အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း
ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာသည့် အဆိုတော်များထဲတွင် ထိပ်ဆုံးက ပါဝင် ခဲ့သူ ဖြစ်ပါသည်။ ခင်ယုမေသည် သူ့ခေတ်သူ့အခါက ထင်ရှားသော ဝတ်စားပုံကို ထွင်နိုင်ခဲ့သူ ဖြစ်သလို သဘာ၀ ကျသော အမူအရာကိုလည်း လုပ်ဆောင်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီး တစ်ယောက် ဖြစ်လေသည်။
ခင်ယုမေ၏ ရုပ်ရှင်ကားများကို ကြည့်လျှင် အမူအရာပိုလွန်းသွားသည့် ရုပ်ရှင်ကားမျိုး မရှိ သလောက် ရှားပါးခဲ့သည်။
ရုပ်ရှင်ကားများကို သဘာ၀ကျကျ မပိုမလို သရုပ်ဆောင်နိုင်ခဲ့သလို သိုင်း ရုပ်ရှင်ဇာတ်ကားများ၊ ဓားခုတ်လှံထိုး ရုပ်ရှင်ဇာတ်ကားများကိုလည်း နာမည်ရအောင် ရိုက်ကူးခဲ့သည်ကို တွေ့မြင်ရ လေသည်။
ဂီတဘက်တွင် ထူးချွန်ခဲ့သလို ရုပ်ရှင်ဘက်တွင်လည်း ရုပ်ရှင်ထူးချွန် ဆုနှစ်ဆုရသည်အထိ သရုပ်ဆောင် တော်ခဲ့သော ခင်ယုမေ၏ ရုပ်ရှင်လောကအတွင်း လျှောက်လှမ်းခဲ့ပုံများကို သိရှိနိုင် ကြမည် ဖြစ်ပါသည်။
ဒီတစ်ပတ် ကျွန်တော့်ရဲ့ ရုပ်ရှင်စကားဝိုင်းကတော့ နည်းနည်းထူးခြား တယ်လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အခုကျွန်တော်ရောက်နေ တဲ့နေရာက အကယ်ဒမီရုပ်ရှင်မင်းသမီး ခင်ယုမေရဲ့ ခြံဝင်းဖြစ်ပြီး အကယ်ဒမီ ခင်ယုမေနဲ့ ဒီတစ်ပတ်ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ဟာ စတူဒီယိုကို မလာရောက်နိုင်တဲ့ ခင်ယုမေရဲ့ အိမ်ကိုလာပြီးတော့ ဆွေးနွေးရခြင်းဖြစ်ပါတယ်။ ရုပ်ရှင်လောကကို ကျွန်တော်တို့ ပြန်ကြည့်လိုက် မယ်ဆိုရင် ရုပ်ရှင်လောကထဲကို ဝင်ရောက်လာတဲ့သူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့ကြရာမှာ တချို့ကလည်း ပြဇာတ်ကနေပြီးတော့ ဝင်ရောက် လာတာ ဖြစ်ပါတယ်။
ကြည်စိုးထွန်း ။ ။ တချို့ကလည်းအရပ်သူအရပ်သားဘ၀နဲ့ ဝင်ရောက် လာကြတာ ဖြစ်သလို၊ တချို့ကျတော့ လည်း ဂီတနယ်ပယ်ထဲက ဝင်ရောက် ခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။
