Skip to main content

ကိုဗစ် - ၁၉ ရောဂါကူးစက်မှု ကွင်းဆက်ကို အပြတ်ဖြတ်နိုင်ဖို့ အားလုံးပါဝင်စို့

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှု များနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့ စက်တင်ဘာ ၁၈ ရက်က ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး

(ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်))

ကျွန်တော်တို့ ယနေ့ဆိုရင် ရန်ကုန်အနေနဲ့ Positive လူနာများလာပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာ ကိုဗစ် ရောဂါဓာတ်ခွဲ စစ်ဆေးမှုအနေနဲ့ နိုင်ငံခြားက ပြန်လည် ဝင်ရောက်လာသူတွေကို   အများဆုံး စစ်ဆေးခဲ့ပါတယ်။  စစ်ဆေးမှုမှာ   Contact  Tracing  တွေကို  စစ်ဆေးတာ ပိုများတဲ့ အတွက် Positive လူနာအရေအတွက် များလာခြင်းဖြစ်ပါတယ်။  Positive ဖြစ်တဲ့နှုန်းတွေ၊ အရေအတွက်တွေ တက်နေတာက အမှန်ပါပဲ။

ဒါကို ကျွန်တော်တို့အားလုံး သတိထားဖို့လိုပါတယ်။  ဒီဟာက ကျွန်တော်တို့အားလုံးအတွက်  သတိပေး နေသလို ဖြစ်ပါတယ်။ ယနေ့အထိ ကိုဗစ်ရောဂါကြောင့်  သေဆုံးမှု အရေအတွက်တွေ များနေပါတယ်။

ကျွန်တော်တို့က လူတိုင်း၊ လူတိုင်းရဲ့ အသက်တွေကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာက အရေးကြီးတယ်ဆိုတာကို ပြောပြတာပါ။ စက်တင်ဘာ ၁၇ ရက်နေ့က  သေဆုံးတဲ့  အသက်  ၁၃  နှစ်အရွယ်  ကလေးဆိုရင် သူ့မှာ  သွေးနဲ့ပတ်သက်တဲ့  ရောဂါရှိပါတယ်။ သွေးနဲ့  ပတ်သက်တဲ့ ရောဂါအခြေခံရှိပြီး ယခု ကိုဗစ်ရောဂါပိုး  ထပ်ဝင်တဲ့အတွက် သေဆုံးရခြင်း ဖြစ်ပါတယ်။

အလားတူ အသက် ၂၄ နှစ်အရွယ်  ဦးပဉ္စင်းတစ်ပါး ရှိပါတယ်။  ဦးပဉ္စင်းက ကျောက်ကပ်ဆေးနေရတာ ဖြစ်ပါတယ်။ ဦးပဉ္စင်းရဲ့ အခြေခံရောဂါကိုက ကျောက်ကပ်အလုပ် မလုပ်တော့တာဖြစ်တဲ့အတွက် ယခုလို ဘ၀နတ်ထံ ပျံလွန်တော်မူသွားခြင်း ဖြစ်ပါတယ်။

ဒါကြောင့်  ဒီလိုမျိုးအဖြစ်တွေ မဖြစ်ရအောင်၊ ထပ်ပြီး  မတွေ့ရအောင် ကျွန်တော်တို့တွေ အားလုံး ကိုဗစ်ရောဂါ ဆိုင်ရာ    ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့   စည်းကမ်းတွေ    လိုက်နာကြဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဘယ်သူမဆို    ဖြစ်နိုင်ပါတယ်။      ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မရှိဘူးလို့ မထင်ပါနဲ့။ အန္တရာယ်ရှိနိုင်ပါတယ်။

