Skip to main content

ဉာဏဗလ ပြည့်စုံဖို့ စာဖတ်ကြပါစို့

ကိုယဉ်ချစ်(မန္တလေး)

မျက်မှောက်ကာလမှာ ကျောင်းစာကြည့်တိုက်တွေ ဖွံ့ဖြိုးရေးနဲ့စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွေကို နိုင်ငံအနှံ့အပြားမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ သာမန်လူတစ်ယောက်ဟာ ကျောင်းပညာတွေကို စပြီးသင်ယူတယ်။ ကျောင်းစာတွေ သင်ယူပြီးမြောက်သွားရင် အကြောင်းအမျိုးမျိုးကြောင့် စာပေဖတ်ရှုလေ့လာမှုတွေ နည်းပါးသွားပါတယ်။ စာဖတ်ခြင်းဟာ ဘဝရဲ့တိုးတက်အောင်မြင်မှု အခြေခံကောင်းတွေကို ပေးစွမ်းနိုင်တာကြောင့် စာဖတ်တဲ့အလေ့အထတွေကို ငယ်ရွယ်စဉ် ကျောင်းသားအရွယ်ကတည်းက ပြုစုပျိုးထောင်ပေးကြရပါမယ်။ ဒါကြောင့် အခြေခံကျတဲ့ကျောင်း စာကြည့်တိုက်တွေ ဖွံ့ဖြိုးရေးနဲ့စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဒီဆောင်ရွက်ချက်တွေဟာလူငယ်တွေ စာဖတ်တဲ့အလေ့အကျင့်တွေရရှိဖို့နဲ့ စာကြည့်တိုက်တွေကို အသုံးချတတ်စေဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်နေတဲ့ လူငယ်စကားဝိုင်း၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ စကားရည်လုပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲတွေကိုပါ ကျင်းပပေးပါတယ်။ ဒီပြိုင်ပွဲတွေကတစ်ဆင့် လူငယ်တွေဟာ စာကြည့်တိုက်တွေဆီကို ရောက်လာကြမယ်။ စာကြည့်တိုက်တွေကို ရောက်လာရင် သူတို့နဲ့လျော်ညီတဲ့ စာအုပ်တွေကို စပြီးဖတ်ကြမယ်။ အဲဒီကတစ်ဆင့် အခြားဗဟုသုတရမယ့် စာအုပ်စာစောင်တွေကိုဖတ်ကြရင်း စာဖတ်တဲ့အလေ့အကျင့်တွေ ရသွားပါမယ်။

စာဖတ်ရခြင်းဟာ မသိသေးတာကို သိလာအောင်၊ သိပြီးသားအသိတွေကို အမှန်အမှား ခွဲခြားသိလာအောင်၊ လိမ္မာယဉ်ကျေးတဲ့အသိဉာဏ်တွေ ရင့်သန်လာအောင် ဖတ်ရတာဖြစ်ပါတယ်။ လူတိုင်း က အကြောင်းအရာအားလုံးကို ကုန်စင်အောင် မသိနိုင်ပါ။ သိနိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ဖြတ်သန်းတွေ့ကြုံခဲ့တဲ့ စာပေပညာရှင်တွေ၊ စာရေးသူတွေရဲ့ အသိတွေ၊ အတွေ့အကြုံတွေကို စုစည်းထားတဲ့ စာအုပ်တွေကို ဖတ်ရှုမှသာ လုံလောက်တဲ့အသိတွေ ရရှိလာမှာဖြစ်ပါတယ်။ ဗဟုသုတ အလိမ္မာတွေဟာ မိမိသိထား၊ တတ်ထား သလောက်နဲ့မပြည့်စုံနိုင်ပါ။ အစဉ်အဆက်က အတွေ့အကြုံများတဲ့ စာပေပညာရှင်ကြီးတွေ ရေးသားခဲ့တဲ့စာတွေကို ဖတ်ရှုလေ့လာမှ အကျိုးရှိတဲ့ အသိတွေကိုရနိုင်ပါမယ်။ စာဖတ်သူဟာကြီးပွား တိုးတက်ရေးလမ်းမှာ ရပ်တန့်မနေဘဲစာတွေကို အမြဲမပြတ်ဖတ်နေကြပါတယ်။ စာမဖတ်သူတွေကတော့ လမ်းလျှောက်နေရင်း လမ်းပျောက်နေသလို ဖြစ်နေတတ်ပါတယ်။ ဆရာကြီးပီမိုးနင်းက စာသည်လူ၌ အစားထက်အရေးကြီးသည်။ ကိုယ်ခန္ဓာအတွက် စားသောအစာကို အစာဟုခေါ်၏။ စိတ်အတွက်လည်း အစာလိုလေရာ ထိုအစာကို “စာ” ဟူ၍ ခေါ်ရလေသည်လို့ မိန့်ဆိုခဲ့တာ မှတ်သားဖူးပါတယ်။ ဒါကြောင့် တိုးတက်ကြီးပွားလိုတဲ့သူ တွေအတွက် စာဖတ်ခြင်းဟာအကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

