Skip to main content

တစ်ဦးချင်း၊ တစ်မိသားစုချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့နယ်ချင်းစီ တင်းတင်းကျပ်ကျပ် စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်မယ်ဆိုရင် ကိုဗစ်ရောဂါကူးစက်မှုကွင်းဆက်ကို လျှော့ချနိုင်မှာဖြစ်ပါတယ် (ပါမောက္ခဒေါက်တာဇော်ဝေစိုး)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက် ပါသည်-

 

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]

 

ကိုဗစ် - ၁၉ နဲ့ပတ်သက်ပြီး ရန်ကုန်အနေနဲ့ ထိန်းချုပ်နိုင်တဲ့ အနေအထား မရောက်သေးပါဘူး။ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်က ဆက်ပြီး တက်နေတဲ့ အနေအထား ရှိပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်နိုင်မှု မရှိသေး ပါဘူး။

ကိုဗစ် - ၁၉ ကုသမှုအပိုင်းအနေနဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီ ပြည်သူ့ဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ်ရှိ မိခင်နှင့်ကလေးဆေးရုံ၊ ဖောင်ကြီး ကိုဗစ်စင်တာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမအိမ်ရာ၊ လှိုင်မြို့နယ်ရှိ လှိုင်ကိုဗစ် စင်တာနဲ့ မြတ်လေးဆောင်၊ သုဝဏ္ဏဘောလုံး အကယ်ဒမီကျောင်းတွေမှာ သီးခြားကုသမှုပေးနေပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့ Positive လူနာတွေ ကို လက်ခံကုသပေးဖို့အတွက် ခုတင်လွတ်အနေနဲ့ ၆၀၀ ရှိပါတယ်။ ကျွန်တော် တို့ စီမံခန့်ခွဲနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် လူနာအားလုံးကို ဆေးရုံမှာတင်ပြီး ကုသပေးဖို့အတွက် ပြင်ဆင်နေပါတယ်။

ဒီလူနာတွေကို သယ်ယူပို့ဆောင်ပေးမှုအနေနဲ့ ယခင်လူနာ ၂၀၀ / ၂၅၀ ပို့ဆောင်ပေးနေရာကနေ လူနာ ၅၀၀ ကျော်ကို ပို့ဆောင်ပေးရမှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အတော်ကို ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ယခင်တုန်းက ကျွန်တော်ပြောခဲ့ဖူးပါတယ်၊ လက်ရှိ ကျွန်တော်တို့ အနေအထား က လူနာ ၃၀၀ / ၄၀၀ အတွက် ကြိုတင်တွက်ချက်ပြီး ဆောင်ရွက်ထား တာပါ။ ယခု လူနာ ၅၀၀ ဖြစ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းဆောင်ရွက် မှု မဟာဗျူဟာတွေ ပြောင်းလဲပြီး ဆောင်ရွက်ဖို့အတွက် ရန်ကုန်တိုင်းဒေသ ကြီး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့နဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဒီလို လုပ်ငန်းဆောင်ရွက်မှု မဟာဗျူဟာတွေ ပြောင်းလဲဆောင်ရွက် နိုင်ဖို့ဆိုရင် တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်တဲ့နည်းလမ်းနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်ရှိမှာ Quarantine ထားတယ်ဆိုရင် ပထမဆုံး သုံးပတ် သို့မဟုတ် တစ်လထားခဲ့ပြီး ၁၄ ရက်ကို လျှော့ချခဲ့ပါတယ်။ ယခုကျွန်တော်တို့က Double Negative နဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါဓာတ်ခွဲစစ်ဆေးမှုကို နှစ်ကြိမ် နှာခေါင်း တို့ဖတ်နမူနာယူပြီး စစ်ဆေးကြည့်လိုက်လို့ နှစ်ခါ Negative ဖြစ်ရင် တစ်ပတ် နဲ့ ဆေးရုံက ဆင်းပေးမှာဖြစ်ပါတယ်။ အဓိပ္ပာယ်က ဓာတ်ခွဲစစ်ဆေးမှု ခံယူ သူအနေနဲ့ နှစ်ကြိမ်စလုံးမှာ Negative ဖြစ်တဲ့အတွက် ပြည်သူလူထုထဲကို ကူးစက်နိုင်ခြင်းမရှိဘူးလို့ သုံးသပ်ပြီး ဆေးရုံတက်ရမယ့်ရက်ကို ထပ်ပြီး လျှော့မှာဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာမှာလည်း ကျင့်သုံးနေပါတယ်။

ကျွန်တော်တို့အနေနဲ့ တင်းကျပ်စွာထိန်းချုပ်ဆောင်ရွက်တဲ့ နည်းလမ်း ကို ရွေးချယ်ရခြင်းက တတ်နိုင်သမျှ သေဆုံးမှုနှုန်းကို အနည်းဆုံးဖြစ်အောင် လို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ Quarantine တွေအနေနဲ့ Double Negative ခုနစ်ရက်လျှော့ဖို့ စတင်နေပြီ ဖြစ်ပါ တယ်။ Double Negative ဖြစ်လို့ ဆင်းခွင့်ရသူတွေဟာ Home Quarantine ဆက်နေရမှာ ဖြစ်ပါတယ်။ ဒီ Home Quarantine ကို အားဖြည့်ဖို့ လိုပါတယ်။ Home Quarantine မှာ လျော့တိလျော့ရဲနေလို့ မရပါဘူး။ ဒီအတွက်လည်း Home Quarantine လုပ်မယ့် လူကိုယ်တိုင် လိုက်နာဖို့လိုအပ်သလို ဘေးက လည်း သူ့ကို ပံ့ပိုးပေးဖို့ လိုပါတယ်။ ကျွန်တော်ပြောတဲ့ စကားလုံးအဓိပ္ပာယ်က “ကြပ်မတ်ပေးဖို့” မဟုတ်ပါဘူး။ “ပံ့ပိုးပေးဖို့” ဖြစ်ပါတယ်။ Home Quarantine ဝင်နေတဲ့သူကို အခက်အခဲဖြစ်အောင်လုပ်ဖို့ မဟုတ်ပါဘူး။ ဒီလူအတွက် အဆင်ပြေအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးတဲ့နေရာမှာ တစ်ဦး ချင်း၊ တစ်ယောက်ချင်းစီ၊ မိသားစုကိုယ်တိုင်၊ ရပ်ရွာက၊ မြို့နယ်နဲ့တိုင်း အပါ အဝင် နိုင်ငံတော်အနေ အထားနဲ့လုပ်ဖို့ စီစဉ်ပြီးဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ တစ်ဆင့်လျှော့ချပြီး ဆောင်ရွက်မယ့် အစီအစဉ် မှာ ပြည်သူလူထုရဲ့ပါဝင်မှုက အရေးကြီးပါတယ်။ Facility Quarantine က နေပြီး Double Negative ဖြစ်လို့ ပြန်ထွက်လာမယ့်သူတွေကို အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ သူတို့အနေနဲ့ Home Quarantine တစ်ပတ်နေရမှာ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုကို လျှော့ချမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆေးရုံတွေရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှု စွမ်းဆောင် ရည်ကို ကျော်လွန်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ် ရိုးမအိမ်ရာထဲက အဆောင်ခြောက်ဆောင်ကို ထပ်မံပြင်ဆင်နေ ပါတယ်။ ရိုးမမှာ ယခုအချိန်မှာဆိုရင် ခုတင် ၅၇၆ ခုတင် ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ နောက်ထပ် ခြောက်ဆောင် ပြင်ဆင်ပြီးရင် ခုတင် ၄၄၀ ကျော် ထပ်မံလက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါကို ဒီနေ့အပြီး ပြင်ဆင်သွားမှာဖြစ်ပါ တယ်။ နောက်တစ်ရက် ထွက်ပေါ်လာမယ့် လူနာတွေအတွက် အသင့်ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုလို ကြိုတင်ပြင်ဆင်ဆောင်ရွက်တဲ့ အခါမှာ တတ်နိုင်သမျှ အစွမ်းကုန်ပြည့်စုံအောင် စီစဉ်သွားမှာဖြစ်ပါတယ်။ သို့ရာတွင် ချို့ယွင်းချက်များရှိနိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဒါကိုကြိုတင် ပြီး တောင်းပန်အသိပေးပါတယ်။