အရင်နေ့တွေတုန်းက ကျွန်တော်ပြောသလို အသက် ၄၀ ပတ်ဝန်းကျင်နဲ့ ဘာရောဂါအခံမှမရှိဘဲ သေဆုံးသွားသူ တချို့ရှိပါတယ်။ သေဆုံးမှု ရာခိုင်နှုန်းအနေနဲ့ နည်းပေမယ့်  ရှိပါတယ်။ ဒါကြောင့် ကိုယ်မဖြစ်ဘူး၊ ဒီထဲမှာ မပါဘူးလို့  လုံးဝ (လုံးဝ) ယူဆလို့  မရပါဘူး။  ဒီထဲမှာ ကိုယ်လည်း ပါဝင်နိုင်တာကို သတိထားပါ။

ဒါကြောင့်  ကိုယ့်အနေနဲ့  ကိုဗစ်ရောဂါ  မကူးစက်အောင်၊ ကိုယ်ကနေ သူများကို မကူးစက်အောင် နေထိုင် ကြဖို့ ကျွန်တော်အမြဲတမ်းပြောနေတာက အရေးကြီးပါတယ်။ ဒါကို အားလုံးကလိုက်နာပြီး ဆောင်ရွက်ကြဖို့  အရေးကြီးကြောင်း ကျွန်တော့်အနေနဲ့ ထပ်လောင်းပြီး  ပြောကြားလိုပါတယ်။

ကိုဗစ်ရောဂါပိုး တွေ့ရှိသူ အရေအတွက်တွေ များလာခြင်းကို ကျွန်တော်တို့အနေနဲ့ ၂ ပိုင်းခွဲပြီး ကြည့်ဖို့လိုပါတယ်။ တစ်ခုက ဒီ Positive ဖြစ်တဲ့သူတွေကနေတစ်ဆင့် Contact တွေကို ခဏ Save လုပ်ပြီး ကျွန်တော်တို့ Containment Procedures အတိုင်း Quarantine လုပ်ဖို့ လိုပါတယ်။ ဒီလို Quarantine လုပ်တဲ့နေရာမှာ ကျွန်တော်တို့  Positive  လူနာနဲ့  ထိတွေ့ခဲ့သူ  အရေအတွက်တွေ အများကြီး ထွက်လာတဲ့အချိန်မှာ   ဒီဟာကို     အချိန်မီ၊ အလျင်မီအောင် အချိန်နဲ့တစ်ပြေးညီ Quarantine လုပ်ပါတယ်။ Contact Tracing တွေ လုပ်ပါတယ်။ Positive  လူနာနဲ့ ထိတွေ့ခဲ့သူအားလုံးကို Facility Quarantine မှာ ထည့်ပါတယ်။ Quarantine ထဲက လူတွေရဲ့ နှာခေါင်း တို့ဖတ် နမူနာယူပါတယ်။ နောက်ပြီး အဲဒီကနေ ထွက်လာတဲ့ ဓာတ်ခွဲအတည်ပြုမှု အဖြေပေါ်မူတည်ပြီး ဆက်စပ်ထိတွေ့သူတွေရဲ့ ကွင်းဆက်မပျောက်အောင် လုပ်ရတဲ့  အလုပ်က အရေးကြီးပါတယ်။

ကျွန်တော်တို့ Positive လူနာတွေကို ပြုစုစောင့်ရှောက်တဲ့    ဆေးကုသမှုအပိုင်းက     အရေးကြီးသလို Contact ဖြစ်သွားတဲ့ နေရာကနေပြီး မပြန့်အောင်လိုက်ပြီး  ဒီကွင်းဆက်တွေကို ဖြတ်ရတာက အတော် အရေးကြီးပါတယ်။ ဒီလိုကွင်းဆက်တွေဖြတ်ခြင်းက ဆေးကုသမှုထက် အရေးကြီးပါတယ်။ ကိုဗစ်ရောဂါ ဖြစ်တဲ့သူကို ဆေးကုသဖို့အတွက် ဆေးမရှိပါဘူး။ ဒါကြောင့် ရောဂါဖြစ်တဲ့သူတွေကို  ပြုစုစောင့်ရှောက်တယ်။   ကိုဗစ်ရောဂါ    ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ဖြစ်လာနိုင်တာတွေကို  ကာကွယ်တယ်။  ဒီလို ပြုစုစောင့်ရှောက် တဲ့နေရာမှာ အဆုတ်ဆိုရင် အသက်ရှူလို့ရအောင် အသက်ရှူစက်တွေ လုပ်ပေးတယ်။ ကျောက်ကပ် ဆိုရင် ကျောက်ကပ်ကောင်းအောင် ကျောက်ကပ်အတွက်  ပြင်ဆင်ပေးပါတယ်။ ဒါတွေကိုသာ ကျွန်တော်တို့ လုပ်လို့ရပါတယ်။ အနာကို ကုတဲ့ဆေးက မရှိပါဘူး။

