ပင်လုံသက်သေ ချစ်သောမြေ
ဇင်မင်းစိုး (ဗိုလ်ကလေး)
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့(ယနေ့)သည် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါအရာရောက်ခဲ့သော နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။ ပြည်ထောင်စုနေ့သည် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကို အထိမ်းအမှတ်ပြုသည့် နေ့တစ်နေ့လည်း ဖြစ်ပါသည်။
နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်ပြု၍ သိမ်းပိုက်ခဲ့ပြီးနောက် နယ်ပယ်ဒေသမျိုးစုံတွင် အမျိုးမျိုးဖိနှိပ်အုပ်ချုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများကို အလုံးစုံသိမ်းပိုက်ခဲ့ပြီး ကုပ်သွေးစုပ်အမြတ်ထုတ်ခဲ့ကြသည်။ မြန်မာပြည်သူတို့သည် သူ့ကျွန်လက်အောက်တွင် ဆင်းရဲပင်ပန်းကြီးစွာ နေထိုင်ကြရပြီး သူ့ကျွန်လက်အောက်တွင် မနေလိုသော မျိုးချစ်ခေါင်းဆောင်ကြီးများ၏ ခေါင်းဆောင်မှုဖြင့် နယ်ချဲ့တို့ကို ရရာလက်နက်စွဲကိုင်ကာ တွန်းလှန်တိုက်ခိုက်ခဲ့ကြရသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် အင်္ဂလိပ်အခက် ဗမာအချက်ဟုဆိုကာဖက်ဆစ်ဂျပန်တို့နှင့်ပူးပေါင်း၍ နယ်ချဲ့တို့ကို မောင်းထုတ်ခဲ့လေသည်။ သို့ရာတွင် ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုသကဲ့သို့ ဖက်ဆစ်တို့သည်လည်း နယ်ချဲ့တို့နှင့်မခြား ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသဖြင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တို့ကို တိုက်ထုတ်ခဲ့ရပြန် လေသည်။
ဖက်ဆစ်ပြေးသည့်အချိန်တွင် နောက်တစ်ကြိမ် ပြန်ဝင်လာသော နယ်ချဲ့တို့သည် လွတ်လပ်ရေးပေးရန် အချိန်ဆွဲခဲ့ပြီး တောင်တန်းနှင့်ပြည်မအား သွေးခွဲအုပ်ချုပ်ခဲ့လေသည်။ လွတ်လပ်ရေးမပေး၍ မရသည့်အခြေအနေတွင် တောင်တန်းနှင့် ပြည်မကိုခွဲခြား၍ လွတ်လပ်ရေးပေးရန် ကြံစည်ခဲ့ကြပြန်လေသည်။ သို့သော် မြန်မာပြည်သူတို့၏ စည်းလုံးညီညွတ်မှုနှင့် ပင်လုံကိုသက်သေတည်လိုက်သဖြင့် နယ်ချဲ့တို့သည် ၎င်းတို့၏ ပက်စက်သောအကြံအစည်ကို စွန့်လွှတ်ခဲ့ကြရလေသည်။
တစ်ဆက်တစ်စပ်တည်း စည်းလုံးပေးနိုင်
ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးအတွက် အာမခံချက်ပေးသော အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အက်တလီတို့က လက်မှတ် ရေးထိုးခဲ့ကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းနှင့် ပြည်မအကြား ရေကိုသားလျှင် အကြားမထင်သကဲ့သို့ တစ်ဆက်တစ်စပ်တည်း စည်းလုံးပေးနိုင်ခဲ့လေသည်။
၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့လေး၌ ပင်လုံညီလာခံကြီးကျင်းပခဲ့ရာ တိုင်းရင်းသားခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကချင်၊ ချင်း၊ ရှမ်းအမျိုးသား ကိုယ်စားလှယ်ကြီး ၂၃ ဦးသည် သာတူညီမျှ တလုံးတစည်းတည်း နေထိုင်ကြမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြလေသည်။
ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပြည်ထောင်စုနေ့သည် ပြည်ထောင်စုသားအားလုံးနှင့် သက်ဆိုင်သည့် နေ့ထူးနေ့မြတ်ကြီးဖြစ်ပြီး ပြည်ထောင်စုစိတ်ဓာတ် ထားရှိပုံကို မီးမောင်းထိုးပြခဲ့သောသမိုင်းဝင်နေ့ တစ်နေ့လည်းဖြစ်ပါသည်။
