ဘက်စုံသာစွ ပြာသိုလ
စိန်ဌေးလှိုင်(ဟိုပုံးမြေ)
နေမင်းသည် အရုဏ်တက်အချိန်တွင် တောင်ယဉ်စွန်းတန်း၌ ကျရောက်ထွန်းလင်းနေသည်။ နှင်းတို့မှာစိုရွှဲစွာကျနေပြီး ခွာညိုပန်းတို့ ဖူးပွင့်နေသည်မှာ သင်းပျံ့မွှေးကြိုင်နေသည်။ တစ်ပြည်လုံးတွင် မြင်းခင်းသဘင်ပွဲတော်ကို ဆင်နွှဲကြသည်။ ဖုသျှနက္ခတ်သည် လမင်းနှင့်စန်းယှဉ်နေသည်။ ပုစွန်တာရာသည် ကောင်းကင်ထက်တွင် လင်းနေသော်လည်း နှင်းမြူများကပိတ်ဖုံးနေသည်။ “အာဒိစ္စရယ်တဲ့ဖန်သူရိန်၊ ပြင်လမ်းသူခွာလို့၊ ဒက္ခိဏယဉ်အစွန်းမှာ၊ ထွန်းတဲ့ခါချိန်၊ ပြာသိုမှာဖြာစို နှင်းရယ်နဲ့၊ ခါအလိုခွာညိုသင်းပါဘိ၊ မြင်းခင်းမြတ်တော်သဘင်မှာ၊ ပျော်ရွှင်ကြပြည်လုံး၊ ပုဏ္ဏမာဖုသျှငယ်ယုန်စန္ဒာနဲ့၊ မှုန်ပြာပြာဝဠာတွင်းမှာလ၊ ငွေပုစွန်တာရာလင်းတယ် နှင်းမြူပိတ်ဖုံး”ဟုဆိုကာ မဟာဂီတဦးပြုံးချိုက ပြာသိုလအကြောင်းကို လေးဆစ်သဖြန်ဖြင့်ရေးဖွဲ့ခဲ့သည်။
ပြာသိုလသည် မြန်မာပြက္ခဒိန်၏ ဒသမမြောက်လဖြစ်ပြီး ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလ အတွင်းကျရောက်တတ်သည်။ ရှေးကျောက်စာများ တွင်“ပ္လသိုဝ်”ဟုရေးထိုးခဲ့သည်။ ပ္လဆိုသောစကားလုံးမှာ“ပျ”ဟုရေးသားခြင်းဖြစ်ရာ“ပျားဖယောင်း”ဟူ၍ အနက်အဓိပ္ပာယ်ရသည်။
ကာလကြာလာသည့် အခါ“ပြာ”အဖြစ်သို့ပြောင်းလဲသွား၏။ “သိုဝ်” ဆိုသည်မှာ “စုဆောင်းသိုလှောင်ခြင်း”ကို ခေါ်ဆိုသည်။ ထို့ကြောင့် ပြာသိုလကို “ပျားဖယောင်း စုဆောင်းသည့်လ”ဟုမှတ်ယူကြသည်။ ရက်စုံလဖြစ်ပြီး ဆောင်းရာသီ၏အလယ်ဗဟိုကာလဖြစ်သည်။ နေ့တာတို၍ ညတာရှည်ကာဗေဒင်အလို အားဖြင့် မကရရာသီဟု ခေါ်ဆိုသည်။
“လမြတ်ပြာသို ပန်းခွာညို”ဆိုသည့်စကားအတိုင်း ခွာညိုပန်းသည် ပြာသိုလ၏ ရာသီပန်းဖြစ်သည်။ နှင်းရည်သောက်ကာ စိမ်းလန်းနေသည့် ခွာညိုနွယ်များထက်တွင် အပွင့်များမှာ ဖွေးဖွေးလှုပ်အောင်ပွင့်နေကြသည်။ နှင်းစက်နှင့်အပြိုင် ဖွေးဖွေးလှုပ်နေသည့် ခွာညိုပန်းရနံ့သင်းသင်းကလည်း ဆောင်းရာသီကို အသက်ဝင်စေသည်။ ထို့ကြောင့် စာဆိုရှင်ဖိုးသူတော်ဦးမင်းက ပြာသိုလဘွဲ့တွင် “ငွေသော်တာစန္ဒနှင့် ဖုသျှတဲ့လမ်းဆုံ၊ တိမ်လွှာမှာ ရောင်ဝါကျင်းလို့ နှစ်မင်းတူပြိုင်ပ၊ မြန်းကြွခိုက်ကြုံ၊ တသိန်ဂုဏ်၊ မြိုင်စုံမြနန်း၊ နုစိမ်းစိုစိုနှင့် ပန်းခွာညို ငုံတံထူးတယ်၊ ဖူးပွင့်ချက်ဆန်း”ဟု ရေးစပ်သီကုံးခဲ့သည်။
