ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် ကျောင်းသားများ၏ စာဖတ်ခြင်းအလေ့အထ
ဝင်းထွဋ်ဦး
တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် အခြေခံပညာ ကျောင်းများကိုအခြေခံ၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။
အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ရရှိလာမည့် အသိဉာဏ်ဗဟုသုတများကို အရင်းအနှီးပြု၍ ဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကထား ကျင်းပခြင်းဖြစ်သည်။ ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန် မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာ၊ အတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များအလိုက် အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပေးလျက်ရှိသည်။
ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး
ကျောင်းစာကြည့်တိုက်များ၏ လက်ရှိအနေအထားသည် စာကြည့်တိုက်အခန်း သီးခြားထားရှိခြင်း၊ စာအုပ်စာစောင်များ အသင့်အတင့် စုဆောင်းထားရှိခြင်းများရှိသော်လည်း ဖွံ့ဖြိုးမှုရာနှုန်းနည်းသည်။ ပိတ်ထားသည့် စာကြည့်တိုက်များလည်းရှိသည်။ ထိုစာကြည့်တိုက်များ မဖြစ်မနေပြန်ဖွင့်နိုင်ရန် လိုအပ်ပါသည်။ ကျောင်းစာကြည့်တိုက်များ ရှင်သန်မှသာ ကျောင်းသား ကျောင်းသူများနှင့် စာကြည့်တိုက် အနီးဆုံးအနေအထား ရောက်ရှိမည်။ ကျောင်းသား ကျောင်းသူများအကြား စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာမည်ဖြစ်သည်။ ကျောင်းသားလူငယ်များ စာပေဗဟုသုတရကြမည်။ စာဖတ်အားတက်လာမည်ဖြစ်သည်။ တည်ထောင်ပြီး ကျောင်းစာကြည့်တိုက်များ ပိတ်ထားခြင်းမှ ပြန်လည်ဖွင့်လှစ်ခြင်းသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး လုပ်ဆောင်မှုဖြစ်သည့်အပြင် ကျောင်းသားလူငယ်များ၏ စာဖတ်အားတိုးတက်မြင့်မားမှုကို အထောက်အပံ့ဖြစ်စေသည့် လုပ်ဆောင်မှုတစ်ခုလည်းဖြစ်သည်။ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းလည်း ဖြစ်ပေသည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့်ကျောင်းသားများ၏ စာဖတ်ခြင်းအလေ့အထသည် အပြန်အလှန်သက်ရောက်အကျိုးပြုမှုရှိနေသည်။ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်ခြင်းရှိပါမှ ကျောင်းသား ကျောင်းသူများ၏ စာဖတ်ခြင်းအလေ့အထသည် ကောင်းမွန်မြင့်မားလာမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ၏ စာဖတ်နှုန်းမြင့်မားတိုးတက်လာလျှင် ကျောင်းစာကြည့်တိုက်လည်း ရှင်သန်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
စာဖတ်ခြင်းအလေ့အထ ပျိုးထောင်လေ့ကျင့်
ကျောင်းသား ကျောင်းသူများ၏ စာဖတ်ခြင်း အလေ့အထဖြစ်ထွန်းလာစေရန် ကျောင်းတက်စ ငယ်ရွယ်စဉ်ကလေးဘဝကပင် ပျိုးထောင်လေ့ကျင့်ပေးကြရမည်ဖြစ်သည်။ ကျောင်းနေစအရွယ် ကလေးငယ်များကို ရုပ်ပုံအများဆုံးပါ စာအုပ်ကလေးများကို ပေးကြည့်စေခြင်း၊ ဖတ်ပြခြင်းများ လုပ်ဆောင်ပေးပြီး စာအုပ်နှင့်ကလေး ရင်းနှီးကျွမ်းဝင်သွားအောင်လုပ်ပေးရမည်။ ထိုမှတစ်ဆင့် ရုပ်ပြကာတွန်းများ၊ ပုံပြင်တိုလေးများ၊ ကဗျာတိုလေးများကို ဖတ်မှတ်လေ့လာစေရပါမည်။ ကျောင်းသားလူငယ်များစုစည်းရာ စာသင်ကျောင်းများ၌ ကျောင်းသား ကျောင်းသူလူငယ်များကို စာဖတ်သည့် အလေ့အထရှိလာစေရန် အဓိကထား လေ့ကျင့်ပျိုးထောင်ပေးသင့်သည်။ မူလတန်းအဆင့် ကျောင်းများ၌ မူလတန်းအဆင့်ကလေးများနှင့် ကိုက်ညီသည့် ကလေးစာကြည့်တိုက်တစ်ခုစီ တည်ထောင်ပေးရမည်။ ဆရာ ဆရာမများက ကလေးများကို စာဖတ်ပြခြင်း၊ စာဖတ်ခန်း ဝင်စေခြင်း၊ စာဖတ်ချိန် တစ်ချိန်သတ်မှတ်ပေးခြင်း စသည့် နည်းလမ်းများ လုပ်ဆောင်ပေးရမည်။