အခု အကယ်ဒမီ ဒေါ်ခင်ယုမေဟာဆိုရင်လည်း ရေဒီယိုအဆိုတော်၊ ဓာတ်ပြားအဆိုတော် ဘ၀ ကနေပြီးတော့ ရုပ်ရှင်လောကထဲကို ဝင်ရောက် လာခဲ့တဲ့ မင်းသမီးကြီးတစ်ဦး ဖြစ်ပါတယ်။
သူဟာ ရန်ကုန်မှာမွေးဖွား၊ ရန်ကုန်မှာပဲ ကျောင်းနေပြီးတော့ ငယ်စဉ် ကတည်းက ကဗျာတွေ၊ ပန်းချီတွေ ဝါသနာပါတယ်။
အားကစား၊ အချုပ်အလုပ် ဝါသနာပါတယ်၊ နောက်ပြီးတော့ ဒီဇိုင်းပုံစံကို ဟိုးအရင်ကတည်းက ထူးထူးခြားခြား စိတ်ဝင်စားခဲ့တဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူဟာ ရုပ်ရှင်ထဲမှာရော သီချင်း သီဆိုတဲ့နေရာမှာရော ထူးခြားတဲ့၊ ခေတ်မီတဲ့၊ ဒီဇိုင်းတွေနဲ့ ပရိသတ်များ တွေ့မြင်ခဲ့ကြမယ်လို့ ကျွန်တော်မြင်ပါတယ်။
ကြည်စိုးထွန်း ။ ။ အခုကျွန်တော် ရုပ်ရှင်မင်းသမီးကြီး နှစ်ထပ်ကွမ်း အကယ်ဒမီ ဒေါ်ခင်ယုမေနဲ့ စတင်ဆွေးနွေးပါမယ်။ အစ်မရေ မင်္ဂလာပါ။
ဒေါ်ခင်ယုမေ ။ ။ မင်္ဂလာပါ။
ကြည်စိုးထွန်း ။ ။ အခုလို အစ်မကို ကျန်းကျန်းမာမာ၊ ရွှင်ရွှင် လန်းလန်းနဲ့တွေ့ရတာ အင်မတန် ဝမ်းသာပါတယ်။ ကျွန်တော်တို့ကလည်း အမှန်တော့ စတူဒီယို ထဲမှာ အစ်မနဲ့ပြောချင်တာပေါ့လေ။ အစ်မသွားရေး၊ လာရေးခက်တာနဲ့ အိမ်ကခွာမရတဲ့ကိစ္စလေးတွေနဲ့ဆိုတော့ ကျွန်တော် တို့လည်း ဒီမှာလာပြီးတော့ အစ်မနဲ့ Movie Talk အတွက် ကျွန်တော်ထူးထူး ဆန်းဆန်းပေါ့။ ဒါ အထူးခြားဆုံးပါပဲ။ ခါတိုင်းဆို ကျွန်တော်က စတူဒီယိုထဲမှာပဲ အားလုံးနဲ့ ပြောတာပေါ့လေ၊ ဒီတစ်ခါတော့။
ဒေါ်ခင်ယုမေ ။ ။ အစ်မလည်း အခွင့်အရေးယူတာ မဟုတ်ပါဘူး။
ကြည်စိုးထွန်း ။ ။ သဘောပေါက်တယ် အစ်မ။
ဒေါ်ခင်ယုမေ ။ ။ အစ်မလည်း ကြာကြာမထိုင်နိုင်ဘူးလေ။
ကြည်စိုးထွန်း ။ ။ သဘောပေါက်တယ် အစ်မ။
ဒေါ်ခင်ယုမေ ။ ။ စတူဒီယိုကျတော့ ဘာမှနားနေဖို့မရှိဘူး။
ကြည်စိုးထွန်း ။ ။ အေးလည်း အေးတာကိုး၊ ဟုတ်ကဲ့အစ်မ။
ဒေါ်ခင်ယုမေ ။ ။ ကိုယ်ကကျောကို မှီထားမှရတာ အာရုံကြောတွေက နာနေတော့လေ။
ကြည်စိုးထွန်း ။ ။ အသက်ကလည်းရလာပြီကိုးနော်။