ပြာသိုလ၏ရာသီဥတုမှာ ပွင့်လင်းသာယာလျက်ရှိသည်။ ထို့ကြောင့် ရှေးပဒေသရာဇ်ခေတ်တွင် မြင်းခင်းသဘင်ဟုခေါ်ဆိုသော သူရဲကောင်းရွေးချယ်ပွဲကို ကျင်းပခဲ့သည်။ ပြာသိုလဆန်းတစ်ရက်နေ့မှ သုံးရက်နေ့အထိ ကျင်းပကြသည်။ မြင်းခင်းသဘင်ပွဲကျင်းပပုံမှာ မင်းညီမင်းသားတို့သည် မိမိတို့ရရှိထားသော အဆောင်အယောင်အဆင်တန်ဆာများဝတ်ဆင်ကာ ဆင်ရေး၊ မြင်းရေး၊ လှံရေး၊ ဓားရေး၊ အခုန်အပြေးစသည့် အတတ်မျိုးစုံဖြင့် ယှဉ်ပြိုင်ကြသည်။ ထို့ကြောင့် “ဆင်ပေါက်ဦးစီး၊ မှူးကြီးမတ်များ၊ ရွှေသားစိုစို၊ မောက်တိုမောက်လူ၊ လှံဓားဆွဲ၊ လက်ဝဲလက်ယာ၊ တီးပါအတည်၊ မြင်းရှည်မြင်းတို၊ ကိုယ်ကိုဝတ်ဆင်၊ ရွှေဖျင်အင်္ကျီ၊ ပုစွန်ဆီနှင့်၊ နီလာမြသွေး၊ စိုင်းနှင်ပြေး၍၊ မြင်းရေးယှဉ်ပြိုင်၊ စက်တိုင်စက်ကွင်း၊ စီးနင်းထိုးဖောက်၊ ရှေ့နောက်ဆုတ်ငင်၊ ဆင်လည်းမုန်ပြင်း၊ မြင်းခင်းပွဲတော်”ဟူ၍ စာဆိုဦးယာကမြင်းခင်းသဘင်မှ သူရဲကောင်းများ၏ ဝတ်စားဆင်ယင်ပုံနှင့် ယှဉ်ပြိုင်ပုံတို့ကို ရေးသားခဲ့သည်။ မြင်းစီးသူရဲကောင်းတို့က မြင်းကိုစီးလျက်၊ ရပ်လျက်၊ အိပ်လျက်၊ ရှေ့ပြန်နောက်ပြန်ပြုလျက်စီးပြကြ၏။ မြင်းစီးနေစဉ်မှာပင် အဲမောင်းအားလှံဖြင့်ပစ်ကာ ဓားရေးပြကြသည်။ အဲမောင်းဆိုသည်မှာ တိုင်ထိပ်တွင် အလံလွှင့်ထားသည့်စက်ဝန်းကို ခေါ်ဆိုသည်။ မြင်းခင်းသဘင်ပွဲတွင် မြင်းရေးတစ်ခုတည်းသာမက စက်ကွင်းလှံထိုးပွဲ၊ အဲမောင်း ၃၇ မျိုး ပြပွဲ၊ လှံထိုးဓားခုတ်ပြိုင်ပွဲ၊ လေးအစွမ်းပြိုင်ပွဲ၊ တုတ်သိုင်းပြိုင်ပွဲ၊ ဓားပြိုင်ပွဲ၊ ကူလီရိုင်ပြိုင်ပွဲနှင့် ဆင်ခင်းပွဲစသည်တို့ ပူးတွဲကျင်းပကြသည်။ မြင်းခင်းသဘင်သည် စစ်သွေးစစ်မာန်တက်ကြွစေပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အထောက်အကူပြုသည်။ မြင်းခင်းသဘင်ကို သက္ကရာဇ် ၆၇၄ ခုနှစ်ခန့်က ပင်းယတစ်စီးရှင်သီဟသူလက်ထက်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ခန့်မှန်းကြသည်။ မင်းတုန်းမင်းတရားကြီးလက်ထက်တိုင်ကျင်းပခဲ့ရာ ကိုလိုနီခေတ်ဦးတွင် ကွယ်ပျောက်ခဲ့ကြောင်း သိရှိရသည်။