ယခုရိုးမအိမ်ရာကို ပြင်ဆင်နေတဲ့အချိန်နဲ့ တစ်ပြိုင်တည်းမှာ အောင်မြင့် မိုရ် အိမ်ရာကို ပြင်ဆင်နေပါတယ်။ သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းမှာလည်း ဆက်ပြီးတော့ ခုတင် ၁၀၀ ဆံ့ HDU နဲ့ ICU ကို ပြင်ဆင်နေပါတယ်။ ယခုအနေအထားအရ လူနာတွေ များလာလေလေ ရောဂါပြင်းထန်တဲ့သူ အရေအတွက်က များလာလေလေ ဖြစ်ပါတယ်။ ဒီရောဂါပြင်းထန်တဲ့သူတွေကို အပြည့်အဝကုသမှုပေးနိုင်ဖို့အတွက် HDU နဲ့ ICU ခုတင် ၁၀၀ ဆံ့ကို ယနေ့ စတင်ဆောက်လုပ်ဖို့ ပြင်ဆင်မှာဖြစ်ပါတယ်။ ဒါကို တည်ဆောက်ဖို့အချိန် တစ်ပတ်/ ၁၀ ရက် ကြာမှာဖြစ်ပါတယ်။ အဲဒီအချိန်မှ အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။

နောက်ထပ် မဟာဗျူဟာအစီအစဉ်နဲ့ ပြင်ဆင်ဆောင်ရွက်နေတာက မြို့နယ်ဆေးရုံများ ဖြစ်ပါတယ်။ ယခင်က မြို့နယ်ဆေးရုံတွေကို အသုံးပြုခဲ့ခြင်း မရှိခဲ့ပါဘူး။ ယခုအချိန်မှာ ရခိုင်ပြည်နယ်မှာ ပြုလုပ်ခဲ့သလို မြို့နယ်ဆေးရုံ တွေက တာဝန်ယူပြီး ရောဂါမပြင်းထန်တဲ့သူတွေကို လက်ခံကုသပေးဖို့ စီစဉ် သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ဆေးရုံတွေမှာ ယခုစတင်ပြင်ဆင်နေပါပြီ။ ဒီဆေးရုံတွေရဲ့ ကိုဗစ်ရောဂါသည် တွေကို လက်ခံကုသပေးမယ့်နေရာတွေကို ပြင်ဆင်နေသလို ဆေးရုံရှိ ကျန်းမာ ရေးဝန်ထမ်းများကိုလည်း ကိုဗစ်ရောဂါဆိုင်ရာ မွမ်းမံသင်တန်းတွေကို သင်ကြားပေးနေပြီ ဖြစ်ပါတယ်။ ဒီနေရာတွေမှာ ရောဂါလက္ခဏာ မပြင်းထန် တဲ့ လူနာတွေကို လက်ခံကုသပေးသွားမှာ ဖြစ်ပါတယ်။ လူနာတော်တော် များများက အနံ့ပျောက်တာ ဖြစ်ပါတယ်။ လူကိုယ်တိုင် သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင် ဖြစ်တဲ့ လူနာအမျိုးအစားတွေကို မြို့နယ်ဆေးရုံတွေမှာ ထားရှိကုသပေးသွားဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားမှုဖြစ်ပါတယ်။ ဒီနေ့ ထားမှာမဟုတ်သေးပါဘူး။ မနက်ဖြန် လည်း ကျွန်တော်တို့ ထားဖို့မလိုသေးပါဘူး။

