ကိုဗစ်-၁၉ ကာလ စင်ကာပူရွေးကောက်ပွဲ
ကိုဗစ်- ၁၉ ကာလ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့နိုင်ငံ အတော်များများရဲ့ ရွေးကောက်ပွဲကာလနဲ့ တိုက်ဆိုင် နေပါတယ်။
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲက နိုဝင်ဘာလ ၃ ရက်နေ့ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီမှ ဂျိုးဗစ်ဒင် (Joe Biden) နှင့် ရီပတ်ဘလီကင်ပါတီမှ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်တို့ အကြိတ်အနယ် တစ်ယောက်အားနည်း ချက်ကို တစ်ယောက်ဖော် ထုတ်ထောက်ပြကာ မဲဆွယ် နေကြပြီ ဖြစ်ပါတယ်။
ကိုဗစ်- ၁၉ ကူးစက်ခံရသူပေါင်း ခုနစ်သန်းနီးပါး၊ သေဆုံးသူပေါင်း နှစ်သိန်းကျော်ရှိနေတဲ့ အမေရိကန်နိုင်ငံ ဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးဦးစားပေး မူဝါဒကြောင့် ရောဂါကူးစက်မှု ကာကွယ်ရေးလုပ်ငန်းတွေ အားနည်းခဲ့တယ်။ ကိုဗစ်- ၁၉ ရဲ့ ရက်ရက်စက်စက် ထိုးနှက်မှုကို မရှုမလှ ခံနေရပါတယ်။ ဒါပေမယ့်လည်း အမတ်လောင်းတွေက သက်ဆိုင်ရာဒေသတွေမှာ လူစုလူဝေးနဲ့ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွနဲ့ မဲဆွယ်နေကြပြီ ဖြစ်ပါတယ်။
အလားတူပဲ အင်ဒိုနီးရှားနိုင်ငံက ဒီဇင်ဘာလ ၉ ရက်နေ့ကို လျာထားတယ်။ ဟောင်ကောင်က စက်တင် ဘာလ ၆ ရက်နေ့ကို သတ်မှတ်ခဲ့ပေမယ့် နောက်ဆုံးမှာ ရွေးကောက်ပွဲကို တစ်နှစ်တိတိ နောက်ဆုတ်လိုက် တယ်။
ကျွန်တော့်အနေနဲ့ မကြာသေးခင်က ကျင်းပသွား ခဲ့တဲ့ စင်ကာပူနိုင်ငံ ရွေးကောက်ပွဲအကြောင်းလေး ကို တင်ပြချင်ပါတယ်။
စင်ကာပူနိုင်ငံက မြန်မာနိုင်ငံထက် အများကြီး နောက်ကျမှ လွတ်လပ် ရေးရခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီ လက်အောက်လည်း ကျရောက်ခဲ့တယ်။ ဂျပန်ဖက်ဆစ် ဒဏ်ကိုလည်း ခံခဲ့ရတယ်။ ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်လပ်ရေးရတော့လည်း ရေချိုတောင် အလုံအလောက်မရှိ၊ ပညာတတ်မရှိ၊ ရွှံ့ဗွက်နဲ့ ချုံပုတ်ပဲ ရှိတဲ့ကျွန်းနဲ့ စခဲ့ရတာပါ။ ခေါင်းဆောင်ကောင်း ရသွား တော့ ယခုနှစ် စင်ကာပူရဲ့ ရွေးကောက်ပွဲက (၁၈)ကြိမ် မြောက် ရွေးကောက်ပွဲ ဖြစ်သွားပါပြီ။ လွတ်လပ်ရေးရပြီး တဲ့နောက်(၁၃)ကြိမ်မြောက် ရွေးကောက်ပွဲလည်း ဖြစ်သွားပါပြီ။
ဗြဟ္မစိုရ်တရားထွန်းကားတဲ့ နိုင်ငံထူထောင်