ရှင်တစ်ထောင်အခါတော်နေ့
ပြာသိုလတွင် ဗုဒ္ဓဘာသာတို့အနေဖြင့် ရှင်တစ်ထောင်အခါတော်နေ့ကို ကျင်းပကြသည်။ ထိုနေ့ပေါ်ပေါက်လာပုံမှာ ဂေါတမဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်အခါက ရသေ့အပါး ၁၀၀၀ တို့သည် ဗုဒ္ဓဘာသာဝင်မဟုတ်ကြဘဲ မီးလှုံရေငုပ်ခြင်းအကျင့်ကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ကြံပါက ကိလေသာခေါင်းပါးလိမ့်မည်ဟု ယုံကြည်လက်ခံထားကြသည်။ ဘုရားရှင်သည် ရသေ့များနှင့်တွေ့ဆုံရန် ဥရုဝေလတောသို့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကြွချီခဲ့သည်။ ထိုအချိန်တွင် ဥရုဝေလတော၌ အစ်ကိုကြီး ဝေလကဿပခေါင်းဆောင်သော ရသေ့ ၅၀၀၊ အစ်ကိုလတ် နဒီကဿပခေါင်းဆောင်သည့် ရသေ့ ၃၀၀ နှင့် ညီငယ်ဂယာကဿပခေါင်းဆောင်သော ရသေ့ ၂၀၀ စုစုပေါင်းရသေ့အပါး ၁၀၀၀ တို့သည် သုံးနေရာခွဲကာနေထိုင်ကြ၏။ ဘုရားရှင်က ဝေလကဿပရသေ့ကြီးထံ သီတင်းသုံးခွင့်နေရာတောင်းသောအခါ နဂါးကြီးရှိသည့်နေရာကို ပေးလိုက်သည်။ ဘုရားရှင်သည် နဂါးကြီးလက်ချက်ဖြင့် အသက်ဆုံးလိမ့်မည်ဟု ရသေ့တို့ကထင်မှတ်ထားကြ၏။ သို့သော် ဘုရားရှင်က နဂါးကြီးအား တန်ခိုးပြသနေသည်ကို မြင်တွေ့သောအခါ ရသေ့တို့သည် ဘုရားရှင်ကို အထင်ကြီးလေးစားကြသည်။ ရသေ့တို့သည် ပြာသိုလတွင် နေရဉ္စရာမြစ်အတွင်းသို့ သက်ဆင်းရေငုပ်ကြရာ ချမ်းအေးမှုကိုခံစားကြရသည်။ ထိုအခါ ဘုရားရှင်က ရသေ့များအတွက် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့်ဖန်ဆင်းကာ မီးလှုံစေ၏။ ထို့ပြင် ရသေ့များမခွဲနိုင်သော ထင်းအတုံး ၅၀၀ ကို တစ်ပြိုင်နက်တည်းကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောထင်းမီးကို တစ်ပြိုင်နက်တည်း တောက်လောင်စေခြင်း၊ ငြှိမ်း၍မရသော မီးဖို ၅၀၀ ကို တစ်ပြိုင်နက်တည်း ငြှိမ်းပြခြင်းစသည့် တန်ခိုးတော်များ ပြသတော်မူသည်။ ရသေ့များသည် တရားအမြင်မှန်ရရှိသွားကာ ရဟန်းဝတ်ခွင့်တောင်းခံကြ၏။ ဘုရားရှင်က သုံးဖွဲ့ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်စေရာရသေ့အားလုံးမှာ ဧဟိဘိက္ခုရဟန်းအဖြစ်သို့ ရောက်ရှိကြကုန်သည်။ ဘုရားရှင်က ဂယာသီကျောက်ဖြာထက်တွင် အာဒိတ္တပရိယာယသုတ္တန်ကို