Skip to main content

တရားမဝင်ကုန်သွယ်မှုမှ တရားဝင်ကုန်သွယ်မှုဆီသို့

အလင်းရောင်(ဘသန်း)

ပိတ်ပင်တားမြစ်ကုန်ပစ္စည်း၊ ကန့်သတ်ကုန်ပစ္စည်းနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်နှင့်တိရစ္ဆာန်များအား အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၆၄/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ တွင်ပါရှိသည့်အတိုင်း တင်သွင်းခြင်းအနေဖြင့် ကုန်ပစ္စည်းတစ်မျိုးမျိုးကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် အခြားနိုင်ငံတစ်ခုခုမှ နိုင်ငံတော်အတွင်းသို့ သယ်ဆောင်လာခြင်း၊ တင်ပို့ခြင်းအနေဖြင့် ကုန်ပစ္စည်းတစ်မျိုးမျိုးကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် အခြားနိုင်ငံတစ်ခုခုသို့ သယ်ဆောင်သွားခြင်း၊ ပိတ်ပင်တားမြစ်ကုန်ပစ္စည်းအနေဖြင့် တင်သွင်းခြင်းသို့မဟုတ်တင်ပို့ခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်းသို့မဟုတ် တစ်ဆင့်ဖြတ်သန်းကုန်သွယ်ခြင်းမပြုရန် တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားသော သို့မဟုတ် သက်ဆိုင်ရာဝန်ကြီး ဌာနများက အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ထားသော ပိတ်ပင်တားမြစ်သည့်ကုန် ပစ္စည်း ဖြစ်သည်။         

ကန့်သတ်ကုန်ပစ္စည်းအနေဖြင့် တင်သွင်းခြင်း သို့မဟုတ် တင်ပို့ခြင်းမပြုရန် တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားသော သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ထားသော ကန့်သတ်ထားသည့် ကုန်ပစ္စည်း၊ အကောက်ခွန်မဲ့ကုန်ပစ္စည်းအနေဖြင့် ပိတ်ပင်တားမြစ်ကုန်ပစ္စည်းနှင့် ကန့်သတ်ကုန် ပစ္စည်းများမှအပ ကုန်ပစ္စည်းများသယ်ဆောင်လာသည့်အချိန်တွင် အကောက်ခွန်ဦးစီးဌာနမှသတ်မှတ် ထားသည့် တရားဝင်ခွင့်ပြုချက် အထောက်အထား များကို တစ်ပါတည်းတင်ပြနိုင်ခြင်းမရှိသော တင်ပို့သို့မဟုတ် တင်သွင်းလာသည့်ကုန်ပစ္စည်း၊ ယာဉ်အနေဖြင့် ပိတ်ပင်တားမြစ်ကုန်ပစ္စည်း၊ ကန့်သတ်ကုန်ပစ္စည်းနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများကို သယ်ဆောင်သော မည်သည့်ယာဉ်ကိုမဆို ဆိုလိုခြင်းနှင့် တိရစ္ဆာန်အနေဖြင့် ပိတ်ပင်တားမြစ်ကုန်ပစ္စည်း၊ ကန့်သတ်ကုန်ပစ္စည်းနှင့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို သယ်ဆောင်ရာတွင် အသုံးပြုသောတိရစ္ဆာန်များဖြစ်သည်။

ပိတ်ပင်တားမြစ်ကုန်ပစ္စည်း၊ ကန့်သတ်ကုန်ပစ္စည်းနှင့်အကောက်ခွန်မဲ့ကုန်ပစ္စည်းများကို တင်သွင်းခြင်း သို့မဟုတ် တင်ပို့ခြင်းပြုရာ၌ပင်လယ် ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ၁၆၇(၈) နှင့် ကုန်လမ်းအကောက်ခွန်ဥပဒေပုဒ်မ ၇(၁) တို့အရ အဆိုပါကုန်ပစ္စည်းများသည် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံထိုက်စေရမည့်အပြင် ယင်းကုန် ပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုသည့်ယာဉ်၊ တိရစ္ဆာန်များနှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်မှုအနေဖြင့် သိမ်းဆည်းရမိသော တရားမဝင်ကုန်ပစ္စည်းများသည် ပိတ်ပင်တားမြစ် ကုန်ပစ္စည်းဖြစ်လျှင် တန်ဖိုးမည်မျှပင်ရှိစေကာမူ အသုံးပြုသည့် ယာဉ် သို့မဟုတ် တိရစ္ဆာန်ကို ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၈ အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း မည်ဖြစ်ပါသည်။