တချို့ကသင်ယူထားတဲ့ ပညာရပ်တွေကို တတ်မြောက်ထားပေမယ့် သိသင့်သိထိုက်တဲ့ အသိပညာတွေ နည်းပါးပြီးမလုပ်သင့်တဲ့၊ မှားယွင်းတဲ့အလုပ်တွေကို လုပ်တတ်ပါတယ်။ စာတတ်ပြီး အသိပညာတွေနဲ့ အမှားအမှန်ခွဲခြားလုပ်ကိုင်နိုင်ဖို့ စာတတ်သူတိုင်း စာဖတ်ကြဖို့လိုပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့တဲ့ သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲမှာ ကန်တော့ခံစာပေပညာရှင်ဆရာကြီး ဒေါက်တာခင်မောင်ညွန့်ကို မီဒီယာတစ်ခုက တွေ့ဆုံမေးမြန်းတဲ့အခါ စာမတတ်သူ ပပျောက်ရေးတွေ လုပ်နေတဲ့အပြင် စာမဖတ်သူ ပပျောက်ရေးကိုပါ လုပ်ကြရမယ်လို့ဆရာကြီးက ပြောကြားသွားတာ မှတ်သားဖူးပါတယ်။

စာဖတ်တဲ့အတွက် စာအုပ်စာပေတွေထဲက အသိပညာဗဟုသုတတွေ ရလာမယ်။ မှတ်ဉာဏ်တွေ တိုးတက်လာမယ်။ ရရှိလာတဲ့ အသိတွေကြောင့် အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေကို ဝေဖန်ပိုင်းခြားမှုနဲ့ ပိုင်းခြားစိတ်ဖြာနိုင်တဲ့စွမ်းရည်တွေ ကောင်းလာမယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက် အထောက်အကူရလာမယ်။ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေ လျှော့ချလာနိုင်မယ်။ အာရုံစူးစိုက်မှုအားကောင်းလာမယ်။ မွန်မြတ်ကောင်းမွန်တဲ့ စိတ်ကူးဉာဏ်တွေရလာမယ်။ ကိုယ်ချင်းစာနာစိတ်တွေ မွေးမြူနိုင်မယ်။ အကောင်းမြင်စိတ်တွေနဲ့ မှန်ကန်တဲ့ အလုပ်တွေကို ရွေးချယ်လုပ်ကိုင်လာ နိုင်ပါမယ်။

စာမဖတ်တဲ့သူတွေကတော့ အသိပညာ ဗဟုသုတနည်းမယ်။ ကိုယ်ပိုင်စဉ်းစားတွေးခေါ် ဆုံးဖြတ်တာထက် တခြားသူတွေရဲ့အတွေး၊ အပြော၊ အလုပ်တွေကို အလွယ်တကူ ယုံကြည်လက်ခံပြီး လိုက်လုပ်တယ်။ တွေးခေါ်စဉ်းစားမှု အားနည်းတာကြောင့် အမှန်၊ အမှားကို မခွဲခြားနိုင်ဘဲ လုပ်သင့်တာကို မလုပ်၊ မလုပ်သင့်တာတွေကိုလုပ်တယ်။ အသက်မွေးဝမ်းကျောင်း အလုပ်တွေမှာ လွန်ကဲတဲ့အတ္တတွေကို အသုံးချကြတယ်။ လုပ်ထားတဲ့အလုပ်တွေက မှားနေတာသိတော့ စိုးရိမ်ပူပန်မှုတွေ၊ သောကတွေ ခံစားနေတတ်တယ်။ မမှန်ကန်တဲ့ အသိတွေကြောင့် တခြားသူတွေ လုပ်သမျှအလုပ်တွေကို အဆိုးမြင်စိတ်နဲ့ မြင်နေတတ်တယ်။ အဲဒီဆိုးကျိုးတွေရဲ့ စေတနာက ကိုယ်တိုင်ပြန်ခံစားရသလို ပတ်ဝန်းကျင်အများအပေါ်မှာ ဆိုးကျိုးတွေကို သက်ရောက်စေပါတယ်။