အတူတကွ မျှဝေခံစားကြရမည်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံမြို့၌ ပြုလုပ်သည့် စော်ဘွားများ ထမင်းစားပွဲတွင် “တစ်တိုင်းပြည်လုံး ကြီးပွားတိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနှင့် ပူးပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ကချင်၊ချင်းတို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြရင်အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်” ဟု တိုက်တွန်းပြောကြားခဲ့လေသည်။ ပြည်ထောင်စုကြီး တိုးတက်ဖို့ဆိုလျှင် တိုင်းရင်းသားများအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစားကြရန်လိုအပ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည့် အသီးအပွင့်များကိုလည်း အားလုံးအတူတကွ မျှဝေ ခံစားကြရမည် ဖြစ်ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားညီအစ်ကိုများအကြား အပြန်အလှန် နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကိုအခြေခံလျက် စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားကြရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ်ဟူသည် ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်ထောင်တည်းဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသော သဘောထားခံယူချက်ပင် ဖြစ်ပါသည်။
ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင်မဆို နေထိုင်သည်ဖြစ်စေ၊ စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးလေသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်ကြရမည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်ပါသည်။
“တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား တစ်စိတ်တည်းတစ်ဝမ်းတည်း မကွဲပြား၊ ပြည်ထောင်စု၏ နှလုံးသား” ဟူသည့်အတိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး သွေးစည်းညီညီ တွဲလက်ညီမှသာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲ နိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့ငယ်ငယ်က သင်ကြားခဲ့ရသော “အဘိုးအိုနှင့် သားသုံးယောက်” ဖတ်စာတွင်လည်း အဘိုးအိုက သားသုံးယောက်ကို ထင်းစည်းဥပမာပေး၍ စည်းစည်းလုံးလုံးနေကြရန် ဆုံးမသကဲ့သို့ မြန်မာပြည်သူပြည်သားအားလုံးကလည်း ထင်းစည်းကဲ့သို့ စည်းစည်းလုံးလုံးနေကြရန် အလွန်အရေးကြီးလေသည်။ နွားကွဲလျှင်ကျားဆွဲနိုင်သည်ကို သတိပြုသင့်ပြီး ထင်းတစ်ချောင်းတည်းနေပါက အလွယ်တကူ ချိုးယူနိုင်ကြောင်း သိရှိမှတ်သားရလေသည်။ ကြက်သွန်ဖြူကဲ့သို့ စုစည်းနေထိုင်ကြရန် လိုအပ်သည်။
ယနေ့ခေတ် အခါသမယတွင် အင်အားကြီးသော နိုင်ငံများသည် အင်အားနည်းသောနိုင်ငံများကို တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးလျက်ရှိသည်ကို ကျွန်ုပ်တို့အားလုံး သတိပြုသင့်ပေသည်။ နိုင်ငံငယ်များ၏ အရေးကိစ္စများတွင် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဝင်ရောက်စွက်ဖက်လျက်ရှိပြီး အချင်းချင်းစိတ်ဝမ်းကွဲအောင် သွေးထိုးမြှောက်ပင့်ပေးလျက်ရှိလေ သည်။ ယာလည်းညက်စေ၊ ကြက်လည်းပန်းစေဟူသော စကားပုံအရယာခင်းထဲတွင် ကြက်နှစ်ကောင် သတ်ပုတ်နေပြီး အချိန်ကြာလာလျှင် ယာခင်းလည်း ညက်ကာ ကြက်နှစ်ကောင်လုံးပန်းလာလျှင် အဆင်သင့် အလွယ်တကူ ဖမ်းယူချက်စားနိုင်သည့် ကြောက်မက်ဖွယ်လုပ်ရပ်မျိုး ဖြစ်ပါသည်။