ဒေါ်ခင်ယုမေ ။ ။ အသက်ကြောင့်လည်း မဟုတ်ပါဘူး။ မမက အရိုး ပါးပြီးတော့ အာရုံကြော တွေကြောင့် မို့လို့ပါ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ဒါပေမယ့် အစ်မရယ် ကျွန်တော်တို့က အစ်မနဲ့ပတ်သက်လာရင်ပေါ့ ငယ်ငယ်လေးကတည်းက၊ ငယ်ငယ်လေး တည်းကဆိုတာတောင် ကျွန်တော်တို့က Teenage တောင်မရောက်သေးဘူးပေါ့။ Teenage မရောက်သေးဘူး အစ်မကို သိရ၊ မြင်ရ၊ ကြားရပေါ့။ ကြားရ တယ်ဆိုတာ ပထမဆုံးက ဘာကြားရလဲဆိုတော့ သီချင်းသံလေး ကြားရတာ။ သိပ်ပြီး တော့ သာယာတဲ့ အသံလေးပေါ့လေနော်။
ကြည်စိုးထွန်း ။ ။ ကျွန်တော် ပြောတာ မဟုတ်ဘူး။ ကျွန်တော့် အစ်ကို တွေကပြောတာ၊ ကျွန်တော့်အစ်ကိုတွေက သိပ်သဘောကျတာကိုး၊ သူတို့ သဘောကျတာကို ကျွန်တော်တို့ ကလည်း လိုက်သဘောကျရတာပေါ့ အစ်မရယ်။ တကယ်လည်း ကိုယ်တိုင်ကလည်း သဘောကျ ပါတယ်။ ပထမဆုံး ကြားရတဲ့သီချင်းကတော့ ‘ရိုင်းတဲ့စင်ရော်’ ပေါ့။ (xxx ချိန်ခါဆည်းဆာ မြစ်ဧရာပေါ် xx x ပျံကာဝဲကာငှက်ရွှေစင်ရော် x x x) ချိန်ခါဆည်းဆာ မြစ်ဧရာပေါ် ပျံကာ ဝဲကာငှက်ရွှေစင်ရော် အခုလည်း ပြန်ဆိုတယ်နော် အစ်မ။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်ပါတယ်။
ကြည်စိုးထွန်း ။ ။ ဘယ်သူတွေပါလိမ့်။
ဒေါ်ခင်ယုမေ ။ ။ မောင်ရန်အောင်နဲ့၊ မောင်ရန်အောင်က တွဲဆိုပါဦး အစ်မရယ်၊ အကုန်လုံးလေ၊ ဒေါ်မြင့်မြင့်ခင်တို့၊ ချိုပြုံးတို့။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ ။ ။ အဲဒီတုန်းက အမေကြည်ကြီးနဲ့တောင် တွဲဆိုသေး တယ်။
ကြည်စိုးထွန်း ။ ။ ဪ ဒေါ်ကြည်ကြည်ဌေးနဲ့နော် ဟုတ်ပြီအစ်မ။ အဲဒါရယ် နောက်တစ်ခုက လူကို မမြင်ရသေးဘူးပေါ့။ အသံအရင်ကြားရတာ ဘာလဲဆိုတော့ ‘ မုန့်ဆီကြော်’ ။
ဒေါ်ခင်ယုမေ ။ ။ ‘ မုန့်ဆီကြော်’ က ‘ရိုင်းတဲ့ စင်ရော်’ ထက် ပိုစော တာပေါ့။
ကြည်စိုးထွန်း ။ ။ အဲဒါ ကျွန်တော်တော့ ကြားဖူးတာပေါ့။ အစ်မ ကတော့ ရန်ကုန်ဇာတိနော်။ ရန်ကုန်ဇာတိ ၁၉၃၆ မတ်လ ၂၃ ရက်။ (၇၃)နှစ်ဆိုတော့ ဒါပေမယ့် မထင်ရပါဘူး။
ဒေါ်ခင်ယုမေ ။ ။ မြှောက်နေလည်းမရဘူး။ ဇရာဆိုတာ သူ့ဟာသူပဲ။
