Skip to main content

မှန်ကန်သည့် လူ့အခွင့်အရေးအခြေပြု ဆောင်ရွက်ချက်နည်းလမ်းများဖြင့် ငြိမ်းချမ်းသာယာသည့် အနာဂတ်ကို တည်ဆောက်နိုင်ကြပါစေ

ဒေါက်တာခိုင်ခိုင်ဝင်း

လူသားအားလုံးအတွက် အခြေခံလူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ ပါဝင်ထည့်သွင်းရေးဆွဲထားသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights-UDHR) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်မှုရလဒ်ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို အတည်ပြုခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ (International Human Rights Day) အဖြစ် သတ်မှတ်ခဲ့ကြပြီး ကမ္ဘာတစ်ဝန်းလုံးတွင် လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပလာခဲ့ကြသည်မှာ ယခု ၂၀၂၄ ခုနှစ်တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း

အပိုဒ်ပေါင်း ၃၀ ပါဝင်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းသည် ကြေညာစာတမ်းဖြစ်သည့်အတွက် ဥပ‌ဒေအရ စည်းနှောင်မှုမရှိသော်လည်း ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေများတွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးစံသတ်မှတ်ချက်များကို ကိုးကားရေးဆွဲလေ့ရှိကြသလို လူ့အခွင့်အရေးစာချုပ်စာတမ်းများ ၆၀ကျော်တွင်လည်း ကိုးကားထည့်သွင်းရေးဆွဲထားကြပြီး လူ့အခွင့်အရေးအတွက် လှုံ့ဆော်ပံ့ပိုးလျက်ရှိသည်လည်း ဖြစ်ပါသည်။

လူ့အခွင့်အရေးနှင့်စပ်လျဉ်းပြီး စံထားရသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းသည် ကမ္ဘာပေါ်တွင် ဘာသာပြန်ဆိုမှုအများဆုံးအဖြစ် စံချိန်တင်ထားသည့် ကြေညာစာတမ်းကြီးဖြစ်ပြီး ယနေ့အချိန်ထိ ဘာသာပြန်ဆိုမှုပေါင်း ၅၇၇ ဘာသာရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး, OHCHR website တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ၂၀၁၃ ခုနှစ်ကပင် ဘာသာပြန်ဆို၍ ယနေ့အချိန်အထိ တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်မှုစုစုပေါင်း ၃၀ ပြန်ဆိုခဲ့ပြီး သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများသို့ ဖြန့်ဝေပေးပို့ခဲ့ပြီးဖြစ်သည်ဟု သိရှိရပါသည်။ ယင်းအပြင် သတင်းအချက်အလက်နှင့် လူ့အခွင့်အရေးပညာပေးခြင်းများသည် မသန်စွမ်းသူများအတွက်လည်း အကျုံးဝင်သည်ဖြစ်ရာ အမြင်အာရုံချို့တဲ့သူများအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတို့ပူးပေါင်းမှုဖြင့် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းကို Braille format ဖြင့် ထုတ်ပြန်ဖြန့်ဝေပြီးဖြစ်ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ပေါ်ထွက်လာပြီး ၇၆ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် လူ့အခွင့်အရေးနှင့်စပ်လျဉ်းပြီး မှန်ကန်စွာ သိရှိနားလည်ကျင့်သုံးနိုင်ရေးအတွက် လူ့အခွင့်အရေးအသိပညာပေးခြင်းအစီအစဉ်များကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေကြရဆဲဖြစ်ပါသည်။ အသိပညာပေးခြင်းများတွင် ကျား၊ မ မရွေး၊ လူတန်းစားမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး၊ သန်စွမ်းခြင်း ရှိ မရှိ မရွေး၊ အသက်အရွယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး လူ့အခွင့်အရေးများ တန်းတူညီမျှခံစားရရှိ နိုင်ရေး၊ လူ့အခွင့်အရေးများ ချိုးဖောက်မခံရ‌ရေး၊ လူ့အခွင့်အရေးများကို လေးစားတန်ဖိုးထားတတ်စေခြင်း၊ လူ့အခွင့်အရေးနှင့် တာဝန်ဆက်စပ်နေမှုနှင့် တာဝန်ရှိမှုတို့ကို သိရှိနိုင်ရေးတို့အတွက် လူ့အခွင့်အရေးအသိပညာပေးဆောင်ရွက်ချက်များကို ကမ္ဘာ့နိုင်ငံများရှိ လူ့အခွင့်အရေးကော်မရှင်ကဲ့သို့သော အဖွဲ့အစည်းများအပါအဝင် အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်လှုပ်ရှားသူများမှ ပုံစံအမျိုးမျိုး ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြဆဲ ဖြစ်ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (၅၇/၁၀) ဖြင့် “World program for Human Rights Education, Fifth Phase (2025-2029)” ကို ချမှတ်ခဲ့ပြီး အဓိက နယ်ပယ်များအဖြစ် Digital technologies and human rights, gender equality, environment and climate change တို့ကို ရွေးချယ်ထားပါသည်။ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် အဆိုပါ “World program for Human Rights Education, Fifth Phase (2025-2029)”ကို မိတ်ဆက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန် ထားသည်ကို တွေ့ရှိရပါသည်။

ရည်ရွယ်ချက်အားဖြင့် လူသားအားလုံးအတွက် လူ့အခွင့်အရေးသည် အရေးကြီးသည့်နေရာတွင် တည်ရှိနေပြီး လူ့အခွင့်အ‌ရေးအသိပညာပေးခြင်းများကို ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း လူငယ်လူရွယ်များက ဦးဆောင်ကာ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုဆောင်ရွက်သွားကြရန် ဖြစ်ပါသည်။

တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်ခံနေရ

လူ့အခွင့်အရေးဆိုသည် လူသားအားလုံးအတွက် အရေးကြီးသည်၊ နိုင်ငံအားလုံးအတွက် လူ့အခွင့်အရေးကို လေးစားရန်၊ ကာကွယ်ပေးရန်၊ ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်ဟု (Respect၊ Protect ၊ Fulfill) ဆိုထားခဲ့ပြီး စံထားရန်နှင့် ရည်ညွှန်းကိုးကားနိုင်ရန် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ထုတ်ပြန်ပေးထားခြင်း၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးသဘောတူစာချုပ်ကြီးများ ပြဋ္ဌာန်းပေးထားခြင်း၊ နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) ကဲ့သို့သော လူ့အခွင့်အရေးယန္တရားများ တည်ထောင်ပေးထားခြင်းအစရှိသည့် ဆောင်ရွက်ချက်များဖြင့် ဆောင်ရွက်နေသည့်တိုင် ယနေ့ကမ္ဘာကြီး၏အခြေအနေကို ကြည့်မည်ဆိုပါက ရင်မောစရာအခြေအနေများဖြင့် လူသားများ၏ လူ့အခွင့်အရေးအခြေအနေများ ထိပါးချိုးဖောက်ခံရကာ ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်ခံနေရသည့် အခြေအနေဖြစ်သည်ကို တွေ့ရှိနေရပါသည်။

Global Peace Index 2024 အစီရင်ခံစာအရ ယနေ့အချိန်ကာလသည် ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်ပိုင်း ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်မှု အရှိဆုံးကာလဖြစ်သည် ဟုဆိုထားသလို ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် Global Financial Stability Report 2024, Global Risks Report 2024 များအရ ကမ္ဘာကြီးသည် အဘက်ဘက်တွင် ရင်‌လေးစရာအခြေအနေများနှင့် တည်ရှိနေပြီး ကမ္ဘာပေါ်ရှိ လူသားများ၏ မွေးရာပါ အခွင့်အရေးများကို ခြိမ်း‌ခြောက်နေသည်လည်း ဖြစ်ပါသည်။

တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပဋိပက္ခများ၊ စစ်မက်များ ဖြစ်ပွားနေခြင်းများသည် လူသားများ အေးချမ်းစွာ နေထိုင်ရှင်သန်ဖွံ့ဖြိုး‌ရေးတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှု၊ အတားအဆီးနှင့် ဟန့်တားပိတ်ပင်မှုများ ဖြစ်ပါသည်။ ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် လူ့အဖွဲ့အစည်းဝင် လူသားတစ်ဦး ချင်းအတွက် အဓိကအကျဆုံး အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံခွင့်စသည့် ငြိမ်းချမ်းရေးဆိုင်ရာအခွင့်အ‌ရေး Right to Peace ကို လူသားတိုင်းခွဲခြားမှုမရှိဘဲ ရရှိခံစားနိုင်ခွင့် ရှိကြောင်း ကမ္ဘာ့လူ့အခွင့်အ‌ရေးကြေညာစာတမ်းတွင် အတိအလင်း ဖော်ပြထားရှိပါသည်။

လူ့အခွင့်အရေးအပြည့်အဝခံစားခွင့်ရရှိရေး

မှန်ကန်သည့် လူ့အခွင့်အရေးအခြေပြုနည်းလမ်းများဖြင့် လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းသည် ငြိမ်းချမ်းရေးထူထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းကို အထောက်အကူဖြစ်စေပြီး လူ့အခွင့်အရေး အပြည့်အဝခံစားခွင့်ရရှိရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရေးသည် မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ်ပါသည်။

ငြိမ်းချမ်းရေးအတွက် လူ့အခွင့်အရေးသည် အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်သလို လူ့အခွင့်အရေးများ ခံစားရရှိဖို့ရာ ငြိမ်းချမ်းရေးသည် အရေးကြီးသည့်နေရာတွင် တည်ရှိပါသည်။ ယနေ့ဖြစ်ပေါ်နေသည့် ကမ္ဘာတစ်ဝန်းရှိ စစ်ရေးပဋိပက္ခများနှင့် အင်အားကြီးနိုင်ငံများ၏ ဝင်ရောက်ပါဝင်ဆက်နွှယ်နေမှုများသည် လူသားများ၏ လူ့အခွင့်အရေးခံစားရရှိမှုအပေါ် ခြိမ်း‌ခြောက်ခံရမှုနှင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုသူများအတွက် များစွာရင်လေးစရာဖြစ်ပါသည်။

ယခုနှစ်အတွက် ကုလသမဂ္ဂက ထုတ်ပြန်ကြေညာသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ဆောင်ပုဒ်မှာ “Our Rights, Our Future, Right Now” ဖြစ်ရာ လူသားတို့၏ အခွင့်အရေးများနှင့် အနာဂတ်ဆက်စပ်ပတ်သက်နေမှုကို မီးမောင်းထိုးပြထားပြီး ကမ္ဘာကြီး၏ အနာဂတ်သာယာလှပဖို့ရာ လူ့အခွင့်အရေး၏ စွမ်းအားကို ယုံကြည်လျက် မှန်မှန်ကန်ကန် အသုံးချဆောင်ရွက်သွားရန်နှင့် မှန်ကန်သည့် လူ့အခွင့်အရေးအခြေပြု ဆောင်ရွက်ချက်နည်းလမ်းများဖြင့် အဖြေရှာသည့် နည်းလမ်းအသုံးပြုကာ နိုင်ငံများတွင် ငြိမ်းချမ်းသာယာသည့် အနာဂတ်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် ဆောင်းပါးကို နိဂုံးချုပ်အပ်ပါသည်။ ။