ဟောကြားတော်မူရာ ရဟန်းအားလုံးမှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက် ကြ၏။ “ရသေ့ညီနောင် ရှင်တစ်ထောင်”ဟုခေါ်ဆို ကြသည်။ ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ဖြစ်သည်။ ရသေ့အပါး ၁၀၀၀ သည် ဗုဒ္ဓဘာသာဝင်များဖြစ်သွားသည်ကို အကြောင်းပြုကာ ပြာသိုလပြည့်နေ့ကို “ရှင်တစ်ထောင်အခါတော်နေ့”ဟု သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်များသည် ရှင်တစ်ထောင်အခါတော်နေ့တွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ရေတော်တစ်ထောင်၊ ဆွမ်းတစ်ထောင်၊ သစ်သီးတစ်ထောင် စသည်ဖြင့် ကပ်လှူကြသည်။
ကထာစဉ်ခုနစ်ပါးတရားဟောကြား
ပြာသိုလတွင် မြတ်စွာဘုရားရှင်သည် ကထာစဉ်ခုနစ်ပါးတရား ဟောကြားတော်မူခဲ့သည်။ ဟောကြားရခြင်းအကြောင်းမှာ ဘုရားဖြစ်လျှင် ပထမဦးဆုံးကြွပါမည်ဟု ဗိမ္ဗိသာရမင်းကြီးအပေါ် ကတိစကားရှိခဲ့၏။ ထို့ကြောင့် ပြာသိုလတွင် ရဟန္တာအပါး တစ်ထောင်နှင့်အတူ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူကာ ကထာစဉ်ခုနစ်ပါးတရား ဟောတော်မူခဲ့သည်။ ၎င်းတရားခုနစ်ပါးမှာ ဒါနကထာ (ဒါနနှင့် စပ်သောစကား)၊ သီလကထာ (သီလနှင့်စပ်သောစကား)၊ သဂ္ဂကထာ (နတ်ပြည်ရောက်ကြောင်းနှင့် စပ်သောစကား)၊ ကာမာနံအာဒီနဝံ(ကာမဂုဏ်အပြစ်နှင့် စပ်သောစကား)၊ ကာမာနံကာရံ(ကာမဂုဏ်၏ ယုတ်ညံ့ပုံနှင့်စပ်သောစကား)၊ ကာမာနံသံကိလေသံ (ကာမဂုဏ်၏ ညစ်ညမ်းပုံနှင့်စပ်သောစကား)နှင့် နေက္ခမ္မေအာနိသံသံ (ကာမမှထွက်မြောက်၍ အကျိုးအာနိသင်နှင့်စပ်သောစကား)တို့ ဖြစ်ကြသည်။ ဒေသနာတော်အဆုံးတွင် တစ်သောင်းသောပရိသတ်သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကြပြီး တစ်သိန်းနှစ်သောင်းမှာ သောတာပန်အရိယာများဖြစ်ကြကုန်သည်။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအား ဝေဠုဝန်ဥယျာဉ်ကို ကျောင်းတော်အဖြစ် လှူဒါန်းလိုက်သည်။ “ကျောင်းတော်အစ ဝေဠုဝန်က”ဟူ၍ သာသနာ့သမိုင်းဝင်ဖြစ်ခဲ့ပေသည်။
အမေများနေ့