ကြည်စိုးထွန်း ။ ။ ဟုတ်ပါတယ် ဇရာဆိုပေမယ့် ဒါပေမယ့် ဒီမျက်နှာ ကြည့်လိုက်၊ ဒီမျက်နှာပုံ ပျောက်မသွားဘူးလေ၊ အစ်မရဲ့ပါးချိုင့်လေးရယ်၊ အစ်မရဲ့ ဖက်ရှင်လေးရယ်က ကျွန်တော်က သိနေတာကိုး ငယ်ငယ်လေး တည်းက။ ဖက်ရှင်ဆိုရင်လည်း အခုခေတ်ထိအောင် အစ်မရဲ့ပုံလေး တွေ ကြည့်တယ်ဆိုရင် ရိုးမသွားဘူးနော်။ ပုံလေးတွေက ကြည့်ရတာ၊ ဆန်းဆန်း ကြီးလည်း လုပ်မထားဘူး၊ ဖက်ရှင်ထွင်တာကလေ။
ဒေါ်ခင်ယုမေ ။ ။ စကားပုံရှိတယ်ဟုတ်လား၊ ရိုးရိုးလေးကဘယ်တော့မှ မရိုးဘူးဆိုတာ၊ အဲဒီအတိုင်းပေါ့။
ကြည်စိုးထွန်း ။ ။ အဲဒီလိုဖြစ်တာ၊ အစ်မရဲ့ အရင်ပုံလေးတွေ ပြန်ကြည့်ရင် အခုလည်း အကြည့်ခံတာပဲ။ အရင်ဓာတ်ပုံတွေ ကျွန်တော် ပြန်ကြည့် ကြတာပေါ့လေ။
ဒေါ်ခင်ယုမေ ။ ။ တချို့ဆိုရင်လေ ဖက်ရှင်ဆို အရမ်းအောက်သွား တယ်လေ။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။
ဒေါ်ခင်ယုမေ ။ ။ ခေတ်ကကွာသွားပြီး ဘယ်လိုမှ...။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။
ဒေါ်ခင်ယုမေ ။ ။ အစ်မအင်္ကျီတွေက ဒီနေ့လည်း Up to Date ဖြစ်တာပဲ။
ကြည်စိုးထွန်း ။ ။ ဟုတ်တယ်။
ဒေါ်ခင်ယုမေ ။ ။ သူတို့လိုက်ချုပ်လည်း ဒီပုံပဲ။ ပြောင်းမသွားဘူးလေ။
ကြည်စိုးထွန်း ။ ။ အင်း အဲဒါတော့ အစ်မက ဘာရှိလဲဆိုတော့ ကိုယ့် ဒီဇိုင်း ကိုယ်ထွင်တာကိုး။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း ။ ။ အစ်မက ဒီဇိုင်းလည်း ဝါသနာပါတယ်၊ ပန်းချီလည်း ဝါသနာပါတယ် ဟုတ်လား၊ သီချင်းလည်း ဝါသနာပါတယ်၊ ကဗျာလည်း ဝါသနာပါတယ်၊ အချုပ်အလုပ် ဝါသနာပါတယ်နော်။ အဲဒီတော့ ကိုယ့်ဟာကိုယ် ကိုယ့်စိတ်ကြိုက် ဖန်တီးထားတာဆိုတော့ လည်း ပိုကောင်းတာပေါ့နော်။ အဲဒီဖက်ရှင်ပုံလေးတွေလည်း ကျွန်တော်ထည့်ပေးချင်ပါတယ်။ သို့သော် လည်း ကျွန်တော်တို့ကတော့ ကျွန်တော်က Movie Talk ကိုး အစ်မရဲ့။ ရုပ်ရှင် အကြောင်း ကျွန်တော်က ပိုပြောရမှာဆိုတော့...။
ဒေါ်ခင်ယုမေ ။ ။ ဟုတ်ပါတယ်။
ကြည်စိုးထွန်း ။ ။ သို့သော်လည်း ပြန်စဉ်းစားကြည့်လိုက်ရင် တစ်ခါ တည်း ရုပ်ရှင်ထဲကို ဝင်လာတဲ့သူတွေ အမျိုးမျိုးရှိတယ် အစ်မရဲ့။ ဝင်လာတဲ့သူ အမျိုးမျိုးဆိုတာ ဆိုပါတော့ မင်းသမီးတွေ ကြည့်လိုက်မယ်ဆိုရင် ဇာတ်ထဲက ဝင်တဲ့လူတွေရှိတယ်။ ပြဇာတ်ထဲကနေ လာတဲ့လူတွေရှိတယ်။
(ဆက်လက်ဖော်ပြပါမည်)