းယှဉ်လျှင် အမြင့်ပိုင်းတွင် တည်ရှိနေသောကြောင့် အေးမြသောရာသီဥတုကို ခံစားရသည်။ ပုပ္ပားတောင်တက်လမ်းတစ်လျှောက်တွင် သစ်တောများပေါများလှသောကြောင့် အေးမြသောအအေးဓာတ်ကိုခံစားရမည်ဖြစ်သည်။ ပုပ္ပားတောင်၏ အမြင့်ဆုံးအပူချိန်သည် ၁၀၅ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၅၅ ဒီဂရီဖာရင်ဟိုက် ဖြစ်သည်။ ပုပ္ပားတောင်ကြီး၏ အရိပ်အာဝါသကြောင့်လည်း ပူပြင်းလှသော နွေရာသီအချိန်၌ပင်လျှင် အပူချိန်လွန်ကဲမှုကိုမခံစားရဘဲ ရာသီဥတုမှန်ကန်သောကြောင့် ပုပ္ပားနယ်တစ်ဝိုက်တွင် ဥယျာဉ်ခြံမြေများပေါများပြီး အလှသစ်ပင်ပန်းမန်များအပြင် သီးပင်စားပင်များပါ ပေါကြွယ်ဝသောဒေသလည်း ဖြစ်သည်။ သဘာဝအတိုင်းစိမ်းစိုနေသော သစ်တောကြီးများတည်ရှိနေခြင်းကြောင့် မြို့ပြ၏မွန်းကျပ်မှုများမှ လွန်မြောက်ရာ နေရာတစ်ခုဖြစ်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
သမိုင်းအကျဉ်း
ပုပ္ပားဟူသောစကားလုံးသည် ပုပ္ပဟူသောပါဠိစကားမှဆင်းသက်လာပြီး “ပန်း” ဟူ၍ အဓိပ္ပာယ် သက်ရောက်ပါသည်။ “ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့် ယိုးမှား၊ ပန်းစံကား” ဟူသော ကဗျာလေးကို စာဖတ်သူများအားလုံး ရင်းနှီးပြီးဖြစ်ပါလိမ့်မည်။ စံကားဝါမြေ ရွှေပုပ္ပားတွင် စံကားဝါပန်းများပွင့်ချိန်၌ ရွှေတောင်ကြီး အလားပင် စံကားဝါပန်းများဖြင့် ဝင်းဝါမွှေးကြိုင်နေတတ်ပြီး အထူးသဖြင့် တန်ခူး၊ ကဆုန်၊ နယုန်လတို့ တွင် အများဆုံးပွင့်လေ့ရှိသည်။ ပုပ္ပားတောင်ဟုဆိုရာတွင် ၄၉၈၁ ပေ အမြင့်ရှိသော ပုပ္ပားတောင်မကြီးနှင့် ရှေးခေတ်အခါက မီးတောင်ဖြစ်ပေါ်နေစဉ်အတွင်း၌ တည်ရှိခဲ့သော ချော်ရည်တိုင် (ယခုခေတ် တန်ခိုးကြီးဘုရားများတည်ထားကိုးကွယ်ရာတောင်ကလပ်) ဟူ၍ရှိသည်။ ပုပ္ပားတောင်ကလပ်မှာ ၂၄၁၇ ပေ အမြင့်ရှိပြီး ပုပ္ပားတောင်မကြီးပေါက်ကွဲ ရာမှ ပဲ့ထွက်လာသောအစိတ်အပိုင်းဖြစ်သည်ဟု ဆိုကြသည်။ ပုပ္ပားနှင့်ပတ်သက်၍ပုပ္ပားတောင်မှ သံသတ္တုမထွက်ခြင်း၊ မြေအိုး/မြေခွက်ပြုလုပ်ခြင်းဖြင့် မကြီးပွားနိုင်ခြင်း၊ သဘာဝစိမ့်စမ်းရေများ ပေါများခြင်း၊ မြွေဆိုးမရှိခြင်း၊ ဆေးဖက်ဝင်အပင်များပေါများခြင်း စသည့် အံ့ဖွယ်များလည်းရှိသည်ဟု ဆိုကြသည်၊။
အညာမြေ၏အိုအေစစ်
ပုပ္ပားတောင်တွင် သဘာဝအတိုင်းစိမ့်ထွက်နေသော ရေထွက်ပေါင်း ၂၀၀ ခန့် ရှိသည့်အနက် မောင်တော်ရေထွက်၊ နှမတော်ရေထွက်၊ ငဝစမ်းရေထွက်၊ ရေဆူရေထွက်နှင့် ကြို့ချောင်းရေထွက်တို့မှာ လူသိများထင်ရှားသည်။ “စံကားဝါမြေ” ဆိုသည့်အတိုင်း ရွှေဝါရောင်စံကားဝါပန်း ရနံ့များဖြင့် ထုံမွမ်းလျက်ရှိသည့် စိမ်းစိုအုံ့ဆိုင်းနေသော တောအုပ်များအကြားတွင် တသွင်သွင်စိမ့်ထွက်နေသော ကြည်လင်အေးမြလှသည့် ရေထွက်များသည် သဘာဝအလှတရားကို ချစ်မြတ်နိုးသူများအနေဖြင့် ပုပ္ပားသို့ သွားရောက်အပန်းဖြေလည်ပတ်သင့်သည့် အချက်တစ်ချက်ပင် ဖြစ်သည်။ စိမ်းစိုလှသောသစ်ပင်ကြီးများနှင့် အေးမြကြည်လင် နေသောရေထွက်များမှာ အလွန်တရာလိုက်ဖက်သည့် သဘာဝတရားကြီးက ပေးစွမ်းထားသော ဆုလာဘ်ဟုပင် ဆိုရပေမည်။ ရေထွက်များမှ တသွင်သွင်စီးဆင်းနေသော ရေစီးသံများ၊ ကျေးငှက်လေးများ၏ တေးသံသာများကိုနားဆင်ရခြင်းဖြင့်လည်း စိတ်နှလုံးပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေမည်မှာ မလွဲဧကန်ပင်။ ဤသည်မှာပုပ္ပားဒေသကို “အညာမြေ၏အိုအေစစ်” ဟုပင် တင်စားခေါ်ဝေါ်ကြရသည့် အကြောင်း တရားပင် ဖြစ်ပေလိမ့်မည်။
ပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ်
၁၉၈၉ ခုနှစ်တွင် သစ်တောဦးစီးဌာနက ဘေးမဲ့တောဥယျာဉ်အဖြစ် တည်ထောင်ခဲ့သည်။ အဆိုပါ ဘေးမဲ့တောဥယျာဉ်၌ နို့တိုက်သတ္တဝါ ၁၀ မျိုး၊ ငှက်မျိုးစိတ် ၁၈၅ မျိုး၊ လိပ်ပြာမျိုးပေါင်း ၁၀၀၊ အပင်မျိုးစိတ် ၃၀၀၊ သစ်ခွမျိုးစိတ်ပေါင်း ၈၆ မျိုးနှင့် ဆေးဖက်ဝင်အပင်ပေါင်း ၃၆၃ မျိုးတို့ ရှင်သန်လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရှားပါးမျောက်မျက်ကွင်းဖြူ အကောင် ၅၀၀ ခန့်သည်လည်း မီးတောင်ဝကြီးထဲရှိ လျှိုမြောင်၊ ချိုင့်ဝှမ်းများတွင် နေထိုင်ကျက်စားလျက်ရှိသည်ဟု ဆိုကြသည်။ ခရီးသွားများအနေဖြင့် သဘာဝဘေးမဲ့တောဥယျာဉ် တောတွင်းလမ်း တစ်လျှောက် မျောက်မျက်ကွင်းဖြူတို့၏ နေထိုင်စားသောက်မှုများအား လေ့လာခြင်း၊ မြန်မာ့ရွှေသမင်ခြံသို့ လည်ပတ် ခြင်း၊ မြင်းစီးခြင်းတို့ကိုလေ့လာခြင်း၊ ရှားပါးစန္ဒကူးခြံများ၊ ပရဆေးဥယျာဉ်နှင့် ဒေသခံများ၏ မိရိုးဖလာသယံဇာတအသုံးပြုမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လွတ်လပ်စွာ လည်ပတ်ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် သုတေသနပြုလုပ်လိုသူများအနေဖြင့်လည်း မျောက်မျက်ကွင်းဖြူတို့၏ ဂေဟဗေဒနှင့် ဇီဝဗေဒ၊ လိပ်ပြာမျိုးစိတ်များ ပျံ့နှံ့မှု၊ ဆေးဖက်ဝင်အပင်နှင့် သစ်ခွပန်းပင်များ၊ ပင်လယ်ရေ မျက်နှာပြင်အမြင့်အလိုက် တောပြောင်းလဲမှုအခြေအနေများ၊ သဘာဝရေထွက်စမ်းများကို လေ့လာနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဘေးမဲ့တောဥယျာဉ်သို့ သွားရောက်လည်ပတ်ခြင်းဖြင့် သဘာဝတရားကြီး၏ အလှတရားများကို တဝကြီးခံစားနိုင်မည်မှာ အမှန်ပင် ဖြစ်ပါသည်။
ပျော်ရွှင်ဆင်နွှဲ တောင်တက်ပွဲ
ပုပ္ပားတောင်မကြီးတွင် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့နှင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တို့တွင် နံနက်အရုဏ်တက်ချိန်၌ လူငယ်လူရွယ်များ၊ အသင်းအဖွဲ့ များ၊ မိသားစုများစုပေါင်း၍ ပုပ္ပားတောင်တက်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ အနီးအနားရှိ ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ တောင်တက်ဝါသနာရှင်များစွာသည်လည်း ပုပ္ပားတောင်တက်ပွဲသို့ သူငယ်ချင်း၊ အပေါင်းအသင်းမိတ်ဆွေများ၊ မိသားစုများဖြင့် ပျော်ရွှင်စွာလာရောက်ဆင်နွှဲလေ့ရှိကြသည်။ ထိုနေ့များတွင် ဒေသခံအဖွဲ့အစည်းများစုပေါင်း၍ တောင်မကြီးပေါ်သို့ အောင်မြင်စွာ ရောက်ရှိလာသော တောင်တက်အဖွဲ့များအား ဖော်ရွေပျူငှာစွာဖြင့် ကောက်ညှင်းပေါင်း၊ ဆီထမင်း စသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိကြပါသည်။ သို့ဖြစ်၍ တောင်တက်ဝါသနာရှင်များအနေဖြင့်လည်း သဘာဝအလှတရားများ၊ သာယာလှသောကျေးငှက်များ၏ တွန်ကျူးသံများနှင့် သဘာဝတရားကြီး၏လက်ဆောင် ရှုမျှော်ခင်းများကို ပုပ္ပားတောင်မကြီးအပေါ်မှ ရှုမြင်ခံစားခြင်းဖြင့် အမောအပန်းများ ဖြေဖျောက်နိုင်စေဖို့ ပုပ္ပား တောင်တက်ပွဲကို တစ်ခါတစ်ခေါက် ပါဝင်ဆင်နွှဲကြဖို့ လှုံ့ဆော်အကြံပြုလိုက်ပါသည်။
ရှုမျှော်ခင်းများ စုံလင်စွာ ပုပ္ပါးတောင်ကလပ်မှာ
ပုပ္ပားတောင်ကလပ်သည် သာမန်နေ့များတွင်ပင် ပုံမှန်ခရီးသွားဧည့်သည်များဖြင့် စည်ကားနေလေ့ရှိသည့် အပြင် နတ်များစံပျော်ရာအရပ်ဒေသဖြစ်သောကြောင့်လည်း နတ်ပွဲများရှိသည့်အချိန်အခါများ၌ ပုပ္ပားတောင်ကလပ်ရှိ နတ်နန်းများတွင် အနယ်နယ်အရပ်ရပ်မှ နတ်ကိုးကွယ်ယုံကြည်သူများနှင့် တစ်မူထူးခြားစွာ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသည်။ တောင်ကလပ်ပေါ်သို့တက်ရာ အုတ်လှေကားတစ်လျှောက် ဘေး တစ်ဖက်တစ်ချက်စီတွင် သဘာဝအတိုင်း လွတ်လပ်စွာခုန်ပေါက်ပျော်မြူးနေသော မျောက်များနှင့် လက်ဆောင်ပစ္စည်းအရောင်းဆိုင်များဖြင့် စည်ကားလျက်ရှိပါသည်။ ပုပ္ပားတောင်ကလပ်တွင် သဘာဝအလှတရားများဖြင့် ပြည့်စုံနေရုံသာမက မျောက်များအား အစာကျွေးခြင်း၊ မျောက်များနှင့်အတူ လွတ်လပ်ပျော်ရွှင်စွာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်နိုင်ခြင်းသည်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်နေသော အဓိကအချက်တစ်ချက် ဖြစ်ပေလိမ့်မည်။ ထို့ပြင် တောင်ကလပ်ပေါ်သို့တက်ရာ အုတ်လှေကားတစ်နေရာတွင် ခရီးသွားဧည့်သည်များ အမောပြေအနားယူစားသုံးနိုင်သော အရသာရှိလှသည့် အညာဒေသ၏ ရှောက်သီးသုပ်၊ ခေါက်ဆွဲသုပ်၊ အာပူလျှာပူ၊ အသုပ်စုံ အစရှိသည်တို့ကို ရောင်းချသောဆိုင်များသည်လည်း ဒေသခံပြည်သူများနှင့် ခရီးသွားများအကြား ရေပန်းစားလှသော ကြောင့် အခါအခွင့်ကြုံခဲ့ပါက မြည်းစမ်းကြည့်ခဲ့စေလိုပါသည်။ပုပ္ပားတောင်ကလပ်၏ ထိပ်ဆုံးသို့ ရောက်ရှိသောအခါ သပ္ပာယ်လှစွာသောဘုရားများကို ဖူးမြော်နိုင်မည်ဖြစ်ပြီး တောင်ထိပ်ပေါ်မှ စီးမျှော်မြင်တွေ့ရသော ရင်သပ်ရှုမောဖွယ် သဘာဝတောတောင်ရှုခင်းအလှများနှင့် ပုပ္ပားမြို့ဝန်းကျင်ရှိမြို့လေးများ၏ အလှတရားများကို တစ်ဝကြီးခံစားရမည်မှာ အသေအချာပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကိုဗစ်-၁၉ ကာလအလွန်တွင် သဘာဝအလှတရားများနှင့်တွေ့ဆုံ၍ စိတ်လက် အပန်းဖြေနိုင်စေရန် မြို့ပြ၏မွန်းကျပ်မှုများမှဝေးရာ ပုပ္ပားမြို့လေးသို့တစ်ခါတစ်ခေါက်သွားရောက်အပန်း ဖြေနိုင်ရန် တိုက်တွန်း ရေးသား အကြံပြုလိုက်ပါသည်။
မေမြတ်(ဟိုတယ်/ခရီး)