ဒါကြောင့် Contact Tracing က အရေးကြီးပါတယ်။ ဒီရောဂါကူးစက်မှု ကွင်းဆက်ကိုဖြတ်ဖို့က အရေးကြီး ပါတယ်။  ဒါကြောင့်  ကျွန်တော်တို့  ဒီရောဂါပိုးကူးစက်မှု ကွင်းဆက်ဖြတ်တာကို အစွမ်းကုန်၊ အားကုန်၊ ဘက်ပေါင်းစုံ ကနေလုပ်ဖို့    စီစဉ်နေပါတယ်။   ကျွန်တော်တို့    လူနာ တစ်ယောက်ကို တစ်ယောက်နှုန်းနဲ့ ဒီဘက်ကနေ Medical professions  က ဆက်သွယ်ပြီး  သူနဲ့  ထိတွေ့ဆက်ဆံခဲ့  သူတွေကို  တစ်ယောက်ချင်း၊  တစ်ယောက်ချင်းစီ  လုံးဝ ကွင်းဆက်မပျောက်ရအောင်၊ လုံးဝမကျန်ရအောင် လုပ်ဖို့စီစဉ် နေပါတယ်။    ဒီလိုလုပ်ဖို့အတွက်    ဆေးတက္ကသိုလ်တွေမှာရှိတဲ့    ဆရာ/ဆရာမများ၊      ဘွဲ့လွန်/ ဘွဲ့ကြို ကျောင်းသားများကို    ယခုသင်တန်းပေးနေပါတယ်။ ဒီသင်တန်းကနေ Contact Tracing ကို တယ်လီဖုန်း ကနေတစ်ဆင့် IT Communication ကို အသုံးချပြီး လုပ်ဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်ကို လာမယ့် ရက်အတွင်းမှာ စတင်ပြီး လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီကနေ အင်နဲ့အားနဲ့ ယခုလိုလုပ်နေပြီး ဒီဘက်မှာလည်း Facility Quarantine ရဲ့ သတ်မှတ်ချက်တွေ၊ ညွှန်ကြားချက်တွေကို ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို တင်ပြပြီး အသစ်ပြန်လည်ရေးဆွဲဖို့   လုပ်နေပါတယ်။      ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ Facility Quarantine ကနေပြန်တဲ့ Home Quarantine တွေကို သေသေချာချာ တင်းတင်းကျပ်ကျပ်လုပ်ဖို့လည်း စီစဉ်နေပါတယ်။ ဒီလို အစီအစဉ်တွေကို ကျွန်တော်တို့ လုပ်နေပါတယ်။   ဒါ့အပြင်  ကိုဗစ်ရောဂါ  ကူးစက်မှုမရှိအောင် လူအင်အား၊    ပစ္စည်းအင်အား၊     အကြံဉာဏ် အင်အား၊ နည်းပညာအင်အားတွေ အပြည့်နဲ့ ကျွန်တော်တို့ လုပ်ဖို့အတွက် စီစဉ်နေပါတယ်။

