Skip to main content

နိုင်ငံတော်အခွန်ဘဏ္ဍာ နစ်နာဆုံးရှုံးမှု မရှိစေရေး တရားမဝင်ကုန်သွယ်မှုများအား ရှောင်ကြဉ်ပေး

အလင်းရောင် (အောင်)

နိုင်ငံတစ်နိုင်ငံတွင် အခွန်ဘဏ္ဍာသည် အလွန်ပင်အရေးကြီးသော ပြည်သူ့ဘဏ္ဍာရေး၏ အစိတ်အပိုင်းကြီးတစ်ရပ်ဖြစ်သည်ကို နိုင်ငံသူ နိုင်ငံသားများနှင့် အစိုးရတို့ကိုယ်တိုင် ကောင်းစွာနားလည်သဘောပေါက်၍ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးလှပါသည်။

အခွန်ကောက်ခံမှုအား ထိခိုက်စေသည့်အပိုင်းတွင် တရားမဝင်ကုန်သွယ်မှုသည် အဓိကအကြောင်းရင်း တစ်ရပ် ဖြစ်နေပါသည်။ တရားမဝင်ကုန်သွယ်မှုများအနေဖြင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း၊ ရေလမ်းကြောင်း၊ လေကြောင်းမှတစ်ဆင့် စာရွက်စာတမ်းအတု၊ ကုန်ပစ္စည်းအပိုတင်ဆောင်မှုများ၊ တရားမဝင် ကုန်ပစ္စည်းတင်ဆောင်မှုများအစရှိသည်ဖြင့် အခွန်တိမ်းရှောင်လိုသောကြောင့် မသမာသော စီးပွားရေးသမားများက သယ်ဆောင်ရောင်းဝယ်လျက်ရှိနေပါသည်။

ထိုသို့သယ်ဆောင်မှုများကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးနေသည့်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများအပေါ် များစွာဆိုးကျိုးသက်ရောက်စေလျက်ရှိသည်ကို တွေ့မြင်နေရပေသည်။ နိုင်ငံတစ်နိုင်ငံတွင် တရားမဝင် ကုန်ပစ္စည်းများအား နည်းလမ်းပေါင်းစုံမှ ဝင်ရောက်နေမည်ဆိုလျှင် ၎င်းနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာနေမည်ဖြစ်ပေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးကို ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်နေသူများအား အဘက်ဘက်မှ ပူးပေါင်း၍ ဝိုင်းဝန်းပိတ်ဆို့တားဆီး ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် တွေ့ရှိနေရပေသည်။ မူဝါဒ၊ အမိန့်ညွှန်ကြားချက်များ ချမှတ်ကာ ပြင်းပြင်းထန်ထန် တားဆီးဆောင်ရွက်လျက်ရှိသော်လည်း တရားမဝင် ကုန်သွယ်မှုများမှာ ဆက်လက်တည်ရှိနေသည်ကို တွေ့ရှိရ ပါသည်။

တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့အတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည့်အကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ရေဒီယို၊ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများတွင် နေ့စဉ်ဖမ်းဆီးရမိမှု၊ တရားမဝင် ကုန်သွယ်မှုသတင်းဆောင်းပါးများကို ထည့်သွင်းကြေညာပေးလျက်ရှိပါသည်။ နိုင်ငံ၏လိုအပ်သော အသုံးစရိတ်အားလုံးသည် နိုင်ငံအတွင်း အခွန်ရရှိမှု အပေါ်တွင် အဓိကမှီခိုနေရသောကြောင့် အခွန်ကဏ္ဍ အားနည်းခဲ့လျှင် နိုင်ငံ့လူ့အဖွဲ့အစည်းတွင် အခက်အခဲများစွာ ရင်ဆိုင်ရမည်မှာ သေချာနေပေသည်။

နိုင်ငံတစ်နိုင်ငံကို တာဝန်ယူအုပ်ချုပ်ရသည့် အစိုးရတစ်ရပ်အနေဖြင့် လုပ်ဆောင်ရမည့် ပြည်သူ့ ဝန်ဆောင်မှုဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်မှုများအတွက် အခွန်ဘဏ္ဍာငွေ လိုအပ်သောကြောင့် တရားမဝင်ကုန်သွယ်မှုများ များပြားနေလျှင် နိုင်ငံအတွက် အခက်အခဲဖြစ်ပေါ်စေနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အခွန်ကောက်ခံခြင်းသည် ပြည်သူ့အသုံးစရိတ်အတွက် လိုအပ်သည့် ငွေကြေးရရှိရန် အားထုတ်ဆောင်ရွက်ကြရခြင်းဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူရစေရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်ထွန်း၍ အလုပ်အကိုင်အခွင့်အလမ်း များပြားလာစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေရေး၊ ဝင်ငွေခွဲဝေဖြန့်ဖြူးနိုင်ရေးစသည့် စီးပွားရေးရည်မှန်းချက်များရှိသကဲ့သို့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဆေးလိပ်၊ အရက်စသည်ဖြင့် ကျန်းမာရေး ထိခိုက်စေသောအရာများ သုံးစွဲမှုလျော့နည်းစေရန်၊ ရှောင်ကြဉ်မှုဖြစ်လာစေရန် ရည်မှန်းချက်များလည်း ရှိပေသည်။

အခွန်ဘဏ္ဍာရရှိမှသာ ပြည်တွင်းလုပ်ငန်းများကို နိုင်ငံရပ်ခြားလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးရန်နှင့် နိုင်ငံနယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများအားလုံး၏ အကျိုးစီးပွားမှန်သမျှအတွက် အသုံးပြုနေသည်ကို သိရှိနားလည်ရပေမည်။ ကမ္ဘာပေါ်တွင် အခွန်နှင့် သေခြင်းတရားကို မည်သူမျှရှောင်လွှဲနိုင်စွမ်းမရှိဟူသော စကားကို နိုင်ငံသားများက နားလည်သဘောပေါက်ကြရန် လိုအပ်မည်ဖြစ်သည်။

အုပ်ချုပ်သူအစိုးရတို့က မိမိတို့နိုင်ငံ သာယာဝပြောရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ ကောင်းမွန်စေရေးအတွက် အားထုတ်လုပ်ကိုင်ဆောင်ရွက်ရာတွင် လိုအပ်သော အသုံးစရိတ်ဖြစ်သည်ကို နားလည်သဘောပေါက်ကြပြီး အခွန်ဆိုင်ရာ အယူအဆသဘောတရားများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထွန်းကားမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများအပါအဝင် မေခရိုစီးပွားရေးအခြေအနေများကို နားလည်သဘောပေါက်ကြရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရှိသည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမျိုးဘာသာ၊ သာသနာအကျိုးရှေးရှုလျက် အတ္တပရညီမျှစွာဖြင့် တရားမဝင်ကုန်သွယ်မှုများ မပြုလုပ်ဘဲ နိုင်ငံတော်အခွန်ဘဏ္ဍာ တိုးတက်ရရှိစေရေးအတွက် တရားဝင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။