ထူးမြတ်သည့် လတန်ဆောင်တိုင်နှင့် ကထိန်အလှူပွဲတော်
ပန်းမြတ်ချယ်
မြန်မာနိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲစည်ကားလှသည့် အခါသမယဖြစ်သည့် တန်ဆောင်မုန်းလသည် မြန်မာ ၁၂ လရာသီတွင် အဋ္ဌမမြောက်လဖြစ်ပြီး ထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်းကပ်လှူသည့် ကထိန်ပွဲများကျင်းပခြင်းဖြစ်သည်။ တန်ဆောင်မုန်းလတွင် ကြတ္တိကာနက္ခတ်နှင့် ကြယ်တာရာတို့သည် လနှင့်ယှဉ်ကာ ထွန်းလင်းကြပြီး ရာသီအားဖြင့် ဗြိစ္ဆာဟုခေါ်သည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ ရာသီရုပ်မှာ ကင်းမြီးကောက်ရုပ်ဖြစ်သည်။
တန်ဆောင်မုန်းကို တန်ဆောင်မှုန်းဟု ပုဂံခေတ်ကျောက်စာတို့တွင် ရေးထိုးခဲ့ရာမှ အင်းဝခေတ်သို့ ရောက်သောအခါ ယနေ့ရေးနည်းအတိုင်း ရေးသားထားသည်ကို တွေ့ရသည်။ တန်ဆောင်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရပြီး မှုန်း၏ အနက်ဖွင့်ဆိုချက်များမှ “တောက်ပစေသည်” ဟူသော အနက်ကိုယူ၍ ဆီမီးတောက်ပစေသောလ၊ ဆီမီးထွန်းညှိသောလဖြစ်ပေသည်။
တန်ဆောင်မုန်းလအကြောင်းကို “တန်ဆောင်မုန်း ဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး၊ ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်စိုး”ဟု ကင်းဝန်မင်းကြီးက သံပေါက်လင်္ကာဖြင့် ဖွဲ့ဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလ၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဆီမီးထွန်းပွဲတော်၊ မီးပုံးပျံပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များကို ကျင်းပလေ့ရှိကြသည်။
လှူဖွယ်ဝတ္ထုများစုံလင်စွာအလှဆင်
တန်ဆောင်တိုင်ပွဲကို ဗုဒ္ဓဘာသာမြန်မာ ရှေးမင်းအဆက်ဆက်တို့သည် ပွဲတော်အချိန်အခါတွင် မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ ထီးရံနန်းရံ၊ မှူးကြီးမတ်ရာ၊ သေနာပတိ၊ မင်းမိဖုရားတို့နှင့် တူရိယာမျိုးစုံ တီးမှုတ်လျက် ထီးစဉ်နန်းဆက် “မဟာအသဒိသအတုလသဘင်” ပွဲကြီးဆင်ယင်၍ လှူဒါန်းကြသည်။ ယခုခေတ်ကာလတွင်မူ တန်ဆောင်တိုင်ပွဲတော်ကို ဘုံကထိန်အဖြစ် စုပေါင်းလှူဒါန်းကြပြီး ထိုဘုံကထိန်အတွက် မိမိတို့တတ်အားသမျှ လှူဖွယ်ပစ္စည်းများကို ပဒေသာပင်များ ဆင်ယင်၍ မဲကျရာဘုန်းတော်ကြီးကျောင်းတိုက်သို့ လှူဒါန်းကြသည်။ ပဒေသာပင်များတွင် ဝတ္ထုငွေများကို ဗုဒ္ဓဘုရား၏ပုံတော်များ၊ ဘုရားစေတီတော်ပုံများ၊ ဘုံပြာသာဒ်များ၊ ရဟန်းတို့ အသုံးပြုသည့် ပရိက္ခရာရှစ်ပါးပစ္စည်းများ၊ ဘုန်းတော်ကြီးကျောင်းအတွင်း လိုအပ်မည့်လှူဖွယ်ဝတ္ထုများကို စုံလင်စွာအလှဆင်၍ မြို့လယ်လမ်းမများတွင် ခင်းကျင်းပြသထားသည်မှာ မြင်ရသူအဖို့ စိတ်နှလုံး အေးချမ်းကြည်နူးစေပါသည်။
ထိုဘုံကထိန်လှည့်သည့်နေ့တွင် ပဒေသာပင်များကို တောရွာဒေသများတွင် လူပျိုကာလသားများက ထမ်းပိုး၍ အိုးစည်၊ ဒိုးပတ်များအစုံအလင်ဖြင့် ရွာတစ်ပတ်လှည့်လည်ကာ ဘုန်းကြီးကျောင်းသို့ ပေးပို့လှူဒါန်းကြပါသည်။ မြို့ကြီးပြကြီးများတွင်မူ ပဒေသာပင်များကို မော်တော်ကားများပေါ် အလှဆင် ၍ မြို့လယ်လမ်းမတစ်လျှောက် အိုးစည်၊ ဒိုးပတ်များ သံစုံတီးဝိုင်း၊ ဆင်က၊ မြင်းကအလှအပများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ရွှင်မြူးထူးစွာ လှည့်လည်ကြပါသည်။ ကထိန်ပွဲကို ဈေးကထိန်၊ ကျောင်းပေါင်းစုံကထိန်၊ ရပ်ကွက်ကထိန်၊ ဝန်ကြီးဌာနကထိန်စသဖြင့် ကျင်းပကြပြီး လှူဖွယ်ပစ္စည်းများမှာလည်း စုံလင်လှသည်။ ကထိန်ပွဲမှာ တောရောမြို့ပါမကျန် ပျော်ရွှင်စွာ ဆင်နွှဲကျင်းပကြသည့် အလှူပွဲတစ်မျိုး ဖြစ်သည်။
မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်း
မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူ၍ ဆိုရိုးပြုကာ “ကထိန်သင်္ကန်း ကပ်လှူခြင်း” ကို အထွတ်အမြတ်ထားလေ့ရှိကြပြီး“ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာစကား “ကထိန”မှ ဆင်းသက်လာပြီး “မြဲမြံခိုင်ခံ့ခြင်း” ဟူသော အနက်ရှိသည်။ မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းပွဲသည် မြတ်စွာဘုရားလက်ထက်တော်ကတည်းကပင်ရှိခဲ့သည်။ မိထွေးတော်ဂေါတမီအမှူးပြုသည့် နန်းတွင်းသူများသည် ဝါဂွမ်းမှအစ ချည်ငင်၊ ဆေးဆိုး၊ ရက်ကန်းစင်တွင် ရက်လုပ်၊ သင်္ကန်းချုပ်ခြင်းလုပ်ငန်းတို့ကို ညတွင်းချင်းအပြီး ဆောင်ရွက်ခဲ့ကြသည်။
နံနက်ငါးနာရီမထိုးမီ မြတ်ဗုဒ္ဓအား မသိုးသင်္ကန်း (ကထိန်သင်္ကန်း) ဆက်ကပ်လှူဒါန်းနိုင်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထိုအလေ့အထသည် မျက်မှောက်ကာလအထိ ဆက်လက်ရှင်သန်နေဆဲပင်ဖြစ်သည်။ နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်၊ စွယ်တော်မြတ်စေတီအပါအဝင် တန်ခိုးကြီးဘုရားများတွင် မြတ်စွာဘုရားအတွက် မသိုးသင်္ကန်းရက်လုပ် လှူဒါန်းကြရန် ရက်ကန်းစင်များဖြင့် ပြည့်လျက်ရှိပါသည်။ နေ့ကူးသွားလျှင် ရက်လုပ်ထားသော ထိုသင်္ကန်းကို မသိုးသင်္ကန်းဟု မခေါ်ဆိုနိုင်တော့ပေ။ ထို့ကြောင့် ရက်ကန်းရက်လုပ်ကြသည့် လှပျိုဖြူလေးများသည် ချွေးတလုံးလုံးဖြင့် တစ်ညလုံး မမောမပန်း ရက်လုပ်ကြရသည်။
ဘုရားရှင်လက်ထက်တော်အခါက တန်ဆောင်မုန်းလပြည့်နေ့ညတွင် ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်း၏ လျှောက်ထားချက်အရ “သာမညဖလ သုတ်တော်” ဟူသော “ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး” ကို ထုတ်ဖော်ဟောကြားတော်မူသဖြင့် “သံဃာတော်များနေ့” ဟူ၍လည်းကောင်း၊ “သာမညဖလအခါတော်နေ့”ဟူ၍လည်းကောင်း သတ်မှတ်ကျင်းပကြပါသည်။
သာမညဖလအခါတော်နေ့အဖြစ်သတ်မှတ်
သုံးလောကထွတ်ထား ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တန်ဆောင်မုန်းလပြည့်ညတွင် အဇာတသတ် မင်းကြီးကို သာမညဖလသုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ အဇာတသတ်မင်းသည် ထိုသုတ္တန်ဒေသနာတော်ကို နာကြားရပြီးနောက် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပသကာအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုအခါ ဖခင်ဘုရင်ဗိမ္ဗိသာရမင်းကြီးအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများကြောင့် အိပ်မပျော်စားမဝင်ဖြစ်နေသော အဇာတသတ်မင်းသား၏ ရောဂါဝေဒနာများ ချုပ်ငြိမ်းသွားခြင်း၊ မြတ်စွာဘုရားရှင်၏ သာသနာတော်ကို အသက်ပေးကြည်ညိုသူဖြစ်လာခြင်း၊ မဟာအဝီစိငရဲသို့ မကျရောက်တော့ဘဲ လောဟကုမ္ဘီငရဲ၌သာကျရောက်ပြီး နောင်အခါ ဝိဇီတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုရမည့်ပုဂ္ဂိုလ်ဖြစ်ခြင်းစသည့် အကျိုးတရားများ ခံစားရသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပလာခြင်းဖြစ်သည်။