ဒီလိုတွေ    လုပ်နေတဲ့အချိန်မှာ    ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အပြင် ပြည်သူလူထု တစ်ဦး၊ တစ်ယောက်ချင်းစီ၊ တစ်ရပ်ကွက်ချင်းစီ၊ တစ်မြို့နယ်ချင်းစီရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။

ဒီ Contact Tracing ကို ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်တယ်။  ရောဂါကူးစက်မှု  ကွင်းဆက်ကို  အပြတ်ဖြတ်နိုင်မယ်ဆိုရင်    ရောဂါကူးစက်မှုတွေ   ရပ်သွားမှာ  ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Contact Tracing လုပ်ငန်းမှာ  ပြည်သူလူထု    ပူးပေါင်းပါဝင်ကြဖို့     ကျွန်တော့်အနေနဲ့ ဒီနေရာကနေ မေတ္တာရပ်ခံ တောင်းဆို ပါတယ်။ ကျွန်တော် ဒီ Contact Tracing လုပ်ငန်းစဉ်ကို လိုက်နာပေးကြဖို့ တောင်းပန်ပါတယ်။  ကျွန်တော် အနူးအညွတ် မေတ္တာရပ်ခံပါတယ်။

နောက်တစ်ခုဖြစ်တဲ့   ကိုဗစ်ရောဂါ   ကုသမှုအနေနဲ့    ဖောင်ကြီး    ကိုဗစ်ရောဂါကုသရေးစင်တာ    ရှိပါတယ်။   အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမအိမ်ရာမှာ အသင့်ပြင်ဆင်ပြီး အခန်းတွေက လူနာ ၁၁၀ အတွက် အသင့်ရှိပါတယ်။  ဒါကြောင့်  ရိုးမအိမ်ရာမှာလည်းထားလို့ရပါတယ်။ ဒါ့အပြင် လှိုင်တက္ကသိုလ် နယ်မြေထဲက မြတ်လေးဆောင်ကို အသုံးပြုလို့ ရပါတယ်။ မြတ်လေးဆောင်မှာ လူ ၁၀၀ အတွက် နေရာလွတ်ရှိ ပါတယ်။   သုဝဏ္ဏဘောလုံး အကယ်ဒမီမှာလည်း ခုတင် ၄၀၀ အသင့်ဖြစ်နေပါပြီ။ ဒီလို  လူနာလက်ခံကုသ ပေးနိုင်တဲ့  နေရာတွေကြောင့် ယခုတက်နေတဲ့ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့နှုန်းကို ကာမိမှာ ဖြစ်ပါတယ်။ ယခင်က ကျွန်တော် တင်ပြ ခဲ့သလို တစ်နေ့ကို လူနာ ၃၀၀ နှုန်း အထိ လက်ခံကုသနိုင်အောင် စီစဉ်ထားပါတယ်။ လူနာ ၃၀၀ နဲ့အထက်ကို ရောက်ရှိလာရင်    ကျွန်တော်တို့အနေနဲ့        နေရာတွေကို စဉ်းစားဖို့ လိုလာမှာ ဖြစ်ပါတယ်။

ဒါကြောင့်     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အောင်မြင့်မိုရ်အိမ်ရာ၊ ရွှေလင်ပန်းမှာရှိတဲ့ နေရာနဲ့ ရိုးမ အိမ်ရာတွေထဲမှာ  ထပ်မံပြီး  တိုးချဲ့ပြင်ဆင်နေပါတယ်။ ဒါကြောင့် ကုသရေးအနေနဲ့ အချိန်မီပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆင်သင့်ရှိနေပါတယ်။

ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကုသရေးနဲ့ ကာကွယ်ရေးကို   ပေါင်းစည်းပြီး    ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အနေနဲ့ ဆောင်ရွက်နေသလို ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၊    ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ကို   အချိန်နဲ့တစ်ပြေးညီ ဆက်သွယ်ပြီး  အင်နဲ့အားနဲ့ ဝိုင်းဝန်းပြီး ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ထက်လျှံ