အစဉ်အဆက် ပါတီတည်ထောင်သူ မစ္စတာ လီကွမ်ယုကို ပြည်သူအများစု ယုံကြည်နှစ်သက်ကြတဲ့ အလျောက် PAP (People’s Action Party) ကိုပဲ မဲပေး ခဲ့ကြတယ်။ ဒီပါတီပဲ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ အခြေခိုင်နေ ပါပြီ။ အရာရာလုပ်ငန်းဌာနအသီးသီးကို ပညာရေး ကြည့်မလား၊ စီးပွားရေးကြည့် မလား၊ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးပဲကြည့်မလား ကမ္ဘာကစံတင် ရ အောင်လုပ်ပြထားတာပါ။ မျက်မမြင်သူ၊ ကိုယ်လက် အင်္ဂါမသန်စွမ်းသူများကို ဘတ်စ်ကားစီးနိုင်အောင် စီစဉ် ပေးထားတယ်။ ကိုယ်အင်အား၊ စိတ်အင်အားငယ်တဲ့ သူတွေကို ပိုမိုစာနာရပ်တည်ပေးထားတဲ့ တကယ့်ဗြဟ္မစိုရ်တရား ထွန်းကားတဲ့နိုင်ငံကို ထူထောင်ထား နိုင်ခဲ့ပါတယ်။
အတိုက်အခံပါတီတွေ ရှိပေမယ့်လည်း အင်အား ကြီးတဲ့ PAP ပါတီက ဖိနှိပ်အနိုင်ယူတယ်လို့ နာမည်ကြီး ပါတယ်။ စင်ကာပူ ပြည်သူပြည်သားတချို့က အဲဒါကို ပြောလေ့ရှိကြတယ်။ PAP ပါတီဥက္ကဋ္ဌ မစ္စတာလီကွမ်ယု က အာဏာရှင် ဆန်ဆန်လူတွေရဲ့ ကြမ်းတမ်းတဲ့ စိတ်တွေကို ထောင်ဒဏ်၊ ကြိမ်ဒဏ်၊ ဒဏ်ငွေတွေနဲ့ အစစအရာရာ ထိန်းချုပ်ခဲ့တဲ့အတွက် ကမ္ဘာ့အလုံခြုံဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၈ ရထားတာပေါ့။ ဒီလိုကောင်း အောင် လုပ်ပြထားတာတွေကြောင့် မကျေနပ်ချက်တချို့ ရှိသော်ငြားလည်း ဘယ်အတိုက်အခံပါတီကမှ မကျော်လွှားနိုင်ဘဲ PAP မှ PAP ဖြစ်နေခဲ့ပါတယ်။
ပါတီတစ်ခုတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရတယ်ဆိုတာ လွယ်တာမှ မဟုတ်တာ။ ပြည်သူတွေ ကြိုက်လောက်တဲ့ အရည်အချင်းကောင်းတွေရှိနေမှ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကော်မရှင် (ELD – Elections Department Singapore) ကို စရန်ငွေ စင်ကာပူဒေါ်လာ ၁၃၅၀၀ တင်ရ ပါတယ်။ မဲဆွယ်တာ၊ ပိုစတာစိုက်ထူတာ စသည်ဖြင့် ရွေးကောက်ပွဲအတွက် ဘာပဲဖြစ်ဖြစ် ဒေါ်လာတစ်သိန်း လောက်တော့ ကုန်ကျနိုင်ပါတယ်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် စင်ကာပူနိုင်ငံ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခဲ့တဲ့ ပါတီပေါင်း ၁၉ ခု ခန့်ရှိခဲ့ပြီး တကယ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီက ၁၁ ခု ရှိခဲ့ပါတယ်။