တန်ဆောင်မုန်းလ၏ မိုးလေကင်းလွတ်သော ညချမ်းတွင် မြတ်ဗုဒ္ဓကိုရည်မှန်းကာ မီးပုံးပျံပွဲများ၊ မီးရှူးမီးပန်း ပစ်ဖောက်ပူဇော်ခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။ သာဓကအနေဖြင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မြတ်ဗုဒ္ဓအား ရည်မှန်းကာ မီးပုံးပျံများပုံစံအမျိုးမျိုးပြုလုပ်၍ လွှတ်တင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး မိမိတို့နေအိမ်များတွင်လည်း မြတ်စွာဘုရားအား ရည်မှန်းပြီး ဆီမီးပူဇော်လှူဒါန်းကြပါသည်။
တန်ဆောင်မုန်းလပြည့် ဆေးပေါင်းခသည့်ည
ကြတ္တိကာနက္ခတ်စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်ည၌ ဆေးပင်စောင့်နတ်အပေါင်းတို့သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်ဟုဆိုသည်။ ထို့ကြောင့် မဲဇလီပင်သည် ဆေးပေါင်းခသည်ဟုလည်း ယုံကြည်ယူဆလျက် မဲဇလီဖူးသုပ်ကာ ဝေငှအလှူအတန်းပြုကြသည်။ တစ်အိမ်နှင့် တစ်အိမ် အပြန်အလှန် ဝေငှစားသောက်ကြသည်မှာ မြန်မာတို့၏ ချစ်စရာဓလေ့ပင်ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်းလပြည့် ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခသည့် ည၏အစွမ်းထက်ဆုံး၊ အမြင့်မားဆုံးအချိန်အဖြစ် သတ်မှတ်ကာ မြန်မာတိုင်းရင်းဆေးဆရာကြီးများသည် ဆေးဝါးမျိုးစုံ ဖော်စပ်လေ့ရှိကြသည်ဟု ဆိုသည်။
မြန်မာတိုင်းရင်းသားများသည် တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်ပွဲအလှူဒါနများကိုလည်း ပြုလုပ်ကြသည်။ ပံ့သကူဟူသော ဝေါဟာရသည် ပါဠိဘာသာ “ပံ့သကူလ” မှ ဆင်းသက်လာခြင်း ဖြစ်သည်ဟုဆိုသည်။ အနီးစပ်ဆုံးအဓိပ္ပာယ်သည် ပိုင်ရှင်မဲ့ပစ္စည်းဖြစ်ပြီး တွေ့ရှိသူက အလိုရှိသလို သုံးစွဲနိုင်သောပစ္စည်းဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ ပံ့သကူပစ်ခြင်းသည် ပစ္စည်းဥစ္စာပြည့်စုံသူများက ချို့တဲ့သူများ၊ မပြည့်စုံသူများအတွက်ရည်ရွယ်ကာ ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလို အသုံးပြုနိုင်စေရန် လှူဒါန်းခြင်းပင် ဖြစ်ပေသည်။
၁၂ လ ရာသီတွင် တန်ဆောင်မုန်းလသည် မိုးတွင်းကာလ ကုန်ဆုံးသည့်အချိန်ဖြစ်၍ “မိုးလအဆုံး တန်ဆောင်မုန်း” ဟူ၍ ဆိုလေ့ရှိကြသကဲ့သို့ လယ်ယာစိုက်ခင်းများတွင် စပါးကောက်နှံများ၏ စပါးသင်းရနံ့တို့မှာလည်း သင်းပျံ့မွှေးကြိုင်နေသည်ကို မြင်တွေ့ရသဖြင့် တောင်သူလယ်သမားများ ရွှင်မြူးပြုံးပျော်ကြသည့်အတွက် “တောင်သူရွှင်ပြုံး တန်ဆောင်မုန်း”ဟု ဆိုကြသည်။ ထို့ပြင် အသီးအနှံ များသည်လည်း ဆီးနှင်းတို့၏ အစိုဓာတ်ကြောင့် တစ်စစ ဖွံ့ဖြိုးကြီးထွားလာသည့် စပါးနှံတို့၏ သဘာဝကို အမှီပြုလျက် “ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း” ဟုလည်း ဆိုကြသည်။ ထို့ကြောင့် ရာသီဥတုသာယာ ကောင်းမွန်သည့် တန်ဆောင်မုန်းလတွင် အိုးစည်ဒိုးပတ်သံများနှင့် မြိုင်ဆိုင်လှသည့် ကထိန်အလှူပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲစည်ကားလျက်ရှိသည့် ဗုဒ္ဓဘာသာဝင်တို့၏ ထူးခြားသည့် လတစ်လပင်ဖြစ်ပေတော့သည်။ ။