ရှေးယခင်ကကဲ့သို့ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်း မဟုတ်ဘဲ မိမိအလိုရှိသည့် နယ်ပယ်ဒေသတစ်ခု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အနုပညာယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများ နယ်ပယ်ကို ၎င်းတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖြင့် လွှမ်းမိုးသိမ်းပိုက် လာခြင်းဖြစ်လေသည်။ မြန်မာ့ယဉ်ကျေးမှုကို မြန်မာတို့ကသာ ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပြီး မြန်မာ့ယဉ်ကျေးမှုနယ်ပယ်အတွင်းသို့ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်မလာရောက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံသား ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများ အားလုံးတို့သည် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ မိမိတို့လူမျိုးများ မှီတင်းနေထိုင်ကြသော နိုင်ငံကိုကာကွယ် စောင့်ရှောက်လိုသော၊ နိုင်ငံကောင်းကျိုးကို သယ်ပိုးရွက်ဆောင်လိုသော၊ မွန်မြတ်သည့် စိတ်ရင်းစေတနာ မှန်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြတ်နိုးလေးစားသော မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ပေါ်တွင် အခြေခံကာစည်းလုံးညီညွတ်စွာ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းသားအားလုံးက စုပေါင်းကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
သွေးစည်းညီညွတ်ရေးကို တည်ဆောက်
ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ကာ ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ပြည်ထောင်စုအားမာန်ဖြင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ပါသည်။ တိုင်းရင်းသား အားလုံး၏သွေးစည်းညီညွတ်ရေးကို တည်ဆောက်ခြင်းသည် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် အရေးအကြီးဆုံးပင် ဖြစ်လေသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံးက မခိုမကပ်ဘဲ ကြိုးစားရုန်းကန်တည်ဆောက်ကြရပေမည်ဖြစ်ပါသည်။ ပြည်နယ်ပြည်မ တွဲလက်ကူ၊ တာဝန်ဟူသမျှခွဲယူကြဆိုသည့်အတိုင်း စုပေါင်းညီညာကြိုးပမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံသူနိုင်ငံသားအားလုံး၏ အခက်အခဲများသည်လည်း လျော့ပါးသက်သာလာမည် ဖြစ်ပါသည်။
တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကိုဖော်ပြသော ပြယုဂ်တစ်ခုမှာ ပင်လုံစာချုပ်ဖြစ်ပြီး ပင်လုံစာချုပ်သည် လွတ်လပ်ရေး၏ အခြေခံရေသောက်မြစ် ဖြစ်လေသည်။ ပင်လုံစာချုပ်၊ လွတ်လပ်ရေးကျောက်တိုင်ဟုဆိုလျှင်လည်း ပြည်ထောင်စုသားအားလုံး၏ အောင်မြင်မှုမှတ်တိုင်ပင် ဖြစ်လေသည်။
“နှင်းရင်နုမှ၊ သဇင်လှကို
မြင်ရကြုံရ၊ ဆောင်းအမြမှာ
မဟာအောင်ခြင်း၊ စည်းလုံးခြင်းဖြင့်
သွေးချင်းကိုယ်သား၊ တို့ပိုင်ထားသည်
တရားမျှတလွတ်လပ်ခြင်း” ဟူသည့် ကဗျာ ဆရာကြီးနောင်၏ “နှင်းကို မြင်ခိုက်” ကဗျာတွင် စည်းလုံးခြင်းနှင့် လွတ်လပ်ခြင်းတို့အတူ ရယူပိုင်ဆိုင်ခဲ့ပုံကို ကြည်နူးပီတိဖြစ်စွာ တွေ့မြင်ရသည်။
ကျေးဇူးတရားကို စောင့်သိရိုသေကြရမည်
နောင်လာနောက်သားများအနေဖြင့် စည်းလုံးမှု၏တန်ဖိုးကို သိနားလည်၍ နောင်ခေတ်အဆက်ဆက်တွင်လည်း ပြည်ထောင်စုကြီးမပြိုကွဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရပေမည်။ ပြည်ထောင်စုတိုင်းရင်းသားအပေါင်းတို့သည် စည်းလုံးခြင်းလောက် ကြီးမားခိုင်ခံ့သော အင်အားသည်မရှိဟုယူဆကာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အမိနိုင်ငံတော်၏ ကျေးဇူးတရားကို စောင့်သိရိုသေကြရမည်ဖြစ်ပါသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော “စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းရင်း ဖြစ်သည်” ဟူသည့်အတိုင်း စည်းလုံးညီညွတ်မှု၊ နားလည်ခွင့်လွှတ်တတ်မှုတို့ဖြင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ပြည်သူအားလုံး ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလျက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုအပ်ပါသည်။ ။