ပြည်သူပြည်သားတွေက PAP (People’s Action Party)၊ WP ( Workers’ Party) နဲ့ PSP (Progress Singapore Party) တို့လောက်သာ လူသိပါတယ်။ WP ပါတီကတော့ ဖွဲ့စည်းခဲ့တာ ၆၂ နှစ် ကြာခဲ့ပြီဖြစ်လို့ လူသိ များတဲ့အပြင် (၁၉၉၁- ၁၉၉၇) မှာ ဟောင်ဂန်းမြို့နယ်မှာ အနိုင်ရခဲ့တယ်။ လူငယ်အများစုနေထိုင်တဲ့ ဟောင်ဂန်း၊ စိန်ဂန်း၊ ပွန်ဂို စတဲ့မြို့နယ်တွေကတော့ ပါတီအသစ်တွေကို စွန့်စားပြီး မဲပေးလိုကြပါတယ်။ တစ်ပါတီတည်း ကနေ ထင်တိုင်းမကြဲနိုင်အောင် အတိုက်အခံ အားပြိုင်ပါတီရှိနေဖို့ လိုတယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိကြပါတယ်။ အတိုက်အခံပါတီတွေက လည်း ဒီမိုကရေစီလိုလားတဲ့ တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေး လုပ်ဆောင်မယ့် ပါတီတွေဖြစ်တာ တွေ့မြင်ရပါတယ်။
စင်ကာပူနိုင်ငံရဲ့ ရွေးကောက်ပွဲ ၂၀၁၅ ကို အဲဒီနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့တာမို့ ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲက စက်တင်ဘာလထဲမှာမှ ကျင်းပဖို့ဖြစ်သော်လည်း ဝန်ကြီးချုပ် လီရှန်လုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အရ မတ်လထဲမှာ ပါလီမန်ဖျက်သိမ်းဖို့ သမ္မတကို အကြံပြုခဲ့ပါတယ်။ ရွေးကောက်ပွဲ ရက်ကိုလည်း ဇူလိုင်လ ၁၀ ရက်နေ့ကို သတ်မှတ်လိုက်တဲ့အတွက် အတိုက်အခံ ပါတီတွေ မဲဆွယ်ချိန်မရအောင် လုပ်တာလို့ အစိုးရကို သိပ်မကြိုက်တဲ့ ပြည်သူတွေက ပြောကြပါသေးတယ်။
မဲဆွယ်ဖို့ခက်ခဲ
ကိုဗစ်- ၁၉ ကာလလည်းဖြစ်လို့ အတိုက်အခံ ပါတီ တွေအနေနဲ့တော့ လူသိအောင်တောင် လူလုံး ပြချိန် မရ လိုက်ပါဘူး။ စင်ကာပူနိုင်ငံရဲ့ ဥပဒေကလည်း စီတန်း လှည့်လည်တာ၊ လူငါးယောက် ထက်ပိုပြီး စုဝေးတာ ကန့်သတ်ထားတဲ့ တိုင်းပြည်ဖြစ်တော့ လူသစ်တန်း အတိုက်အခံပါတီတွေအဖို့ မဲဆွယ်ချိန်လည်း မလုံလောက် ခဲ့ပါ။ နှာခေါင်းစည်းများ ဝတ်ဆင်ထားရပြီး လက်ဆွဲ နှုတ်ဆက်ခွင့်နဲ့ အနီးကပ် ပြောဆိုခွင့်မရတဲ့အတွက် မဲဆွယ်ဖို့ အတော်ပင်အခက်အခဲရှိတာ တွေ့ရပါတယ်။
နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ အချိန်အကန့်အသတ်နဲ့ မဲဆွယ်ကြရပါတယ်။ မြန်မာနိုင်ငံလို ဆိုက်ကားတွေ လည်း မရှိတော့ အလံတွေနဲ့ အနှေးယာဉ်လုပ်သားတွေရဲ့ အင်အား လည်း မသုံးနိုင်။ ကားတွေရဲ့ကိုယ်ခန္ဓာမှာ စတစ်ကာနဲ့ လှုံ့ဆော်ခွင့်မပြုတဲ့အတွက် ပေတစ်ရာ ဟိုက်ဝေးလမ်းတွေ ပေါ်မှာလည်း မမြင်ရ။ စင်ကာပူနိုင်ငံရဲ့ မဲဆွယ်ရေး စစ်တလင်းက ရပ်ကွက်တိုင်းလိုလိုမှာရှိတဲ့ ဟော့ကာစင်တာ စားသောက်ဆိုင်တန်းပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဝန်ကြီး လောင်း၊ အမတ်လောင်း၊ သမ္မတလောင်းတွေက ခြေကျင်ခရီးနှင်ပြီး စာရွက်ဝေ စည်းရုံးရေး ဆင်းကြရပါတယ်။
မိမိရပ်ကွက်အတွက်၊ မြို့နယ်အတွက် အမတ်လောင်း တွေ ပီပြင်လာတဲ့အခါ ရပ်ကွက် ဆက်သွယ် ရေးစင်တာ (Community Centre)က ဦးဆောင်ပြီး မဲပေးခွင့် ကတ်တွေကို စာတိုက်ကတစ်ဆင့် ပို့ပါတယ်။
စင်ကာပူ အမျိုးသား မှတ်ပုံတင်ကတ်ပြားက ဘားကုတ်ပါဝင်ပြီး စကင်ဖတ်လိုက်တာနဲ့ သတင်းအချက် အလက် အကုန်ရတယ်။ ကတ်ပြားပေါ်မှာလည်း လိပ်စာ ပါတယ်။ နေတဲ့နေရာ အိမ်လိပ်စာပြောင်းတာနဲ့ နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားရတယ်။ ရဲစခန်းက ချက်ချင်း စတစ်ကာထုတ်ပြီး မှတ်ပုံတင်ကတ်ပြားပေါ်မှာ ကပ်ပေးပါ တယ်။ လိပ်စာအဟောင်းကို အသစ်ဖုံးပေးလိုက်တာနဲ့ တစ်ပြိုင်နက် လူဝင်မှုကြီးကြပ်ရေး၊ အမြတ်ခွန်ဌာန၊ အိုနာ စာရန်ပုံငွေရုံး (CPF)၊ အလုပ်လုပ်ကိုင်နေတဲ့လုပ်ငန်းဌာန စတဲ့အရေးကြီးဆက်နွှယ်ရာ သက်ဆိုင်ရာဌာနကြီး ၂၀ ခန့် ကို လိပ်စာပြောင်းကြောင်း အကြောင်းကြားပြီး ဖြစ်ပါ တယ်။ ဒါကြောင့် စင်ကာပူ နိုင်ငံသား မှတ်ပုံတင်နဲ့ အိမ်ဝယ် ဖို့၊ ကားဝယ်ဖို့၊ ကားစီးလုံး ငှားပြီးမောင်းဖို့၊ ငွေချေးဖို့ ခိုင်မာနေပြီဖြစ်ပါတယ်။
ခိုင်မာနေတဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ လိပ်စာ များကြောင့် မဲပေးခွင့် ကတ်ပြားကို စာတိုက်ကနေ နှစ်ပတ်၊ သုံးပတ် ကြိုတင်ပို့ထားပါတယ်။ အဲဒီကတ် (Poll Card) မှာ မဲဆန္ဒရှင်ရဲ့ နာမည်၊ လိပ်စာ၊ မဲပေးခွင့်ရနံပါတ်၊ မဲရုံ လိပ်စာ၊ ကောင်တာနံပါတ် အပြည့်အစုံပါတဲ့အပြင် မဲပေး ရမယ့်အချိန် (နှစ်နာရီအကန့်) ပေးထားပါတယ်။ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများအတွက် မနက်ပိုင်း (၈ နာရီက ၁၀ နာရီ) စသည်ဖြင့်ပါ။ သန်သန်စွမ်းစွမ်း လူငယ်များအတွက် နေ့လယ်၊ ညနေခင်းစသည်ဖြင့် ခွဲလိုက်တဲ့အတွက် လူတွေတထောကြီး ပြွတ်ညပ်စု ထပ်သွားခြင်းကို ကာကွယ်ဖို့ ကြံစည်ပါတယ်။ သို့သော်လည်း နံနက် (၈ နာရီ က ၁၀ နာရီအတွင်း) လာဖို့ အကြံပြုထားတဲ့ မိခင်က မမာမကျန်းမို့ နေ့ခင်းမှလာဖို့ အကြံပြုထားခံရတဲ့ သားဖြစ်သူပါအတူ ပါလာရင်လည်း မဲပေးခွင့် ပြုလိုက်တာပါပဲ။