သိမ်းဆည်းရမိသော တရားမဝင်ကုန်ပစ္စည်းများသည် ကန့်သတ်ကုန်ပစ္စည်းများနှင့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်ပြီး ယာဉ်ကိုအသုံးပြု၍သော်လည်းကောင်း၊ တိရစ္ဆာန်ကို အသုံးပြု၍သော်လည်းကောင်း တိရစ္ဆာန်၏ချပ်ဝတ်တန်ဆာအတွင်း သိုဝှက်၍သော်လည်းကောင်း သယ်ဆောင်လာခြင်းအား ပိုင်ရှင်ကသိရှိသည်ဖြစ်စေ၊ မသိရှိသည်ဖြစ်စေ ကုန်ပစ္စည်း၏တန်ဖိုး မည်မျှပင်ရှိစေကာမူအသုံးပြုသည့် ယာဉ်သို့မဟုတ်တိရစ္ဆာန်ကို ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၈ အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပါသည်။

သိမ်းဆည်းရမိသော တရားမဝင်ကုန်ပစ္စည်းများသည် ကန့်သတ်ကုန်ပစ္စည်းများနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်လျှင် တန်ဖိုးမည်မျှပင်ဖြစ်စေကာမူ အသုံးပြုသည့်ယာဉ်သို့မဟုတ် တိရစ္ဆာန်ကို ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေပုဒ်မ ၁၆၈ အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်သော်လည်း ပိုင်ရှင်ဖြစ်သူမှ ရွေးယူဒဏ်ငွေဖြင့် ရွေးယူလိုကြောင်း လျှောက်ထားလာပါက ရွေးယူဒဏ်ငွေသတ်မှတ်ရေးအတွက်ယာဉ် သို့မဟုတ် တိရစ္ဆာန်၏ တန်ဖိုးကိုသတ်မှတ်ရာတွင် သက်ဆိုင်ရာနယ်မြေရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်တစ်ဦးအပါအဝင် အနည်းဆုံးလေးဦးဖြင့် ဖွဲ့စည်းမှုအားသက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အကောက်ခွန်ဦးစီးဌာနမှူး သို့မဟုတ် တာဝန်ခံ ညွှန်ကြားရေးမှူးထံ အတည်ပြုချက်ရယူပြီး ဖွဲ့စည်းထားသော တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ ယာဉ်သို့မဟုတ် တိရစ္ဆာန်တန်ဖိုးကို စိစစ်သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်။

သိမ်းဆည်းရမိသည့် ကုန်ပစ္စည်း၏စည်းကြပ်တန်ဖိုးသည် တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ထားသော ယာဉ် သို့မဟုတ် တိရစ္ဆာန်၏ တန်ဖိုးအတိုင်း သို့မဟုတ် တန်ဖိုးထက် ကျော်လွန်ပါက ယာဉ် သို့မဟုတ် တိရစ္ဆာန်တန်ဖိုး၏ တစ်ဆ၊ သိမ်းဆည်းရမိသည့် ကုန်ပစ္စည်း၏ စည်းကြပ်တန်ဖိုး သည် တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ထားသော ယာဉ် သို့မဟုတ် တိရစ္ဆာန်၏ တန်ဖိုးထက်လျော့နည်းပါက သိမ်းဆည်းရမိသည့် ကုန်ပစ္စည်းစည်းကြပ်တန်ဖိုး၏ တစ်ဆရွေးယူဒဏ်ငွေ တပ်ရိုက်၍ ရွေးယူခွင့်ပြုမည်ဖြစ်ပါသည်။ ပိတ်ပင်တားမြစ်ကုန်ပစ္စည်း၊ ကန့်သတ်ကုန်ပစ္စည်းနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုသည့်ယာဉ်သည် တရားမဝင်တင်သွင်းထားသည့် ယာဉ်ဖြစ်ပါက ၎င်းယာဉ်အား ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေ ပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း မည်ဖြစ်ပေသည်။

ပိတ်ပင်တားမြစ်ကုန်ပစ္စည်း၊ ကန့်သတ်ကုန်ပစ္စည်းနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်နှင့်တိရစ္ဆာန်များအား အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြည်သူများကသိရှိခြင်းအားဖြင့် တရားမဝင်ကုန်သွယ်မှု ပြုလုပ်မည့်သူများ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိပါစေကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။