အလယ်တန်း၊ အထက်တန်းတို့တွင်လည်း ထိုအဆင့်ကျောင်းသားလူငယ်တို့နှင့် ကိုက်ညီသည့် စာအုပ်စာစောင်များထားပေးခြင်း၊ စာကြည့်တိုက် ထားပေးခြင်း၊ စာကြည့်တိုက်ကော်မတီကို ကျောင်းသား ကျောင်းသူတို့ဖြင့် ဖွဲ့စည်းပေးခြင်း၊ စာကြည့်တိုက်ဝင်ချိန် တစ်ချိန်သတ်မှတ်ပေးခြင်း စာကြည့်တိုက်မှူးတာဝန်ကို အလှည့်ကျလုပ်ဆောင် စေခြင်း၊ စာကြည့်တိုက် ယုံကြည်သက်ဝင်စေရေးဆွေးနွေးတိုင်ပင်ခြင်း၊ စကားဝိုင်းလုပ်ခြင်းများ စီစဉ်ပြုလုပ်ပေးရမည်ဖြစ်သည်။ ထိုသို့သော နည်းလမ်းကောင်းများကို ရွေးချယ်လုပ်ဆောင်ပေးခြင်းသည် ကျောင်းသားလူငယ်များ၏ စာဖတ်ခြင်းအလေ့အကျင့်ကို ပျိုးထောင်ပေးခြင်းပင် ဖြစ်ပါသည်။
ဘဝအောင်မြင်ရေး အခြေခံအကျဆုံးအကျင့်
စာဖတ်ခြင်းသည် ပညာသင်ဘဝနှင့် သက်မွေးလုပ်ငန်းဘဝအောင်မြင်ရေးအတွက် အခြေခံအကျဆုံး အကျင့်တစ်ခုဖြစ်သည်။ စာဖတ်ခြင်းသည် တီထွင်ဖန်တီးမှု၊ အသိအမြင်ကြွယ်ဝမှုနှင့် စိတ်ဓာတ် မြင့်မားမှုတို့ရရှိစေပြီး ယင်းမှာ ကျောင်းသားလူငယ်တို့အတွက် အဖိုးတန်အရည်အသွေးများဖြစ်သည်။
ကျောင်းသား ကျောင်းသူ ကလေးလူငယ်များကို စာဖတ်ခြင်းအလေ့အထဝါသနာ ဖြစ်လာအောင် ပျိုးထောင်လေ့ကျင့်ပေးရာတွင် ကျောင်းစာကြည့် တိုက်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါလှပါသည်။ ကျောင်းစာကြည့်တိုက်သည် ကျောင်းသား ကျောင်းသူလူငယ်များအတွက် သင်ကြားရေးကို အထောက်အကူပြုစေရန်သာမက စာပေလေ့လာလိုစိတ်ကို မြှင့်တင်ပေးနိုင်သည့် ပညာရပ်ဝန်းတစ်ခု ဖြစ်ပေသည်။ ကျောင်းသားများ ငယ်စဉ်ကပင် စာကြည့်တိုက်ကို အသုံးပြု၍ စာဖတ်သည့် အလေ့အထဖြစ်ထွန်းရန် မိဘအုပ်ထိန်းသူ ဆရာ ဆရာမများက ဝိုင်းဝန်းလမ်းညွှန်သင်ကြားပေးကြရမည်ဖြစ်သည်။ ကျောင်းသားများ သိရှိလိုသည့် ဗဟုသုတများ သိလိုသည့် ဘာသာရပ် ဆိုင်ရာ အကြောင်းအရာများကို စာကြည့်တိုက်တွင် ရှာဖွေလေ့လာတတ်ပြီး စာကြည့်တိုက်၏ အသုံးဝင်မှုကို နားလည်သိရှိ အသုံးပြုတတ်လာလျှင် ကျောင်းသားများ၏ စာဖတ်အလေ့အထ ဝါသနာများ တိုးပွားလာမည်။ ထိုမှတစ်ဆင့် ကျောင်းသားများ၏ စာဖတ်ရှိန်မြင့်တက်လာမည့်အပြင် တစ်ဆက်တည်း ကျောင်းစာကြည့်တိုက်လည်း ရှင်သန်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပေသည်။
ပညာရေးကဏ္ဍကို မြှင့်တင်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပပြီး နောက်ပိုင်း အချိန်ကာလများတွင်လည်း ကျောင်းစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဦးဆောင်ဦးရွက်ပြု၍ အားစိုက်ကြိုးပမ်းဆောင်ရွက်ပေးနေသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှုကော်မတီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပပေးနေသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ အရှိန်အဟုန်မပြတ်နှစ်စဉ်ကျင်းပနိုင်ရန် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူလူငယ်များအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ပေးပါလျှင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာမည်။ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှုလုပ်ငန်းများလည်း အောင်မြင်လာမည်။ ကျောင်းသားများ၏ စာဖတ်ခြင်းအလေ့အထများလည်း ဖြစ်ထွန်းတိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။