၂၀၂၀ မဲဆန္ဒပေးပွဲမှာ ၃၀ ရာခိုင်နှုန်းက မကျေမနပ် ဖြစ်ကြောင်း ဆာဗေး စစ်တမ်း ကောက်ယူချက်အရ သိရပါ တယ်။ လူတွေတန်းစီစောင့်ရတာ ကြာလွန်းလို့ပါ။ ဒါ့အပြင် လမ်းဘေး ပလက်ဖောင်းနေပူပူမှာ နာရီဝက် / ၄၅ မိနစ် တန်းစီရတာကို စိတ်ဆိုးကြပါတယ်။ စင်ကာပူဆိုတာ နေပူတယ်၊ အချိန်မရွေး မိုးရွာတယ်။ အဲဒီနေ့က မိုးမရွာလို့ တော်သေးတယ်။
အရင်ရွေးကောက်ပွဲတွေတုန်းကတော့ ဒီ Community Centre အမိုးအောက်မှာ ဝင်္ကပါလို သံတန်းတွေ ဖွဲ့ထားတဲ့အထဲ သက်သောင့်သက်သာ တန်းစီကြရတယ်။ ရေလေး၊ အအေးလေး သောက်၊ မဲပြားယူ၊ ကြက်ခြေခတ် တံဆိပ်တုံး လေးနှိပ်။ စိတ်ကျေနပ်စရာ ဖြစ်ခဲ့တယ်။
အခုတော့ အရိပ်တစ်လှည့်၊ နေပူတစ်လှည့် နှာခေါင်း စည်းက တပ်ထားရသေးတော့ သက်သောင့် သက်သာမရှိ။ ကြာလိုက်တာ။
ကြာမှာပေါ့။ မဲရုံထဲအဝင် ကိုယ်အပူချိန်တိုင်းရသေး တယ်။ လက်ကို Hand Sanitizer ဖျန်းရသေးတယ်။ လက်အိတ်တစ်စုံပေးပြီး ဝတ်ခိုင်းသေးတယ်။ အဆင့်တွေ များနေတော့ ပိတ်ကျပ်နေတဲ့အပြင် အဆောက်အအုံအတွင်း ရှိ လူဦးရေကိုလည်း ကန့်သတ်ထားတဲ့အတွက် ရှေ့လူက ပြန်မထွက်သေးရင် နောက်လူ မသွင်းသေးဘဲ တောင့်ခံ ထားတဲ့အတွက် ဖြစ်ပါတယ်။
ကိုယ်နဲ့ပါလာတဲ့ Poll Card လေးကို ကိုယ်သွားရ မယ့် ဆက်ရှင်မှာပြလိုက်တော့ မဲပြားထုတ်ပေးပါတယ်။ မဲပြားကိုယူပြီး အချင်းချင်း ကြည့်လို့မရအောင် အကန့် လေးကန့် ကာရံထားတဲ့ စားပွဲပေါ်က အကန့်လေးထဲမှာ ကြက်ခြေခတ် စည်းသွား နှိပ်လိုက်ကြရပါတယ်။ လက်သန်း မင်မစွန်းပါ။ နှစ်ခါပြန်လည်း ထည့်မရပါ။ ဟိုတုန်းကလို လိုက်ကာကာထားတဲ့ အခန်းလည်း မသုံးတော့ပါ။ သန့်ရှင်းရေးလုပ်ရတာ လွယ်ကူတဲ့ ခြေတံရှည် စားပွဲပေါ်မှာ လုံခြုံတဲ့အကန့်လေးဖြစ်အောင် ဖန်တီး ထားတာပါ။
မဲပြားပေါ်မှာ ကိုယ်မဲပေးချင်တဲ့ ပါတီကို ကြက်ခြေခတ် တံဆိပ်တုံးလေး နှိပ်ပြီးတဲ့နောက် မဲပုံးဆီသွားပြီး ထည့်လိုက်တာနဲ့ နိုင်ငံသားတာဝန် ကျေပွန်ပါပြီ။