ကျွန်တော်တို့ ပြင်ဆင်ထားတာတွေက ကုသရေးအပိုင်းဖြစ်သလို တစ်ဖက် ကလည်း ကာကွယ်ရေးအပိုင်းအနေနဲ့ အများကြီးဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ဆောင်ရွက်ဖို့ကိုလည်း ပြင်ဆင်လျက်ရှိပါတယ်။ Contact Tracing ကို ယခု အင်နဲ့အားနဲ့ ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ တစ်ဖက်က ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒီ Contact Tracing ကို လုပ်နေတဲ့အချိန်မှာ ပြည်သူလူထု ပါဝင်ဖို့လိုပါ တယ်။

ပြည်သူလူထုအနေနဲ့ Contact ဖြစ်သွားသူတွေဟာ တစ်ဦး၊ တစ်ယောက် ချင်း မိမိကိုယ်တိုင်၊ မိမိကနေ အများကိုမကူးအောင်၊ ကိုယ်က အများကို မကူးအောင်၊ အများက ကိုယ့်ကို မကူးအောင် နေထိုင်ကြဖို့ လိုပါတယ်။ မိမိတို့ တစ်ယောက်ချင်းစီ နေထိုင်ဖို့ လိုအပ်သလို မိသားစုတစ်စုချင်းစီကလည်း ဒီကိစ္စကို စီစဉ်ဆောင်ရွက်လိုက်နာဖို့ လိုအပ်ပါတယ်။ အလားတူ အိမ်အလိုက်၊ ရပ်ရွာအလိုက် စီစဉ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ Contact ဖြစ်သွားတယ်ဆိုရင် ဒီဘက်ကလည်း အသိ ပေးပါမယ်။ ကိုယ်ကိုယ်တိုင်လည်း သိမှာဖြစ်ပါတယ်။ ကိုယ်က Contact ဖြစ်ရင် Positive ဖြစ်နိုင်တယ်။ ကိုယ် Positive ဖြစ်ရင် ဘေးကသူတွေကို ကူးစက်နိုင်တာကို အားလုံးက နားလည်ပြီး အသေအချာ လိုက်နာနေထိုင်မယ် ဆိုရင် ကိုဗစ်ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တဲ့လုပ်ငန်းက အောင်မြင်မှာ ဖြစ်ပါတယ်။

ဒီနေ့ ကျွန်တော်တို့လုပ်နေတာတွေ အကုန်လုံးသည် ကုသရေးဘက်က ဖြစ်ပြီး ကာကွယ်ရေး ဘက်က ဆောင်ရွက်နေမှုတွေ မအောင်မြင်ရင် ကုသရေး ဘက်မှာ အခက်အခဲတွေ အများကြီးဖြစ်မှာ ဖြစ်ပါတယ်။ ကာကွယ်ခြင်း လုပ်ငန်းဟာ ကျွန်တော် အရင်ကပြောခဲ့သလို ပြည်သူလူထုတစ်ဦးချင်း၊ တစ်ယောက်ချင်းစီရဲ့ လိုက်နာဆောင်ရွက်မှုနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် တစ်ဦး ချင်း၊ တစ်ယောက်ချင်း၊ တစ်မိသားစုချင်း၊ တစ်အိမ်ချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့နယ်ချင်းစီ ဒီကိစ္စကို အသေအချာ တင်းတင်းကျပ်ကျပ် အားလုံး စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်မယ်ဆိုရင် ကိုဗစ်ရောဂါကူးစက် မှုကွင်းဆက်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရောဂါကူးစက်မှုကွင်းဆက်ကို တားထားနိုင်မှာ ဖြစ်ပါတယ်။ ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက သိပ်အရေးကြီး ပါတယ်။ ဒါမှသာလျှင် ဒီဘက်က ကုသမှုအပိုင်းမှာ နိုင်နိုင်နင်းနင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ ဆောင်ရွက် ပေးကြပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းပါတယ်။ ဆောင်ရွက်ပေးကြဖို့လည်း ကျွန်တော့်အနေနဲ့ အထူးအနူးအညွတ်မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ထက်လျှံ