လူတွေမှာ ပညာမတတ်လို့ အသိပညာမဲ့တာရှိတယ်။ ပညာမပြည့်စုံလို့ မှားတာရှိတယ်။ တချို့က အတတ်ပညာတွေ တတ်မြောက်ကြပေမယ့် အသိပညာနည်းပါးလို့ တစ်ဖက်စွန်းကိုရောက်သွားပြီး မလုပ်သင့်တာတွေလုပ်ကြတယ်။ ကိုယ့်လုပ်ရပ်ကြောင့် အများသူငါတွေရဲ့ အကျိုးစီးပွားတွေ ပျက်စီးကုန်တယ်။ ဒါဟာ အတတ်ပညာကိုလည်း တတ်အောင်သင်၊ အသိပညာရဖို့ စာလည်းဖတ်ဖို့လို နေပြီဆိုတာ ပြသနေပါတယ်။ ဒါဆိုရင် စာတွေအားလုံးကို ဖတ်ရမှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ စာပေတွေထဲမှာ အကျိုးပြုစာပေ တွေရှိသလို အကျိုးမဲ့တဲ့ စာပေတွေ၊ အညှီအဟောက် စာပေတွေလည်း ရှိနေပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ အတွေး အခေါ်၊ ဟာသ၊ ဘာသာရပ်ဆိုင်ရာ တက်ကျမ်း၊ ပညာရှင်တွေရဲ့ အဆိုအမိန့်တွေနဲ့ စိတ်ခွန်အားဖြစ် စေမယ့်စာပေဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဲဒါ တွေထဲက မိမိနဲ့ အများအကျိုးကို ဖြစ်ထွန်းစေနိုင်တဲ့ အကျိုးပြုစာပေတွေကို ရွေးချယ်ဖတ်ရှုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုကို သာ အကျိုးပြုပြီးအများကို ဆိုးကျိုးဖြစ်စေမယ့်အစွန်းရောက် စာပေတွေကို ဖတ်မိခဲ့ရင်လည်း မယူသင့်တာတွေကို မယူမိဖို့လိုပါတယ်။ ရွေးချယ်ဖတ်ဖို့ ဆိုတာကလည်း စာတွေများများဖတ်ထားမှ အကောင်း၊ အဆိုးတွေကို ခွဲခြမ်းစိတ်ဖြာပြီး ပြန်လည်အသုံးချနိုင်မှာ ဖြစ်ပါတယ်။

လူငယ်တွေ ဉာဏဗလဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာဖတ်ကြဖို့လိုပါတယ်။ ဖတ်ချင်တဲ့စာအုပ်တွေကို ဝယ်ယူဖတ်ရှုဖို့ဆိုတာ အကန့်အသတ်ရှိတာကြောင့် ဖတ်လိုတဲ့စာအုပ်တွေရှိတဲ့ စာကြည့်တိုက်တွေကို အသုံးချတဲ့ အလေ့အကျင့်တွေရလာအောင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ တစ်ဖက်မှာလည်း စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နေပါတယ်။ စာကြည့်တိုက်တွေဟာ ပညာဖြန့်ဝေပေးတဲ့နေရာတွေ ဖြစ်ပါတယ်။ လူငယ်တွေ အပါအဝင် ပြည်သူတွေက စာကြည့်တိုက်တွေဆီကို သွားရောက်ပြီး အသိပညာဗဟုသုတတွေ ဆည်းပူးလေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားနေတဲ့ နိုင်ငံတွေဟာ ပညာတတ်တွေများပြားတဲ့အပြင် စာဖတ်သူတွေလည်း များပြားကြပါတယ်။ တိုးတက် နေတဲ့နိုင်ငံတွေကို အားကျတယ်ဆိုရင် သူတို့လို စာတွေများများဖတ်ပြီး အသိပညာဗဟုသုတတွေ တိုးတက်နေအောင် သင်ယူလေ့လာကြရပါမယ်။ တခြားနိုင်ငံတွေလို ဖွံ့ဖြိုးတိုးတက်စေချင်ရင် အရည် အချင်းရှိတဲ့ ပညာတတ်တွေ အများကြီးရှိဖို့ လိုပါတယ်။ ပညာတတ်တွေဖြစ်ဖို့ စာဖတ်ကြရပါမယ်။ စာဖတ်သူတွေ တိုးပွားလာအောင် ဆောင်ရွက်ကြရပါမယ်။ စာဖတ်တဲ့သူတွေများလာရင် မှန်ကန်တဲ့ အသိအမြင်တွေနဲ့ စည်းလုံးညီညွတ်စွာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ လူတိုင်း ကြီးပွားချမ်းသာဖို့ ကာယအားဆိုတဲ့ ကာယဗလ၊ ဉာဏအားဆိုတဲ့ ဉာဏဗလ၊ ပစ္စည်းအားဆိုတဲ့ ဘောဂဗလ၊ ကိုယ်ကျင့်အားဆိုတဲ့ စာရိတ္တဗလနဲ့ မိတ်ဆွေအားဆိုတဲ့ မိတ္တဗလတွေနဲ့ ပြည့်စုံ ဖို့လိုပါတယ်။ အဲဒီအားတွေထဲက ဉာဏဗလအားကောင်းရင် ကောင်းကျိုး တွေကို ဖန်တီးရယူနိုင်ပါတယ်။ ဉာဏဗလ ပြည့်စုံဖို့အဓိကကျတာကတော့ စာဖတ်ကြဖို့လိုပါတယ်။ ဒါကြောင့် ဉာဏဗလပြည့်စုံဖို့ စာဖတ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

          ကိုးကား

-         မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့ ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန

-         နေ့စဉ်ထုတ်သတင်းစာများ