စင်ကာပူ အထွေထွေရွေးကောက်ပွဲကို မဲလာမပေး ရင် အရေးယူမတဲ့။ လက်တင်အမေရိကနိုင်ငံ ၁၀ နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ ၂၁ နိုင်ငံမှာ မဲပေးခြင်းဟာ မလုပ် မနေရ တာဝန်တစ်ရပ် ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံရဲ့ မဲပေးဖို့ကန့်သတ်ချက်ကတော့ ၂၀၂၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့မှာ ၂၁ နှစ်ပြည့်သူတိုင်း မဲဆန္ဒပေးဖို့ တာဝန်ရှိပါတယ်။ မဲရုံပေါင်း ၁၀၉၇ ရုံ စီစဉ်ထားပြီး မဲလာပေးသူ ၂၅၆၅၀၀၀ ရှိတဲ့အတွက် မဲပေးခွင့်ရှိသူ ရဲ့ ၉၆ ရာခိုင်နှုန်း မဲပေးတယ်လို့ ဆိုပါ တယ်။ မဲပေးချိန်က နံနက် ၈ နာရီကနေ ည ၈ နာရီပါ။ ကိုယ်အပူချိန် ၃၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အထက် ရှိသူကို ပြန်လွှတ်ပါတယ်။ Home Stay အိမ်မှာနေဖို့ ကန့်သတ်ထားသူတွေနဲ့ ဖျားနေသူတွေကို ည ၇ နာရီ ကနေ ၈ နာရီအတွင်း မဲပေးခွင့် ပြုလိုက်ပါတယ်။ အကြောင်းမဲ့ မဲလာမပေးသူများကို မဲပေးပိုင်ခွင့်စာရင်းမှ ပယ်ဖျက်ခံရပါတယ်။ နောင်မဲပေးခွင့် အခွင့်အရေး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
လက်ရှိအာဏာရအစိုးရဟာ ရွေးကောက်ပွဲ ကော်မရှင်အတွက် တာဝန်ရှိတော့ ရွေးကောက်ပွဲ အဆင်ပြေချောမွေ့ဖို့ အားထုတ်တာတွေ တွေ့ရပါ တယ်။ မဲပေးပွဲကနေ မကူးစက်နိုင်ဖို့၊ လူတွေ သက်သောင့် သက်သာ အချိန်မကုန်ဘဲ မဲပေးနိုင်ဖို့၊ စိတ်ချရသော လူအကွာအဝေး၊ နှာခေါင်းစည်း တပ်ဆင် မှု၊ လက်ကို ဆေးဖျန်းမှု၊ လက်အိတ်ဝတ်ဆင်မှု၊ ကိုယ်အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ် အထက်ပိုသူတွေ ကို အဝင်မခံဘဲ သီးသန့်စီစဉ်ပေးမှုစတဲ့ လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်သွားတာ တွေ့ရပါတယ်။
မိုဘိုင်းဖုန်းနဲ့ မဲဆန္ဒပေးနိုင်ဖို့ ကြိုးပမ်း
အမှားများကို စစ်တမ်းကောက်ပြီး အနာဂတ်ဒစ်ဂျစ်တယ် နိုင်ငံတော်မှာ မဲရုံလာစရာမလိုဘဲ မိုဘိုင်းဖုန်းနဲ့ မဲဆန္ဒပေးနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေကြပါတယ်။
မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလည်း ကိုဗစ်- ၁၉ ကပ်ရောဂါကာလမှာ သတိကြီးစွာနဲ့ ဆောင်ရွက်ရင်းဖြင့် အောင်မြင်မှုရလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။
ကောင်းမြတ်နွယ် (စင်ကာပူ)