နိုင်ငံစီးပွားဖွံ့ဖြိုးဖို့ တရားမဝင်ကုန်သွယ်မှုများတိုက်ဖျက်စို့
မောင်မျိုးမင်း
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်ရေးကို အားပေးကူညီဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် မူတည်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသောကြောင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသကဲ့သို့ အခြားပြည်ပနိုင်ငံများသို့လည်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဟန်ချက်ညီညီဖြစ်အောင် ဆောင်ရွက်
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကုန်သွယ်မှုလုပ်ငန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဟန်ချက်ညီညီဖြစ်အောင် ဆောင်ရွက်ရန်မှာ လွန်စွာအရေးပါလှသည်။ မိမိတို့ပြည်တွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားကုန်ထုတ်လုပ်မှုလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ပြည်တွင်းထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးသည်လည်း လွန်စွာအရေးကြီးသဖြင့် နိုင်ငံတော်မှ အလေးထားတိုက်တွန်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့စီးပွားရေး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပြီး များစွာအဟန့်အတားဖြစ်စေသည့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ လျော့နည်းပပျောက်စေရန်အတွက် အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ကြရန် အလွန်အရေးကြီးပါသည်။ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများသည် နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အောင်မြင်မှုများရရှိစေရန် ဆောင်ရွက်ရာတွင် များစွာထိခိုက်မှုရှိခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် အခွန်အခများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဂေဟစနစ်များနှင့် အသက်အိုးအိမ်စည်းစိမ်များအပေါ် ထိခိုက်နစ်နာမှုများ ရှိစေနိုင်ခြင်းတို့ကြောင့် ထိထိရောက်ရောက် ကာကွယ်၊ တားဆီး၊ အရေးယူဆောင်ရွက်ရန် လိုအပ်လှပါသည်။ တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် ရရှိလာသော အမြတ်ငွေများစွာအား ငွေကြေးခဝါချခြင်း၊ အခြားသော တရားမဝင်လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ ကူညီထောက်ပံ့ပေးနေမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ခြင်းများ ဖြစ်ပေါ်လာစေနိုင်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်ကို အမြဲစောင့်ကြည့်ပြီး ထိန်းကျောင်းနိုင်ရန်အတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်၊ အကောက်ခွန်ဆိုင်ရာ သဘောတူညီချက်၊ နည်းပညာအဟန့်အတားများဆိုင်ရာ သဘောတူညီချက်နှင့် ကုန်သွယ်မှုနှင့် ဆက်နွှယ်သည့် မူပိုင်ခွင့်ဆိုင်ရာသဘောတူညီချက်များ ပါဝင်သည့် ပြဋ္ဌာန်းချက်များကို အသုံးပြုပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါသည်။
အရှိန်အဟုန်ဖြင့် အရေးယူသွားရန် လိုအပ်
ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာနှင့် ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ ကုန်သွယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မျှတမှုများအတွက် တရားမဝင်ကုန်သွယ်မှု များကို လိုလားမှုမရှိပါ။ ဆိုးကျိုးများအနေဖြင့် အမှန်တကယ် ရိုးရိုးသားသားကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော တိုင်းရင်းသားလုပ်ငန်းရှင်များအား ထိခိုက်နစ်နာစေခြင်း၊ စားသုံးသူ ပြည်သူများအနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် ပြည်တွင်းသို့ ကုန်စည်အတုအပများ ဝင်ရောက်လာသဖြင့် ပြည်တွင်းဈေးကွက်အပေါ် ယုံကြည်မှုလျော့နည်းလာနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံစိတ်ချရမှုရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကိုသာ သုံးစွဲလိုခြင်းနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်အခများ မရရှိနိုင်ခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် အရေးယူသွားရန် လိုအပ်မည်ဖြစ်ပါသည်။
သတင်းပေးဆုကြေးငွေများအား ပေးအပ်ချီးမြှင့်
နိုင်ငံတော်အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးတိုက်ဖျက်နိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်သည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများအပေါ် နိုင်ငံတော်အနေဖြင့် ပြန်လည်ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် သတင်းပေးဆုကြေးငွေများအား ပေးအပ်ချီးမြှင့်လျက် ရှိပါသည်။
တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် တားဆီးတိုက်ဖျက်နိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉-၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်း- ၀၆၇ - ၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းအချက်အလက် မှန်ကန်ခိုင်မာစွာနှင့် အချိန်မီပေးပို့ကြခြင်းဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် တာဝန်သိစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။