ပြာသိုလတွင် ရှေးအစဉ်အလာမဟုတ်ဘဲ ခေတ်သစ်ကာလတွင် သတ်မှတ်ထားသော လူမှုရေးရက်မြတ်တစ်ရက်မှာ “အမေများနေ့”ဖြစ်သည်။ မြန်မာစာပေနှင့် ရုပ်ရှင်ပညာရှင်ကြီး ဆရာကြီး အလင်္ကာကျော်စွာဦးသုခ၏ လမ်းညွှန်ဦးဆောင်မှုဖြင့် ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်ကြသည်။ စာပေဟောပြောပွဲများ ကျင်းပကာ ကဗျာရွတ်ဆိုခြင်းနှင့် မိခင်တို့ကို ရှိခိုးကန်တော့ခြင်းများ ပြုလုပ်ကြသည်။ ဆရာကြီးဦးသုခက မိခင်၏ ကျေးဇူးကြီးမားပုံကို “ထိုတစ်နေ့” အမည်ရ ဆောင်းပါးတစ်ပုဒ်ဖြင့် ရေးသာနှိုးဆော်ခဲ့သည်။ ၁၃၅၈ ခုနှစ် ပြာသိုလပြည့်နေ့တွင် မန္တလေးမြို့၌ ပထမဦးဆုံးကျင်းပခဲ့ရာ တစ်စတစ်စလူသိများလာကြကာ မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပလာကြသည်။ ပြာသိုလ၏ ထူးခြားမွန်မြတ်မှုတစ်ခုဖြစ်သည်။ ပြာသိုလပြည့်နေ့ရောက်တိုင်း မိခင်များ၏ နွေးထွေးသော မေတ္တာဓာတ်နှင့် ကြင်နာမှုတို့ကို အောက်မေ့တမ်းတကြသည်။
ပြာသိုလ၏ရာသီဥတုအခြေအနေမှာ အေးမြကာ ဆီးနှင်းများ တဖြောက်ဖြောက်ကျနေသည်။ ထို့ကြောင့် “ပြာသိုအတွင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ပျက်”ဟူ၍ မုံရွေးဆရာတော်ကြီးက တစ်ဆယ့်နှစ်လမိုးဘွဲ့တွင် စပ်ဆိုခဲ့သည်။ တောင်သူဦးကြီးတို့စုပုံထားသောနှမ်းပုံများမှာ အအေးဓာတ်လွန်ကဲခြင်းကြောင့် အငွေ့တထောင်းထောင်းထကာ အောက်သိုးပျက်စီးတတ်သည်။ ပြာသိုလတွင် အာကာပြင်တစ်ခုလုံး နှင်းမှုန်နှင်းဆိုင်များရောယှက်ကာ ဆောင်းဥတု၏အနှစ်သာရကို အပြည့်အဝခံစားရသည်။ “ပြာသိုလမိုက်၊ ကဏန်းတိုက်”ဟု အဆိုရှိခဲ့ရာ လဆုတ်လကွယ်ရက်များတွင် ကဏန်းအထွက်များသဖြင့် ကဏန်းရှာသူတို့မှာအရများကြသည်။
အချုပ်အားဖြင့်ဆိုရလျှင် ပြာသိုလတွင် တိုင်းပြည်ကာကွယ်ရေး၌ အထောက်အကူပြုသော မြင်းခင်းသဘင်ကိုကျင်းပကြသည်။ ဗုဒ္ဓဘာသာဝင်များအတွက် ရှင်တစ်ထောင်အခါတော်နေ့ကျရောက်ကာ ပထမဦးဆုံးဖြစ်သော ဝေဠုဝန်ကျောင်းတော်ပေါ်ပေါက်ခဲ့ သည်။ မိခင်၏မေတ္တာဓာတ်ကိုဖော်ကျူးသည့် အမေများနေ့ကိုလည်း သတ်မှတ်ထားသည်။ ရာသီဥတုမှာလည်း သာယာအေးမြလျက်ရှိသည်။ ထို့ကြောင့် “ဘက်စုံသာစွပြာသိုလ” ဟု တင်စားလိုက်ရပါသည်။
ကျမ်းကိုး။ ။ တိပိဋကဓရဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ဦးစီးရေးသားသည့် နိုင်ငံတော်ဗုဒ္ဓသာသန၊ မဟာဗုဒ္ဓဝင် စတုတ္ထတွဲ။